သာသနာတော်၌ အဓမ္မဝါဒီ အဝိနယဝါဒီများ ပေါ်ပေါက်လာခဲ့ပြီဆိုလျှင် အနုနည်းဖြင့် ဖြေရှင်းရသည်လည်း ရှိသည်။ အကြမ်းနည်းဖြင့် ဖြေရှင်းရသည်လည်း ရှိသည်။ တစ်ပါးတည်း ဖြေရှင်းရသည်လည်းရှိသည်။ အုပ်စုဖွဲ့၍ ဖြေရှင်းရသည်လည်း ရှိသည်။
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သံဃာ့ပရိသတ်နှင့်တကွ ဥပုသ်ပြုရန် ဥပုသ်အိမ်ထဲ၌ သီတင်းသုံးတော်မူလျှက်ရှိပါသည်။ ထိုအခါ သံဃာ့ပရိသတ်ထဲတွင် ဒုဿီလ - သီလမဲ့ ရဟန်းတပါး ပါဝင်နေ၍ မြတ်စွာဘုရားက ဥပုသ်ပြုတော်မမူဘဲ ထိုင်လျှက်သာ သီတင်းသုံး နေတော်မူပါသည်။ ဤသို့နှင့် ညဉ့်သုံးယာမ်ပတ်လုံး ကုန်ဆုံး သွားသည့်အခါ အရှင်မဟာမောဂ္ဂလာန်က အဘိညာဉ်တန်ခိုးဖြင့် ကြည့်တော်မူသောအခါ ဒုဿီလရဟန်း တစ်ပါးကိုတွေ့မြင်၍ သုံးကြိမ်တိုင်တိုင် အပြင်ထွက်ဖို့ တောင်းပန်ရှာပါသည်။ သုံးကြိမ်တောင်းပန်လျှက် မရသောအခါ ဒုဿီလရဟန်းကို လက်မောင်းကိုကိုင်လျက် အပြင်သို့ ဆွဲထုတ်ခေါ်ယူသွားခဲ့ပါသည်။
အထခေါ အာယသ္မာ မဟာမောဂ္ဂလာနော တံ ပုဂ္ဂလံ ဗာဟာယံ ဂဟေတွာ ဗဟိဒွါရကောဌကာ နိက္ခာမေတွာ…….။ (ဥပေါသထသုတ်) (အံ၊ ၃။ ၄၄/၅)
ဤဝတ္ထုကိုထောက်လျှင် သာသနာတော်၏ ခလုတ်ဆူးငြောင့်များ အင်အားမကောင်းပါက တစ်ပါးတည်းဖြင့် သုတ်သင်ရှင်းလင်းသည့် အစဉ်အလာ ရှိခဲ့သည်ကို တွေ့မြင်ရပေမည်။ သို့တည်းမဟုတ် သာသနာ့ရန်ဆူးရန်ငြောင့်တို့ အုပ်စုဖွဲ့၍ မိုက်တွင်းနက်နေပါလျှင် အင်အားသုံး၍ ချေမှုန်းရန် ဘဘုရားကိုယ်တိုင် ခွင့်ပြုတော်မူခဲ့သည်ကို တွေ့ရှိရပါသည်။ အခါတစ်ပါး၌ ကီဋာဂီရိဂိုဏ်းသားရဟန်းများသည် ကုလဒူသကအနေသနမျိုးစုံဖြင့် သာသနာကို ဖျက်ဆီးလျှက်ရှိရာ မြတ်စွာဘုရားက အရှင်သာရိပုတြာ နှင့် အရှင်မဟာမောဂ္ဂလာန် တို့ကိုခေါ်၍ “ ချစ်သားတို့ ကီဋာဂီရိဇနပုဒ်ကို သွားကြ၊ သာသနာ့ ရန်ဆူးရန်ငြောင့်တို့ကို မောင်းထုတ်ကြ ” ဟု စေခိုင်းတော်မူပါသည်။
ထိုအခါ အရှင်သာရိပုတြာက “ စဏ္ဍာ တေ ဘိက္ခူ ဖရုသာ - မြတ်စွာဘုရား၊ အဲဒီရဟန်းတွေဟာ ခက်ထန်ကြမ်းကြုတ်လှပါတယ်ဘုရား။ ဘယ်လိုပုံမျိုးဖြင့် နှင်ထုတ်ရပါမလဲဘုရား ” ဟု လျှောက်တော်မူပါသည်။ ထိုအခါ မြတ်စွာဘုရားက….. “ တေနဟိ တုမှေ သာရိပုတ္တာ ဗဟုကေဟိ ဘိက္ခူဟိ သဒ္ဓိ ံ ကစ ္ဆထ - ဒါဆိုရင် ရဟန်းများစွာ ခေါ်သွား အင်အားသုံးပြီး နှင်ထုတ်ကြ ” ဟု နည်းပေးခွင့်ပြုတော်မူခဲ့ပါသည်။ အဂ္ဂသာဝကနှစ်ပါးလည်း ရဟန်းများစွာခေါ်သွားကာ သာသနာ့ရန်ဆူး ရန်ငြောင့်တို့ကို အပြီးတိုင် ခုတ်ထွင်ရှင်းလင်း သုတ်သင်တော်မူခဲ့ပါသည်။ (ပါရာဇိကဏ်ပါဠိတော်၊ ကုလဒူသကသိက္ခာပုဒ်နိဒါန်း) ဤဝတ္ထုကို သာဓကပြုလျှင် အဓမ္မဝါဒီတို့ အားကောင်းပါက အင်အားသုံး၍ ချေမှုန်းသည့် အစဉ်အလာသည် မြတ်စွာဘုရားလက်ထက်ကတည်းက ရှိခဲ့သည် ဆိုတာကို သဘောပေါက်ရပေမည်။
ဆိုအပ်ခဲ့ပြီးသော သာဓကတို့ဖြင့် မိုးပြာခေါင်းဆောင် ဦးဉာဏ ကို သံဃမဟာနာယက နှင့် အာဏာပိုင်များမှ ထောင်ချခြင်းသည် ဘုရားရှင်၏ အဆုံးအမနှင့် လျော်ညီစွာ ထိုက်တန်သော အပြစ်ဒဏ်ခတ်ခြင်းသာ ဖြစ်ပါ၏။ ဤအကြောင်းကို ထင်ရှားစေဖို့ မိုးပြာဦးဉာဏ၏ သမိုင်းကြောင်းနှင့် သူ၏လုပ်ရပ်တို့ အကျဉ်းချုပ်မျှ တင်ပြရပေမည်။ လွန်ခဲ့သည့်ကာလ (၂၇) နှစ်က ဦးဉာဏသည် စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တင်တောင်မှာ နေထိုင်သူဖြစ်ပါသည်။ ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာ စသည်ဖြင့် ကြွားဝါကာ တရားဟောခဲ့သူဖြစ်ပါသည်။ ထိုအကြောင်းကို ကြားသိကြသဖြင့် နိုင်ငံတော် သံဃနာယက အဖွဲ့ကြီးကပင် စစ်ကိုင်းတိုင်း သာသနာရေးမူး ဥိးစိုးမြင့် က စွဲဆို၍ စစ်ကိုင်းမြို့နယ် သံဃနာယက သို့ တင်ခဲ့သည်။ ရှင်ဉာဏ နှင့် ရှင်ဂုဏ တို့နှစ်ပါး ရှုံးခဲ့ကြပါသည်။ တစ်ဖန် သူတို့ကပင် တိုင်းသို့တက်ခဲ့ကြသည်။ တိုင်းမှာလဲ သူတို့ပင် ရှုံးကြပြန်သည်။ တစ်ဖန် ဗဟိုဌာန ဟု ဆိုရမည်ဖြစ်သော နိုင်ငံတော်သံဃမဟာနာယက ထံသို့ သူတို့ကပင် စောဒနာ တင်ကြလျက် “သာသနာရေး လျှောက်ထားတောင်းဆိုလွာ” အမည်ဖြင့် စတင်၍ မြို့နယ်နှင့်တိုင်းတို့က ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။ နိုင်ငံတော်မှာလဲ သူတို့ပင် ရှုံခဲ့၍ ထောင် သုံးနှစ်ကြခဲ့ပါသည်။ နိုင်ငံတော် သံဃနာယကဆရာတော် ဘဒ္ဒန္တမာနိတသီရိဘိဝံသထေရ် ၏ မိန့်ကြားချက်အရ သိရသည်မှာ (၁၉၈၃-၁၉၈၆ ခုနှစ်က ဝိနည်းဓမ္မကံ (၉/၁၁)ဖြင့် တရားစွဲခံရပြီးကတည်းက ပြတ်ပြတ်သားသား အရေးယူဖို့ စီရင်ခဲ့ရာတွင် တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးက မေတ္တာရပ်ခံမူကြောင့် ထောင်သုံးနှစ်မျှဖြင့် ပြီးသွားရခြင်းပင်) ဟူ၍ ဖြစ်ပါသည်။ ၁၉၉၁-၁၉၉၈ ခုနှစ်တွင် ထေရဝါဒအတွင်းမှ ဂိုဏ်းသီးသန့်ထောင်မူဖြင့် ထောင် (၁၀) နှစ်ကျခဲ့ပါသည်။ ထောင်ကျခံပြီး ထွက်လာပြီးနောက်တွင် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံလျက် ဂိုဏ်းထူးထောင်ပြီး မိလိန္ဒပဥှာဝတ္တု စသည်တို့ကိုပါ ပြန်လည်ကူးယူဖြန့်ဝေကြောင်းတွေ့ရပြီး (၂၀၀၂-၂၀၀၈)တို့မှာ အကြီးအကျယ် အင်အားကြီးဂိုဏ်းဖြစ်လာကြောင်း တွေ့ရပေသည်။ ဒုတိယအကြိမ် ထောင်မှ ထွက်လာပြီးကတည်းက ထေရဝါဒ သာသနာကို ရစရာမရှိအောင် ဖျက်ဆီး၊ ထေရဝါဒ ပိဋကတ်သုံးပုံကိုဖျက်ဆီးကာ ဘုရားဟောမဟုတ်သည်ကို ဘုရားဟော လုပ်၊ ဘုရားရှင်ကို အမျိုးမျိုးစွပ်စွဲပုတ်ခတ်ကာ ဝါဒသစ်ထူထောင်ခြင်းသည် ခိုင်လုံသော အကြောင်းတရားဖြစ်ပေ၏။
ပိဋကတ်ကျမ်းစာတို့ကို ဖျက်ဆီးထားသည်များကို ပြည့်ပြည့် စုံစုံသိလိုပါက စာရေးသူ၏ http://www.dhammaanalysis.multiply.com/ တွင် လေ့လာနိုင် ပါသည်။ ထို့အပြင် မြန်မာအင်ဂျင်နီယာ ဖိုရမ် တွင်လည်း လေ့လာနိုင်သည်။ ဦးဉာဏသည် ထေရဝါဒဗုဒ္ဓဘာဝင်တို့ လိုက်နာရမည့် အနိမ့်ဆုံးဖြစ်သော ငါးပါးသီလကိုပင် ရစရာမရှိအောင် ဖျက်ဆီးထားပေသည်။
ပါဏာတိပါတာ - တိရိစ ္ဆာန်အားလုံး၏ အသက်ကို သတ်ကောင်း၏၊ အဒိန္နာဒါနာ - အဖွဲ့အစည်းပိုင်၊ အများပိုင်၊ အစိုးရပိုင် ပစ္စည်းခိုးကောင်း၏။ ကာမေသု - အမျိုးသမီးကျေနပ်က ကုသိုလ်တောင်ရ၊ မုသာ - လိမ်ပြောကောင်း။ သုရာ - လူမှန်းသူမှန်းမသိ မူးကွဲနေအောင် မသောက်ရင်ပြီးရော အရက်သောက်ကောင်း၏။ ဤအချက်ငါးချက်ဖြင့်ပင် ပိဋကတ်ကိုဖျက်ဆီးသော ပြစ်မှု့ဖြင့် ထောင်ချ၍ ရနိုင်သောအကြောင်း တရားထင်ရှားပေသည်။ ဒါကိုပင် ဝင့်ထန်း နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သော ဆရာတော် ဦးဇဝန တို့ မသိခြင်းကြောင့် သံဃနာယကကို အနိုင်ကျင့်သည်ဟု ဆိုလေသလော၊ ဦးဉာဏကို ထောင်ချခြင်းသည် သံဃမဟာနာယက၏ အပြစ်လည်းမဟုတ် အာဏာပိုင်များ၏ အပြစ်လည်း မဟုတ်ချေ၊ ဗာလော ဒဏ္ဍေန ဒမ္မတေ - လူမိုက်ကို ဒုတ်ကြီးကြီးဖြင့် ဆုံးမအပ်သည် ဟူသော အဆုံးအမနှင့် အညီ တတိယအကြိမ် ထောင်ဒဏ် အပြစ်ပေး၍ ဆုံးမခြင်းသာ ဖြစ်သည်။ ယခုအချိန်ထိ တရားခံအစစ် အကြောင်းတရားအစစ်ကို မသိရှိကြသေး သောကြောင့် ဝင့်ထန်း နှင့် ဦးဇဝနတို့က အနိုင်ကျင့်သည်ဟု အထင်ရောက်ချေသည်။ တိတ္ထိဝါဒနှင့် ဗုဒ္ဓဝါဒ ကွာခြားသည်မှာလည်း ဤသို့ပင်ဖြစ်၏ တိတ္ထိတို့ဝါဒသည် အကြောင်းတရားကို မပယ်၊ မူလအရင်းခံရေသောက်မြစ်ကို မပယ်ဘဲ အကျိုးတရားကိုသာ ပယ်သတ်တတ်ပေ၏။ ထိုကဲ့သို့ တရားခံအစစ် အကြောင်းတရားအစစ်ကို မသိသေးသမျှ ကာလပတ်လုံး........ သုဝါနဝုတ္တိနော ပန တိတ္ထိယာ။ (ဝိသုဒ္ဓိ၊ ၂။ ၁၃၈။ ပဋိသံ၊ ဌ၊ ၁။ ၁၄၇) ခဲဖြင့် ပစ်သူကို အရေးမစိုက် ခဲကိုသာ လိုက်ကိုက်တတ်သော ခွေးမိုက်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ဥပမာအားဖြင့် အိမ်ဦးခန်း၌ မစင်တက်စွန့်သော ခွေးကို အိမ်ရှင်က ရိုက်ရာတွင်အိမ်ရှင်၏ အပြစ်မဟုတ်။ ရိုင်းပျသော ခွေး၏ အပြစ်သာ ဖြစ်၏။ ပြစ်မူကျူးလွန်သူကို ထိုက်တန်သည့် ဒဏ်ချရာ၌ တရားစီရင်သူ၏ အပြစ်မဟုတ်၊ ဒုစရိုက်ကောင်၏ အပြစ်သာ ဖြစ်၏။ ထိုနည်းတူစွာပင် ဓမ္မကို စော်ကားလာသူကို သုတ်သင်ရာ၌ သုတ်သင်သူ၏ အပြစ်မဟုတ်၊ စော်ကားသူ၏ အပြစ်သာ ဖြစ်၏။ ဗုဒ္ဓကို စွပ်စွဲလာ၍ ဒဏ်ခတ်ရာ၌ ဒဏ်ခတ်သူ၏ အပြစ်မဟုတ်၊ စွပ်စွဲသူ၏ အပြစ်သာ ဖြစ်၏။ ထို့ကြောင့် ဒဏ်ခတ် မခံချင်လျှင် အစကတည်းက ဗုဒ္ဓကို မစွပ်စွဲသင့်ချေ၊ ဓမ္မကို မစော်ကားသင့်ချေ၊ သာသနာကို မဖျက်စီးသင့်ချေ၊
အရှင်ဝရသာမိ
No comments:
Post a Comment