February 26, 2010

မြန်မာပြည်တွင်ဖွင့်လှစ်မည့် ဆန်းဒေးစကူးလ်ကျောင်း

Dr Phyo Wai Kyaw | 12:54 PM | | Be the first to comment!
Country school near Portsmouth, Ohio (LOC)Image by The Library of Congress via Flickr
မြန်မာ သီရိလင်္ကာ ဆက်ဆံရေး သမိုင်းကြောင်းက နှစ်တွေကြာမြင့်ခဲ့ပါပြီ၊ သီရိလင်္ကာ နိုင်ငံက အဋ္ဌကထာတွေ မြန်မာပြည်ကို သယ်ယူခဲ့တဲ့ အစဉ်အလာ ရှိသလို သီရိလင်္ကာ သာသနာ ညှိုးမှိန်ချိန်မှာလဲ မြန်မာပြည်ကိုလာပြီး စာပေသင်ယူခဲ့၊ ရဟန်းခံပွဲကျင်းပခဲ့တာ အထင်အရှားပါ၊ ဒါကြောင့် ယနေ့မျက်မှောက်ခေတ် သီရိလင်္ကာနိုင်ငံရဲ့ သံဃာဂိုဏ်းတွေကို ပြန်ကြည့်ရင်… ရာမညနိကာယ(မြန်မာပြည် မွန်ပြည်နယ်ကလာပါတယ်)

အမရပူရ နိကာယ(မြန်မာပြည် အမရပူရက လာတယ်) ရွှေကျင်နိကာယ(မြန်မာပြည် မန္တလေးကလာတယ်) ဒီလို မျက်မှောက်ခေတ်မှာ ထင်ရှားတဲ့ ဂိုဏ်းကြီးတွေကို ထောက်ဆရင် သီရိလင်္ကာ မြန်မာ ဆံဆက်ရေးကို သတိမူမိပါလိမ့်မယ်၊

အခုလဲ ဘာသာရေးအမွေပေးပုံ စနစ်တကျရှိတဲ့ သီရိလင်္ကာ ဆန်းဒေးစကူးလ်ကျောင်းကို မြန်မာပြည်ကို သယ်သွားပါမယ်၊ ဆန်းဒေးစကူးလ်ကျောင်း မဖွင့်ခင် သီရိလင်္ကာပြန် သံဃာတော်များ စုပေါင်းပြီး အစည်းအဝေးတစ်ခု စလုပ်ပါမယ်၊အစည်းအဝေးမှာ….

ဘုန်းတော်ကြီးကျောင်းတိုင်း ရပ်ကွက်တိုင်းမှာ ဆန်းဒေးစကူးလ်ကျောင်းထားရှိဖို့၊
အရွယ်ရောက် ကလေးတိုင်း ဆန်းဒေးစကူးလ်ကျောင်း တက်ရောက်ဖို့၊
ဆန်းဒေးစကူးလ်ကျောင်း ရေရှည်တည်တံ့ရေးအတွက် နိုင်ငံတော်က ဦးဆောင်ဖွင့်လှစ်ပေးဖို့၊

ပြဋ္ဌာန်းကျမ်းစာအုပ်များ သာသနာရေး ၀န်ကြီးဋ္ဌာနက ရိုက်နှိပ်ပြီး အခမဲ့ဖြန့်ဝေဖို့၊
ဆန်းဒေးစကူးလ်ကျောင်းသား ကျောင်းသူများအတွက် တူညီဝတ်စုံသတ်မှတ်ဖို့၊
ဆန်းဒေးစကူးလ်ကျောင်း ထောက်ပံ့ရေးအတွက် အလှူရှင်တွေအသင်းဖွဲ့စည်းဖို့၊
ဆန်းဒေးစကူးလ် နာမည်နဲ့ တီဗီ ချန်နယ်လ်တစ်ခု တည်ထောင်ဖို့၊
ပြဋ္ဌာန်းကျမ်းစာများ သတ်မှတ်ဖို့…အဆိုတင်သွင်းမှာပါ၊ ဒီအစည်းအဝေး သဘောတူညီချက်ကိုမှ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနဲ့ သာသနာရေးဝန်းကြီးဋ္ဌာနကို လျှောက်ထားတင်ပြပါမယ်၊

ဆန်းဒေးစကူးလ်ကျောင်းရဲ့ လုပ်ထုံး လုပ်နည်းတွေ အတည်ဖြစ်ပြီဆိုမှ ဆန်းဒေးစကူးလ်ကျောင်းကို စတင်ဖွင့်လှစ်ပါမယ်၊ ဆန်းဒေးစကူးလ်ကျောင်း စတင်ဖွင့်လှစ်တဲ့ပွဲမှာ ရပ်မိ ရပ်ဖများနဲ့ ဒေသခံ ဆရာတော်များ၊ လူကြီးလူကောင်းများကို ဖိတ်ကြားတက်ရောက်စေပါမယ်၊အဲဒီဖွင့်ပွဲမှာ သတင်းစာဆရာများ ၊ ဂျာနယ်လစ်များ၊ ဘလော့ဂါများကိုလဲ ဖိတ်ကြားတက်ရောက်စေမှာပါ၊

တောင်ပေါ် မြေပြန့်မကျန် ဆန်းဒေးစကူးလ်ကျောင်းများဖွင့်လှစ်နိုင်ဖို့ မြေပြန့်သံဃာအဖွဲ့အစည်းနဲ့ အာဏာပိုင်တို့ရဲ့ အကူအညီကို ရယူပါမယ်၊ တောင်ပေါ် နယ်စပ်တွေမှာ ဖွင့်လှစ်နိုင်ဖို့ တောင်တန်းဒေသ သာသနာပြုစင်တာကြီးကို တင်ပြလျှောက်ထားရပါမယ်၊
လုံလောက်တဲ့ သဘောတူညီမျှတဲ့ သင်တန်းဆရာများရရှိဖို့ ဆရာဖြစ်သင်တန်းကို ဖွင့်လှစ်ပါမယ်၊ ဆရာဖြစ်သင်တန်းဆင်းလက်မှတ်ရရှိတဲ့ သံဃာတော်များ လူဆရာများကိုသာ သင်တန်းဆရာအဖြစ် ခန့်အပ်မှာပါ၊

လုံလောက်တဲ့ ဘဏ္ဍာငွေ ရရှိဖို့ စေတနာထက်သန်ပြီး မျိုးချစ်စိတ်ရှိတဲ့ ကုမ္ပဏီတွေကို အကူအညီတောင်းကြရမယ်၊ပြီးတော့ ဆန်းဒေးစကူးလ် စုဗူးငွေအဖြစ် တအိမ်ကို ငါးကျပ် တစ်ဆယ်နှုံး ကောက်ခံထားရှိပါမယ်၊လစဉ် စုဗူးငွေ အလှူရှင်များစာရင်းကို ဆန်းဒေးစကူးလ်ကျောင်း သတင်းနှင့်ပြန်ကြားရေးကော်မတီက ထုတ်ပြန်ကြေငြာပေးမှာဖြစ်ပါတယ်၊

အရွယ်ရောက်ကလေးတိုင်း ဆန်းဒေးစကူးလ်ပုံမှန်တက်လို့ စာမေးပွဲတွေပုံမှန်ကျင်းပနိုင်ပြီဆိုရင် ဆန်းဒေးစကူးလ်ကျောင်းသား ကျောင်းသူများ ဒေသန္တရ ဗဟုသုတရရှိဖို့ ပုဂံလို ဒေသမျိုးကို ခရီးထွက်စေပါမယ်၊ပြီးတော့ ဆန်းဒေးစကူးလ်ကျောင်းများရဲ့ လိုအပ်ချက် အားသာချက်တွေကို ညှိနှိုင်းဆွေးနွေးဖို့ တနှစ်တကြိမ် ဆန်းဒေးစကူးလ်အစည်းအဝေးကျင်းပပေးရပါမယ်၊
လောလောဆယ် မိမိမဖွင့်လှစ်ခင် ဆန်းဒေးစကူးလ်ကျောင်းပုံစံ သင်ကြားပေးနေကြတဲ့ ကျောင်းအားလုံးကိုလဲ ပူးပေါင်းပါဝင်ဖို့ ညှိနှိုင်းရပါအုံးမယ်၊

ဒီထက်ပိုပြီး ဘဏ္ဍာငွေတောင့်တင်းရင် ဆန်းဒေးစကူးလ်ကျောင်းဖွင့်လှစ်နေတဲ့ ဗုဒ္ဓဘာသာနိုင်ငံတွေကို ထူးချွန်ဆန်းဒေးစကူးလ်ကျောင်းသား ကျောင်းသူများကို လိုက်လံပို့ဆောင်ပေးပါမယ်၊
နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းတွေ ၊သာသနာပြန့်ပွားပုံသမိုင်းတွေ၊ ၎င်းနိုင်ငံတွေရဲ့ သမိုင်းကြောင်းတွေကို ပြဋ္ဌာန်းကျမ်းစာရေးဆွဲ ကတည်းက စတင်ထည့်သွင်းထားရပါမယ်၊

ပြည်တွင်းမှာလဲ ဆန်းဒေးစကူးလ်ကျောင်းသား ကျောင်းသူများ ကိုယ့်ဘ၀ကိုယ် ရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေဖွင့်လှစ်ပြီး ဆန်းဒေးစကူးလ်ကျောင်းက ကမကထ တည်ထောင်ပေးထားမယ်၊ ရလာတဲ့ငွေကို သူတို့ဘ၀ ရှင်သန်ရပ်တည်ရေးနဲ့ ဆန်းဒေးစကူးလ်ကျောင်းများ ရေရှည်တည်တံ့ရေး အတွက် အသုံးပြုရပါမယ်၊

ဒါတွေကတော့ မြန်မာပြည်မှာ တည်ထောင်ချင်တဲ့ ဆန်းဒေးစကူးလ်ကျောင်းပုံစံတွေပါ၊ စိတ်ကူးထဲက ဆန်းဒေးစကူးလ်ကျောင်းတွေကတော့ တကယ့်ကို သာယာလှပလို့၊ အသိဥာဏ်တွေ ဖြန့်ဝေတဲ့ Knowledge Centre ဖြစ်လို့ပေါ့။ ဘယ်တော့လောက် စဖြစ်မလဲ တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတာကတော့ စိတ်ကူးထဲက အတွေးပဲရှိသေးတာမို့ သေချာမပြောနိုင်ပါဘူး၊

ဒီထက်ကောင်းမွန်တဲ့ အကြံ အဥာဏ်တွေကိုလဲ ဆက်ပြီးတောင်းဆိုရပါအုံးမယ်၊ တခါတရံ စိတ်ကူးထဲကဖြစ်ချင်တာတွေဟာ ဖြစ်နိုင်ချေဆိုတာနဲ့လဲ ချိန်ထိုးရသေးတာကိုး၊ဘယ်လိုပဲဖြစ်ဖြစ် သီရိလင်္ကာယဉ်ကျေးမှုနဲ့ ဘာသာရေးအမွေပေးပုံအကြောင်း ရေးသားရင် တွေးမိတဲ့အတွေးလေးတွေကို ဖြန့်ဝေခြင်းမျှသာပါ။ သို့သော်… ဒါပေမယ့်..မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလားလို့ပဲ မေးရမလား၊ လုပ်နိုင်ပါတယ် မပြောနဲ့ လက်တွေ့လုပ်ပါ လို့ပဲ ဆိုရမလားဆိုတာကတော့………….။ ။

အရှင်တိက္ခဥာဏာလင်္ကာရ
Reblog this post [with Zemanta]
Read more ...

February 25, 2010

အချိန်မနှောင်းခင် ပြင်စေချင်

Anonymous | 10:15 AM | | | 1 Comment so far
Worli Bandra Sea LinkImage by Swami Stream via Flickr
ခက်တော့ခက်သားဗျ.. ဘာခက်တာလဲလို့ မေးလာရင်တော့.. ပြောရမှာ ခက်တယ်လို့ပဲ ဆိုရတော့မှာပါ၊

မပြောပြန်ရင်လည်း အနာဂတ် သာသနာတော် အရေးကို မတွေးကြည့်မိသူ တာဝန်မကျေသူဖြစ်မယ်။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာ ကျမှာထက် သူတစ်ပါးကို မနာလိုလို့ပြောတယ် ဖြစ်မယ်။ “သူ့ထက်သာမနာလို ”  ဆိုတဲ့ ဆောင်ပုဒ်ကို အကျယ်ချဲ့ပြီး ဘာဘာညာညာ ဆိုတာတွေ ပြောလာကြလိမ့်မယ်။ ဒါပေမဲ့ အခုဟာက မဟုတ်တာတွေ များလွန်းနေတယ်။

"စူနာမီဆရာတော် တရားကို နားလည်ချင်ရင် လွယ်ပါတယ်။ ခုပြောနေတဲ့  အရိယာဆိုတာလဲ ပညတ်ဘဲ။ အွန်လိုင်းလွှင့်တာ ပိတ်တယ် ဖွင့်တယ်ဆိုတာလဲ ပညတ်ဘဲ။ ချစ်မြတ်နိုးဆိုတာလည်း ပညတ်ဘဲ။ မဟာနာယက ဆရာတော်များသည်လဲ ပညတ်ဘဲ။ အင်တာနက် ဆိုတာလဲ ပညတ်ဘဲ။ လူဆိုတာလဲ ပညတ်ဘဲ။ ၃၁ဘုံဆိုတာလဲ ပညတ်ဘဲ။ ၅ပါးသီလတို့  ၀ိနည်းတို့ လဲ ပညတ်ဘဲ။ အပါယ်ငရဲလဲ ပညတ်ဘဲ။ ပညတ်တွေဆိုတာ ဘာမှမဟုတ်ဘူး။အဲတော့ စူနာမီဆရာတော်ပြောတာတွေဟာ ဘာမှမဟုတ်ဘူးလို့ မှတ်။ ဘာမှမဟုတ်မှတော့ ဘာမှကိုပြောနေစရာမရှိတော့ဘူး" တဲ့။

အဲဒီအချက်လေးကိုပဲ ဖတ်ကြည့်တယ် အရာအားလုံးပညတ်တွေပဲ ပညတ်မှန်သမျှ အကုန်ပယ်တဲ့တရားက စူနာမီတရားပဲဖြစ်မယ် ဘုရားရှင်ဟောတဲ့ တရားတော့ မဟုတ်ဘူး ဘုရားရှင်က ပညတ်နဲ့ ပါရမတ်ကို သူ့နေရာနဲ့သူ တန်ဖိုးထားတယ် တန်ဖိုးထားလို့လည်း မင်္ဂလသုတ်တော်ကြီးကို မြတ်စွာဘုရားဟောတာလေ၊ သေချာ တွေးကြည့်ပါ မဟာမင်္ဂလသုတ်တော် လို့ဆိုထိုက်တဲ့ မင်္ဂလသုတ်တော်မှာ ပထမဦးဆုံး ဟောတာက လူမိုက်ကို မပေါင်းသင်း မဆက်ဆံနဲ့လို့ ဟောတော်မူတာ၊ အကယ်စင်စစ် စူနာမီဟောသလို အရာအားလုံးဟာ ဘာမှမဟုတ်ဘူးဆိုဆိုရင် လူမိုက်ကို မပေါင်းရလို့ ဘုရားရှင် ဟောတော်မူမှာ မဟုတ်ပါ၊ သေချာလေးတွေးပါ။ ဘုရားသာသနာကိုဖျက်ဆီးသူထဲမှာ ကိုယ်ပါနေလားဆိုတာ၊ ပညာရှိကိုပေါင်းပါလို့ ဒုတိယမင်္ဂလာအနေနဲ့ ဘုရားရှင် ထပ်ပြီးဟောတယ်။ ပညာရှိဆိုတာ ပရမတ်လား ပညတ်လား စဉ်းစားပါ၊ အဲလိုပဲ လူမိုက် ဆိုတာကကော ပရမတ်လား၊ သေချာတွေးပါ၊ စူနာမီပြောသလို ဘာမှမဟုတ်တာချည်း ဆိုရင် အမိသတ်ကံ အဖသတ်ကံ ဆိုတာ ဘုရားဟောမှာ မဟုတ်ပါဘူး၊ အခုဟာက လူတွေကို လမ်းကြောင်းလွှဲနေတယ်၊ ဘုရားမဟောတာကို ဘုရားဟောလုပ်နေတယ်။ ဒီလိုအယူတွေသာပြန့်ပွားသွားရင် အနာဂတ်သာသာနာ ဘယ်လိုဖြစ်သွားမလဲ လာမဲ့ဗုဒ္ဓဘာသာမျိုးဆက်တွေဘာဖြစ်သွားမလဲ၊ ကျနော်ဖတ်ဖူးတဲ့ နတ်မှီတောရ ဆရာတော်ကြီးရဲ့ ဩ၀ါဒကိုသွားသတိရတယ် ဘာလဲဆိုတော့...

တစ်ခါတုံးက ၀က်သားအလွန်ကြိုက်တဲ့ ဒကာကြီးတစ်ယောက်က ဆရာတော်ကြီးဆီ အဖူးမြော် ရောက်သတဲ့။ ဒါနဲ့ဆရာတော်ကြီးက ဒကာကြီးလက်ထဲက ဘာလဲလို့ မေးတော့ အသားမစားတဲ့ ဆရာတော်ကြီး ကို ဒကာက အားနာဟန် တူပါတယ် ဖြေလိုက်ပုံလေးကတော့ သင်းပါ့။ ဘယ်လိုလဲ ဆိုတော့ ဘာမှမဟုတ်ပါဘူးဘုရား။ ဓာတ်ကြီးလေးပါး ပါပဲတဲ့လေ။ ဒီတော့ ဆရာတော်ကြီးက ပြန်မေးတယ် ဒကာတဲ့ ဒကာကြီးဈေးထဲမှာ ၀က်သားဝယ်တုံးက ဓာတ်ကြီးလေးပါး ငါးဆယ်သား ရောင်းပါလို့ ပြောပြီး ၀ယ်ခဲ့ လားတဲ့၊ ဒီဒကာကြီးဘာမှ မဖြေနိုင်တော့ ဘူးလေ၊ ဒီမှာတင် ဆရာတော်ကြီးမိန့်တာက။


"ပရမတ်အစစ်ကို မပေါက်ပဲ ပညတ်ကို ဖျောက်ရင် ခွေးရူးထက် ကြောက်စရာကောင်းတယ်" တဲ့ဗျာ။

ဒါလေး ဖတ်ဖူးကြပြီးသားပါ။ ပညတ်ဆိုပြီး ရမ်းမပယ်နဲ့။ အဲလိုသာ ရမ်းပယ်ရင် အရမ်းကို အပါယ်ရောက်သူတွေများလာ မှာသေချာတယ်။ မင်္ဂလ သုတ်တော်ကို သေချာနာ ပါ။ တွေးပါ ဆင်ခြင်ပါ။ ပညတ်တွေကို နေရာတိုင်း မပယ်တာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ ငါးပါးသီလ သူ့အသက်သတ်ခြင်း မှ သူရာမေရိယပုဒ် အထိက ပညတ်တွေကို ဘုရားမပယ်လို့ပဲ ပညတ်တော်မူထားခဲ့တာ နေရာတကာ လျှောက်ပယ်နေရင် မိဘ ဆိုတာလဲ ဓာတ်ကြီးလေးပါး ပညတ်ပဲ သတ်လို့ ဘာမှမဖြစ်ဘူး ဆိုတဲ့ အတွေးတွေ လုပ်ရပ်တွေအတွက် ဘယ်သူမှာ တာဝန်ရှိပါသလဲ။ အဲလောက်ထိ လောကကို အမှောင်ဖုံးစေနိုင်တဲ့ တရား၊ ဘုရားမဟောတာကို ဘာဖြစ်လို့ အဆန်းထွင် ဟောချင်နေရပါလိမ့်။

"ရှေးကဆရာတော်၊ သံဃာတော်တွေရဲ့ နည်းတွေဟာ လိုရင်းရောက်တဲ့ နည်းတွေမဟုတ်ဘူး၊ ရှေးကနည်းများအတိုင်း နည်းမှန်လမ်းမှန် အားထုတ်တဲ့ ယောဂီတွေဟာ လိုရင်းရောက်နိုင်မယ် မထင်ဘူး"

အထက်က စကားကိုလည်း စူနာမီကပြောခဲ့တယ် အခုလည်း ပြောနေတယ် ၊ ဘာကြောင့် အဲဒီလိုပြောလဲတော့ မသိ ကိုယ်တိုင်က ဘယ်လိုလဲမသိ။ မသိခြင်းပေါင်း များစွာနဲ့ ကျနော်တွေးနေမိတယ်။

ပုဂံခေတ်ကနေ ကနေ့အထိ ဗမာပြည်မှာ ရဟန္တာတွေ မဆိတ်သုဉ်းခဲ့ဘူး။ သာသနာတော် သမိုင်းကိုပဲ ကြည့်ကြည့် ။ အတ္ထုပတ္တိ ကျမ်းစာတွေလည်း ရှိနေပါတယ်။ ဓာတ်တော်တွေကို ဖူးတွေ့နေရဆဲ။ ဒါကို သိနေလျှက်ကယ်နဲ့ ရှေးက ဆရာတော်နည်း တွေက လိုရင်းမရောက်ဘူး ဆိုတော့ ဘာအကြောင်း ကိုထောက်ပြီး ပြောတာလဲ။ ယုံတဲ့သူတွေကလည်း ချင့်ယုံပါ။ အများမိုးခါးရေ သောက်တိုင်း ကိုယ် လည်း မိုးခါးရေ သောက်တယ်ဆိုတာ ဓမ္မဥပေဒသမှာမရှိဘူး။ ကိုယ်လုပ်တာ ကိုယ်ခံပဲ၊ တခြားဘယ်သူမှ ၀င်ပြီး အစားထိုးလို့ မရ ဘူး။ ဒါကို အဟုတ်မှတ်ပြီး အရူးဘုံမြှောက် လုပ်တဲ့အတွက် နောင်တ ရရလိမ့်မယ်။၊ ကိုယ်ကျော်ကြား လူသိများဖို့ သာသနာတော်ကို ခုတုံးမလုပ်သင့်ဘူး။ မာယာ သာဋ္ဌေယျတွေနဲ့ လူတွေကို မလှည့်ပတ် သင့်ဘူး၊ နောက်ပြီး စူနာမီဆရာတော်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ တပည့်တပန်းတွေဟာ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လူအများ နားလည်အောင် မိုးကုတ်ဆရာတော်ဘုရား နည်းပေးထားခဲ့တဲ့ မိုးကုတ်စက်ဝိုင်းတွေကို ဖင်ခုထိုင်ထားတယ်။ ဒါတွေကို တွေ့လိုက်ရတော့ … ဟာကနဲ ဖြစ်သွားတယ်။

မဟာပရိနဗ္ဗာန သုတ်တော်မှာ

"ချစ်သားအာနန္ဒာ ငါဘုရားမရှိတဲ့နောက် ငါဟောခဲ့တဲ့ တရားတော်တွေကို ငါ့ကိုယ်စား ကိုးကွယ်ရစ်ကြ"

လို့ တရားတော်တွေကို အရိုအသေ အလေးအမြတ်ပြုကြအောင် ဘုရားရှင်က သေသေချာချာ မိန့်မှာတော် မူခဲ့ပါလျှက်ကယ်နဲ့ ဒေသနာတရားကို ဖင်ခုထိုင်ပြပြီး စတန့်ထွင်တာကတော့ ဘုရားရှင်ကို စော်ကားသလို ဖြစ်နေတယ်။ အလားတူ တရားတော်ကို စော်ကားရာရောက်တယ်။ နောက်ပြီး ဒီတရားတော်တွေကို စောင့်ရှောက် ထိန်းသိမ်းထားတော် မူကြတဲ့ သံဃာတော်များ ကိုလည်း စော်ကားတာပါပဲ။

အဲဒီလို ရတနာသုံပါးကို အဖန်တလဲလဲ စော်ကားနေသူကိုမှ ဆရာတင်ပြီး ကိုးကွယ်ရာမှားလိုက်နေကြတဲ့ သူများ အချိန်မီ ပြုပြင်သင့်ပါတယ်။ မဟုတ်ရင် ကိုယ့်သား ကိုယ့်သမီး၊ ကိုယ့်မြေး၊ နောင်လာမဲ့ မျိုးဆက်အတွက် အဆိပ်ထက် ကြောက်စရာ ကောင်းတဲ့ မိစ္ဆာအယူကို ကိုင်စွဲပြီး လောကကို ဖျက်ဆီး လာလိမ့် မယ်၊ အဆိပ်သင့်တာက တစ်ဘ၀ပဲသေတယ်။ အယူဝါဒမှားရင် သံသရာအဆက်ဆက် မှောင်နေတဲ့ ဘ၀ကို ဖန်တီးတဲ့သူတွေက တစ်ခြားသူတွေမဟုတ်ပဲ ကိုယ်တိုင်ပဲဖြစ်ပါ လိမ့်မယ်။

အချိန်မီ အမှန်တရားကို သိကြပါစေ။

လေးစားစွာဖြင့် ဥပသကာ
Reblog this post [with Zemanta]
Read more ...

February 24, 2010

သီရိလင်္ကာယဉ်ကျေးမှုနှင့်ဘာသာရေးအမွေ -၄(အရှင်တိက္ခဥာဏာလင်္ကာရ)

Dr Phyo Wai Kyaw | 9:18 PM | | Be the first to comment!
သီရိလင်္ကာ ကလေးငယ်များဟာ ဒီလို ဘုရားရှိခိုး၊ ဩ၀ါဒခံယူ၊ ဗုဒ္ဓစာပေတွေ သင်ကြားရတာ တစ်ရက်မဟုတ် တပတ်မဟုတ် ဆယ့်သုံးနှစ် တိတိကြာမြင့်တယ်။ နှစ်များစွာ ဗုဒ္ဓတရားများနဲ့ ထိတွေ့နေရတော့ ကလေးများရဲ့ ဘာသာချစ်စိတ် လူမျိုးချစ်စိတ်တွေ ခေါင်းထဲမှာ သံမှိုနှက်ထားသလို စွဲမြဲကုန်တယ်၊ ဗုဒ္ဓ၀ါဒ အခြေခံ အုတ်မြစ်လဲ ခိုင်မာသွားပါတော့တယ်။ အံ့ဩစရာ ဘာသာရေးကောင်းမွေ ပေးခြင်း မဟုတ်ပါလား၊

သီရိလင်္ကာကလေးငယ်တွေဟာ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ရောက်ရောက် ဘာသာကူးပြောင်းတယ်ဆိုတာ မရှိသလောက် ရှားပါးတယ် လို့ သီရိလင်္ကာဘုန်းကြီး တစ်ပါးက ပြောပြတော့ အော်.. ငါတို့မြန်မာတွေလဲ ဒီလိုလေးတွေ လုပ်ပေးနိုင်ရင် ဘယ်လောက် ကောင်းမလဲဆိုတဲ့ အတွေးများ တဖွားဖွား ဖြစ်မိတာတော့ အမှန်ပါပဲ၊

ကလေးငယ်များဟာ ဘုန်းတော်ကြီးများရဲ့ ဩ၀ါဒခံယူ ၊ဗုဒ္ဓစာပေတွေကိုလဲ နှစ်များစွာသင်ကြားခွင့်ရလေတော့ ဗုဒ္ဓဘာသာကျင့်ဝတ်တွေမှာလဲ ကျွမ်းကျင်ကြတယ်၊ ဘုရားလောင်းစိတ်ဓာတ်ကိုလဲ ခရေစေ့တွင်းကျ သိကြတယ်၊ သူတို့ရဲ့ ဘာသာသွေးများက ရဲရဲတောက် နီရဲလို့နေပါတယ်၊


နိုင်ငံတော်အစိုးရ ကိုယ်တိုင်ကလည်း ဆန်းဒေးစကူးလ်ကျောင်းကို မတက်မနေရ စည်းမျဉ်းသတ်မှတ်ထားတော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားဖြစ်ကုန်ပါတော့တယ်၊
သမ္မတတွေ ဘယ်လိုပြောင်းပြောင်း သေချာတာတစ်ခုကတော့ တက်လာတဲ့သမ္မတတိုင်းက ဆန်းဒေးစကူးလ်ကျောင်းတွေကို အားပေးခြင်းပါ၊ ဆန်းဒေးစကူးလ်ကျောင်း အောင်လက်မှတ်ရဲ့ တန်ဖိုးကလဲ မနည်းလှ၊ အလုပ်လျှောက်တဲ့အခါမှာတောင် ဆန်းဒေးစကူးလ်ကျောင်း အောင်လက်မှတ်ပြနိုင်မှ အလုပ်ရတယ်လို့ ဆိုပါတယ်၊ ထိပေစွ မိပေစွ စည်းကမ်းများပဲ မဟုတ်ပါလား။

နောက်ထပ်မြတ်နိုးစရာ ကောင်းတဲ့ အလေ့အထတစ်ခုက ဘာသာရေးပွဲတော်များ၊ အိမ်မှာပြုလုပ်တဲ့ အလှူမင်္ဂလာအခမ်းအနားများမှာ ကလေးငယ်များဟာ သံဃာတွေနဲ့ အနီးဆုံးနေရာမှာ ထိုင်ခွင့်ပေးခြင်းပါပဲ၊ အမိမြန်မာပြည်မှာတော့.. ဟဲ့ ကလေး မငိုနဲ့နော်.. ငိုရင် ဘုန်းကြီးက ရိုက်လိမ့်မယ်လို့ မေမေများက ပြောကြလေတော့.. ဘုန်းကြီးနဲ့ ကလေးကို ရန်တိုက်ပေးသလို ဖြစ်ကုန်တော့တာပါ၊

တကယ်ဆိုတော့ ဘုန်းကြီးဆိုတာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးတဲ့ သူတော်စင်တွေပါ၊ ကလေးတွေကို ရိုက်နှက်တတ်တဲ့ လူကြမ်းကြီးများ မဟုတ်ပါဘူး၊
သံဃာတော်များကို ဆွမ်းလိုက်စရာ ဟင်းလိုက်စရာရှိရင်လဲ ကလေးငယ်များကိုပဲ ဦးစားပေးလိုက်ခိုင်းကြတာတွေ့ရတယ်၊ အောက်ထစ်ဆုံး အလှူပြီးလို့ ရေစက်ချတော့မယ်ဆိုရင်တောင် ကလေးငယ်များကို ရေစက်ခွက် ကိုင်ခိုင်းကြတယ်။

ကလေးငယ်များကိုယ်တိုင်လဲ ဆန်းဒေးစကူးလ်က သင်ပေးလိုက်တဲ့ ဣဒံ မေ ဥာတီနံ ဟောတု သုခိတာ ဟောန္တု ဥာတယော ဆိုတဲ့ ရေစက်ချ စာတမ်းကို ကိုယ်တိုင် ဆိုပြီး ရေစက်ချနိုင်ကြတာတွေ့ရတော့…တကယ့်ကို ပီတိဖြစ်စရာကြီး ဖြစ်နေပါတော့တယ်၊

သံဃာတော်များကို မြင်ရင် သူ့တို့လေးတွေဟာ ကြောက်ရွံ့မနေဘဲ စာဓု စာဓုလို့ အော်ခေါ်ကာ အပြုံးနဲ့ နှုတ်ခွန်းဆက်တတ်ကြတယ်၊ ဓာတ်ခံကောင်းတဲ့ ကလေးငယ်တွေကို ဓာတ်ကောင်းလေးတွေဖြည့်စီးပေးနိုင်တော့ ကလေးများနဲ့ သံဃာများဟာ တကယ့် မဟာမိတ်ကြီးတွေ အဖြစ်ရပ်တည်နိုင်တယ်၊


ဘာသာရေးဓာတ်ကောင်းတွေ ကိန်းနေတဲ့ ကလေးငယ်များရဲ့ နှလုံးသားဟာ ပိုမိုဖြူစင်တောက်ပလာတော့တာပါ၊ ဒါကြောင့်ထင်ရဲ့ သူတို့ကို ကြည့်ရတာ အမြဲပြုံးနေတာကိုပဲ တွေ့ရတယ်၊ အသားမည်းပေမယ့် အသဲဖြူတယ်ဆိုတာ သီရိလင်္ကာလူမျိုးတွေကို ပြောကြဟန်တူရဲ့လို့လဲ တွေးမိပါတယ်၊

မဟာဂန္ဓာရုံ ဆရာတော်ကြီးကတော့ အနာဂတ်မြန်မာပြည်သာသနာအတွက် မျှော်လင့်ချက်လေးကို ဒီလို ဥဒါန်းကျူးရင့်တော်မူခဲ့တယ်။
ဒို့မြေဌာနီ ရှေးခါဆီဝယ်
မထေရ်အပေါင်း စံရာကျောင်းမှ
ငြိမ့်ညောင်းသာယာ မိန့်အာဏာကို
ရပ်ရွာလူများ လွန်လေးစားခဲ့။

ခုကားသို့နှယ် မဟုတ်ကွယ်၍
နယ်ပယ်ပေါက်ဖွား အမျိုးသားတို့
ဘုန်းဘရားကျောင်းတွင် စာမသင်တော့၊
ဤသည့်တိုင်းသာ နှစ်ပေါင်းကြာလျှင်
မြန်မာတိုင်းဖွား အမျိုးသားတို့
ဘုရားကိုစွန့် တရားစွန့်၍
စွန့်လိမ့်မှန်စွာ မြတ်သံဃာတည်း။

သို့တွက်များပြား ဘုန်းဘုရားတို့
တရားကိုကျင့် လုံအောင်ကျင့်၍
မလင့်စေရ ကိုယ့်ဒေသ၌
သိပ္ပံ ၀ိဇ္ဇာ ပြသင့်ရာကို
ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ
ဘုန်းလှိုင်ဟောပြ ဩ၀ါဒကို
စိတ်ကကြည်ဖြူ လိုက်နာယူလျှက်
ကိုယ်မှုနှုတ်ပြောင်း စိတ်လည်းကောင်း၍
နောက်နှောင်း သာသနာ
ပြည်မြန်မာသည်၊
ရှည်ကြာနေသို့ ထွန်းမည်ကိုး။ ။

သီရိလင်္ကာ ဆန်းဒေးစကူးလ်နောက်ကွယ်က အဓိပ္ပာယ်ပြည့်နှက်နေတဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို လေ့လာခွင့်ရတော့.. အော်မြန်မာပြည်မှာလဲ ဒီလို ဆန်းဒေးစကူးလ်တွေ တည်ထောင်နိုင်မယ်ဆိုရင် မြန်မာတိုင်းဖွား ရင်သွေးငယ်များရဲ့ အနာဂတ်လေးတွေ သာယာလှပနေမယ်ဆိုတာ စဉ်းစားမိနေရဲ့။ ။
ဆက်ပါအုံးမည်…

အရှင်တိက္ခဥာဏာလင်္ကာရ
Read more ...

February 23, 2010

သီရိလင်္ကာယဉ်ကျေးမှုနှင့် ဘာသာရေးအမွေ-၃

Dr Phyo Wai Kyaw | 11:19 PM | | | Be the first to comment!

ဆန်းဒေးစကူးလ်ကျောင်းမှာ အတန်းဆယ့်သုံးတန်း ခွဲခြားထားတယ်။ ပြဋ္ဌာန်းကျမ်းစာများကို စုစည်းလိုက်တဲ့အခါ ........

ငါးရာငါးဆယ်လာ ဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်များ၊ ယင်းအကြောင်းအရာများကို ရေးဖွဲ့ထားသည့် ကဗျာများ ၊ ပါရမီဆယ်ပါး အကြောင်း၊ ဒါန သီလစသော ပုညကိရိယ၀တ္ထုဆယ်ပါးတို့၏ အဓိပ္ပာယ်၊ ဘုရား ဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်း၊ ပရိတ်ကြီးပါဠိနှင့် အဓိပ္ပာယ်၊ သုတ္တနိပါတ ပါဠိတော်လာ မှတ်သားဖွယ်ရာ တရားတော်များ၊ သီရိလင်္ကာ ဗုဒ္ဓဘာသာ သမိုင်း၊ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ရှေးဟောင်း ယဉ်ကျေးမှု ဗိသုကာ အကြောင်း၊ ရှေးဘုရင်တို့၏ အောင်ပွဲနှင့် စစ်သူကြီးများ၏ အစွမ်းသတ္တိကို ဖော်ပြထားသည့် ရာဇ၀င်များ ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ ကွဲပြားခြားနားပုံ၊ ဗုဒ္ဓဘာသာဝင် နိုင်ငံတို့၏ ပထ၀ီအနေအထား၊ ၎င်းနိုင်ငံများသို့ သာသနာ ပြန့်နှံ့ပုံများကို သင်ကြားပေးပါတယ်၊

ဆင်ဟာလိဘာသာ စကားသက်သက်ဖြင့် သင်ကြားခြင်း မဟုတ်ဘဲ အတန်းအလိုက် အင်္ဂလိပ်လိုပါ သင်ကြားပေးတာကို တွေ့မြင်ရတယ်၊ အချို့ ဆန်းဒေးစကူးလ် ကျောင်းများမှာ အင်္ဂလိပ်စာ ဒီပလိုမာတန်းကိုပါ ဖွင့်လှစ်သင်ကြားပေးနေကြပါပြီ။

ဆန်းဒေးစကူးလ်ကျောင်းများ ရေရှည်တည်တံ့ဖို့ ရည်ရွယ်ကာ အတန်း အသီးသီးက ပြဋ္ဌာန်းကျမ်းစာအုပ်ကို သီရိလင်္ကာနိုင်ငံ သာသနာရေး ၀န်ကြီးဋ္ဌာနက ရိုက်နှိပ် ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေပေးခြင်းပါပဲ။ ဆန်းဒေးစကူးလ် စာမေးပွဲများကို နိုင်ငံတော်က ကမကထပြုလုပ် ကျင်းပပေးတာ ဟာလဲ ဘာသာရေး ကောင်းမွေပေးရာမှာ ကလေးများရဲ့ တန်ဖိုးကို လေးလေးနက်နက် အသိအမှတ် ပြုပေးခြင်း တစ်မျိုးလို့ ဆိုနိုင်ပါမယ်။

ဆန်းဒေးစကူးလ် ကျောင်းသား ကျောင်းသူများဟာ တနင်္ဂနွေနေ့ ရောက်ပြီဆိုရင် မနက် ၇ နာရီမှာ ကျောင်းကိုရောက်အောင် လာကြရတယ်၊ ကျောင်းတက်တဲ့အခါမှာလဲ အထက်အောက် နှစ်ခုစလုံး အဖြူရောင်ဝတ်စုံများကို ရိုးရာဓလေ့အတိုင်း ၀တ်ဆင်ကြ ရတယ်၊ ယောင်္ကျားလေးများအတွက် လည်ကတုံး လက်ရှည် အင်္ကျီကိုဝတ်ဆင်ရပြီး။ မိန်းခလေးများအတွက် ဆာရီရိုးရာ အဖြူဝတ်စုံကို ၀တ်ဆင်ကြရပါတယ်။ ခေတ်ပေါ် အ၀တ်အစားများ လက်ဝတ်ရတနာများ အကြောင်အကြား အရောင်များကို လုံးဝ ၀တ်ခွင့်မပြုပါဘူး။


ဒီလို စည်းကမ်းသတ်ပေးခြင်းဖြင့် ကလေးငယ်များ ဂုဏ်တု ဂုဏ်ပြိုင်ဝတ်စားဆင်ယင်မှု ကင်းဝေးပြီး ညီညွတ်မှုပိုဖြစ်စေတယ်လို့ ယုံကြည် ထားကြတာပါ။ ဆင်းရဲလဲ ဒီလိုအဖြူရောင်၊ ချမ်းသာလဲ ဒီလို အဖြူရောင်လေးကိုပဲ ၀တ်ဆင်ကြရတယ်။

ကလေးများရဲ့စိတ်မှာ ဗုဒ္ဓစာပေ ယဉ်ကျေးမှုကို သင်ယူခြင်းကသာ ဆန်းဒေးစကူးလ်ကျောင်းရဲ့ အဓိကအချက်ဆိုတာကိုလဲ အလိုလို နားလည်နေပါတယ်။

ဘုန်းကြီးကျောင်းများကို ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများဟာ ကျောင်းဝင်းအတွင်းမှာ စိုက်ပျိုးထားတဲ့ ပန်းပင်များမှ ပန်းများကိုခူးယူ ရေဆေးပြီး ဗောဓိပင်များမှာ ထားရှိတဲ့ ပန်းတင်ခုံပေါ်မှာ စီတန်းထားခြင်းဖြင့် ပူဇော်ကြတယ်။ တချို့ ကလေးများကတော့ မိမိတို့အိမ်မှာ အမွှေးတိုင် ဖယောင်းတိုင်များကို ယူဆောင်လာပြီး ဗောဓိပင်ခြေရှိ ပန်းတင်ခုံ ဆီးမီးတင်ခုံပေါ်မှာ ထွန်းညှိပူဇော်ကြတယ်။ (သီရိလင်္ကာ လူမျိုးတွေရဲ့ ဗောဓိပင်ပေါ်ထားရှိတဲ့ ရိုသေလေးမြတ်မှုကို သီးသန့် ရေးပါအုံးမယ်)။

စာသင်ခန်းမ၀င်မှီ မနက် ၈ နာရီ သုံးဆယ်မှာ ဩ၀ါဒ ခံယူပွဲ ကျင်းပတယ်။ ဩ၀ါဒခံယူပွဲ မစမှီ နိုင်ငံတော်သီချင်း၊ ဆန်းဒေးစကူးလ် သီချင်းတွေကို စီတန်းသီဆိုရတယ်၊ နိုင်ငံချစ်စိတ် ဘာသာချစ်စိတ် ၀င်လာအောင် လုပ်ဆောင်ပေးခြင်းပါပဲ။

တန်းစီနေသည့်ကျောင်းသား ကျောင်းသူများထဲမှ ဆယ်ယောက် ဆယ်ငါးယောက်ခန့်က အမွှေးတိုင် ပန်းခြင်းများကို စုပေါင်း သယ်ဆောင်လာပြီး ကျောင်းသား ကျောင်းသူတိုင်းကို လက်နဲ့ တို့ထိစေပါတယ်၊ ပြီးရင် ဗောဓိပင်မှာ ကပ်လှူပူဇော်ပြီး ဣတိပိသော ဘဂ၀ါ စတဲ့ ဘုရားဂုဏ်တော် ။ သွက္ခာတ စတဲ့တရားဂုဏ်တော်နဲ့ သုပ္ပဋိပ္ပန္နစတဲ့ သံဃာဂုဏ်တော်ကို သံပြိုင် ရွတ်ဆို ပူဇော်ကြတယ်၊ ပြီးရင် ငါးပါးသီလ ခံယူ ဆောက်တည်ကြပါတယ်၊(ကလေးများရဲ့ ဘုရားစာရွတ်ဖတ်သံဟာ မနက်ခင်းရဲ့ ကျက်သရေကို ပိုပြီးအလှဆင်နိုင်သလို ကြားရသူတို့ ဟဒယနှလုံးမှာလဲ ပီတိဖုံးစရာ ကောင်းလှပါတယ်၊)

ဒီအစီအစဉ်တွေ အားလုံးပြီးမှ ရဟန်းတစ်ပါးရဲ့ အထံကနေ ဩ၀ါဒ ခံယူကြတယ်.မတ်တပ်ရပ်ပြီး နားထောင်ရတဲ့ ဒီဩ၀ါဒပေးပွဲဟာ လေးဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပါတယ်၊ ပြီးမှ စာသင်ခန်းအသီးသီးကို ၀င်ရောက်ပြီး သင်ခန်းစာများ လေ့လာသင်ယူရပါတယ်၊

နေ့လည် ၁၁ နာရီအချိန်မှာ အားလပ်ချိန် ဆယ်မိနစ်ခန့် ပေးပါတယ်။ အားလပ်ချိန်အတွင်းမှာ ကလေးများအားလုံးကို ပေါင်မုန့် လက်ဘက်ရည် စတဲ့ သရေစာကျွေးမွေးတယ်။ အလှူရှင်ရှိလျှင် အလှူရှင်များက လှူဒါန်းပြီး အလှူရှင် သီးသန့်မရှိပါက ကျောင်းထိုင်ဘုန်းကြီးက ကျွေးမွေးရတယ်။

ဆယ်မိနစ်ခန့်နားပြီး စာသင်ခန်းအတွင်းပြန်ဝင်ကာ စာသင်ယူကြရပြီး နေ့လည် ၁၂ နာရီခွဲမှာတော့ စာသင်မှုပြီးဆုံးသွားပါတယ်။ သင်တန်းပြီးဆုံးချိန်မှာတော့ ကျောင်းသားကျောင်းသူ အားလုံးဟာ ဗောဓိပင်ရှိရာ မျက်နှာမူပြီး မေတ္တာပို့ အဲဒီနောက်မှ ဗောဓိပင်ကို ပူဇော်ရပါတယ်။ ဒီလိုပူဇော်ပြီးမှသာ စာသင်ခန်းအတွင်းက ထွက်ခွါခွင့်ရကြတယ်။ စာသင်ခန်းကထွက်ခွါသွားတဲ့ သူတို့လေးတွေရဲ့ ခြေလှမ်းတိုင်းမှာ ဘာသာရေးအရိပ်အငွေ့လေးတွေ တွယ်ငြိသွားတာ တကယ့်ကို ကျေနပ်စရာပါ၊ ။

ဆက်လက်ဖော်ပြပါမည်........


အရှင်တိက္ခဥာဏာလင်္ကာရ
Read more ...

February 22, 2010

ဝိပဿနာကို အတုလုပ်ရောင်းချသူများ

သျှင်သာမိ - မုံရွာ | 11:06 PM | | | 3 Comments so far
Tsunami Photo - UnknownImage by astanhope via Flickr
စာမေးပွဲနီးနေသည်က တစ်ကြောင်း၊ မြန်မာပြည်၌ အင်တာနက်ကွန်ယက်များ အဆက်ပြတ်ပြီး ဘလော့များထဲ ၀င်ဖို့ အခက်အခဲ ဖြစ်နေသည်က တစ်ကြောင်း စသည့် အခက်ခဲများကြောင့် အွန်လိုင်းပေါ်က ပွဲဆူနေတဲ့ ဆူနာမီဆရာတော်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှု့များကို ၀င်ရောက် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ဆူနာမီဆရာတော် ဦးဥတ္တမသာရ နဲ့ ပတ်သက်သော ဆွေးနွေးပွဲအသံဖိုင်များ အချက်များကို တတ်အားသ၍ နဲနဲချင်းစီလေ့လာခဲ့ပေ၏။

ဒီနေရာမှာ ပန်းကမ္ဘာမှ ဆရာတော် ရေးသားထားသောပို့စ်လေးထဲမှ စာသားများကို သဘောကျသဖြင့် အလွယ်တကူ ယူ၍ပြလိုက်ပါအုံးမည်။

@@@@@@@@@@@@@@@
အင်္ဂုတ္တရ ပါဠိတော် မှာ လည်း နောင်အခါ ငါဘုရား သာသနာကို ဖျက်မယ် ဆိုရင် တရားစစ်တရားမှန်တွေကို တရားတုတွေက အစစ်အမှန် ဖြစ်လေဟန် ဟောပြောကြလိမ့်မယ်၊ ထိုကဲ့သို့ ဟောပြောခြင်းသည်ပင် သာသနာကွယ်ကြောင်းတရားပဲ လို့ ဟောကြားထားပါတယ်။ အခုလဲ လာပြန်ပါပြီ - ဘုရားရှင် ဓမ္မတွေကို ကိုယ်ပိုင်ဓမ္မဖြစ်လေ ဟန် နဲ့ ဟောပြောနေတာကြားရတော့

အော် သံကို သံဖျက် သံချေးတက် - ဆိုတာ ဒါမျိုးပါလား လို့ သံဝေဂ ရမိပါရဲ့ ဘာတဲ့ -ကိုယ်ပိုင်ဓမ္မနဲ့ သစ္စာတရားတွေကို ဖြန့်ဝေနေတယ်၊ သူ့တရားမှန်သမျှဟာ အာနာပါန ဖောင်းပိန်၊ နောက်ဆုံး ကမ္မဋ္ဌာန်း ၄၀ ကနေတောင် လွတ်နေသ တဲ့။ အစွဲ မှန်သမျှ အားလုံးပြုတ်ပြီ။ လုံးဝ အစွဲကင်းသွားပြီ တဲ့။ ၃၁ ဘုံ၊ နိဗ္ဗာန်တွေက ပညတ်သက်သက်သာပဲ၊ ဘာမှ အနှစ်သာရမရှိဘူး၊ ပ၇မတ္ထတရားကမှ တရားအစစ်အမှန်ဆိုပဲ၊

အရှင်ဘုရားက အရိယာ ရဟန္တာဖြစ်ပြီလား ဆိုတော့ လွတ်လပ်စွာ ထင်မြင်နိုင်ပါတယ်၊ ထုံးတမ်းစဉ်လာ ဖြစ်တဲ့ သာမာန်သူလို ကိုယ်လို ယောဂီတွေရဲ့ တရားသဘောသိနိုင်မှု့ နားလည်မှု့တွေကို လွန်မြောက်သွားပါပြီ တဲ့။

စာသင်နေသော ဘုန်းကြီးတွေသာ ၀ိနည်းလိုက်နာဖို့လိုသည်၊ တရားကျင့်နေသော ဘုန်းကြီးများ ၀ိနည်းစည်းကမ်းတွေကို လိုက်နာစရာမ လိုဘူး တဲ့။ တပည့်ဒကာ ဒကာမတွေက ဘုရားတစ်ဆူလိုပဲ ကိုးကွယ်ပြီး ပြောဆိုနေကြတယ်၊ ဘယ်လိုဖြေရှင်းမလဲ -

ဆိုတော့ ဖြေစ၇ာ မလိုပါဘူး၊ သူတို့ ထင်ချင်သလို ထင်နိုင်ပါတယ် တဲ့၊ ဒီစကားက မြတ်စွာဘုရားကိုတောင် နှိုင်းယှဉ်ပြောတာ ဖြစ်တဲ့ အတွက် တော်တော်အပြစ်ကြီးတဲ့ ကိစ္စပါ။ တပည့်ယောဂီတွေကို သမာဓိ ပညာ သတိ ၀ီ၇ိယ စတဲ့တရားတွေ တိုးတက်စေဖို့ ကိုယ်တိုင် ဓာတ်ကူးပြီး ကူညီပေးတယ် ဆိုပဲ၊ ဘု၇ားရှင်တောင် မစွမ်းနိုင်တဲ့ အရာကို လုပ်ပေးနိုင်တယ် ဆိုတော့ အင်း ဘယ်လို ပညာ ဘယ်လို အသိဥာဏ်တွေနဲ့ ယုံကြည်ရမလဲ ကွယ်ရို့ လို့ ဟစ်လိုက်ချင်တော့တယ်၊ သာမာန်ဥာဏ်အဆင့်အတန်း ရှိတဲ့ သူတွေတောင် သေချာ စဉ်စားရင် မြင်သာနိုင်ပါတယ်၊

စတုတ္ထပါရာဇိက ဥတ္တရိမနုဿဓမ္မ အဖွင့်မှာ -

ဥတ္တရိမနုဿဓမ္မော နာမ ဈာနံ ၀ိမောက္ခ သမာဓိ သမာပတ္တိ ဥာဏဒဿနံ မဂ္ဂဘာဝနာ ဖလသစ္ဆိကိရိယာ ကိလေသပ္ပဟာနံ ၀ိနီဝရဏတာ စိတ္တဿ သုညာဂါရေ အဘိရတိ၊ ( ပါရာဇိက ပါဠိတော် )လို့ ဆိုထားတာကြောင့် -- အစွဲမှန်သမျှ အားလုံး ပြုတ်ပြီ၊ လွန်မြောက်သွားပြီ လို့ တမျိုး၊ အလောဘ အဒေါသ အမောဟ လို့ တဖုံ အကြိမ်ကြိမ် ၀န်ခံပြောကြားနေတဲ့ ဦးဇင်း အတွက် ဘယ်အခြေအနေေ၇ာက်နေပြီလဲ ဆိုတာ ၀ိနည်းစည်းကမ်း နားလည်သူတိုင်း သံသယပွားစရာ ကုက္ကုစ္စဖြစ်စ၇ာမို့ ရင်လေးမိပါတယ်။

တရားထူး သိခြင်းရဲ့ သဘောမှာ ဒီလူ ဘယ်အခြေအနေ ဘယ်အဆင့်အတန်း ရောက်နေပြီလဲ ဆိုတာ အထက်က လူကပဲ အောက်ကလူကို သိနိုင်တယ်၊ လို့ မြတ်ဘုရားဟောထားတာမို့ အနာဂါမ် လို့ သတ်မှတ်နေတဲ့ ဒကာမလေးတစ်ယောက်ကို သိနိုင် မြင်နိုင်တယ် ဆိုရင် သူ့အထက်မှာ ရဟန္တာအဆင့်ပဲ ရှိပါတော့တယ်၊ဒီတော့ ဥပစာနည်းနဲ့ သွယ်ဝိုက်ယူရရင် ကိုယ့်ကိုယ်ကို ရဟန္တာလို့ ၀န်ခံလိုက်တာနဲ့ အတူတူပါပဲ။

ခေါင်းဆောင်က လမ်းမှားနေမှဖြင့် နောက်လိုက်တွေအတွက် မစဉ်းစားရဲအောင်ပါပဲ။ တရားတု တရားယောင်တွေကို တရားစစ် တရားမှန် ထင်ပြီး အနတ္တ အနတ္တ ကြွေးကြော်နေပေမယ့် သူ့တရားတွေက ဘုရားဟော ပါဠိတော် အဋ္ဌကထာ တွေနဲ့ လွဲချော်နေတာတွေက ၀မ်းနည်းစရာပါ၊ မြန်မာနိုင်ငံရဲ့ ပဋိပတ္တိသာသနာသမိုင်းမှာ ထင်ရှားကျော်ကြားနေကြတဲ့ ရှေးရှေး ဆရာတော်များဟာ စာပေနဲ့ ညှိနိုင်း ပြီး အားထုတ်ခဲ့ကြလို့ အ၇ိယာတွေဆိုတာကို သံဃာပရိသတ် လူပရိသတ်အားလုံးက လက်ခံခဲ့ကြပါတယ်။ @@@@@@ (ပန်းကမ္ဘာ)

ဆူနာမီ ဆရာတော် ဦးဥတ္တမသာရ ၏ တရားတော်များကို ဘုရားဟော ပါဠိတော်နှင့် လွဲချော်နေသည့် အတွက်ကြောင့် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့မှ ပိတ်ပင်ထားပြီး ဖြစ်ပေသည်။ ဆူနာမီနဲ့ ပတ်သက်သော အမှုတွဲများ သာသနာရေးဦးစီးဌာန သို့ ဦးဇင်းကိုယ်တိုင် သွားရောက် လေ့လာခဲ့ပြီး ဖြစ်ပါသည်။ ဆူနာမီ ဆရာတော်ဘက်မှ ပြောဆိုနေသည် များအရ သံဃာ့နာယကမှ တချို့တ၀က်ကို ခွင့်ပြုထားကြောင်း ပြောနေကြရာ ယင်းတို့မှာ လိမ်ညာနေခြင်းသာ ဖြစ်သည်။

သံဃာ့နာယကအဖွဲ့မှ ပြန်လည် ခွင့်ပြုထားသည် ဆိုသော အချက်လက်များနှင့် ပတ်သက်သော မည်သည့်အချက်မှ မတွေ့ရှိခဲ့ရပေ။ ဆူနာမီဆရာတော် ဦးဥတ္တမသာရ နေထိုင်သော နေရာကိုလည်း ကျောင်းအဖြစ် အသိအမှတ် မပြု၊ တရားတော် အမှားများကြောင့် အင်တာနက်တွင် လွင့်တင်ထားသော(အဓမ္မ) တရားများကိုလည်း ပြန်လည် ရုပ်သိမ်းမည် ဖြစ်ကြောင်း ၀န်ခံလက်မှတ် ရေးထိုးပြီးသားလည်း ဖြစ်ပေသည်။

ဝန်ခံလက်မှတ် ရေးထိုးထားပြီး ဖြစ်ပါလျက်၊ အဓမ္မ၀ါဒ အဖြစ် ဆုံးဖြတ်ပြီး ဖြစ်ပါလျက် ဂရုမစိုက် ဆက်လက်ဝါဒဖြန့်နေသည်မှာ သာသာနာအတွက် ရင်လေးစရာပင် ကောင်းချေ၏။ မဟုတ်မမှန်တရားများကို ကြော်ငြာနေသေး၏။ ကြော်ငြာခွေသည် ကြိုးကွင်းခွေ ဖြစ်လာနိုင်မှန်း သူတို့ မသိချေ၊ ၀ါဒဖြန့်ချီရေးခွေသည် ၀ါဒ ရုပ်သိမ်းခွေ ဖြစ်လာနိုင်မှန်းလည်း သူတို့နားမလည်ချေ။

မိမိဝါဒ ကြီးပွါးလိုလွန်းသည့် အလိုဆိုးကြောင့် အယူမှားကြီးကို လူသိရှင်ကြား မရှက်မရွံ့ ကြော်ငြာနေခြင်းမှာ အခကြေးငွေ ရလိုရေးကြောင့် မိမိကိုယ်ကိုယ် ပေါ်လွင်အောင် တမင်ဖော်ပြနေသော သူများကဲ့သို့ ရှိချေ၏။ ရှက်ဖွယ်အတိပါတကား။

ဆွေးနွေးပွဲတွင် မေးသောမေးခွန်းများကို ဝေ့လည်ကြောင်ပတ် လုပ်နေသေး၏။

ဘုရားလက်ထက်က တိတ္တိဆရာအချို့ရဲ့ အဖြေလို “ဟုတ်သလားဆို…မဟုတ်ဘူး၊ မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်…”ဆိုတဲ့ ဟိုလိုလို ဒီလိုလိုအဖြေတွေပဲ ပေးပြီး တိကျတဲ့ အဖြေမပေးချေ။ သာသနာတော်ရဲ့ အသက်ဖြစ်တဲ့ ၀ိနည်းတော်ကို ထည့်မတွက်ဘဲ ဒါတွေက ပညတ်တွေပါဆိုပြီး အရာရာ ပညတ်နဲ့ပဲ ကိုင်ပေါက်နေသေး၏။ ၀ိနည်းဆိုတာ မြတ်ဗုဒ္ဓရဲ့ အာဏာ ဒေသနာဆိုတာကို မေ့ထားပြီး အာဏာကို တော်လှန်ကာ ဘုရားရှင်ကို ပုန်ကန်စော်ကားနေသည့် သဘောပင်။

ဆူနာမီ ဆရာတော်နှင့် တပည့်များထဲမှ ၀ါဒဖြန့်ချီနေသူများ သိထားစေချင်သည်မှာ ၀ါဒတခုကို တည်ထောင်တော့မည် ဆိုလျင် မိမိဝါဒ အပေါ် ယုံကြည်မှု့ရှိရ၏။ မိမိဝါဒဘက်မှ ရဲရဲဝန့်ဝန့် ရပ်တည်ရဲရ၏။ မိမိဝါဒ အပေါ်၌ အာမခံချက် ပေးနိုင်စွမ်းရှိရ၏။ ထိုသို့မဟုတ်မူ၍ မိမိထူထောင်သည့် ၀ါဒကိုမှ မိမိက မယုံကြည်လျင်(သို့တည်းမဟုတ်) မိမိကိုယ်တိုင်ကိုက မိမိဝါဒကို မယုံကြည်လျင်၊ မိမိဝါဒဘက်မှ ရဲရဲဝံ့ဝံ့ မရပ်တည်ရဲလျင်၊ မိမိဝါဒ အပေါ်၌ အာမခံချက် ၀န်ခံချက် မပေးစွမ်းနိုင်လျင် ထိုဝါဒသည် ဟုတ်မှန်သော ၀ါဒ မဟုတ်ချေ။

မှန်ကန်သော ၀ါဒတိုင်း၌ အာမခံချက် ရှိမြဲဖြစ်၏။ ဓမ္မဖြင့် မှတ်ကျောက်အတင်ခံမြဲဖြစ်၏။ ပရိယတ္တိဖြင့် အကြိတ်အနယ် ခံယူနိုင်မြဲဖြစ်၏။

မြတ်ဗုဒ္ဓ၏ တရားဂုဏ်တော် (၆) ပါးတို့တွင် ဧဟိပဿိက ဂုဏ်တော် ပါဝင်၏။ ဧဟိပဿိက ဆိုသည်မှာ အစမ်းသပ် ခံရဲခြင်းပင် ဖြစ်၏။ လာလှည့် ရှူ့လှည့် စမ်းသပ်လှည့် ဟု ဖိတ်ခေါ်ရဲခြင်းပင် ဖြစ်၏။ ထိုသို့ ဖိတ်ခေါ်ရဲခြင်းမှာလည်း “သွာက္ခာတော ဘဂ၀တာ ဓမ္မော” မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထား ခြင်းကြောင့် ဖြစ်၏။ ကောင်းခြင်း သုံးဖြာနှင့် ပြည့်စုံသောကြောင့် ဖြစ်၏။ သန္ဒိဌိကော-တကယ်ရှူ့လျင် တကယ်မြင် တကယ်သိသောကြောင့် ဖြစ်၏။ အကာလိကော- အချိန်မရွေး အကျိုးပေးခြင်း၊ ချက်ခြင်းလက်ငင်းအကျိုးပေးခြင်းကြောင့် ဖြစ်၏။ ထိုကြောင့် စစ်မှန်သော ၀ါဒမှန်သမျှ အာမခံချက်ရှိမြဲဖြစ်၏ ဟု ဆိုလိုခြင်းဖြစ်၏။ အကယ်၍ မိမိဝါဒကို မိမိ အာမခံချက် မပေးစွမ်းနိုင်လျင် ထိုဝါဒကို “ဥမ္မာဒပစ္ဆိဝါဒ” အရူးလွယ်အိတ်ဝါဒ၊ အမူးသမားဝါဒ အခြေအမြစ်မရှိသော တိတ္ထိဝါဒ ဟု သတ်မှတ်ရပေသည်။

ထိုကြောင့် ဟိုလိုလို ဒီလိုဖြေပြီး "ပညတ်တွေပါပဲ၊ ဦးဇင်းတို့က ဆုပ်ကိုင်မထားပါဘူး၊ ဟိုတုန်းက ပြောခဲ့တာပါ၊ ခုပိုကောင်းတဲ့ ပညတ်တွေနဲ့ ပြောင်းသုံးဖို့ ကြိုးစားသွားမှာပါ" စသော စကားလုံးများဖြင့် ကိုင်ပေါက်ဖို့ ကြိုးစားနေတဲ့ ဆူနာမီ ဆရာတော် အနေနဲ့ သိထားဖို့က


ဓမ္မမှန်လျင် အာမခံရဲရမည်၊ အာမခံ မရဲက ဓမ္မမဟုတ်ဟု သိရပေမည်။
ဓမ္မမှန်လျင် အစမ်းသတ်ခံရဲရမည်။ အစမ်းသပ် မခံရဲက ဓမ္မမဟုတ်။
ဓမ္မမှန်လျင် မှတ်ကျောက်တင်ခံရဲရမည် မှတ်ကျောင်တင် မခံရဲက ဓမ္မဟုတ်။
ဓမ္မမှန်လျင် ပရိယတ္တိ စာပေဖြင့် အကြိတ်အနယ်ခံရဲရမည်။
စာပေဖြင့် အကြိတ်အနယ် မခံရဲက ဓမ္မမဟုတ် ဟု သိရပေမည်။

ဆွေးနွေးပွဲမှ ဝေ့လည်ကြောင်ပတ်အဖြေများဖြင့်ပင် ဆူနာမီဆရာတော် ဦးဥတ္တမသာရ ၏၀ါဒသည် “ဥမ္မာဒပစ္ဆိဝါဒ” (၀ါ) အမူးသမားဝါဒ အခြေမြစ် မရှိသော တိတ္ထိဝါဒ ဖြစ်ကြောင်း ထင်ရှားသည်ဟု ဆုံးဖြတ်နိုင်ပါသည်။

တရားတော်များဖြင့် အခိုင်မာဖြစ်အောင် ထုတ်ပြရလျင်

“ယေတေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇန အဟိတာယ ပဋိပန္နာ ဗဟုဇန အသုခါယ ဗဟုနော ဇနဿ အနတ္တာယ အဟိတာယ ဒုက္ခာယ ဒေ၀မနုဿာနံ။ ဗဟုဉ္ဖ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ အသ၀န္တိ၊ တေစိမံ သဒ္ဓမံ အန္တရ ဒါပေန္တီ တိ။ (အင်္ဂုတ္ထိုလ်၊ ၁၊ ၁၈-၁၉)

ရဟန်းတို့ အကြင်ရဟန်းတို့သည် တရားစစ်တရားမှန် မဟုတ်သော အဓမ္မကို တရားစစ် တရားမှန်ဖြစ်သော ဓမ္မဟု လည်းကောင်း၊တရားစစ် တရားမှန် ဖြစ်သော ဓမ္မကို တရားစစ်တရားမှန် မဟုတ်သော အဓမ္မဟု လည်းကောင်း၊ ၀ိနည်းစစ် ၀ိနည်းမှန် မဟုတ်သော အ၀ိနယ ကို ၀ိနည်းစစ် ၀ိနည်းမှန်ဖြစ်သော ၀ိနယ ဟုလည်းကောင်း၊ ၀ိနည်းစစ် ၀ိနည်းမှန် ဖြစ်သော ၀ိနယ ကို ၀ိနည်းစစ် ၀ိနည်းမှမဟုတ်သော အ၀ိနယ ဟုလည်းကောင်း၊

မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု လည်းကောင်း၊ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်ဟု လည်းကောင်း၊ မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏ ဟုလည်းကောင်း၊

မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် မပြုအပ် ဟုလည်းကောင်း၊မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ ဟုလည်းကောင်း၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ် ဟုလည်းကောင်း ပြုကြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ စီးပွါးချမ်းသာ မဲ့ခြင်း၊ အကျိုး မဲ့ခြင်း၊ နတ်လူတို့ အစီးပွါးမဲ့ခြင်း၊ ဆင်ရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကို
ဖြစ်ပွါးစေသည် မည်ကုန်၏" ဟု ဟောတော်မူအပ် ပါသည်။

တရားစစ်တရားမှန် မဟုတ်သော အဓမ္မကို တရားစစ်တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း၊ တရားစစ်တရားမှန် ဖြစ်သော ဓမ္မကို တရားစစ်တရားမှန်မဟုတ်သော အဓမ္မဟုလည်းကောင်း၊ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု လည်းကောင်း၊ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ် ဟူသော အချက်များ အရ ဆူနာမီဆရာတော် ဦးဥတ္တမသာရ ဟောပြနေသည်မှာ ဘုရားဟော မဟုတ်တာတွေ အဓမ္မတရား တွေကို မသိနားမလည်ကုန်သော လူအများအား ဟောပြောပြသနေသည် သာသနာ့အရိပ်ကို ခိုလုံပြီး ဘဘုရားရှင်ကို စော်ကား ပုတ်ခတ်သည်နှင့် တူနေသည်။ ဘဘုရား၏ ၀ိနည်းတော်ကို တူးလှန်ဖြိုဖျက်ဖို့ ကြိုးစားနေပေသည်။

ဆူနာမီဆရာတော် ဦးဥတ္တမသာရ နဲ့ တပည့်များအနေနှင့် မိမိတို့ကိုယ်တိုင်က ဆူနာမီဆရာတော်ကို မလွန်ဆန်နိုင်၍ ဆောင်ရွက်ပေး ရဦးမည် ဖြစ်ခဲ့လျှင် မိမိတို့ကိုယ်တိုင်သာ မဟုတ်မမှန် အဓမ္မတရားတွေကို ကျင့်သုံးသင့်၏ မဟုတ်မမှန် တရားများကို ပြောင်ပြောင်တင်းတင်း ဖော်ပြ၍ ပြည်သူတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် မလုပ်သင့်။ ပြည်သူများကို အဓမ္မဘက်သို့ မညွတ်စေသင့်။ မိမိတို့သည်သာ အဓမ္မကို ကျင့်သုံးသည် မဟုတ်။ မသိနားမလည်ကုန်သော ပြည်သူများကိုပါ
အဓမ္မဘက်သို့ ညွတ်စေလျင်..........

ဣဓ ဘိက္ခဝေ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊
မိစ္ဆာဥာဏီ ဟောတိ။ မိစ္ဆာဝိမုတ္တိ ဟောတိ။
အယံ ၀ုစ္စတိ ဘိက္ခဝေ ပါပေ။

ဒုတိယပါပဓမ္မသုတ်
(အဂုင်္တ္တိုလ်၊ ၁၊ ၅၄၅)

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မှားသောအယူရှိ၏။ မှားသော အသိဥာဏ် ရှိ၏။ မှားသော လွတ်မြောက်မှု ရှိ၏။ ရဟန်းတို့ ဤသူကို သူယုတ်ဟု ဆိုအပ်၏။ (အဂုင်္တ္တိုလ်၊ မြန်မာပြန်၊ ၅၆)

ဣဓ ဘိက္ခဝေ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊
ပရဉ္စ မိစ္ဆာဒိဌိယာ သမာဒပေတိ။ အတ္တနာစ မိစ္ဆာဥာဏီ ဟောတိ၊ ပရဉ္စ မိစ္ဆာဥာဏေ သမာဒပေတိ။ -ပ-။
အယံ ၀ုစ္စတိ ဘိက္ခဝေ ပါပေန ပါပတရော။

ဒုတိယပါပဓမ္မသုတ်
(အဂုင်္တ္တိုလ်၊ ၁၊ ၅၄၅)

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မိမိလည်း မှားသောအယူရှိ၏။ သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည်စေ၏။ -ပ-။ မိမိလည်း မှားသော အသိဥာဏ် ရှိ၏။ သူတပါးတို့ကိုလည်း မှားသော အသိဥာဏ်၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူယုတ်ထက် ယုတ်သော သူယုတ်(အယုတ်မာဆုံး) ဟု ဆိုအပ်၏။

ဤဒေနာတော်တို့ကို ကိုးကားလျက် ကောက်ချက်ဆွဲရလျှင် ဆူနာမီဆရာတော် ဦးဥတ္တမသာရ နှင့် ၀ါဒဖြန့်နေသော တပည့်အပေါင်းပါသည် ဘဘုရားရှင်ကို ပုန်ကန်နေသော သူယုတ်ထက်ယုတ်သော သူယုတ် (၀ါ) ကမ္ဘာ့ အယုတ်မာဆုံး ပုဂ္ဂိုလ်များဟု ဖြစ်ရပေတော့မည်။

"မင်တို့ဥာဏ်အမြင်၊ တစ်မိုက်တစ်ထွာရယ်နှင့်၊
ငြင်းဖို့သန်လျင်၊ မိုက်ရာကျပါလိမ့်၊
စရိုက်သဘာဝရယ်တဲ့ ကျမ်းဂန်နွယ်။
အိုမန်းသံ ထယ်ထယ်နှင့်၊ မာနတက်စရာ အများ
(ခင်ခင်ရယ်)အရမ်းတန်မဟယ်ဖြင့်
ဗာလလက္ခဏာတစ်ပါး။ ။ (သခင်ကိုယ်တော်မှိုင်း)"

(အရှင်ဝရသာမိ)

Reblog this post [with Zemanta]
Read more ...

သီရိလင်္ကာနှင့်ဘာသာရေးအမွေ -၂(အရှင်တိက္ခဥာဏာလင်္ကာရ)

Dr Phyo Wai Kyaw | 10:03 PM | | Be the first to comment!
သီရိလင်္ကာတစ်နိုင်ငံလုံး မြို့နယ်တိုင်း ရပ်ကွက်တိုင်း ကျေးရွာတိုင်းမှာ ဆန်းဒေးစကူးလ်ကျောင်းတွေ ဖွင့်ထားတာ တွေ့ရတယ်။ ဖွင့်ရုံသာ မဟုတ်ဘဲ စနေ တနင်္ဂနွေနေ့ ရောက်လို့ အဲဒီကျောင်းတွေကို သွားကြည့်ရင် ကလေးငယ် တစ်ရာကနေ ထောင်ကျော်အထိ ဘာသာရေးစာပေတွေ လေ့လာသင်ယူနေတာကို တွေ့နိုင်တယ်။ အံ့ဩစရာ ကောင်းလှပါဘိတော့။

လုပ်ငန်းကြီးတစ်ခု ယန္တရားကြီးတစ်ခုပုံမှန်လည်ပတ်နိုင်ဖို့ ဆောင်ရွက်ရတာ လွယ်ကူတာတော့ မဟုတ်ဘူး၊အခုတော့ သီရိလင်္ကာရဲ့ ဘာသာရေးကောင်းမွေပေးနေတဲ့ ဆန်းဒေးစကူးကျောင်းတွေ ပုံမှန်လည်ပတ်မှုကတော့ အရှိန်အဟုန်နဲ့ကို ဖြစ်နေပါပြီ။

ဒီလိုဆန်းဒေးစကူးလ်ကျောင်းတွေ နိုင်ငံအ၀ှန်း ဖြစ်ထွန်းဖို့ စတင်ခဲ့သူကတော့ အမေရိကန်နိုင်ငံသား ဟင်နရီအောလ်ကော့ ဆိုသူဖြစ်ပါတယ်။ ၁၈၈၁ ခု ဖေဖ၀ါရီ ၁၃ ရက်နေ့က ကိုယ့်အားကိုယ့် တည်ထောင်ခဲ့တာပါ။ ဟင်နရီအောလ်ကော့ ဆိုတာ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းမှာ အသုံးပြုနေတဲ့ သာသနာအလံကို စတင်တည်ထွင်သူလဲ ဖြစ်တယ်။ ရောင်ခြည်တော်ခြောက်ပါးကို ဖော်ညွှန်းတဲ့ သာသနာ့အလံဟာ ဟင်နရီအောလ်ကော့ရဲ့ လက်ရာပါ။

နောက်ပိုင်းကျမှ နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက်ပေးခဲ့တယ်။ အခုဆိုရင် သီရိလင်္ကာရဲ့ ဆန်းဒေးစကူးလ် သက်တမ်းဟာ နှစ်ပေါင်းတစ်ရာ ကျော်ခဲ့ပါပြီ၊ ဒီနေ့တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သမ္မတ ၀န်ကြီးချုပ်။ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများဟာ ဆန်းဒေးစကူးလ်ကျောင်းဆင်းများပဲ ဖြစ်ပါတယ်။

သမ္မတ ၀န်ကြီးချုပ်အရွေးခံမယ့်သူဟာလဲ ဗုဒ္ဓဘာသာဝင်သာဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းကလဲ ရှိနေပါသေးတယ်။ သမ္မတအဖြစ် ရွေးကောက်ခံပြီး ကျမ်းသစ္စာကျိန်ရတယ်။ ကျမ်းသစ္စာကျိန်ပြီးတဲ့ သမ္မတအသစ်ဟာ အနုရာဓပူရမြို့ရှိ မဟာဗောဓိပင်နှင့် ကန္ဒီမြို့ ရှိ စွယ်တော်တို့ကို ဦးတိုက်ပူဇော်ရပါတယ်။ပြီးရင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ဂိုဏ်းချုပ်ဆရာတော်ကြီးများကို ဦးတိုက်ရပြန်ပါတယ်။ ဒါကတော့ မဖြစ်မနေလုပ်ရမယ့် သီရိလင်္ကာသမ္မသစ်ရဲ့ စည်းကမ်းတစ်ခုပါ။

ဆန်းဒေးစကူးလ်ဆိုတာ စနေ တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓ၀င် ရာဇ၀င် ယဉ်ကျေးမှုစတာတွေကို အထူးသင်ပေးတဲ့ ကျောင်းပဲ ဖြစ်တယ်။ ပုဂ္ဂလိက ကျောင်းမဟုတ်ဘူး၊ နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို သတ်မှတ်ပေးပြီး စည်းမျဉ်းဥပဒေနှင့်အညီ ဖွင့်လှစ်ထားတဲ့ ကျောင်းမျိုးပါ။

ဆန်းဒေးစကူးလ်ကျောင်းများဖွင့်လှစ်ဖို့အတွက် သီးသန့်မြေနေရာ ရှာစရာမလိုဘဲ ဘုန်းတော်ကြီးကျောင်းဝင်းများအတွင်းမှာသာ ထားရှိခြင်းဖြစ်ပါတယ်။ ဘုန်းကြိးကျောင်းရှိရင် ဆန်းဒေးစကူးလ်ကျောင်းရှိပြီလို့ သတ်မှတ်နိုင်တယ်..အသေး အကြီးသာကွာခြားတယ်။ အတုယူထိုက်ပေစွ.

အမိမြန်မာပြည်မှာ ဘုန်းကြိးကျောင်းတွေ များစွာ သံဃာများစွာ ရှိနေပါပြီ။ စည်းကမ်းနဲ့ စနစ်တကျ ရေးဆွဲထားတဲ့ ပညာရေးစနစ်တစ်ခုလုပ်ပေးလိုက်ရင် အကောင်အထည်ပေါ်ဖို့ လွယ်ကူမယ်လို့ မျှော်လင့်မိတယ်။(နွေရာသီယဉ်ကျေးမှု သင်တန်းတွေတော့ ရှိတယ်၊ ရက်တိုဖြစ်ခြင်း တနိုင်ငံလုံး ဖွင့်လှစ်မပေးနိုင်ခြင်းနဲ့ အားပေး ပံ့ပိုးသူ နည်းခြင်းတို့ဟာ အမိမြန်မာရဲ့ ဟာကွက်ဖြစ်နေပါသေးတယ်)

ဘုန်းကြိးကျောင်းဝင်းထဲမှာ ဖွင့်ထားတာမို့ စွမ်းဆောင်နိုင်တဲ့ ဘုန်းကြိးများက ဆန်းဒေးစကူးလ်ရဲ့ ကျောင်းအုပ်တာဝန်ကိုယူရပါတယ်.. အချို့ အချို့ကျောင်းများမှာတော့ ကျောင်းထိုင်ဆရာတော်များက ပံ့ပိုးမှုအပိုင်းကိုသာ တာဝန်ယူကြတာကို တွေ့ရတယ်။ ဒါကိုထောက်ဆရင် ဘုန်းတော်ကြီးများလဲ လောကုတ် လောကီစာပေ အထွေထွေမှာ တတ်သိဖို့လိုတယ်ဆိုတာ ထင်ရှားပါတယ်။

အဲဒီဆန်းဒေးစကူးလ်ကျောင်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ ပြည်သူလုထုက ပံ့ပိုးပေးရသလို အစိုးရက ပုံမှန်မပျက် ပံ့ပိုးပေးပါတယ်။ ဒီလို ဆန်းဒေးစကူးလ်ကျောင်းမှာ စေတနာ့ဝန်ထမ်းဆရာဖြစ်ချင်တယ်ဆိုရင် ဆရာဖြစ်သင်တန်းကို တက်ရောက်ပြီးမှ ဖြစ်ခွင့်ရပါတယ်။ ဆရာဖြစ်သင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်မှ ဆန်းဒေးစကူးလ်ကျောင်းမှာ စေတနာ့ဝန်ထမ်း ဆရာလုပ်ရတာပါ။

ဆရာဖြစ်သင်တန်းမှာ ဒီလိုပို့ချချက်တွေကို ပို့ချပေးပါတယ်….
၁။ ကုသိုလ်ကံ အကုသိုလ်ကံ၊
ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးတရား။
၂။ ခန္ဓာ အာယတန ဓာတ် သစ္စာ
၃။ ပဋိစ္စသမုပ္ပါဒ်။ သမထ၊ ၀ိပဿနာ တို့ကို သင်ပေးပါတယ်။

သာသနာတော်ရဲ့အလေ့အထ ဘာသာရေးကျင့်စဉ်တွေကို လက်တွေ့လုပ်ဆောင်ခိုင်းပြီးမှ ဆရာအဖြစ်ခန့်အပ်တာကလဲ မှတ်သားစရာပါ။ သာသနာတော်ကို ကြည်ညိုတဲ့ သဒ္ဓါတရား ခိုင်မြဲသင့်သလောက် ခိုင်မြဲပြီးမှ မျိုးဆက်သစ်ကလေးငယ်တွေကို စာသင်ပေးခွင့်ရတာပါ။

သီရိလင်္ကာရဲ့ ပညာရေးစနစ်အရ ကလေးများဟာ အသက်ငါးနှစ်ပြည့်မှ အစိုးရသူငယ်တန်းမှာ ပညာသင်ယူရပါတယ်။ ဆန်းဒေးစကူးလ်မှာလဲ အစိုးရစာသင်ကျောင်းများမှာလိုပဲ အတန်းတွေကို သူ့အဆင့်နဲ့သူ ခွဲထားတယ်။
 

 


 
အစိုးရကျောင်းမှာ သူငယ်တန်းဆိုရင် ဆန်းဒေးစကူးမှာလဲ သူငယ်တန်းပါပဲ။
ဆန်းဒေးစကူးလ်ကို
၁။ သူငယ်တန်း (Primary)
၂။၁-တန်းမှ ၁၀ တန်း
(Great 1 to Great 10)
၃။နောက်ဆုံးအဆင့် ၁၊ ၂ ( Final 1. Final 2) ဆိုပြီး အတန်းပေါင်း ၁၃ တန်းခွဲခြားထားတယ်။

ဆက်ပါအုံးမည်........


အရှင်တိက္ခဥာဏာလင်္ကာရ
Read more ...

ဥုံ-အမှန်တရား (၀ရဇိန်-ပျဉ်းမနား)

Dr Phyo Wai Kyaw | 7:59 AM | | | | 3 Comments so far
ကျော်မြသန်းတို့က ဘိုးတော်ကင်းတို့ ဘိုးတော်ဂျိုကာတို့လို၊ ယုံလွယ်အထိနာတို့လို စာအုပ်မျိုး ရေးခဲ့တယ်။ ဒါပေမဲ့ မျက်မှောက် မြန်မာပြည်မှာ ဘိုးတော်တွေ ပပျောက်မသွားသေးဘူး။ အကြောင်းကတော့ စာဖတ်နည်းကြလို့ပဲ။ စာဖတ်နည်းတာဟာ ယုံလွယ်ခြင်းရဲ့ တစ်ခုသော အကြောင်းဖြစ်တယ်။ လူတချို့က ဘာသာရေးသမားတွေဟာ မလိမ်တတ်ဘူး၊ မညာတတ်ဘူး ဒီလို ထင်နေကြတာ ရှိတယ်။ အမြဲပဲ ရိုးသား ဖြောင့်မတ်လိမ့်မယ်လို့ ဒီလိုလည်း ထင်ကြတယ်။ ဒီအထင်အမြင်ကြောင့် သူတို့ယုံကြည်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မယုံထိုက်သူတွေပါ လို့ ရှင်းပြရင် အကြောက်အကန် ငြင်းဆန်ပြီး မရတဲ့တစ်နေ့ ရှင်းပြသူတွေကို ရန်ပြုကြတယ်။

အမှန်ကတော့ သာမန်လူတွေထဲမှာလိုပဲ ဘာသာရေးသမားတွေထဲမှာ လူညာတွေရှိတယ်။ ဒါကိုသတိထားကြရမယ်။ တချို့က ဒီလိုသတိထားတာ မရှိဘူး။ ဘာသာရေး တရားပြသူက "တရားစစ်မယ်၊ အ၀တ်အစားတွေ ချွတ်" လို့ အမိန့်ပေးရင်လည်း ယုံယုံကြည်ကြည် ချွတ်တာပဲ။ နောက်တော့ အမှုအခင်းတွေ ဖြစ်ကြတယ်။ မခံမရပ်နိုင် အော်ဟစ်ကြတယ်။

တကယ်က အဆန်းထွင်လာတဲ့ ဘာသာရေး ဟောပြောမှုတွေထဲမှာ မဖြောင့်မတ်တဲ့ သဘောတွေ ပါတယ်။ ဥပမာအားဖြင့် ပစ္စုပ္ပန်ကမ္မ၀ါဒလို ဘာသာမျိုးဟာ အတွေးအခေါ် ဒဿနနယ်ပယ်ထဲကို ရိုးရိုးသားသား အဆင့်အတန်းရှိရှိ တိုးဝင်လို့မရလို့ ဗုဒ္ဓဘာသာရဲ့ ဂုဏ်အရှိန်အ၀ါ နာမည်ကို အလွဲသုံးစားလုပ်လိုက်တဲ့ အတွေးအခေါ်ဝါဒ တစ်ရပ်သာ ဖြစ်တယ်။ ဒီကိစ္စက ရှင်းရှင်းလင်းလင်း သိသာနေလို့ ထားတော့။

တချို့ မသိမသာ လှုပ်ရှားတာတွေကျတော့ ပိုခက်သွားတယ်။ တချို့ ဘာသာရေး လှုပ်ရှားသူတွေဟာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ လက်အောက်ကနေ သူတို့ရဲ့ တပည့်တွေကို ပဉ္စမံတပ်သားစုနည်းမျိုး နဲ့စုစည်းနေကြတယ်။ ဒီလိုတပည့်စုတဲ့ ဟောပြောမှုမျိုးဟာ မဖြောင့်မတ်မှု သက်သက်ပဲ။ ဘာသာတရားရဲ့ ကောင်းကျိုးရစေလိုတဲ့ စေတနာနဲ့ ဟောပြောတာမဟုတ်ဘဲ ကိုယ်ပိုင် တပည့်စုခြင်းဟာ ဘယ်လိုနည်းနဲ့မှ ဓမ္မမဖြစ်နိုင်ဘူး။ အဓမ္မသာ ဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထေရ်ကြီးဝါကြီးတွေရဲ့ ဆုံးမချက်တွေကို ဘယ်တော့မှ နာယူလေ့ မရှိဘူး။ ဒီလို မနာယူတတ်သူဟာ ဘယ်လိုလုပ်ပြီး လူကောင်းတစ်ယောက် ဖြစ်နိုင်မလဲ။ လူဆိုးတစ်ယောက်ပဲ ဖြစ်ဖို့ရှိတာ ထင်ရှားတယ်။ ဘုရားဟော တရားတွေနဲ့ မတူညီတဲ့ ဟာတွေကို ဘုရားဟော တရားတွေအနေနဲ့ ဟောပြောနေကြတယ်။

တချို့ကလည်း ဒီဘာသာရေး အတုအယောင် သမားတွေက ပေးနိုင်သလောက် ဟောပြော ပေးကမ်းနေတာကို အသာအယာ လက်ခံထားမယ်လို့ ယူဆကြတယ်။ ရောင်းသူဝယ်သူ ကျေနပ်ရင် အလုပ်ဖြစ်တာပဲ ဒီလိုပြောနေကြတယ်။ ဒါဟာ အမြော်အမြင် မကြီးတာပဲ။ ဘာသာရေး အတုအယောင် သမားတွေဟာ ရှေ့လျှောက်မှာ ပိုဆိုးတဲ့ လုပ်ရပ်တွေ လုပ်ဖို့ ရှိတယ်။ ဘာသာရေး ယုံကြည်မှုကို အသုံးချပြီး စီးပွားရေးတွေ နိုင်ငံရေးတွေလည်း လုပ်ကြမှာပဲ။ ဒီ့ထက် ပိုဆိုးတာတွေလည်း လုပ်ဖို့ရှိတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်တွေကို လျှော့တွက်နေကြတာဟာ လုံးလုံးမှားတယ်။ သူတို့လုပ်ရပ်တွေက လူသားတွေကို မထိခိုက်တောင် မူလဘာသာတွေက အယူအဆ ကျမ်းဂန်တွေ မှေးမှိန်သွားဖို့ ရှိတယ်။

ဒီစကားကို ပိုထင်ရှားရဖို့အတွက် ၁၉၉၅မှာ ဖြစ်ပွားခဲ့တဲ့ ဆာရင်ဓာတ်ငွေ့နဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဥုံရှင်ရီကျိုဂိုဏ်း (Aum Shinrikyo) (ဥုံ-သစ္စာတရားဂိုဏ်း) ကို တည်ထောင်သူ ဂုရုကြီး အာဆာဟာရ ရှိုကိုအကြောင်း ကို ပြန်လေ့လာကြည့်ကြရမယ်။

၁၉၉၅ ခုနှစ် မတ်လ ၂၀ ရက်နေ့ မနက်ပိုင်း။ ဥုံရှင်ရီကျို ဂိုဏ်းသားတွေက တိုကျိုမြို့မှာရှိတဲ့ မြေအောက် မီးရထားလိုင်းထဲကို ဆာရင်( Sarin) အဆိပ်ငွေ့တွေ လွှတ်ပြီး လူထုကို တိုက်ခိုက်တယ်။ ဒီတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံးတယ်။ ၅၄ ယောက် ဒဏ်ရာရတယ်။ လူ ၉၈၀ လည်း အတော်အသင့် ဒဏ်ရာရကုန်တယ်။ အချို့က လူငါးထောင်ထက် မနည်း ထိခိုက် ကုန်ကြတယ်လို့ ပြောကြတယ်။

နောက်တစ်ပါတ်အတွင်းမှာ ဖူဂျီရာမတောင်ခြေက ကာမိကူရှီကီ ရပ်ကွက်ဥုံဂိုဏ်းပိုင် အဆောက်အအုံမှာ ရဲတွေက စစ်လက်နက် ပစ္စည်းတွေနဲ့ ဇီဝပိုးမွှားလက်နက် တွေကို ရှာတွေ့တယ်။ ရုရှားလုပ် MIL Mi-17 ဟယ်လီကော်ပတာ တစ်စင်းကိုတွေ့တယ်။ မကြာပါဘူး.. မတ်လ ၃၀ မှာ ရဲတပ်ဖွဲ့ (National Police Agency) အကြီးအကဲ တာကာဂျီ ကူနီမတ်ဆု ဟာ တိုကျိုနားက သူ့အိမ်အနီးမှာ လေးကြိမ်တိုင်တိုင် သေနတ်နဲ့ အပစ်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ ဒါကို ဥုံ ဘာသာဝင်တွေလုပ်တာလို့ သံသယရှိကြတယ်။ ဂိုဏ်းခေါင်းဆောင် အာဆာဟာရက အဖမ်းမခံရအောင် ရှောင်တိမ်းနေရင်းကပဲ အူကြောင်ကြောင် ခြိမ်းခြောက်မှုတွေ လုပ်တယ်။ မေလငါးရက်နေ့မှာ တိုကျိုက ရှင်ဂျူကူဘူတာမှာ လူ၂၀၀၀၀ ကျော်သတ်နိုင်တဲ့ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက်အဆိပ်တွေကို ဖမ်းဆီးရမိတယ်။ ဂုရုကြီးကို မေ ၁၆ ရက်မှာမိတယ်။ သူ့တပည့် ဆယ်ယောက်လောက်ကိုလည်း ဖမ်းမိတယ်။ အဲဒီနေ့မှာပဲ တိုကျိုမြို့ရဲ့ အစိုးရ ရုံးဆီကို ဥုံဂိုဏ်းသားတစ်ဦးက ပါဆယ်ဗုံးတစ်လုံး လက်ဆောင် ပေးပို့လိုက်တယ်။ ကံကောင်းချင်တော့ အတွင်းရေးမှူး တစ်ယောက်ပဲ လက်ပြတ်သွားရုံနဲ့ ကိစ္စပြီးသွားတယ်။ ဂုရုကြီးကို လူသတ်မှု ၂၇ မှုနဲ့ အခြားပြစ်မှုတွေနဲ့ စွဲချက်တင်ပြီး သေဒဏ်ချခံရတယ်။ ဒါပေမဲ့ ဘာလို့ ဒီလိုတွေ လုပ်သလဲဆိုတာ ဘယ်သူမှခုထိ မရှင်းပြတတ်သေးဘူး။

ဒီလိုလူတစ်ယောက်ရဲ့ ဘ၀အခြေအနေကို အများက လေးစားကြရတဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်သူ ရှိုကိုအီဂါဝါ (Shoko Egawa )က ၁၉၉၁ ခုနှစ်မှာတည်းက ဖွင့်ချထားပြီးသား ဖြစ်တယ်။ ဒါကို ကိုးကားပြီး နောက်ပိုင်းမှာ တိုင်းမ်မဂ္ဂဇင်းက သတင်းဆောင်းပါး တစ်ခု ဖော်ပြတယ်။ (တကယ်တော့ ရေးကြတာတွေက အများကြီးပါ) အဲဒီ အချက်အလက်တွေအရ အာဆာဟာရ အကြောင်းကို ပိုပိုပြီး သိလာရတယ်။ အာဆာဟာရကို ကျူရှူးကျွန်းမှာ ၁၉၅၅ မှာမွေးတယ်။ မွေးကင်းစတုန်းက မျက်လုံးတစ်လုံး မမြင်ရဘူး။ ကျန်တဲ့တစ်လုံးကတော့ နည်းနည်း မြင်ရတယ်။ ဒါကြောင့် အသက်ခြောက်နှစ်မှာ အာဆာဟာရဟာ မျက်မမြင်ကျောင်းမှာ ကျောင်းတက်ရတယ်။ ဘွဲ့ရပြီးတဲ့နောက် အပ်စိုက်ကုတစ်ယောက်အနေနဲ့ ကူမာမိုတိုမှာ အသက်မွေးတယ်။ နောက်တော့ တိုကျိုမြို့ကို ပြောင်းသွားတယ်။ နောက်ဆုံးတော့ ဖူနာဘာရှီမှာ အိမ်ခန်းငှားပြီး နေတယ်။ ၁၉၇၈ မှာ ကောလိပ်ကျောင်းသူ တစ်ယောက်နဲ့ လက်ထပ်ပြီး တရုတ်တိုင်းရင်းဆေးတွေ ဖော်စပ်ရောင်းချတယ်။ ၁၉၈၂ မှာ ဆေးဝါးအတုတွေ ရောင်းချမှုနဲ့ အဖမ်းခံရတယ်။ အဲဒီဖြစ်ရပ်က သူ့ဘ၀အလှည့်အပြောင်းကို ဖြစ်စေတော့တယ်။ သူပြန်လွတ် လာတော့ ဆေးဖော်ရောင်းဖို့ မဖြစ်နိုင်တော့တာ တွေ့ရတယ်။ မူလနေရာမှာလည်း ဆက်နေလို့ မဖြစ်တော့လို့ နယ်သစ်ပယ်သစ်နဲ့ အလုပ်အကိုင်သစ်ကို ရှာဖွေဖို့ တမြို့တရွာကို ထွက်လာခဲ့တယ်။

၁၉၈၄ မှာ အနာဂတ်ရဲ့ တမန်တော်လောင်းလျာကြီးဟာ စီးပွားရေးအကွက်အကွင်း တစ်ရပ်ကို မြင်တယ်။ အဲဒါကတော့ အောင်မြင်တဲ့ ယောဂသင်တန်းကျောင်း ဖွင့်လိုက်ခြင်းပါပဲ။ သူ့တပည့်ဟောင်း တစ်ယောက်ကတော့ ပြောတယ်။ "ကျုပ်တို့ဟာ အာဆာဟာရရဲ့ တပည့်တွေ မဟုတ်ပါဘူးဗျာ။ အဖွဲ့ဝင်တွေသာ ဖြစ်ပါတယ်" ဒီလိုဆိုတယ်။ ဂုရုတွေပေါ်ပေါက်ဖို့ အချိန်ကာလက ရင့်မှည့်လာပြီ ဆိုရမယ်။ ၁၉၇၀နဲ့ ၈၀ အတွင်းက ကဆုန်ဆိုင်းပြေးနေတဲ့ ဂျပန်နိုင်ငံရဲ့ အံ့စဖွယ် စီးပွားရေးက ဂျပန်လူမျိုးတွေကို ရုပ်ဝတ္ထုတွေအပေါ် ငြီးငွေ့မှုတွေ ဖြစ်စေတယ်။ ဒီမှာတင် အာဆာဟာရရဲ့ "ဘာသာသစ်"ဟာ ၀ုန်းကနဲ ဒိုင်းကနဲ ပေါ်ပေါက်လာတယ်။ ဘာသာသစ်က ရုပ်ဝတ္ထုတွေအပေါ် ငြီးငွေ့မှုတွေကနေ စိတ်သက်သာရာ ရစေမယ်လို့ ကမ်းလှမ်းတယ်။ ဘာသာသစ်ရှင်ရဲ့ ဥပဓိရုပ်ကလည်း ကြည်ညိုစဖွယ် ရှိတယ်။ ရေငတ်သူတွေ ရေတွင်းထဲ ကျသလို ဖြစ်ကြရတာပေါ့။ အချို့ကတော့ ဒီတရားမှ ဒီတရား ဒီလိုဖြစ်ကုန်ကြတယ်။

ဟိမ၀န္တာက အပြန်မှာ အာဆာဟာရက သူ့ကိုယ်သူ အမှန်တရားကို ထိုးထွင်းသိမြင်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ဖြစ်တယ်(မဟာယာနကျမ်းလာ ရုတ်တရက်ဥာဏ် အလင်းရမှု- ဂျပန်လို ဆတောရီရပြီ) လို့ ကြေငြာတယ်။ ဈာန်ပျံလို့လည်း ရတယ်လို့ ဆိုတယ်။ သူသိတဲ့ အသိဥာဏ်တွေကို ဟောပြောပြမယ် လို့ ကြေညာမောင်းခတ်တယ်။

၁၉၈၇ မှာ အာဆာဟာရက ဥုံမဖောက်မပြန်မှန်ကန်တဲ့သစ္စာတရား (ဥုံရှင်ရီကျို) ကို တည်ထောင်တယ်။ မကြာမီပဲ သူ့ကိုယ်သူ ယနေ့ခေတ် ခရစ်တော်အသစ်၊ ရာစုနှစ်ရဲ့ တမန်တော်လို့ ကြေညာတယ်။ သူ့အသင်းသားတွေဟာ ဂျပန်မှာ တော်တော်မြန်မြန်ကို ပျံ့နှံ့ကုန်တယ်။ မကြာမီ ယူအက်စ်နဲ့ ဂျာမနီကိုပါ ပြန့်နှံ့တယ်။ သေချာတာပေါ့။ ရုရှားလည်း ပါတယ်။ အာဆာဟာရဟာ ရုရှားနိုင်ငံ မော်စကိုမြို့ အားကစားရုံတစ်ခုမှာ လူပေါင်း တစ်သောင်းငါးထောင်ရဲ့ ရှေ့မှာ တရားဟောဖူးတဲ့ သူတစ်ယောက် ဖြစ်တယ်။

သူ့ဘာသာဟာ အခြေခံအားဖြင့်တော့ ဗုဒ္ဓဘာသာပါပဲ ဒါကို ခေတ်နဲ့လျော်ညီအောင် ခရစ်ယာန်ဘာသာတို့၊ တရားထိုင်နည်းတို့၊ ယောဂတို့နဲ့ မွမ်းမံ ပြင်ဆင်ထားတာပေါ့။ ဂုရုကြီးရဲ့ တရားတွေမှာ ကမ္ဘာပျက်မယ် ဆိုတာလည်း ပါတယ်။ သူက ၁၉၉၇ နဲ့ ၂၀၀၀ ကြားမှာ ကမ္ဘာပျက်မယ်လို့ ဆိုတယ်။ သူဟာ တပည့်တွေရဲ့ အထက်မှာ ထိုင်တယ်။ သူ့ကို ရှိခိုးရတယ်။ ခြေမကို နမ်းရတယ်။ ဒီလိုအရှိန်အ၀ါတွေနဲ့ အာဆာဟာရဟာ သူ့ပွဲဦးထွက် ခြေလှမ်းတွေကို ကောင်းကောင်း ထိန်းသိမ်းနိုင်ခဲ့ပြီး သူ့နောက်ပိုင်း လုပ်ရပ်တွေကို မခန့်မှန်းသာအောင် ဖုံးကွယ်ထားနိုင်ခဲ့တယ်။ နောက်ဆုံးတော့ သူအမှားတွေ လုပ်တယ်။ ဒါအတွက် သေဒဏ် ပေးခံရတယ်။ ဒါနဲ့ပဲ ဇာတ်သိမ်းသွားပြီလား ဆိုတော့ လောလောဆယ် ဒီလိုပဲ ပြောရတော့မှာပဲ။ သူတည်ထောင်ခဲ့တဲ့ ဘာသာကတော့ သုံးနှစ်လောက် စောင့်ကြပ်ထိန်းသိမ်းမှုခံခဲ့ရပြီး အခုတော့ အမည်တမျိုးနဲ့ ဆက်လက် ရှင်သန်နေတယ်။

၁၉၉၅ မတိုင်မီက အာဆာဟာရ စည်းရုံးခဲ့တာလေး တစ်ခု ကြားဖူးတယ်။ "သင်တို့ထိုင်နေတဲ့နေရာကို ညူကလီးယားဗုံးပဲ ပြုတ်ကျလာပါစေဦး၊ သင်တို့အလွယ်တကူ ခုခံလို့ရတယ် အရည်ကြည် တံတိုင်းတစ်ခုကို ကာထားလိုက်ရုံပဲ။ ဒါတွေက စိတ်တန်ခိုးရှိရင် တကယ်လုပ်လို့ ဖြစ်ပါတယ် " ဒီလိုကို ပြောခဲ့တာ။ ဒီလိုတောရမ်းမယ်ဖွဲ့ ဟောပြောနေတာကိုလည်း လူတွေက တကယ်ယုံကြည်ကြတာပဲ။ ဂျပန်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ဘာသာပေါင်း ၁၈၃၀၀၀ ရှိတယ်။ ဘာကြောင့် ဘာသာတွေ ဒီလောက်များနေရသလဲ ဆိုတာကို လေ့လာရေးသားရရင် ဒုတိယမ္ပိ ဆောင်းပါးတစ်ပုဒ် ထွက်လာမယ်။ မြန်မာပြည်အနေနဲ့ အဲဒီလောက် ဘာသာအသစ်တွေ များများ မလိုဘူး။ ဒါ့ထက် အရေးကြီးတာက ထေရ၀ါဒဗုဒ္ဓဘာသာကို ကချော်ကချွတ် ဟောပြောတာတွေ လုပ်နေတာကို ဗုဒ္ဓဘာသာဝင်တွေက လက်ခံလို့ မဖြစ်ဘူး။ တုံ့ပြန် ရှင်းလင်းသင့်တာကို ဖြေကြားရှင်းလင်းကြဖို့ ဗုဒ္ဓဘုရားက မိန့်မှာကြားထားတာ ရှိတယ်။ ဒီမိန့်မှာကြားချက်ကို လိုက်နာသော အားဖြင့် မဟုတ်မမှန် ဟောပြော နေကြတာတွေကို အစွမ်းကုန် တားဆီးကြရမှာ ဖြစ်တယ်။

ဒါပေမဲ့ မဟုတ်တာတွေကို ရှင်းဖို့ဆိုတာ ဝေဖန်သဘောတရားရေး တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ အာဏာစက်နဲ့ အမြော်အမြင်က ကောင်းကောင်း လိုတယ်။ ဒါတွေကိုလည်း အသုံးပြုရမယ်။ တခါ အာဏာစက် ကောင်းကောင်း လိုအပ်တာ မှန်ပေမဲ့ မမှန်ကန်တဲ့ တရားအမှိုက် တွေကို ရှင်းလင်းဖို့ အခရာအကျဆုံးဟာ ဝေဖန်ရေးနဲ့ သဘောတရားတွေပဲ ဖြစ်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက် ကြရမယ်။ မှန်ကန်တဲ့ ဝေဖန်ရေး လုပ်နိုင်ရင် အာဏာစက်ဟာ နောက်က ကပ်လျက် ပါလာမှာပဲ။ ဒီလို အာဏာစက်ကို သုံးရင် မုန်းတဲ့သူတွေ ပေါ်လာမှာပဲ။ ဝေဖန်ရေးတွေ လုပ်ရပြီဆိုရင်လည်း အဝေဖန်ခံရတဲ့ အဖွဲ့တွေက လတ်တလော အနေအားဖြင့် မနှစ်မြို့တာတွေ ပြလာကြလိမ့်မယ်။ ဒါပေမဲ့ ဒါတွေကို ငဲ့နေလို့ မဖြစ်ဘူး။ လုပ်သင့် လုပ်ထိုက်တာကို လုပ်ကြရမှာပဲ။ ဒီလိုနဲ့ နှစ်ပေါင်း တော်တော်ကြာလာရင် မနှစ်မြို့တဲ့ သူတွေဟာလည်း နှစ်မြို့တတ် နားလည်တတ် လာမှာပဲ ဖြစ်တယ်။ အခု ကျော်မြသန်းတို့ကို ကျုပ်တို့ ကျေးဇူးတင်သလို ဝေဖန်သူတွေ ၀ိနိစ္ဆယပြုသူတွေကို ကျေးဇူးတင်လာကြလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်... အမှန်တရားကို အမှန်တရားလို့ ရိုးရိုးပြောရင် ကိစ္စမရှိဘူး။ အမှန်တရားရှေ့မှာ ကွန့်ညွန့်ပြီး ဥုံအမှန်တရားလို့ ဟောပြောပြီဆိုတာနဲ့ သံသယ ထားကြရလိမ့်မယ်။ ဆန်းပြားတဲ့တရားဟာ လိမ်ညာမှု ဖြစ်နိုင်သလို ရာဇ၀တ်မှု တစ်ရပ်လည်း ဖြစ်နိုင်တယ်ဆိုတာ အားလုံး ဗဟုသုတရှိကြပြီး ဖြစ်သကိုး။




(၀ရဇိန်-ပျဉ်းမနား)

Ref:
http://en.wikipedia.org/wiki/Shoko_Asahara
http://en.wikipedia.org/wiki/Aum_Shinrikyo
http://www.time.com/time/magazine/article/0,9171,982749,00.html





Reblog this post [with Zemanta]
Read more ...

February 21, 2010

သီရိလင်္ကာနှင့်ဘာသာရေးအမွေ -၁ (အရှင်တိက္ခဥာဏာလင်္ကာရ)

Dr Phyo Wai Kyaw | 10:29 PM | | | Be the first to comment!
အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခပ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထွေထွေသွေးသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီ ခပ်နှိပ်စေသတည်း။ ။
( အမရပူရ မဟာဂန္ဓာရုံဆရာတော်)

"ဘာသာသွေး"၊ "ရတနာ့ဂုဏ်ရည်"၊ "ကိုယ်ကျင့်အဘိဓမ္မာ" စာအုပ်တွေကို တွေ့ဖူးဖတ်ဖူးလိမ့်မယ်။ တိုင်းချစ်ပြည်ချစ် ကလေးချစ်တဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ စာပေလက်ရာတွေပါ၊ အထက်မှာ ဖော်ပြထားတဲ့ ကဗျာကိုဖတ်ကြည့်ရင် ကလေးတွေအတွက် ဘာသာရေးအမွေပေးဖို့ တိုက်တွန်းထားတဲ့ ဆရာတော်ကြီးရဲ့ ရင်တွင်းက စေတနာတွေကို အထင်သားတွေ့နိုင်ပါတယ်။

အမွေဆိုတာမှာလဲ ကောင်းမွေ ဆိုးမွေဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါမယ်၊ ဆိုးမွေတွေအတွက် သီးသန့်လုပ်ဆောင်စ၇ာ မလိုပေမယ့် ကောင်းမွေအတွက်တော့ သီးသန့်လုပ်ဆောင်ကြရတာပါ။ အမွေနဲ့ပတ်သက်ပြီး ဆရာဦးအောင်သင်းရဲ့ အမွေစာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဒေါ်ရိုသီကော့ပလင်းရဲ့ အမှာစာလေးကို ဒီနေရာမှာ ဖော်ပြချင်တယ်။

ဒေါ်ရိုသီကော့ပလင်းက….
@"ကျွန်မ၏ ရင်သွေးငယ်များ လူလားမြောက်ချိန်တိုင်အောင် ကျွန်မအသက်ရှင်ခွင့် မရနိုင်တော့ကြောင်း ကျွန်မကို ပြောလိုက်သောအခါ ကျွန်မကိုယ်စား ရင်သွေးငယ်များကို စောင့်ရှောက်နိုင်မည့် စာအုပ်တစ်အုပ်ကို ပြုစုရန် ဆုံးဖြတ်ချက်ချလိုက်သည်။

လုပ်ငန်းသဘောက ဘုရားကျောင်းနှင့် စာသင်ကျောင်းက ဖြည့်စွမ်းမပေးနိုင်သော ကွက်လပ်ကို ဖြည့်ပေးရန် ပင် ဖြစ်၍ ဘ၀၏ ပျော်ရွှင်မှုနှင့် ရောင့်ရဲမှုကို ယူတတ်သော အရည်အသွေးဖြည့်တင်းပေး ရန်ဖြစ်သည်။

ကျွန်မ၏ခံယူချက်အရ ဤသို့သောသုခကိုရရန် ရုပ်ဝတ္ထုတို့၏ ဟိုမှာဖက်အပေါ်ဆင့်တွင် ရှိသော ပရမတ္ထဆန်သည့် တရားများကို တန်ဖိုးထားတတ်ရန်ဖြစ်သည်။

ဩကာသလောကကို နက်နဲစွာချစ်မြတ်နိုးတတ်ခြင်းသည်လည်း ဤသို့သောသုခမျိုးကို ပေးနိုင်သည်. သဘာဝလောကကြီးကို တသားတည်းဖြစ်အောင် နေတတ်ခြင်းအားဖြင့် ဘာမှမဟုတ် အရေးမပါသည့် လောကီအောင်မြင်မှု ဆုံးရှုံးမှု စသည်တို့ကို သာမာန်အသေးအဖွဲ ကိစ္စလေးများအဖြစ် သဘောထားနိုင်လောက်အောင် ဤစကြာဝဠာကြီးက သွန်သင်ပေးနိုင်ပေလိမ့်မည်။

ချုပ်တည်းသည်းခံခြင်းနှင့် သတ္တိတို့သည်လည်း တင့်တယ်သော ဘ၀ရှင်သန်မှုအတွက် မရှိမဖြစ်သော အရည်အသွေးများဖြစ်သည်။ နောက်ဆုံးအားဖြင့် စိတ်ထား မနသီ၌သာလျှင် တွေ့နိုင်သော သန္တိသုခကို သဘောပေါက်လာကြစေရန်ဖြစ်သည်။ ဤသို့သောဘ၀လမ်းညွှန်မှု သွန်သင်မှုများကို ကျွန်မဘ၀တွင် အထောက်အကူပြုခဲ့လှသော စာအုပ်စာပေများမှ ထုတ်ယူလမ်းညွှန်တော့မည်ဟု ဆုံးဖြတ်လိုက်ပါသည်၊"@ တဲ။

ဒေါ်ရိုသီကော့ပလင်းက ပရမတ္ထဆန်သည့် တရားများကို တန်ဖိုးထားတတ်ရန်နှင့် တင့်တယ်သော ဘ၀ရှင်သန်မှုအတွက် သတ္တိရှိရန် အမွေပေးလိုကြောင်း နိဒါန်းသွယ်ခဲ့တယ်။ ဗုဒ္ဓကတော့ ပစ္စည်းအမွေ ဓမ္မအမွေဆိုပြီး နှစ်မျိုးရှိရာမှာ ဓမ္မအမွေကို ခံယူနိုင်အောင် ကြိုးစားဖို့ မိန့်မှာတော်မူပါတယ်။

မြန်မာ့ယဉ်ကျေးမှု သမိုင်းမှာလဲ ပုဂံရဲ့ ယဉ်ကျေးမှု ပုဂံရဲ့စာပေတွေကိုသာ ဆက်မထိန်းနိုင်ခဲ့ရင် မြန်မာစာ မြန်မာယဉ်ကျေးမှုဆိုတာ ဖြစ်နိုင်ချေ အားနည်းသွားမှာ သေချာပါတယ်။ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်စု မိသားတစ်စု ပုဂ္ဂိုလ်တစ်ဦးရဲ့ ဆိုးမွေကိုသင်ခန်းစာယူခြင်းနှင့် ကောင်းမွေကို ပြန့်ပွားအောင် ထိန်းသိမ်း လက်ဆင့်ကမ်းခြင်းဟာ အားလုံးအတွက် အရေးကြီးတယ်လို့ သတ်မှတ်နိုင်တယ်။

သီရိလင်္ကာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ သီရိလင်္ကာပြည်သူတွေရဲ့ နေထိုင်မှုဟာ ဘာသာတရားအပေါ်အခြေခံပြီး ပေါ်ပေါက်ခဲ့တယ်၊ အထူးသဖြင့် သီရိလင်္ကာလူမျိုးတွေဟာ သူတို့ရဲ့မျိုးဆက်သစ် ကလေးတွေကို ဘာသာရေး ကောင်းမွေတွေပေးနိုင်ဖို့ စနစ်တကျပြင်ဆင်ခဲ့တာကို တွေ့ရတယ်။

ဒီလို ဘာသာရေးကောင်းမွေတွေ ပေးဖို့ အကောင်းဆုံးလုပ်ဆောင်ချက်ကတော့ တစ်နိုင်ငံလုံး Sunday School ကျောင်းများဖွင့်လှစ် သင်ကြားပေးနိုင်ခြင်းပါပဲ။ ။
ဆက်ပါအုံးမည်….
အရှင်တိက္ခဥာဏာလင်္ကာရ
Read more ...

သန့်ရှင်းသာသနာဆောင်ရွက်စရာ

Anonymous | 10:01 AM | | | 1 Comment so far
The most beautiful Buddha in the worldImage by Wonderlane via Flickr



သာသနာတော် သန့်ရှင်း တည်တန့် ပျံ့ပွားရေးအတွက် ဘုရားရှင် ကိုယ်တော်တိုင်က ရှေ့ဆောင်လမ်းပြ လုပ်ခဲ့တာ ပိဋကတ်တော်တွေမှာ အထင်ရှားရှိတယ်။ အဲလိုပဲ သာသနာတော် ပျက်စီကြောင်း တရားတွေကိုလည်း ဘုရားရှင် ဟောကြားတော် မူခဲ့ပြီးသားပါ။ အဆိုးဆုံးက ဘုရားဟော မဟုတ်တာကို ဘုရားဟောလုပ်ခြင်းပါပဲ။

အဓမ္မ ကို ဓမ္မ လို့ဟောပြော ရေးသားခြင်း မှန်သမျှဟာ သာသနာတော်ကို လုံးဝဖျက်ဆီးနေခြင်းပါပဲ ဒီတော့ အဓမ္မ၀ါဒတွေကို တားဆီးဖို့ ဘုရားအလိုတော်ကျ ကျင့်သုံးနေထိုင်ကြကုန်သော သံဃာတော် အရှင်မြတ်ကြီးတွေက ခေတ်အဆက်ဆက် အသက်နဲ့ ဆက်ပြီး ဒီဘက်ခေတ်အထိ သယ်ဆောင်တော် မူလာခဲ့ကြတယ်။ ဒါပေမဲ့ သာသနာတော် သန့်ရှင်း၊ တည်တံ့ ပြန့်ပွားရေး အတွက် ရဟန်တော်တွေ တင်မက လူ၊ ဥပါသကာ၊ ဥပါသကီ တွေမှာလည်း တာဝန်ရှိတယ်လို့ မြတ်စွာဘုရားရှင်က လမ်းညွန် မိန့်ကြားတော် မူခဲ့ပြီး ဖြစ်တာကို သိပြီးဖြစ်ပါလျှက် ဥပက္ခာပြုကိုယ်နဲ့ မဆိုင် ဘေးထိုင်နေကြေး ဆိုရင်တော့ ကျနော်တို့ဆီမှာ သာသနာတော် ကြာရှည် တည်နေဖို့ဆိုတာမလွယ်ဘူး။ ဒီတော့ ရှေးဆရာတော်ကြီးတွေရဲ့ မှတ် သားလိုက်နာဖွယ် ဩ၀ါဒတော်တွေကို ကောက်နုတ် တင်ပြလိုက်ပါတယ်။


@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

၁၃၄၂ ခု - နယုန်လပြည့် (28 – 5- 1980)

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏ လှိုင်ဂူတော်ကြီး၌ အဘိဓဇမဟာရဋ္ဌဂုရုနှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆပ်ကပ်ပူဇော်ပွဲ အခမ်းနားတွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် အဘိဓဇ မဟာရဋ္ဌဂုရု ပဋ္ဌာန်း ဆရာတော် ဘဒ္ဒန္တ၀ိသုဒ္ဓါဘိဝံသ မိန့်ကြားတော်မူသည့် ဩ၀ါဒကထာ ကောက်နတ်ချက်။


ယခုသမ္မုတိရ သံဃာ့အဖွဲကြီးက အဓိကလုပ်ငန်းကြီး သုံးရပ်ကို ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ် -

(၁) သာသနာတော်သန့်ရှင်းရေးလုပ်ငန်း။

(၂) သာသနာတော်တည့်တံ့ရေးလုပ်ငန်း

(၃) သာသနာတော်ပြန့်ပွားရေး လုပ်ငန်း ပဲဖြစ်ပါတယ်။

ဟူ၍ လုပ်ငန်းကြီးသုံးရပ်ဖြစ်ပါတယ်။

ထို လုပ်ငန်းကြီး သုံးရပ်တွင် အရေးကြီးဆုံးလုပ်ငန်းကတော့ ပထမအချက် ဖြစ်တဲ့ သာသနာတော်သန့်ရှင်းရေးလုပ်ငန်းကြီးပဲ ဖြစ်ပါတယ် သာသနာတော်သန့်ရှင်းအောင် ဆောင်ရွက်ရာမှာတော့ -

(၁) သံဃာတု၊ သံဃာယောင်တွေ ကွယ်ပျောက်သွားအောင် နှင့်

(၂) တရားတု၊ တရားယောင်တွေ ကွယ်ပျောက်သွားအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

သံဃာတု၊ သံဃာယောင် တွေကတော့၊ ခုသာသနာဝင် မှတ်တမ်းကို ပြုလုပ်ခြင်းအားဖြင့် ရာခိုင်နှုန်း အပြည့်လောက် ကွယ်ပျောက်သွားမှာ သေချာ ပါတယ်။

မြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားတော် မဟုတ်ပါပဲလျှက် တရားတု တရားယောင်များကို ဟောကြား ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲတွေချုပ်ပျောက်သွားအောင် သံဃာတော် အရှင်သူမြတ်တို့မှာ အလွန်ကြီးလေးသော တာဝန်ရှိပါတယ်။

သာသနာတော် ပျက်စီးခြင်း အကြောင်းထဲမှာ အဓမ္မကို ဓမ္မ၊ အ၀ိနယ ကို ၀ိနယ လို့ဟောပြောနေသာ ပုဂ္ဂိုလ်များရှိခြင်းပင် ဖြစ်တယ်လို့ မြတ်စွာဘုရးရှင်က ဟောကြားခဲ့ပါတယ်။

ဒါကြောင့် သာသနာတော်သန့်ရှင်းရေးအတွက် -

(၁) သံဃာတု၊ သံယာယောင် များ မရှိအောင်နဲ့

(၂) တရားတု၊ တရားယောင်များ ဟောပြောနေကြခြင်း မရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ သာသနာတော် တည်တံ့အောင် ကတော့ ဆရာတော်များသည် ဂန္ထဓုရ သော်လည်းကောင်း ၊ ၀ိပဿနာဓုရ သော်လည်းကောင်း ဖြည့်ကျင့် အားထုတ်ရမှာ ဖြစ်ပါတယ်ဘုရား။

တတိယအချက် ဖြစ်တဲ့ သာသနာတော် ပြန့်ပွားအေင်ကတော့ ဒီဃနိကာယ်၊ ပါထိက၀ဂ်၊ သိင်္ဂါလောဝါဒ သုတ်မှာပါတဲ့ အတိုင်း အတိအကျ ဆောင်ရွက်ရန် ဖြစ်ပါတယ်ဘုရား။

သံဃာတော်များ ဆောင်ရွက်ရမည့် ၀တ္တရား (၆) ပါးထဲမှာ တရာတော်များကို ဒါယကာ၊ ဒါယိကာမ များအား ဟောကြား ညွန်ပြရမှာ ဖြစ်ပါတယ် ဘုရား။

ယခုအခါ ရှေးရိုးကြီးအတိုင်း မိမိထံပူဇော်လာတဲ့ လူတွေကိုသာ တရားဟောနေရုံမျှနှင့် မပြီးပါ။ တရားတော်ကို အိမ်တိုင်း အိမ်တိုင်း အရောက်ပို့မှ ဖြစ်ပါလိမ့်မယ်။ သို့မှသာ မြတ်စွာဘုရားဟောကြားတဲ့ တရားစစ် တရားမှန်ကို သိနားလည်ကြမှာ ဖြစ်ပါတယ်။ ယခုအခါ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များပင်လျှင် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ ဂုဏ်တော် များလောက်ကိုမှ မသိသူတွေ အလွန် ပေါများနေပါတယ်။ အဲဒီတော့ အခြေခံကစပြီး အဆင့်ဆင့် နားလည်အောင် အိမ်ပေါက်စေ့ ဟောကြားရန်အချိန် ရောက်နေပါပြီလို့ လျှောက်ထားလိုပါတယ်ဘုရား။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@



ဒါဟာ မှတ်သားလောက်တဲ့ ဆရာတော်ကြီးရဲ့ ဩ၀ါဒတော်ထဲက ကောက်နတ်ချက်အချို့ ဖြစ်ပါတယ် ဒီမှာ ကျနော်တို့ ဘာလုပ်ရမယ် ဆိုတာကို ပြောပြီးသား မိန့်တော်မူပြီးသားပါ။ ကျနော်တို့ လူတွေဘက်က အတော်ခက်တယ် နာမယ်ကြီးပြီးရော ဆိုပြီး နာမယ်ကြီးတဲ့သူတွေနောက် တကောက်ကောက် လိုက်ပြီး နေတယ်။တရားနာကြပြီတဲ့ မှားလားမှန်လား သေချာမသိ ၊သိအောင်လည်းမကြိုးစား အဲလိုဖြစ်နေတယ်၊ မသိရင်တကယ် တတ်တဲ့ ဆရာတော်ကြီးတွေဆီ မေးပါမြန်းပါ နာယူပါ။ တရားနာလာတဲ့ ဒကာကို နှင်ထုတ်တဲ့ ဆရာတော် ဗမာပြည်မှာမရှိပါ တခြား ဘယ်နေရာမှ လည်း ရှိမှာ မဟုတ်ပါ။ ဒါပေမဲ့ တရားအကြောင်း သာသနာတော်အကြောင်း မဟုတ်ပဲ တခြားအကြောင်း ဆိုရင်တော့ အချိန်ကုန်ခံပြီး နားမထောင်သော ဆရာတော်ကြီးများကို ဖူးတွေ့ခဲ့ဖူးပါတယ်။

ဒါလည်း ပဋိပတ် အလုပ်ဖင့်မှာ စိုးလို့ပါ။ တရားအကြောင်းသာမေး နားမလည်တဲ့ဟာသာမေး ဘုရားအလိုတော်ကျ ဘာလဲဆိုတာ ဖြန်းဖြန်းကွဲ ဖြေကြပါလိမ့်မယ်။ ကျနော်တို့လူတွေဖက်က အားနည်းချက်က အဆန်းကြိုက်တာပါပဲ။ တရားဆို မဆန်းနဲ့လို့ အဆိုရှိတယ်ဗျ။ လောဘကင်းကြောင်း ဒေါသကင်းကြောင်း မောဟကင်းကြောင်း ဖြစ်တဲ့ ဘုရားရဲ့ တရားတော်ကို လောဘနဲ့ စတင်ချဉ်းကပ်မိမှတော့ … နောက်ဆက်တွဲက.. ဘာတွေဖြစ်လာမလဲ လေ….။




မှတ်ချက် ။ ။ ဆရာတော်ကြီး၏ ဩ၀ါဒတော် အပြည့်စုံကို နာကြားဖတ်ရှုလိုသူများ ဆရာကြီး ဓမ္မဃောသက ဦးမောင်မောင်၏ သံဃာအား ဘုရားယုံခဲ့သည် ကျမ်းစာဒုတိယတွဲ တွင်ဖတ်ရှုနိုင်ပါသည်ခင်ဗျား။

လေးစားစွာဖြင့်

ဥပသကာ

ငြိမ်းချမ်းကြပါစေ။
Reblog this post [with Zemanta]
Read more ...

အဓမ္မ၀ါဒများ လက်တွဲညီညီ ပိတ်ပင်ဖယ်ရှား (ကြေးမုံ-ဖေဖော်ဝါရီ-၂၁)

Dr Phyo Wai Kyaw | 2:04 AM | | | | | Be the first to comment!

Read more ...

February 19, 2010

အချက်သုံးချက်ကိုထောက်ပြပါသည်

Dr Phyo Wai Kyaw | 11:42 PM | | | 4 Comments so far
Ode on the Spring  (Spring song)Image by Jennifer 真泥佛 via Flickr
ယခုရက်ပိုင်းတွင် ဆူနာမီ အပြစ်ပြတရားများ များစွာပေါ်ပေါက်လာသည်။ ပေါ်ပေါက်ပင် ပေါ်ပေါက်ငြား ဆူနာမီဆရာတော်၏ ခံယူချက်ကား ခပ်ပြတ်ပြတ် ဖြစ်သည်။ သံဃနာယကအဖွဲ့ကိုပဲ ၀န်ခံကတိပြုထားထား၊ မိုးကုတ်အဖွဲ့ချုပ်ကပဲ စာထုတ်ထုတ် ဒါတွေအားလုံး ဘာမှမဟုတ်တာတွေချည်း ဖြစ်သဖြင့် လိုက်နာစရာမလို ဟူ၍ ဖြစ်သည်။

၁၄ရက် ဖေဖော်ဝါရီ ၂၀၁၀တွင် မိမိတို့က ဆူနာမီဆရာတော်ကို တရားအမှားများ မဟောကြားဖို့ တောင်းပန် လျှောက်ကြားသည်။ ဆူနာမီဆရာတော်က တရားများမှားယွင်းနေသည်ကို လွယ်လွယ်ကူကူဝန်ခံသည်။ ဆက်လက် မဟောကြားဘူး ဟူ၍တော့ ကတိမပေး။ ယင်းကဲ့သို့ ကတိမပေးသည်ကိုပင် မိမိတို့က ၀မ်းသာနေရသည်။ အဘယ်ကြောင့်ဆိုသော် ဤအရှင်၏ လုပ်ရိုးလုပ်စဉ် အစဉ်အလာအရ ကတိပေးခဲ့လျှင်လည်း လိုက်နာမည် မဟုတ်ကြောင်း ကြားသိရသောကြောင့် ဖြစ်သည်။

အစဉ်အလာကို အစဉ်တစိုက်အကဲခတ်လာသော မိတ်ဆွေတစ်ဦးက ဤသို့ရှင်းပြသည်။

"အဲဒါကို ဘာလို့ ပြောတာလဲ သွားမေးရင် အဲဒါ အရင် က ပြောခဲ့တာ ပါ။ ဘုန်းကြီး က ဘာမှ ဆုပ်ကိုင်မထားဘူး။ ဒါဟာ ပညတ်တွေပါ။ ပညတ်ဆိုတော့ မှားတတ်တယ်။ ခု ပိုကောင်းတဲ့ ပညတ်တွေ သုံးနေပါတယ် ပြောဦးမယ်။ ဘုန်းကြီးပြောတာတွေ နားလည်ဖို့ က အရင်ယုံကြည့်ပါ။ သတ္တိရှိရှိ နဲ့ ဘုန်းကြီး ရိပ်သာမှာ လာအားထုတ်ပါ ပြောဦးမယ်။"

ဆူနာမီတရားကို နားလည်သွားသော ဆရာတစ်ဦးကတော့ ဇ၀နဥာဏ်ရွှင်ရွှင်နှင့် ယခုလို ဆုံးမသည်။

"စူနာမီဆရာတော်တရားကို နားလည်ချင်ရင် လွယ်ပါတယ်။ ခုပြောနေတဲ့  အရိယာဆိုတာလဲ ပညတ်ဘဲ။ အွန်လိုင်းလွှင့်တာ ပိတ်တယ် ဖွင့်တယ်ဆိုတာလဲ ပညတ်ဘဲ။ ချစ်မြတ်နိုးဆိုတာလည်း ပညတ်ဘဲ။ မဟာနာယက ဆရာတော်များသည်လဲ ပညတ်ဘဲ။ အင်တာနက် ဆိုတာလဲ ပညတ်ဘဲ။ လူဆိုတာလဲ ပညတ်ဘဲ။ ၃၁ဘုံဆိုတာလဲ ပညတ်ဘဲ။ ၅ပါးသီလတို့  ၀ိနည်းတို့ လဲ ပညတ်ဘဲ။ အပါယ်ငရဲလဲ ပညတ်ဘဲ။ ပညတ်တွေဆိုတာ ဘာမှမဟုတ်ဘူး။အဲတော့ စူနာမီဆရာတော်ပြောတာတွေဟာ ဘာမှမဟုတ်ဘူးလို့ မှတ်။ ဘာမှမဟုတ်မှတော့ ဘာမှကိုပြောနေစရာမရှိတော့ဘူး" တဲ့။

ဆူနာမီဆရာတော်က ပရိသတ်အင်အားကို အားကိုးသည်။ ပရိသတ်များအောင် ကြိုးစားမည်ဟု အတန်တန်ကြုံးဝါးသည်။ ဤကြုံးဝါးသံကြီးနှင့် အတူ ကြံကြီးစည်ရာ လူကြော်ငြာများ၊ တရားကြော်ငြာများ ပေါ်ထွက်လာသည်။

သို့ရာတွင် အကြင်သူသည် မြန်မာကျူးပစ်မှဝေဖန်ရေးများ၊ ယောအသင်းမှ ဝေဖန်ရေး၊ ဓမ္မရသမှ ဆွေးနွေးပွဲ အသံသွင်းခွေ၊ မနောပဒါယီ အရှင်ဝိစိတ္တဘလော့ဂ်မှ ဝေဖန်ရေးဆောင်းပါး၊ ဦးကောဝိဒ(မြိတ်)၏ A light Of Dhamma ဘလော့ဂ်မှ ဝေဖန်ရေးများ၊ ယခု ဓမ္မဥပဒေမှ ဝေဖန်ရေးဆောင်းပါးများ၊ အရှင်လောကနာထ၏ ဗုဒ္ဓတရားတော်များဘလော့ဂ်မှ ဆူနာမီဆရာတော်သို့ ပေးစာ၊ မြန်မာအင်ဂျင်နီယာဖိုရမ်မှ ဝေဖန်မှုများကို ဖတ်ရပါလျက် ဆူနာမီဆရာတော်၏ တရားများကို ယုံကြည်နေသေးသည် ဆိုလျှင် အာဂလူပေတည်း။ မည်သည့်ပုဂ္ဂိုလ်များမဆို ဆူနာမီတရားများ မနာမီ ယင်းဝေဖန်စာများကို အရင်ဖတ်ထားဖို့ သင့်ပါသည်။

ထို့ပြင် ဆူနာမီတရားနည်းဖြင့် အားထုတ်နေကြသူများကိုလည်း မိမိတို့က မိတ်ဆွေကောင်းတို့ ထားအပ်သည့် ၀တ္တရားများနှင့် အညီအတိုင်း အောက်ပါအချက်များကို ထောက်ပြလိုပါသည်။

(၁)အကြင်သူသည် ဆူနာမီဆရာတော်၏ တရားများကို အွန်လိုင်းပေါ်တွင် ဖြန့်ဝေတိုင်း "၁၃၇၁ ခုနှစ်၊ ၀ါဆိုလဆန်း ၇ ရက်၊ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသော ဆဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဌမအစည်းဝေးက ဆုံးဖြတ်ချက် အပိုဒ် (၄)အရ အင်တာနက်တွင် လွင့်တင်ထားသော တပည့်တော် ဥတ္တမသာရ (ဆူနာမီ) ၏ တရားများကိုပြန်လည်ရုပ်သိမ်းမည် ဖြစ်ပါကြောင်း ၀န်ခံကတိပြု လက်မှတ်ရေးထိုးပါသည်။" ဟူသည့် ၀န်ခံကတိပြုချက်ကို သွယ်ဝိုက် ဖောက်ဖျက်ရာ ရောက်သည်။ သူတော်ကောင်းတို့၏ သောဝစဿတာဂုဏ်နှင့် မုသာဝါဒါ ဝေရာမဏိ အစရှိသော သီလဂုဏ်ကို ညှိုးနွမ်းစေသည်။ (မှတ်ချက်။ ။ ယင်းဝန်ခံချက် အမှန်ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ဆူနာမီဆရာတော်က အတည်ပြုပေးပြီး ဖြစ်သည်။)

(၂)ဆူနာမီ ဆရာတော်၏ စကားကို နားယောင်၍ မြတ်စွာဘုရားရဲ့ တရားတွေဟာ ပညတ်တွေပဲ၊ အခါခပ်သိမ်း မမှန်ဘူး၊ လိုက်နာစရာမလိုဘူးဟု ပြောတိုင်းပြောတိုင်း ဘုရားရှင်အား စွပ်စွဲခြင်း ဖြစ်သဖြင့်၊ ကြီးကျယ်သော အကုသိုလ်ကံ ဖြစ်နိုင်သည်။

(၃)ရှေးကဆရာတော်၊ သံဃာတော်တွေရဲ့ နည်းတွေဟာ လိုရင်းရောက်တဲ့ နည်းတွေမဟုတ်ဘူး၊ ရှေးကနည်းများအတိုင်း နည်းမှန်လမ်းမှန် အားထုတ်တဲ့ ယောဂီတွေဟာ လိုရင်းရောက်နိုင်မယ်မထင်ဘူး ဟု ပြောတိုင်းပြောတိုင်း အရိယူပ၀ါဒကံ ထိုက်နိုင်သည်။

ဆရာတပည့် သံယောဇဉ်ကြောင့် မငြင်းသာမရှောင်သာ ဆက်လက် အားပေးရမည်ဖြစ်ပါက ဘာမှမပြောလိုပါ။ သို့သော် မည်သည့်ပုဂ္ဂိုလ်မဆို ဖော်ပြခဲ့သော အချက်သုံးချက်ကို အထူးသတိပြု ရှောင်ကြဉ်နိုင်မှသာ ကြီးမားသော အကုသိုလ်ကံကြီးများမှ လွတ်ကင်းလျက် အပြစ်ကင်းစင်နိုင်မည်ဖြစ်ကြောင်း သတိပေးရပါသည်။

(အလှတရား)




Read more ...

နောက်ဆုံးပေါ် တရားအားထုတ်နည်း အမေးပုစ္ဆာ (ဦးကောဝိဒ-မြိတ်)

Dr Phyo Wai Kyaw | 11:23 AM | | | 3 Comments so far
The hand that signed the paperImage by thorvaala via Flickr


@@ နော်ဝေနိုင်ငံတွင် နောက်ဆုံးပေါ် တရားရှုမှတ်နည်းတစ်ခု အတွက် မှန် - မမှန်ဆိုတဲ့ စတုတ္ထအမေးပြဿနာ…….@@

မေး။ ။ ယခင်ဖြစ်ခဲ့သည့် တရားများ၊ ယခုဖြစ်ဆဲ တရားများ၊ နောင်ဖြစ်လတ္တံ့သော တရားများဟာ (ဘာမျှ မဟုတ်ဘူး)ဟု ရှုမှတ်ရမည်၊ လောကရှိရှိသမျှ အရာအားလုံးဟာ (ဘာမှမဟုတ်ဘူး)၊ ဖြစ်ပေါ်သမျှ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို (ဘာမှမဟုတ်ဘူး) လို့ ရှုရတဲ့ တရားအားထုတ်နည်းနှင့် တရားရှုမှတ်နေကြတာကို အရှင်ဘုရားအနေနဲ့ ဖြစ်နိုင်ရင် မှားသလား/မှန်သလားဆိုတာကို ဖြေရှင်းပေး စေလိုပါတယ် ။ ထိုတရားရှုနည်းကို ကြားခဲ့သည်မှာ သိပ်မကြာလှသေးတဲ့အတွက် နောက်ဆုံးပေါ် latest နည်းတစ်ခု ဖြစ်နိုင်ပါကြောင်း ယူဆမိပါ တယ်။


ဖြေ။ ။ ထိုနည်းကို သူမလောက်သာပြောတာ မဟုတ်သေး၊ အင်္ဂလန်က ဓမ္မမိတ်ဆွေ ဆရာဝန်ကြီး တစ်ယောက်ကလည်း အွန်လိုင်း(0nline) ပေါ်ကနေ နောက်ဆုံးပေါ် တရားနည်းကို ပြောခဲ့ဖူးပါတယ်။

“အရှင်ဘုရား... ဒီဆိုက်မှာ ဖတ်ကြည့်ပါဘုရား”

လို့ဆိုကာ စာရေးသူအား (.....) ဘလော့ဂ်လင့်ခ်တစ်ခု ပေးလိုက်ပါ သေးတယ်။

ထိုတရားအားထုတ်နည်း သာမဟုတ်၊ အခြားနည်းအမျိုးမျိုးတို့အား ဤနည်းကတော့အမှား၊ ဤနည်းကတော့အမှန် လို့ဆုံးဖြတ်ရန် ခက်ခဲလှပါတယ်။ ဒါပေမယ့် ဘယ်တရားအားထုတ်နည်းဖြစ်စေ အမှန်/အမှား ဖြေရှင်းရာ၌ (မှတ်ကျောက်တင် ခံနိုင်ဖို့ရာ) ပုံသေနည်း (နိယာမ)တစ်ခုတော့ ရှိရပါမယ်။

ထိုပုံသေနည်းကား တစ်ခြားမဟုတ် ဘုရားရှင်၏ သတိပဋ္ဌာန်နည်း မူသေစည်းပင်ဖြစ်ပါတယ်။ လောကတွင် တရားနည်းလမ်းများ အမျိုးမျိုးအထွေထွေ ရှိကြပါတယ်၊ ထိုနည်းလမ်းများ၏ အမှား/အမှန် ကို တိုင်းတာချင်တယ်ဆိုရင် သတိပဋ္ဌာန်လေးပါး ပေတံနှင့်သာ တိုင်းတာရပါ့မယ်။

ဘာ့ကြောင့်လဲဆိုရင် သတိပဋ္ဌာနသုတ်တော်တွင် (ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ) ကိလေသာ အညစ်အကြေး ကင်းစင်ဖို့ရာ တစ်ခုတည်းသော လမ်းသည် သတိပဋ္ဌာန်ဟု ဟောထားပါတယ်။

ထို့အပြင် (ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိဓမ္မံ အနမသိတွာ မဂ္ဂါဒိဂမောနာမ နတ္ထိ) ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ သတိပဋ္ဌာန် လေးပါးအနက် တစ်ပါးပါးကို မရှုမှတ်မသုံးသပ်ဘူးဆိုပါက မဂ်ဖိုလ်ကို ရသည် မရှိပါ.. လို့ စာပေအလာ ရှိတဲ့အတွက် သတိပဋ္ဌာန် ပါတဲ့ တရားနည်းလမ်းများသာလျှင် အမှန်ဖြစ်နိုင်ပါတယ် လို့ ယူဆမိပါတယ်။

သတိပဋ္ဌာနသုတ်တော်တွင် ‘ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ’ သွားလျှင်လည်း (သွားသည် ဟူ၍) အပြားအားဖြင့် သိရမယ်လို့ ဆိုထားပါတယ်၊ သွားလျှင် ဘာမျှမဟုတ်ဘူး၊ ဟုဟောကြားထားတာမဟုတ်ပါ၊ သည်လိုဆိုလျှင် ဘုရားရှင် ဟောထားတဲ့ (ဂစ္ဆန္တော ၀ါ ဂစ္ဆာမီတိ ပဇာနာတိ) ကို (ဂစ္ဆန္တောဝါ နတ္ထီတိ ပဇာနာတိ) လို့ ပြင်ရမလိုဖြစ်နေပါတယ်။

(နိသိန္နော ၀ါ နိသိန္နောမီတိ ပဇာနာတိ)ထိုင်လျှင်လည်း (ထိုင်တယ်ဟူ၍) အပြားအားဖြင့် သိရမယ်၊ ( ထိုင်လျှင် ဘာမျှမဟုတ်) ဟူ၍ သိရမည်ဟု မဟောကြားခဲ့ပါ၊ ဘုရားရှင်ဟောတော်မူခဲ့တဲ့(နိသိန္တောဝါ နိသိန္နောမီတိ ပဇာနာတိ) ကို (နိသိန္နောဝါ နတ္ထီတိ ပဇာနာတိ) လို့ ပြင်ရမလိုဖြစ်နေပါတယ်၊

သည်လိုတော့ မဖြစ်နိုင်ပါ၊ ဒါဖြင့် ဘုရားနည်းလမ်းမှ သွေဖီနေတဲ့ ထိုတရားနည်းလမ်းကို အမှန်လို့ ယူဆ၍ မရနိုင်တော့ပါ။

နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော် ကာလက ဖြစ်ခဲ့ပေမယ့် ယခုအချိန်အထိ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်များကို ပိုလို့လည်း နုတ်ပယ်စရာမလိုသလို လိုနေ၍လည်း ထပ်ဖြည့်စရာမလိုပါ၊ တရားတော်က အရှိကိုအရှိအတိုင်း သိမြင်ရမယ်ဆိုတာ ရိုးရိုးရှင်းရှင်းလေးဖြစ်တယ်၊ ဘူတံဘူတတော ပဿတိ၊ အရှိကို အရှိတိုင်းရှုမှတ်ရမယ်လို့ ဟောထားသောကြောင့် ရိုးရိုးလေးပင် အရှိကို အရှိတိုင်းပင် ရှုမှတ်ရုံသာ ဖြစ်ပါတယ်။

ထို့ကြောင့် လောကတွင် ဘာမျှမရှိ၊ ဘာမျှမဟုတ် ဟူသော တရားနည်းလမ်းသည် သဘာဝမကျသော နည်းလမ်းတစ်ခုဟု ယူဆရပါကြောင်းဖြေကြား ပေးလိုက်ရပါတော့ သတည်း။ ။

ဦးကောဝိဒ(မြိတ်)
Read more ...

February 18, 2010

စူနာမီဆရာတော်၊ မိမိနှင့် ဆရာတုတ်ကြီးဆေး, ကြော်ငြာ(ဒေါက်တာတင့်ဦး)

Dr Phyo Wai Kyaw | 9:03 PM | | 14 Comments so far
Sunset_From my archiveImage by fmc.nikon.d40 via Flickr
၂၀၀၅နှင့် ၂၀၀၆ ကြားဟု ထင်ပါသည်။ မိမိ အွန်လိုင်းလောက နှင့် စပတ်သက်မိသည်က စရမည် ထင်သည်။ ထိုစဉ်က ပလန်းနက် ဖိုရမ် တွင် လူသေလူဖြစ် ဦးဥက္ကဋ္ဌ အနွယ်တွေနှင့် ဦးဥာဏအနွယ်တွေ လှုပ်ရှားနေသည်ကို ဖတ်မိရာမှ မိမိမှာ စာရေးချင်စိတ် ပေါ်လာသည်။

သို့သော် ဗမာလို မရိုက်တတ်သည်က တကြောင်း၊ နောက် ပလန်းနက်က ရီဂျစ်စတာ မလုပ်ဘဲ၊ ဒီအတိုင်း ၀င်ဖတ်ရနေတာက တကြောင်းကြောင့် စာမရေးဖြစ်ခဲ့။

နောက် ပလန်းနက်အပျက် ပဒုမ္မာ ပေါ်လာတော့ ရီဂျစ်စတာ လုပ်ရသည့် တူတူ မထူးပါဘူးဆိုပြီး အင်္ဂလိပ်လို စရေးခဲ့သည် ။

မူလ မိမိလေ့လာခဲ့သော ပဋ္ဌာန်းနှင့် ပါဠိတော်အပြင် ထိုအချိန်က နာပြီးဖြစ်သော မိုးကုတ် တရားတော် ၅၀၀၊ www.accesstoinsight.org တို့ အားကိုးနှင့် မိမိ သဘောပေါက်သလောက် တရားတော်များကို စရေးဖြစ်ခြင်းပင် ။

ဦးဥက္ကဋ္ဌ အနွယ်များနှင့် ဦးဥာဏအနွယ်များ ပဒုမ္မာမှာ လှုပ်ရှားနေချိန်မို့  သတိတော့ ထားရပေသည် ။ ထိုအချိန်မှာပင် ကိုကစ်ကားက သူနာနေသော ဘုန်းကြီးတစ်ပါး ရှိသည်ဟု စသတင်းပေးကာ လင့်များပို့လာသည် ။ မိမိကလည်း မိမိနာလျက်စ တရားနှင့် ဖတ်လျက်စ စာနှင့်ပင် မအားသောကြောင့် အေးအေး ဟုပြောပြီး သူပေးသမျှ လင့်များကို ခပ်အေးအေးဘဲ ဖျက်ချနေလိုက်သည်။

ထိုသို့နေရာမှ ၂၀၀၇ ဒီဇင်ဘာတ၀ိုက်ကျမှ ပဒုမ္မာ မိုးကုတ်တရားတော်များ တော့ပစ်တွင် အမေး-ခရစ်ယာန်၊ အဖြေ- အမှန်တရား(စူနာမီဆရာတော်) ဆိုပြီး လာတင်တော့သည် ။ ဒီတော့မှ မဖြစ်ချေဘူးဆိုပြီး သူဟောတာတွေ သွားနားထောင်ရသည့် ဘ၀သို့ ရောက်ရလေတော့သည်။

ခရီးရောက်မဆိုက်ပင် "ဘာမှမဟုတ်ဘူး" ဆိုသည့်တရားနှင့် တည့်တည့် တိုးတော့သည်။ "ကဲ ဘာမှ မဟုတ်တော့ဘူး" ဆိုတော့ ခက်တော့ ခက်သားလား။ သူ့ အခြေအနေကို နည်းနည်း လေ့လာကြည့်တော့ လောက (၃)ပါး၊ (၃၁)ဘုံ ရှိရှိသမျှ ပညတ်တွေဆိုပြီး ပယ်။ သီလ၀ိနည်းကို ပညတ်ဆိုပယ်။ တိပိဋ္ဋကနှင့် တကွ ဘုရားဟော သုတ္တန်တွေကို ပုံပြင်ပါဆိုပြီးပယ်။ အဘိဓမ္မာကို မလိုပါဘူးဆိုပြီးပယ်။

ဒီလိုနဲ့ ဗုဒ္ဓဘာသာ ဘာမှမကျန်တော့တဲ့ ဘ၀ ရောက်ပါလေရော

ဒါကြောင့်

သူ့တရား (ဆိုသည်ကို ) မိမိနှင့်ရင်းသော ကျောင်းထိုင်တစ်ပါး နှင့် စာချဆရာတော် တစ်ပါးတို့ ကို လူကိုယ်တိုင်ပြပြီး လည်းကောင်း၊ ဦးကောဝိဒ (မြိတ်)ကို အွန်လိုင်းမှ တဆင့်လည်းကောင်း မေးပါသည်။ "အခြေအနေ မကောင်းကြောင်းနှင့် အမှားတွေသာ ဖြစ်ကြောင်း" အဖြေရပါသည် ။ သို့ သော် ကိုကစ်ကား မျက်နှာ ရှိနေ၍ သေချာအောင် လုပ်ရန် ဆုံးဖြတ်မိပါသည် ။

ဒါနဲ့  မိမိက မေးလ်နှင့် မေးကြည့်ပါသည်။



ပထမအချက်မှာ

"တရားထိုင်ရာတွင် မြတ်စွာဘုရားက ကူထိုင်ပေးသည်ဟု မရှိ ။ ကျွတ်တမ်းဝင်လိုသူက တရားနာပြီး မိမိဘာသာ အေးရာတွင် တရားထိုင်ရပါသည် ။ ယခုဆရာတော်က တရားကူထိုင်ပေးရသည်ဆိုသည်မှာ ဖြစ်နိုင်ပါ့မလား"



သူ့ အဖြေမှာ

"မြတ်စွာဘုရား ရတာမရတာ ဘုန်းကြီးမသိ ။ ဘုန်းကြီးကတော့ရတယ်" တဲ့။

ဒုတိယအချက်မှာ မြတ်စွာဘုရား ကိုယ်တိုင်လည်း မိမိအနာကို ဆရာဇီဝက အကုသခံသကဲ့သို့ ၀ိနည်းဒေသနာ တော်တွင်လည်း

"လူနာကို ဆေးမကုရဟု" တင်းကြပ် ထားပါသည်။

"အရှင်ဘုရား ဆေးလိုက်ကုနေတာ၊ နောက်ပြီး ဆေးကုလို့ အကုန်ပျောက်တယ် ဆိုတာ ဖြစ်နိုင် ဖြစ်သင့်ပါသလား။"

သူ့ အဖြေမှာ

"မြတ်စွာဘုရား ရတာမရတာ ဘုန်းကြီးမသိ။ ဘုန်းကြီးကတော့ ရတယ်" ဟူ၏။


တတိယအချက်မှာ

"ပဋ္ဋိစ္စသမုပ္ပါဒ်နှင့် လွဲချော်ပြီး ဖြစ်ချင်စိတ်ကြောင့် သတ္တ၀ါဖြစ်တာဘဲ အတိုချုံးထားခြင်းကိုမေးရာ"

"ပဋ္ဋိစ္စသမုပ္ပါဒ်နှင့် တရားတော်တွေက ပညတ်တွေပါ ။ အရေးမကြီးပါ"တဲ့။

ထိုသို့ မေးလျှောက်နေချိန်တွင် သူ့ တရား ၂ပုဒ်ကို အင်္ဂလိပ်ပြန်ပေးပါဟု ခိုင်းလာပါသည်။ ပထမတပုဒ်ကို တော်အောင်ကြည့်ပြီး ဘာသာပြန် ပေးလိုက်သော်လည်း နောက်အပုဒ်တွင် မိဘမရှိ၊ သားသမီးမရှိ၊ ဘာမှမဟုတ်ဘူးလို့ မှတ်ပါဟု ပါလာပါသည်။

ထိုအခါ မိမိကလျှောက်ပါသည် ။

"ထိုတရားအတိုင်း ဟောပါလျှင် ကျိန်းသေ အပါယ်ကျမှာ ဖြစ်ပါသည်။ မိမိ မပြန်ပေးနိုင်ပါ"ဟု လျှောက်သောအခါ "အပါယ်လဲ ဘာမှမဟုတ်ဘူးလို့ မှတ်"ဟု အဖြေပြန်လာပါသည်။

ထို့ ကြောင့် မိမိလည်း ဆက်လက် အဆက်အသွယ် မပြုတော့ဘဲ အေးအေးနေလိုက်ပါသည် ။ သို့ သော် July 2008 ကျတော့ ပဒုမ္မာတွင် တစ်ခါထပ်ပြီး ထပ်ကျော့ ကြော်ငြာဝင်လာပြန်ပါသည် ။

စားရိတ်ငြိမ်းဖြတ်လမ်း စူနာမီ တရားစခန်း ဆိုပြီး လုပ်လာပြန်သောကြောင့် မလွှဲသာသည်နှင့် မိမိက july 2008 စာကို သူ့ ဆိုက်တွင်ရော ပဒုမ္မာမှာရော တင်ပြီး မိမိနှင့် သက်ဆိုင်သူများကို သတိပေးရပါကြောင်း။ ( ထိုကာလအတွင်း ဦးကောဝိဒမြိတ်ထံမှလဲ ဆောင်းပါး ၃ပုဒ်ချီးမြှင့် ခဲ့ပါသည် )

July 2008 တွင် မိမိရေးသည့် စာကို ထပ်ဆင့်ဖော်ပြပေး လိုက်မည်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အားလုံးသော ဓမ္မမိတ်ဆွေများ ခင်ဗျား

ဒီစာကို အလေးအနက်ပြုပြီးဖတ်စေလိုပါတယ် ။ ဒီစာကိုကျွန်တော်ရေးတာမှာ လွဲမှားနေတာကို မြင်စေလိုတဲ့  စေတနာသာရှိပါတယ် ။ ဒီစာဟာ ဦးပဉ္စင်းအောင်အောင်ခေါ် စူနာမီဆရာတော်ခေါ် ဦးဥတ္တမသာရအပေါ်မှာ ပုဂ္ဂိုလ်ရေး မလိုမုန်းထားစိတ် လုံးဝကင်းစင်ပြီး ရေးတယ်ဆိုတာ သစ္စာအတန်တန်ပြုအပ်ပါတယ် ။

မြတ်ဘုရားက ဆရာလုပ်လိုသူသည်

၁)ပိဋ္ဋက ၃ပုံအလုံးစုံကို ခြောက်ခြားမွှေနှောက်နိုင်လျက် မိမိကိုယ်တိုင်လဲ တတ်ပွန် သူတပါးကိုလဲ သင်ကြားနိုင်ရမည် ။

၂)တရားတော်တို့ ကိုလဲ စနစ်မှန်စွာ ဆရာကောင်းထံ ချဉ်းကပ်နိုင်ရမည် ။

ထို ၂ချက်စုံမှသာ ဆရာလုပ်လော့ဟု ပြတ်သားစွာ သတ်မှတ်ပေးထားပါသည် ။ (လောဟိတသုတ္တန်။ ဒီဃနိကယ် ရှု )

နောက်တဖန် ၁၀၀ါမတိုင်မီ ဥပ္ပဇ္ဈာယ်နှင့်မကင်းရာဟု ၀ိနည်းတွင် သေချာစွာညွှန်ကြားထားပါသည်။

နောက်တဖန် အင်္ဂုတ္ထိုရ်ပါဠိ၌ ငါဘုရား မဟောသည်ကို ဟောလေဟန် ၊ငါဘုရားဟောသည်ကို မဟောဟန် ပြုခြင်းသည် ငါဘုရားကို စွပ်စွဲခြင်းမည်သည် ဟု ဆိုထားပါသည် ။ ထိုကြောင့် ထိုစံများနှင့်တိုက်လျှင် ဤဘုန်းကြီးသည် စံမမီသည်ကို သိစေလိုပါသည် ။


အကျင့်သီလကိုစီစစ်ခြင်း
သံဃာ၏ ဂုဏ်သည် သံဃအဖွဲ့ အစည်းကို မဆန့် ကျင်ခြင်းဖြစ်ပါသည် ။ မိမိထက် ၀ါကြီးသော သံဃာ၏ အဆုံးအမ၌ တည်ရပါသည် ။မိုးကုတ်ဆရာတော်ဘုရားသည်ပင် မိမိ၏ နောင်တော် သံဃာတို့ ၏ အဆုံးအမ၌ တည်ပါသည်။ ယခု ဤကိုယ်တော်သည် သံဃမဟာနာယက၏ အဆုံးအမကိုပင် ပစ်ပယ်ထားသည်ဖြစ်ရာ သံဃာဂုဏ်ညှိုးနေပါသည် ။

လေ့ကျင့်မှုကို စီစစ်ခြင်း
မြတ်စွာဘုရားမှစ၍ ဆရာစဉ်ဆက် ကမ္မဋ္ဌာန်းပေးရာတွင် တ၇ားနာပြီးနောက် တော်ရာတွင်မိမိဘာသာ ကျင့်ရပါသည် ။ မြတ်ဗုဒ္ဓ ကိုယ်တိုင်လဲ တရားကူမထိုင်ပေးပါ။ မိမိဘာသာသာ ကျင့်ရပါသည် ။ ကမ္မဋ္ဌာန်းထိုင်ခိုက် နောက်က လိုက်ပြောနေခြင်းသည် Brain wash သာဖြစ်ပါသည် ။

မြတ်စွာဘုရားမှစ၍ သံဃာစဉ်ဆက်သည် ဆေးကုခွင့်မရှိပါ ။ ဆေးသမားဖြစ်ခဲ့သော သံဃာသည်ပင် သံဃာဖြစ်ပြီးနောက် ဆေးကုခွင့် မရှိပါ ။ ဆေးကုလျှင် အာပတ်သို့ သင့်ရောက်ပါသည် ။ ယခု ဤဘုန်းကြီး လူနာအိမ်ဆေးရုံလိုက်ပြီး ရောဂါကုသယောင် ပြုနေခြင်းသည်ကား ဆိုဖွယ်ရာမရှိတော့ပေ ။

ဟောသော စကားတို့ ကိုစီစစ်ခြင်း

သူဟောသောစကားတို့ ကိုစီစစ်လိုက်သောအခါ အားလုံးသော တရားတော်အနှစ်တို့ ကိုပစ်ပယ်၍ ဗုဒ္ဓဘာသာ၏ အခြေခံမျှသာ ဖြစ်သော ကမ္မသမ္မာဒိဋ္ဌိ ၊ ၀ိပဿနာ သမ္မာဒိဋ္ဌိ၊ ဈာနသမာဒိဋ္ဌိ၊ မဂ္ဂသမာဒိဋ္ဌိ၊ ဖလသမာဒိဋ္ဌိ ၊ ပစ္စဝေက္ခဏ သမာဒိဋ္ဌိတို့ ကို ပြက်ရယ်ပြုသကဲ့သို့ ..ဘာမှမဟုတ်၊ ဘာမှမရှိတာ တရားဟု ဟောကြားကာ အတိုချုပ်နေပါသည် ။

ဘာမှမဟုတ် ဘာမမှမရှိဆိုလိုက်ခြင်းသည် စင်စစ် နတ္တိက အယူ ၊ အဟေတုကအယူသာဖြစ်ပါသည် ။ စင်စစ် ပရမတ္ထ သစ္စာ ၄ပါးဖြစ်သော ရုပ် စိတ်စေတသိက်နှင့် နိဗ္ဗာန်တို့ သည် သူ့သဘောသူဆောင်၍ ရှိနေသော အရှိတရားများသာ ဖြစ်ပါသည် ။ သာမန်ပုထုဇဉ်သည် ရုပ်စိတ်စေတသိက်၌်သာ ဥာဏ်ဝင်စားနိုင်ပါသည်။ အရှိတရားဖြစ်သော နိဗ္ဗာန်ကို ပြင်းစွာသော လုံ့ လဖြင့် သီလ၊သမာဓိ၊ပညာဖြင့် ဆောက်တည်အပ်သော မဂ်ဥာဏ်ဖြင့်သာ မျက်မှောက်ပြုနိုင်ပါသည် ။ ၃၁ ဘုံကို ဘာမှမဟုတ် ဘာမှမရှိဟု ငြင်းပယ်လိုက်ခြင်းသည် ပြင်းစွာသော ၀ိဘ၀တဏှာ ကိုသာ ဖြစ်စေ၍ နိဗ္ဗာန်နှင့်မူ အ၀ိစိနှင့် ဘ၀ဂ်မက ကွာလှပေသည် ။

ကြော်ငြာခြင်းကိုစီစစ်ခြင်း

ပထမအချက်မှာ ဆရာတော်များက မကြော်ငြာပါ။ အခမဲ့ တရားထိုင်လို့ ရသည်ဆိုသောအဆိုကိုစီိစစ်သော် ဗမာပြည်တွင်သာမက ကမ္ဘာ ဘယ် ၀ိပသနာ ဋ္ဌာနတွင်မှ အခပေးရရိုးထုံးစံမရှိပါ။ နောက်တဖန်တရားရတယ်၊ ရောဂါတွေ ပျောက်တယ်၊ဆရာတော်ဟာ တပည့်တော်အတွက် ဘုရားပါဘဲ ဆိုသောစာများ တိတ်များကို စီစစ်လိုက်သောအခါ မဂ္ဂဇင်းများတွင် ပါတတ်သော ဆရာ တုတ်ကြီး ဆေးကြောင့် ကျွန်တော့ဖင်က ခွေးဂရင်ဂျီနာ အမြစ်ပြတ်ပါသည် ဆိုသော ကြော်ငြာများနှင့် တူနေပါသည် ။ ထိုကိစ္စမှာ ထိန်းချုပ်မှုမရှိသော လိုင်စင်မဲ့  သူများသာပြုရဲသောကိစ္စဖြစ်ပါသည် ။ သာမန် ဆရာဝန်ပင်လျှင်ထို သို့ တင်လျှင် လိုင်စင်ဖြုတ်နိုင်ပါသည် ။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါး အတွက်မူ ဆိုဖွယ်ရာမရှိပါ။

အထက်ပါအချက်များကိုထောက်၍ စူနာမီဆရာတော် ဦးဥတ္တမသာရ ခေါ် ဦးအောင်အောင်သည် တကယ်တရားရလိုသော ပရိသတ်အဘို့  အာရတီပါပါ ၀ီရတိပါပါ အထူးသဖြင့် ဝေးစွာ ရှောင်ကြဉ်အပ်ကြောင်းနှင့် တကယ်တရားရလိုပါမူ အစဉ်အဆက် ခိုင်မာပြီးဖြစ်သေ ၀ိပဿနာ တရားစခန်းများသို့  ချဉ်းကပ်သင့်ကြောင်း အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

All Dhamma friends
Please read this letter carefully. I swear solemnly that I have no personal Grudge against this MONK .

Critical analysis of quality of a teacher

Lord Buddha said

(1)a teacher should have learnt all tipitaka and .

(2)also practically learnt from a LIVING teacher .Only that person can be a trainer in Vipassana .(About Lohita , Digha nikaya )

And then , in vinaya ,there is an instruction :

" A monk should not stay away his teacher until 10 years of monkhood."

In Angutthora Pali,it was stated that preaching what I have not taught and Ignoring what I have taught means accusing Me . Therefore , this monk is wanting all prerequisites of a teacher .

Critical analysis of Sila

The prime quality of sangha is not practising against the guidance of Sangha . Even Mogoke sayadaw follow the guidance of sangha .This monk is continuing preaching against guidance of sangha . That means he is lacking the prime quality of sangha.

Critical analysis of practice from the beginning of sasana

Everybody needs to practise on his/her own after being guided by teacher . Nobody could have helped with practice . Only technique that is using "voice over " is Brain wash by communist China .According to vinaya , Sangha is not allowed to practise medicine . Even a monk who was an ex doctor is not allowed to treat patients .

Therefore , it is against vinaya that this monk is flitting in and out of hospitals and patients' houses . Critical analysis of his preachings In analysis of preachings . It can be easily seen that this chap is ignorant of even the basics of Buddhism namely " Knowledge of Kamma , knowledge of vipassana, knowledge of Jana, Knowledge of Magga, knowledge of Phala and knowledge of retrospection ".His preaching is just saying "everything is NOTHING ","All is NOTHIG " If you critically analyse this preaching ,then it is quite clear that it is in the domain of Nattika and Aheitukkha.In reality , the 4 real truths namely physical states , Citta , Cetathica and Nibbanna are really existing laws with their own characteristics .

The unenlightened ones can only see physical body, citta and cetathica.Realization of Nibbana need a lot of practice with Sila ,samadi and panna . No short cut to it. By denying existance of Beings , Actually this chap is developing Lust of nonexistance ( vibavha tanna ) which is opposite of Nibanna.


Critical analysis of his adverts

Very first point is real monks never advertise. Advert of free service is also superfluous as not a single centre in this world charge Yogis. And then that adverts fall in the domain of quacks . Even a doctor do such act , he would be stopped from practising immediately . It is clearly so unethical. According to all these facts , it is clear this chap is far far away from Buddhhism and if you want to practise real Vipassana , please go to real vipassana centres .

July 2008
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@




ဒေါက်တာတင့်ဦး

Reblog this post [with Zemanta]
Read more ...

ဖြစ်ရပ်ကထူးဆန်းပါသတဲ့ (ဦးကောဝိဒ-မြိတ်)

Dr Phyo Wai Kyaw | 6:46 AM | | 3 Comments so far
WICKED WITCH Pictures, Images and Photos

တစ်နေ့ စာရေးသူ၏ ကျောင်းပေါ်သို့ လူလတ်ပိုင်း၊ လူကြီးပိုင်း ရောနှောနေသည့် အမျိုးသမီး တစ်သိုက် ရောက်လာကာ စာရေးသူအား ဦးချ ကန်တော့ပါသည်။ သူတို့အနက် အမျိုးသမီးတစ်ဦးက “အရှင်ဘုရား……..ဒီရိပ်သာမှာ နေတာ ကြာပြီလားဘုရား” ဟု စကားစလာရာ စာရေးသူက “ဟုတ်ပါတယ်ဒကာမကြီး” ဟု အထိုက်အလျောက် ပြန်ဖြေခဲ့သည်၊ တဖန်--

“အရှင်ဘုရားက ဒီမှာသီတင်းသုံးတာ ကြာပြီဆိုတော့ တရားအားထုတ်တာလည်း အတော်ခရီးရောက် နေပြီးလားဘုရား”

“ဒီလောက်လည်း မဟုတ်ရသေးပါဘူး ဒကာမကြီး” ဟု ရိုးသားစွာပြန်ဖြေမိပါသည်၊ ထို့နောက်ဆက်ပြောသည်မှာ

“ဒီလိုဆို အရှင်ဘုရားဟာ….တရားအားထုတ်တာ ကြာပြီဆိုတော့ အကြားအမြင်များ ရနေလောက်ပါပြီနော်”…… တဲ့။

သူ့စကားကြားရသည်မှာ စာရေးသူ အလွန်ပင် တုန်လှုပ် သွားခဲ့ပေသည်။ သူတို့ရဲ့ တရားအားထုတ်ခြင်းရဲ့ ရည်ရွယ်သူတို့ ဆန္ဒက အကြားအမြင်ရလျှင် သူတို့ရဲ့ ရှေ့ဖြစ်နောက်ဖြစ်တွေကို ဟောခိုင်းမှာ ဖြစ်သည်။ အကြံကြီးကြပါပေ့……..။

ထိုအကြောင်းကို သဘောပေါက်လိုက်သော စာရေးသူက ဖြတ်လမ်းက လိုက်ချင်ကြသော လူတစ်သိုက်အတွက် နောင်တွင်လည်း အသိတရားရစေရန် ရည်ရွယ်လျှက် --စာရေးသူ ပြောဖြစ်သွားသည့် စကားတစ်ခုကတော့……

“မှန်ပါတယ်၊ ဘုန်းကြီး အကြားအမြင်ရတယ် ဆိုတာ ဟုတ်ပါတယ်” ဟုပြောလိုက်သောအခါ ထိုအမျိုးသမီးများ၏ မျက်နှာများသည် မှိုရသည့်နှယ် ပြုံပျော်ရွှင်နေကြပေသည်၊ သူတို့သိချင်သည် ဆိုသည့် အကြောင်းအရာများကို မေးရတော့မည်ကိုး ……… သို့နှင့် စာရေးသူက

“တစ်ခြားတော့ မထင်လိုက်ပါနဲ့ ဘုန်းကြီး အကြားအမြင်ရတယ် ဆိုတာက တစ်ခြားမဟုတ်ပါဘူး၊ အခု ဒကာမကြီးတို့ ဘယ်နှစ်ယောက် လာတယ် အ၀တ်အစားကဘာအရောင်လို့ မြင်တာ၊ ပီးတော့ ဒကာကြီးတို့ပြောတာတွေ အတိုင်းသား ကြားနေရတာတွေဟာ ဘုန်းကြီးရဲ့ အကြားအမြင်ပဲ"

ဟု ပြောလိုက်သောအခါ ထိုအမျီုးသမီးတစ်သိုက်သည် ထင်သည့်အတိုင်း မဖြစ်လာသည့် အတွက် စိတ်ဆိုးကာ ထွက်ခွာသွားခဲ့ ပါတော့သည်။ ဤကား လူများသည် အကြားအမြင်နောက်ကို ဖြတ်လမ်းက လိုက်ချင်နေကြပုံ ဖြစ်သည်။ ဤ၌ ပြောလိုသည်ကား ထိုအကြောင်းမဟုတ်ပေ။

အွန်လိုင်းပေါ်က မဟုတ်မဟတ် လုပ်ဇာတ်တစ်ခုအကြောင်းကို အဓိကထားပြောလိုပါသည်။

တစ်နေ့ အွန်လိုင်းပေါ်တွင် ဒကာကြီးဦးတင့်နှင့် စာရေးသူတို့ စကားလက်ဆုံ ပြောဖြစ်ပါသည်၊ ဤတွင်ဦးတင့်က -

“ အရှင်ဘုရားကို တွေ့ရတာ အတော်ပဲဘုရား” ၊

“ဆိုပါဦး………ဦးတင့်”၊

“တပည့်တော် အရှင်ဘုရားကို ပြစရာရှိတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ ဆရာတော် ဦးဥတ္တမသာရ ရဲ့ ၀က်ဘ်ဆိုက်မှာ ထူးဆန်းတဲ့ အကြောင်းတစ်ခု ဖတ်လိုက်ရပါတယ် ဘုရား…….တပည့်တော် အရှင်ဘုရား ဖတ်လို့ရအောင် ကော်ပီကူး ပေးလိုက်ပါ့မယ် ဘုရား” ဟုဆိုကာ ကော်ပီးလိုက်တဲ့အတိုင်း လိုရင်းလောက်သာ ဖေါ်ပြပေးလိုက်ပါသည်။

http://realenlightenment.org/experiences/bur.htm

@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @@ @
-မသေခင်ကလို ပျော့ပျောင်း နေပါသည်။ သေဆုံးသည့်နေ့မှာပင် တပည့်တော်တို့သား အဖသုံးယောက်သည် ရေလုံအိုးခွဲခြင်း စသည့်မိရိုးဖလာများ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး မီးသင်္ဂြိုဟ် လိုက်ပါသည်၊ မီးသင်္ဂြိုဟ်ပြီး အပြန်တွင် မိုးကုတ်ယောဂီ ဒေါ်အုန်းကြည်ထံ သွားရောက် မေးမြန်းရာ ဒေါ်စောနုသည် သေခါနီးတွင် ပြိတ္တာများ လာခေါ် ကြောင်း တရားသံအတိုင်း ပျက်တယ်လို့ နှလုံးသွင်းလိုက်ရာ ပြိတ္တာများ သေးသေးလေးတွေဖြစ်ပြီး မြေ ကြီးထဲ ၀င်သွားကြောင်း ဆက်ပြီးပျက်တယ်၊

မရှိဘူးဟု နှလုံးသွင်းရာ ယာဉ်ရထားကြီး ပေါ်လာကြောင်း သားသမီးတွေကို တွေးလိုက်တော့ ရထားကြီး ပျောက်သွား ကြောင်း နားကကြားနာနေရသည့် တရားသံအတိုင်း ပေါ်သမျှကို ပျက်တယ်၊ မရှိဘူးဟု ပြန်နှလုံးသွင်း ဖျက်ပစ်လိုက်တော့မှ ရထားကြီးပြန်ပေါ်လာပြီး အပေါ် ရောက်ရောက်ချင်း မိမိ၊ သူ တစ်ပါးခန္ဓာတွေကို ကြည့်လိုက်ရာ ကြားနာနေရသည့် တရား အတိုင်းအပျက်တွေသာ တွေ့ရပြီးနောက် တစ်ခါတည်း တရားထူး ရသွားကြောင်း သုတိသာဘုံတွင် နတ်သမီးဖြစ်သွားကြောင်း၊ ဆရာတော် အရှင်သူမြတ်ကို ကန်တော့ ကြောင်း၊ ကျေးဇူးကြီးမားကြောင်း ပြောသည်ကိုပါသိရသဖြင့် ၀မ်းနည်းရမည့်အစား ၀မ်းသာရပါသည် ဘုရား။

(ဒေါ်စောနု၏ အမျိုးသားဦးလှမြင့်၊ လက်ထောက် အထွေထွေမန်နေဂျာ(ငြိမ်း)ကုန်သွယ်လယ်ယာ၊ ရန်ကုန်ရုံးချုပ်)က ရေးသားပေးသောစာ ဖြစ် ပါသည်။

@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @@ @

ထိုစာပုဒ်ထဲတွင် ဒေါ်စောနု၏ သေခါနီး တရားထူးရပြီး တုသိတာနတ်ပြည်တွင် နတ်သမီးဖြစ်နေသည် ဟူသော စကားရပ်တွင် လူတစ်ယောက် တရားထူးရပြီး နတ်ပြည်ရောက်သည့် အကြောင်းကို အကြားအမြင်ရ ဗေဒင်ဆရာမ တစ်ဦးသာဖြစ်သည့် (မိုးကုတ်)ယောဂီ ဒေါ်အုန်းကြည်ဆိုသူက သူ့ရဲ့အကြားအမြင်နဲ့ ပြောကြောင်း ထင်ရှားနေပါသည်။ ထိုအကြောင်းကို သာမာန်လူ မဆိုထားနှင့် အရိယာ ဖြစ်တော်မူကြသည့် သောတာပန်၊ သကဒါဂါမ်၊ အဘိဥာဉ်မရတဲ့ အနာဂါမ်တို့တောင် မသိမမြင်နိုင်သည့် ကိစ္စဖြစ်ပါသည်၊ ထိုသို့ဖြစ်ပါလျှက် ဗေဒင်ယောင်ယောင် နတ်သူငယ်ယောင်ယောင် အကြားအမြင်ရသည်ဆိုသည့် ဒေါ်အုန်းကြည်(ယောဂီ)က ဒေါ်စောနု တရားထူးရပုံ နတ်ပြည်ရောက်ပုံကို သိသတဲ့။ ဆန်းလိုက်ပါဘိ။

လောကတွင် ဆန်းပြားလွန်းလျှင် မရိုးတော့သည်ကို သတိထားသင့်ပေသည်၊ ယခုဖြစ်ရပ်တွင်လည်း ဆန်းပြားနေ၍ မရိုးသားသောအသွင်ကို ဆောင်နေသည်မှာ သဘာဝပဲပေါ့၊

ဤတွင် သူတို့ရဲ့ဇာတ်လမ်းခိုင်မာဖို့အတွက် အကြားအမြင်ရ ဒေါ်အုန်းကြည်မှာ အဓိကဇာတ်ဆောင် ဖြစ်နေချေသည်၊ ဘာကြောင့်တုန်းဆိုရင် သူပြောမှ ထူးဆန်းသည့်ဖြစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ပါသည်၊ သည်အကြောင်းနှင့်ပတ်သက် ၍ သမာန်လူများတောင် မမြင်နိင်သည့် ကိစ္စကို ဒေါ်အုန်းကြည်က သိသည်ဆိုလျှင် ဒေါ်အုန်းကြည်သည် ဧကန္တ ရဟန္တာ ဖြစ်နေလောက်သည်မှာ သေချာနေသည်၊ ရဟန္တာဖြစ်လျှင် လူဘ၀တွင် အကြာကြီးမနေနိုင် အလွန်ဆုံး ခုနှစ်ရက်ပဲနေနိုင်သည်၊ ထိုသို့ဆိုလျှင် ဒေါ်အုန်းကြည်၏ ရဟန္တာဖြစ်မှုသည် ထူးဆန်းနေ၍ မရိုးသားတော့သည်မှာ သေချာနေပေသည်။

ဤဖြစ်ရပ်သည် အမှန်စင်စစ် သူတို့ ရဟန္တာတစ်မျှ ကြည်ညိုနေသည့် ဦးဥတ္တမသာရအား သူ့တပည့်များက မြောက်ပေးချင်သည် (အရောင်တင်ပေးချင်ကြသည်)မှာ မဆန်းပါဘူး။ အမှန်စင်စင့် တပည့်မှားလျှင် ဆရာကပြင်ပေးရမှာ ဖြစ်သည်၊ သို့သော် ဆရာသမားကိုယ်၌က သူ့ရဲ့ဝါဒကို ကြည့်ပါဦး၊ လောကကြီးမှာ ဘာမှမရှိဘူး၊ဘာမှမဟုတ်ဘူး ဆိုတဲ့ဝါဒ ဖြစ် ပါသတဲ့…….၊ ထိုဝါဒသည်အစတွင် အကြောင်းအရာမှန်သမျှ ပျက်ရသည်ချည်းပါ ဆိုတာကတော့မှန်ပါတယ် ၊သို့သော် ထိုဆရာတော်သည် ပျက်ရာကနေ နောက် ဘာမှမရှိဘူးဆိုသည့် (နတ္ထိက)၀ါဒဖြစ်လာသည်ကို သတိထားမိဟန်မတူပေ။

တွေးမိသည်မှာ လောကကြီးတွင် ဘာမှမဟုတ်ဘူးဆိုလျှင် လောကကြီးတောင်မှ ဖြစ်လာနိုင်စရာမရှိပေ။ ဘာမှမဟုတ်ဘူး ဆိုမှတော့ ထိုဆရာတော်ဟာလည်း ဘာမှမဟုတ်ဘူးဆိုတဲ့ နယ်ထဲကနေ မွေးလာခြင်းဖြစ်မည်၊ ထို့ကြောင့် ထိုဆရာတော် ဟာလည်း ဘာမှမဟုတ်ဘူးဆိုတာ အထက်ပါ ဖြစ်ရပ်ဖြင့် သက်သေပြနေပေသည်။

ထိုဆရာတော်သည် ရဟန္တာတစ်မျှ ဖြစ်နေသည်ဟု ပြောဆိုသော်လည်း သူ့ရဲ့ဝက်ဆိုက်တွင် အကြားအမြင်ဗေဒင်ဆရာက လူများ တရားထူးရတာ သိတဲ့အကြောင်းကို ဖေါ်ပြထားခြင်းဖြင့် ထိုဆရာတော်ရဲ့ အဆင့်အတန်း သည်လည်း ဘာမှမဟုတ်သေးသည်ကို စာဖတ်သူများ ခန့်မှန်းမိကြပေလိမ့်မည်။

နောက်ဆုံးပြောလိုသည်မှာ

လောကမှာ ယုံကြည်တိုင်းသောအရာများသည် အမှန်တရားများဟု မဆိုနိုင်ပါ။

သို့သော် အမှန်တရားတိုင်း ကိုတော့ လက်ခံ ယုံကြည်ရမည် ဖြစ်ကြောင်း ရေးသားလိုက်ရ ပါတော့သတည်း။ ။

ဦးကောဝိဒ(မြိတ်)Saturday, June 28, 2008
Read more ...

February 17, 2010

ဘာသာပြန်အလွဲများ (အရှင်ကောဝိဒ-ယော)

Dr Phyo Wai Kyaw | 9:38 AM | | | Be the first to comment!

Cloister, Glasgow UniversityImage by _skynet via Flickr

၁.၁၀.၂၀၀၈-နေ့တွင် မြန်မာနိုင်ငံ၌ ပထမဆုံးနှင့် တစ်ခုတည်းသော အဘိဓမ္မာ တက္ကသိုလ်ကြီး ကို စတင် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်တွင်းပြည်ပမှ အဘိဓမ္မာ လေ့လာ သင်ယူလိုသူများအတွက် အဘိဓမ္မာ မူရင်းကျမ်း ကြီးများကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချပေးသွားမည် ဖြစ်ပါသည်။

၎. ၁၀. ၂၀၀၈- နေ့တွင် ၄င်းတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသသည် ဖွင့်ပွဲအထိမ်းအမှတ် အထူးတရားပွဲ အဖြစ် ` ဘ၀နှင့် ဘ၀နိရောဓ တရားတော်´ ကို ဟောကြားတော် မူပါသည်။ ၄င်းတရားတော်မှ မိမိတို့ သတိပြု ဆင်ခြင်သင့်သော ဆရာတော်၏ ကိုတွေ့ဖြစ်ရပ် ဟောကြားချက်များကို စာဖတ်သူများအား မျှဝေလိုပါသည်။ ဒီနေရာမှာ ( Interpretation problem) ပေါ့။ ဗုဒ္ဓရဲ့ သာသနာတော်မှာလည်းပဲ တရားနဲ့ပတ်သက်ပြီးတော့ အငြင်းပွားမှုတွေ ပေါ်လာတာရှိတယ်။ ဘုန်ကြီးတို့ ဂျာမနီသွားတော့ မြူးနစ်မှာ ဗုဒ္ဓဘာသာကို လေ့လာနေတဲ့ အုပ်စုတစ်စု ရှိတယ်။ အဲဒီအုပ်စုကို ဘုန်းကြီးတစ်ပါးက ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီးတော့ ဘာဟောထားသလဲ ဆိုတော့ `ပဋိစ္စသမုပ္ပါဒ်ဟာ အတိတ်၊ အနာဂတ်၊ ပစ္စပ္ပါန်ဆိုတဲ့ ဘ၀သုံးခုကို ရှင်းပြတဲ့ ဒေသနာ မဟုတ်ဘူး။ ပဋိစ္စသမုပ္ပါဒ်ဟာ ဒီဘ၀နဲ့သာဆိုင်တယ်။ အတိတ်နဲ့လဲ မဆိုင်ဘူး၊ အနာဂတ်နဲ့လဲ မဆိုင်ဘူး။´ လို့ ဘုန်းကြီးတစ်ပါးက ဟောထားတယ်။ ဗမာဘုန်းကြီးတော့ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံက ဘုန်းကြီးတစ်ပါးပါ။ အဲဒီဘုန်းကြီးရဲ့ တပည့်တွေပေါ့။ သူတို့က ပဋိစ္စသမုပ္ပါဒ်ဟာ အတိတ်မပါဘူးလို့ ယူဆကြတယ်။ သို့သော် ပဋိစ္စသမုပ္ပါဒ်ဆိုတာဟာ သံသရာကို ရှင်းပြတာ ဖြစ်တာကြောင့် ပစ္စုပ္ပန်ဘ၀ တစ်ခုတည်းဆိုရင် သံသရာ မဖြစ်တော့ဘူး။ ပစ္စုပ္ပန်ဘ၀ တစ်ခုတည်းဆိုရင် အကြောင်းတရားလဲ ပြတ်နေတော့မှာပေါ့။ အဲဒါကြောင့်မို့လို့ ဘုန်ကြီးတို့ ထေရ၀ါဒ ယူဆချက်၊ ထေရ၀ါဒ တရားတော်တွေ အရဆိုလို့ရှိရင် စတုသင်္ခေပ- လေးပုံ ပုံပြီးတော့ ဟောထားသာ။ ပဋိစ္စသမုပ္ပါဒ်ဟာ အလွှာလေးထပ်၊ အပိုင်းလေးပိုင်း ရှိတယ်။ ပထမပိုင်းက အတိတ် အကြောင်းကို ဟောတယ်။ ဒုတိယပိုင်းက ပစ္စပ္ပန် အကျိုး တရားကို၊ တတိယပိုင်းက ပစ္စပ္ပန် အကြောင်းတရားကို၊ စတုတ္ထပိုင်းက အနာဂတ် အကျိုးတရားကို ဟောတယ်။ ဒီလိုအပိုင်း လေးပိုင်းနဲ့ သုံဘ၀ကိုရှင်းပြတဲ့၊ သံသရာကို ရှင်းပြတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာကို ( Interpretation) လုပ်ပြီးတော့ `ပဋိစ္စသမုပ္ပါဒ် ဒေသနာဟာ အတိတ်နဲ့လဲ မဆိုင်ဘူး၊ အနာဂတ်နဲ့ လဲမဆိုင်ဘူး၊ ပစ္စပ္ပန်သာလို့´ ဒီလိုဟောပြောမှုတွေဟာ အခုအချိန်ခါမှာ ပေါ်နေတယ်။ ဒီလိုပေါ်ရတာ ဘာကြောင့် ပေါ်လာရသတုံးဆိုတော့ ဗုဒ္ဓရဲ့ စာပေကျမ်းဂန်နဲ့ ပတ်သက်ပြီးတော့ ကျေကျညက်ညက် လေ့လာခြင်း မရှိလို့- လို့ ဒီလိုပြောရမယ်။ ကျကျနနသင်ဖို့၊ နားလည်အောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

နောက်ပိုင်းမှာ ဒီလိုပြဿနာတွေ မြောက်မြားစွာ တက်လိမ့်မယ်။ အခုဆိုရင် ပိုဆိုးတယ်။ အင်တာနက်တွေ၊ ၀တ်ဘ်ဆိုက်တွေ ပေါ်လာတဲ့ အခါကျတော့ ဟိုလူကလဲ ဗုဒ္ဓဇင်းဆိုပြီးတော့ ကောက်တင်လိုက်၊ ဒီလူကလဲ ဗုဒ္ဓဇင်းဆိုပြီး ကောက်တင်လိုက်နဲ့။ ပြီးတော့ ဗုဒ္ဓဇင်း မဟုတ်ဘူး၊ ကိုယ့်ရဲ့အတွေးအခေါ်တွေချည်းပဲ။

ဒီဗုဒ္ဓဘာသာ ဗုဒ္ဓရဲ့ တရားတော်အစစ်ကို ကြည့်ချင်လို့ရှိရင် ထေရ၀ါဒ ပိဋကတ် မူရင်းပါဠိကိုလေ့လာ၊ မူရင်းကို လေ့လာနိုင်ရမယ်၊ လေ့လာဖို့ ကြိုစားရမယ်။ အဲဒါ မလေ့လာဘဲနဲ့ အပေါ်ယံစာတွေ ဖတ်ပြီတော့ ဗုဒ္ဓဇင်းလို့ ခေါင်းစဉ် တပ်ထားတဲ့ စာအုပ်တွေ ဖတ်ပြီဆိုရင်တော့ မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ တော်တော်ကို များတယ်။

ဇူလိုင်လတုန်းက စင်ကာပူကို သွားပြီးတော့ အဘိဓမ္မာသင်တန်း ပို့ချတော့ ဒကာတစ်ယောက်က အင်တာနက်ကနေပြီး (DOWNLOAD) လုပ်ထားတဲ့ ဆောင်းပါးတစ်ခုကို လာပေးတယ်။ ပေးပြီးတော့ ဆရာတော်တဲ့ အဲဒီအမေး တပည့်တော်ကို ဖြေပေးပါတဲ့။ အဲဒီမှာ အင်တာနက်ထဲမှာ ဘုန်းကြီးတစ်ပါးက ဘာရေးထားသတုံးဆိုတော့ သုတ္တန်တွေကို ကိုးကားပြီးတော့ သူက သောတာပန်မဖြစ်ဘဲနဲ့ သကဒါဂါမ် ဖြစ်လို့ရတယ်တဲ့။ အနာဂါမ်လဲ ကျော်ဖြစ်လို့ရတယ်၊ ရဟန္တာလဲ ကျော်ဖြစ်လို့်ရတယ်တဲ့။ သောတာပန်ဖြစ်စရာ မလိုဘူးတဲ့၊ တစ်ခါထဲတန်းပြီး အနာဂါမ်ဖြစ်လို့ ရတယ်တဲ့။ ဘုရားတရားတော်ကို ဖားခုန်သလို ခုန်လို့ဘယ်လိုလုပ်ရမလဲ။ အဲဒါကို အကိုးအကားရှိရင် ဆရာတော် တပည့်တော်ကို အမိန့်ရှိပါတဲ့။ အဲဒါဖြစ်နိုင်-မဖြစ်နိုင် ဆိုပြီးတော့၊ အဲဒါ အင်တာနက်ထဲမှာ ရှိတယ်။ သူရည်ညွှန်းတဲ့ သုတ်တွေက ဥဂ္ဂသုတ်ကို ရည်ညွှန်းတယ်။ အဲဒီဥဂ္ဂသုတ်က ဒကာက သူပြောတာ သူဟာတဲ့ - သြရမ္ဘာဂိယ သံယောဇဉ် ၅-ပါးကို ပယ်ထားတဲ့ အနာဂါမ်ပုဂ္ဂိုလ်ပါလို့ ပြောတော့ သူ့ကိုသူ အနာဂါမ် တန်းဖြစ်တယ်လို့ သူက ယူဆတယ်။ မဟုတ်ဘူးလေ။ သူ့ ( POSITION) သူပြောတာ ဒါက။ ဒေါက်တာဘွဲ့ရထားတဲ့ လူတစ်ယောက်က သူလေးတန်းအောင်ပါတယ်လို့ ဘယ်ပြောပါ့မလဲ။ အမြင့်ဆုံးဘွဲ့ပဲ ပြောမှာပေါ့ ။ အခုလဲ သူသောတာပန်ဖြစ်တာ ဘယ်ပြောပါ့မလဲ။ သကဒါဂါမ်ဖြစ်တာ ဘယ်ပြောပါ့မလဲ။ သူအခုရောက်နေတဲ့ အဆင့်ကို ပြောမှာပေါ့။ အဲဒါကို( INTERPRET ) လုပ်တဲ့သူက ဘယ်လို ပြောသလဲဆိုတော့။ သောတာပန်၊ သကဒါဂါမ် မဖြစ်ဘဲနဲ့ အနာဂါမ် ဖြစ်လို့ရတယ်ပေါ့ ဒီသုတ်ကို ကြည့်ဆိုပြီးတော့။ အဲဒီလို ပြဿနာမျိုးတွေ ဒီခေတ်မှာ တော်တော်များလာလိမ့်မယ်။
နောက်ပြဿနာတက်စရာ တစ်ခုရှိသေးတယ်။ သြကန္တသံယုတ်ထဲမှာ မြတ်စွာဘုရား ဟောထားတာက POSSIBLE-IMPOSSIBLE ကိုဟောတာ။ ဆိုပါစို့၊ သောတာပတ္တိမဂ်ကျပြီးရင် ဖိုလ်ဟာ DEFINITELY; SURELY။ သူက တစ်ခါတည်း လာမယ်ဆိုတာကို မြတ်စွာဘုရားက ဟောချင်တာ။ ဟောတဲအခါမှာ ဘယ်လိုဟောတုံးလို့ ဆိုလို့ရှိရင် သောတာပတ္တိ မဂ်စိတ်ကျပြီးတဲ့ နောက်မှာတဲ့ ဒီပုဂ္ဂိုလ်ဟာ ဒီကြားထဲ ဘယ်တော့မှ မသေနိုင်ဘူး။ သောတာပတ္တိဖိုလ်မကျဘဲ ဘယ်တော့မှ မသေဘူး ပြောတာ။ အဲဒီတော့ ဘယ်လိုတွေ တွေးတုံးဆိုလို့ရှိရင် ဒီမဂ်စိတ်ကျထားတာ ဟိုးလွန်ခဲ့တဲ့ လေးငါးနှစ်ကတဲက ကျထားတာ။ ဖိုလ်မကျ သေးဘူး။ နောင်လေးငါးဆယ်နှစ်ကြာမှ ဖိုလ်စိတ်ကျမယ် - လို့ ဒီလိုပြောတဲ့ပုဂ္ဂိုလ်က ရှိသေးတယ်။ အဲဒါကိုကြည့်။

မဂ်စိတ်နှင့် ဖိုလ်စိတ်ဆိုတာ ကပ်ပြီးတော့နေတာ။ ချက်ချင်းပဲ အကာလိကော- ဆိုတာ အဲဒါပြောတာ။ ခု မဂ်စိတ်ဖြစ်။ နောက်ကဖိုလ်စိတ် ကပ်ပြီးတော့ ဖြစ်သွားတာ။ ချက်ချင်း အကျိုးပေးတာကို အကာလိကော။ အချိန်မဆိုင်းဘူး၊ မဂ်စိတ်ပြီးတာနဲ့ ဖိုလ်စိတ်က အနန္တရသတ္တိနဲ့ ကျေးဇူးပြုတာ ကြားထဲမှာ ဘာမှမခြားဘူး။ သို့သော် မြန်မာပြည်မှာတောင် တစ်ခါကြားလိုက်သေး တယ်လေ။ သူ သောတာပတ္တိမဂ် ကျနေတာ ကြာပြီတဲ့။ ဖိုလ်မကျသေးလို့ ဆိုင်းနေတာတဲ့။ ဖိုလ်ဘယ်တော့မှ ကျမှာမဟုတ်ဘူး။ အဲဒါမျိုးတွေ။

အဲဒီတော့ အဘိဓမ္မာဟာ ကြိုးစားပြီးတော့ သင်ထိုက်ပါတယ်။ အဘိဓမ္မာ မတတ်ဘူးဆိုလို့ရှိရင် မှားမှားယွင်းယွင်းတွေ မြောက်မြားစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုထိုသုတ္တန် ပါဠိတော်တွေကို သာမန်ကာလျှံကာ အပေါ်ယံကြည့်ပြီးတော့ ဆိုလို့ရှိရင် မှားယွင်းတဲ့ အယူအဆတွေ၊ မှားယွင်းတဲ့ ဘာသာပြန်ဆိုမှုတွေ ဒါမျိုးတွေဟာ သာသနာတော်နောက်ပိုင်းမှာ အန္တရာယ်ကြီးစွာ ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။

ဒါ့ကြောင့်မိုလို့ အခုဒီိလို အဘိဓမ္မာမဟာသိပ္ပံ ဖွင့်ပြီးတော့ ဒီအဘိဓမ္မာ တရားတော်ကို မူရင်းကျမ်းကြီးတွေကို ဒီလို လေ့လာရတယ်ဆိုတာ အင်မတန်မှကောင်းတဲ့ အခွင့်အရေးကြီး တစ်ခု၊ တခြားနိုင်ငံတွေတောင်မှ မရနိုင်တဲ့ အခွင့်အရေး ကြီးတစ်ခု၊ အခုမြန်မာပြည်မှာ ပေါ်လာတယ်ဆိုတာ အလွန့်အလွန်ကို ၀မ်းသာစရာကောင်းတဲ့ အချက်တစ်ခုပါ။
သာသနာအဓွန့်ရှည်ဖို့အတွက် လူတိုင်းဟာ အသိဥာဏ်ရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေနဲ့ ပတ်သက်ပြီး မိမိတို့ လက်လှမ်းမမီသေးလို့ရှိရင် သိတဲ့ပုဂ္ဂိုလ်ကို မေးဖို့လိုတယ်။ လေ့လာဖို့၊ ဆွေးနွေးဖို့ လိုသေးတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကိုယ်ထင်ရာ စွတ်လိုက် လို့ရှိရင်တော့ မိစ္ဆာဒိဋ္ဌိ ဖြစ်ဖို့ရာ အင်မတန်မှနီးတယ်။

အထက်ပါ ဆရာတော်၏ ဟောထားချက်များကို စာရေးသူ ထောက်ခံရေးသား လိုပါသေးသည်။ ဆရာတော်၏ ဟောထားချက်များတွင် အဓိက အချက်များမှာ။
(၁) ပဋိစ္စသမုပ္ပါဒ်ကို မှားယွင်းဖွင့်ဆိုမှု၊
(၂)အင်တာနက်တွင် မိမိ၏ ၀ါဒများကို ဗုဒ္ဓ၀ါဒဟု အမည်တတ်ကာ ရေသားမှု၊
(၃) မဂ်ဉာဏ် ဖိုလ်ဉာဏ်များ ခုန်ကျော်၍ဖြစ်မှု၊
(၄) မဂ်စိတ်ဖြစ်ပြီး ကာလကြာမှ ဖိုလ်စိတ်ဖြစ်မှုတို့ ဖြစ်ပါသည်။

၁။ ပဋိစ္စသမုပ္ပါဒ်ကို မှားယွင်းစွာဖွင့်ဆိုမှု။
ပဋိစ္စသမုပ္ပါဒ်ကို တစ်ဘ၀ထဲနှင့်သာ ဆိုင်သော ဒေသနာအဖြစ် ယူဆကြသည်မှာ ယခုခေတ်တွင်မှ မဟုတ်ပါ။ အနောက်တိုင်းသားများ ပါဠိဘာသာကို ရှေးဟောင်းစာပေတစ်ခု အဖြစ်လေ့လာကြကာ ဗုဒ္ဓအကြောင်း၊ ဗုဒ္ဓ၀ါဒအကြောင်းများကို မိမိတို့ ထင်ရာမြင်ရာ အလျင်စလို ကောက်ချက်ဆွဲ ရေးသားကြရာမှ စတင် ဖြစ်ပေါ်ခဲ့သော အယူအဆ ဖြစ်၏။ ဦးအေးမောင်၏ `ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ စာအုပ်တွင် ဤသို့ပြဆိုထား၏။

…… `` ယခုခေတ် အိန္ဒိယပညာရှင်တစ်ဦးကမူ ပဋိစ္စသမုပ္ပါဒ်သည် လူ့ဘ၀ခရီး၌ ကြုံတွေ့ရသော အဖြစ်အပျက်များကို ဖော်ညွန်းသည် ဆို၏။ သူ၏အလိုအားဖြင့် အ၀ိဇ္ဇာသည် မျက်မှောက်ဘ၀အစ၌ လူ၏မသိမှုဖြစ်၍ ၀ိညာဏသည် ပဋိသန္ဓေ၀ိညာဏ်မဟုတ်ဘဲ ဝေဒနာစေတသိက်နှင့် ဆိုင်သော အာရုံကိုသိမှု ဖြစ်၏။ `(P.D. MEHTA; EARLY INDIAN RELIGIOUS THOUGHT) ကို ညွှန်းသည်။

``အချို့ကမှု ပဋိစ္စသမုပ္ပါဒ်ကို လူသတ္တ၀ါ၏ မူလအစကို ပြသော တရားဖြစ်အောင် အဓိပ္ပာယ် ဖွင့်ဆိုလိုကြ၏။ ဥပမာ-ပညာရှင်တစ်ဦးက အ၀ိဇ္ဇာသည် အမိဝမ်းတွင်း၌ သန္ဓေသား၏ ဘာမျှမသိသေးသော ဘ၀ကို ပြသည်။ လူသည် မွေးဖွား၍ ပတ်ဝန်းကျင်၏ ပြုပြင်စီရင်မှု (သင်္ခါရ)ဖြစ်ပေါ်လာသည်´ ဟုပြန်ဆိုခဲ့၏။ (H,KERN: MANUAL 0F BUDDHISM) ကိုညွှန်းသည်`` (ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ၊ စာ-၁၄၅-၆)

အထက်ပါယူဆချက်များသည် ဗုဒ္ဓ၀ါဒီတို့၏ ယူဆချက်များနှင့် မတူကြောင်း ၄င်းဆရာကိုတိုင် ဆက်လက် ပြဆိုထားသည်မှာ -

`ဤသို့ အချိုသော အနောက်တိုင်း ပညာရှင်တို့သည် ပဋိစ္စသမုပ္ပါဒ်တရား၌ လူသတ္တ၀ါ၏ တစ်ဘ၀တည်း ဖြစ်စဉ်ကို ရှုမြင်ကြစေကာမူ ထေရ၀ါဒနှင့် အခြားဗုဒ္ဓ၀ါဒ ဂိုဏ်းအားလုံးသည် ဘ၀သံသရာ ကျင်လည်မှုကိုပြသော တရားအဖြစ်ဖြင့် သိမြင်နားလည်ကြ၏။ `(၄င်း၊ စာ-၁၄၆)

ထိုသို့ သိမြင်နားလည်ကြသူများတွင် ဗုဒ္ဒနှင့် ဗုဒ္ဓ၀ါဒအကြောင်း ရေးသားထားသော ကျမ်းဆရာပါပါသလော ဟူငြားအံ့၊ သူ၏ မှတ်ချက်ကို ဆက်ကြည့်ပါ။

`သို့ရာတွင် အကယ်၍ ပဋိစ္စသမုပ္ပါဒ်သည် လူသတ္တ၀ါတို့ ဘ၀သံသရာ ကျင်လည်ပုံကို ရှင်းပြသော တရားဖြစ်ပါက ထိုတရားနှင့်စပ်လျဉ်း၍ စဉ်စားဖွယ်များရှိ၏။ ဥပမာ-အဘယ်ကြောင့် အလယ်ဘ၀ထဲသို့ ဘ၀၊ ဇာတိ၊ ဇရာ၊ မရဏတို့ကို မထည်သွင်းပါသနည်း။ အ၀ိဇ္ဇာနှင့် သင်္ခါရကို အဘယ်ကြောင့် ရှေးဘ၀၌သာ ဖော်ပြ၍ အလယ်ဘ၀တွင် မပြဆိုပါသနည်း။ နာမရူပ၊ သဠာယသနစသည် တို့ကို အဘယ်ကြောင့် အလယ်ဘ၀၌သာ ပြထားပါသနည်း။ တဏှာ၊ ဥပါဒါန်နှင့် ဆင်းရဲဒုက္ခသည် အမြဲ ဒွန်တွဲနေသော တရားများဖြစ်လျက် အဘယ်ကြောင့် ဥပါဒါန်၏နောက်၌ ဒုက္ခသည် ကပ်၍ လိုက်မလာဘဲ ဘ၀နှင့် ဇာတိကို ပြထားပါသနည်း-စသည်ဖြင့် စဉ်စားဖွယ်ရာများရှိ၏။

`ဤသို့ ဗုဒ္ဓ၀ါဒီတို့ သိရှိနားလယ်သော ပဋိစ္စသမုပ္ပါဒ်သည် ရှေ့နောက်မညီ ညွှတ်သော အချက်များ ပါရှိသောကြောင့် အချို့သော အနောက်တိုင်း ပညာရှင်တို့က ဗုဒ္ဓဃောသဆရာ၏ ဖွင့်ဆိုရေသားချက်ကို မကျေနပ်ဘဲ အမျိုးမျိုး အဓိပ္ပါယ်ပြဆိုနေကြခြင်း ဖြစ်၏။

`စင်စစ် ထိုပဋိစ္စသမုပ္ပါဒ်သည် ဗုဒ္ဓဟောသော မူလပထမတရား ဖြစ်ပါ၏လောဟု သံသယဖြစ်ဖွယ်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ပါဠိပိဋကတ်စာပေ၌ အင်္ဂါ ၁၂-ပါးနှင့် မပြည့်စုံသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တော်များများကို ကျွန်ုပ်တို့ တွေ့ရပေသည်။´
(၄င်း၊ စာ-၁၄၇-၇)

ဤသို့လျှင် မိမိကိုယ်တိုင်လည်း ကျမ်းကြည့်ထက် ကျမ်းညှိခက်ဆိုသလို ကျမ်းပေါင်းများစွာကြည့်နိုင် ကိုးကားနိုင်သည်ကို ဂုဏ်ယူပြီး ညှိနှိုင်း ဆင်ခြင်နိုင်သော ဥာဏ်စွမ်း မရှိသောကြောင့် လည်းကောင်း၊ ကျမ်းအတက်ကျော် ဆရာတော်များကို ဆည်းကပ်နည်းယူ လောက်အောင်လည်း မယဉ်ကျေးသောကြောင့်လည်းကောင်း၊ မိမိ၏ ထင်ရာစိုင်းတတ်သော ဉာဉ်ကိုပင် ဆရာစွဲကင်းခြင်း- ၀ါဒစွဲကင်းခြင်းဟု ယူဆနေသောကြောင့်လည်းကောင်း၊ ၄င်းပုဂ္ဂိုလ်မျိုးကိုပင် စာဖတ်အားနည်းသူတစ်စုက နတ်ရူးကို ဗုံနဲ့မြှောက်သကဲ့သို့ ချီးမြှောက်အားပေးကြသောကြောင့်လည်းကောင်း၊ အထက်ပါ အယူအဆများ ဗုဒ္ဓ၀ါဒီတို့အကြားတွင် တွေ့မြင်ကြရခြင်းဖြစ်၏။

၂။ အင်တာနက်တွင် မိမိ၏၀ါဒများကို ဗုဒ္ဓ၀ါဒဟု အမည်တပ်ကာ ရေးသားမှု
တည်းဖြတ်သူ မရှိသော အင်တာနက်တွင် မိမိဝါဒကို ဗုဒ္ဓ၀ါဒဟု ရေးချင်ရာရေးခြင်းမှာ အံ့သြစရာ မရှိပါ။

၃။ မဂ်ဥာဏ် ဖိုလ်ဥာဏ်များ ခုန်ကျော်၍ ဖြစ်မှု
ဆရာတော်ပြောသည့် ဥဂ္ဂသုတ်ကို လို့က်ရှာသည့်အခါ အဂုင်္တ္ထိုရ် အဋ္ဌကနိပါတ်တွင် ပထမဥဂ္ဂသုတ်၊ ဒုတိယဥဂ္ဂသုတ်ဟု နှစ်သုတ်တွေ့ရ၏။ ပထမသုတ်သည် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်နှင့် ပတ်သက်၍၏။ ဒုတိယသုတ်သည် ၀ဇ္ဇီတိုင်း ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်နှင့် သက်ဆိုင်၏။ နှစ်သုတ်စလုံး သဘောသွား တူသဖြင့် ပထမသုတ်ကိုသာဖော်ပြပါမည်။
ဘုရားရှင်က ဥဂ္ဂသူကြွယ်တွင် အံ့သြဖွယ် ရှစ်မျိုးရှိကြောင်း ဟောတော်မူသောအခါ ရဟန်းတစ်ပါးသည် ဥဂ္ဂသူကြွယ်အား ထိုအကြောင်းနှင့် ပတ်သက်၍ သွားရောက်မေးမြန်း၏။ ဥဂ္ဂသူကြွယ်လျှောက်ထားသော အံ့ဖွယ်ရှစ်ရပ်မှာ အောက်ပါအတိုင်းဖြစ်၏။

၁။ `အရှင်ဘုရား၊ အကျွန်ုပ်သည် အကြင်အခါ၌ မြတ် စွာဘုရားကို ရှေးဦးစွာ အဝေးမှလျှင်မြင်ရ၏။ အရှင်ဘုရား၊ မြင်သည်နှင့်တစ်ပြိုင်နက်သာလျှင် အကျွန်နုပ်၏စိတ်သည် မြတ်စွာဘုရားအား ကြည်ညိုပါ၏။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့သြဖွယ်ဖြစ်သော မဖြစ်ဘူးမြဲဖြစ်သော ဤပထမသဘောသည် ရှိပါ၏။

၂။ `အရှင်ဘုရား၊ ထိုအကျွန်ုပ်သည် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ မြတ်စွာဘုရားသို့ ဆည်းကပ်ပါ၏။ ထိုအကျွန်ုပ်အား မြတ်စွာဘုရားသည် အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏။ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သော စကားကိုလည်းကောင်း၊ (ပ) (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကိုလည်းကောင်းပြတော်မူ၏။ (ပ) `အရှင်းဘုရား၊ ထိုတပည့်တော်သည် တရားကို မြင်ပြီးသည်၊ တရားသို့ရောက်ပြီးသည်၊ တရားကို သိပြီးသည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည် ယုံမှားခြင်းကို ကူးမြောက်ပြီးသည်၊ သို့လောသို့လော တွေးတောခြင်း ကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရားသာသနာသော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည်၊ ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိသည်ဖြစ်၍ ထိုနေရာ၌ပင်လျှင် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း၊ ကိုးကွယ်ရာဟူ၍ ဆည်ကပ်ပါပြီ၊ ဗြဟ္မစရိယ သိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကို ဆောက်တည်ပါပြီ၊ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဒုတိယ သဘောသည် ရှိပါ၏။

၃။`အရှင်ဘုရား၊ ထိုအကျွန်ုပ်အား ကုမာရီရွယ် (နုနယ်ပျိုမျစ်ကုန်သော) မယားလေးယောက်တို့သည် ရှိပါကုန်၏။ အရှင်ဘုရား၊ ထိုအခါ အကျွန်ုပ်သည် ထိုမယားတို့ထံသို့ ချဉ်းကပ်၍ ထိုမယားတို့ကို `နှမတို့၊ ငါသည်ကား ဗြဟ္မစရိယ သိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကိုကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ အလိုရှိသော နှစ်မသည် ဤအိမ်၌ပင်လျှင် စည်းစိမ်ဥစ္စာတို့ကိုသုံးဆောင် ခံစားလော့၊ ယောက်ျားတစ်ပါးကို အလိုရှိသည်ဖြစ်မှု အဘယ်ယောက်ျားအား သင်တို့ကို ပေးရအံ့နည်း´ ဟု ဤ စကားကိုဆို၏။

`အရှင်ဘုရား၊ ဤသို့ဆိုသော် မယားကြီးသည် အကျွန်ုပ်ကို `အရှင်၊ ဤမည်သော ယောက်ျားအား အကျွန်ုပ်ကို ပေးပါလော့´ဟု ဆိုဟု၏။ အရှင်ဘုရား၊ ထိုအခါ အကျွန်ုပ်သည် ထိုယောက်ျားကို ခေါ်စေပြီး၍ လက်ဝဲလက်ဖြင့် မယားကို ကိုင်၍ လက်ျာလက်ဖြင့် ရေခရားကို ကိုင်ပြီးလျှင် ထိုယောက်ျားအား စွန့်ပါ၏။ `အရှင်ဘုရား၊ အကျွနုပ်သည် ကုမာရီရွယ် (နုနယ်ပျိုမျစ်သော) မယားကိုစွန့်သည်ရှိသော် စိတ်ဖောက်ပြန်ခြင်းကို မသိပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤတတိယ သဘောသည် ရှိပါ၏။

၎။ `အရှင်ဘုရား၊ အကျွန်ုပ်၏ အမျိုးအိမ်၌ ရှိကုန်သော စည်းစိမ်ဥစ္စာတို့ကိုလည်း ကောင်းသောသဘောရှိကုန်သော သီလ၀န္တပုဂ္ဂိုလ်တို့နှင့် မခွဲခြားအပ်ကုန်။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤစတုတ္ထ သဘောသည် ရှိပါ၏။

k၅။ `အရှင်ဘုရား၊ အကျွန်ုပ်သည် ရဟန်းတို့ကို ဆည်းကပ်ခဲ့မူ ရိုသေစွာသာလျှင် ဆည်းကပ်ပါ၏၊ မရိုမသေ မဆည်းကပ်ပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤပဉ္စမ သဘောသည် ရှိပါ၏။

၆။ `အရှင်ဘုရား၊ ထိုအရှင်သည် အကျွန်ုပ်အား တရားဟောခဲ့ပါမူ ရိုသေစွာသာလျှင် တရားနာ၏၊ မရိုမသေ မနာပါ။ အကျွန်ုပ်အား ထိုအရှင်သည် တရားမဟောခဲ့ပါမူ အကျွန်ုပ်သည် ထိုအရှင်အား တရာဟောပါ၏။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဆဋ္ဌ သဘောသည် ရှိပါ၏။

၇။ အရှင်ဘုရား၊ အကျွန်ုပ်အား နတ်တို့ချဉ်းကပ်၍ `သူကြွယ်၊ မြတ်စွားဘုရားသည် တရားကိုကောင်းစွာ ဟောတော်မှု၏´ ဟု ပြောကြားကုန်၏။ အရှင်ဘုရား။ ဤသို့ ပြောကြားသည်ရှိသော် `သင်နတ်တို့က ဤသို့ ပြောကုန်သည်ဖြစ်စေ၊ မပြောကုန်သည်ဖြစ်စေ၊ စင်စစ်သော်ကား မြတ်စွာဘုရားသည် တရားကို ကောင်းစွာ ဟောတော်မှု၏ ´ဟု ထိုနတ်တို့ကို အကျွန်ုပ် ဤသို့ ပြောဆိုပါ၏။ ဤသို့ ဆိုခြင်းသည် အံ့ဖွယ် မဟုတ်ပါ။ `အရှင်ဘုရား၊ ငါ့ထံသို့ နတ်တို့ချဉ်းကပ်ကုန်၏၊ ငါသည်လည်း နတ်တို့နှင့် အတူတကွ စကားပြောဆိုရ၏ဟု နတ်တို့ ချဉ်းကပ်လာခြင်း၊ နတ်တို့နှင့် အတူတကွ စကားပြောရခြင်း ဟူသောအကြောင်းကြောင့် စိတ်၏ တက်ကြွမှုကို မသိစဘူးပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသတ္တမ သဘောသည် ရှိပါ၏။

၈။`အရှင်ဘုရား၊ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မှုအပ်သော အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့တွင် မိမိ၌ မပယ်အပ်သေးသော တစ်စုံတစ်ခုသော သံယောဇဉ်ကိုမျှ မတွေ့မြင်ပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤအဋ္ဌမ သဘောသည် ရှိပါ၏။ အရှင်ဘုရား၊ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့ ရှိပါကုန်၏။´´

အထက်ပါသုတ်သည် သောတာပန် သကဒါဂါမ် မဖြစ်ဘဲ အနာဂါမ် တန်းဖြစ်နိုင်သည်ဟူသော အဓိပ္ပါယ် လုံးဝ မသက်ရောက်ပါ။ အလားတူ အယူအဆမျိုးကို ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ကျမ်းတွင်လည်း တွေ့ရ၏။ `ရသေ့တစ်ထောင်သည် အာဒိတ္တပရိယာယ- သုတ်ကို ကြားနာပြီးလျှင် အားလုံးရဟန္တာ ဖြစ်ကြသည်ဆို၏။ ထိုအခါ ပထမ မဂ်သုံးပါး ရှိသေးဟန်မတူချေ။ နောက်ကာလ၌ကား လူသတ္တ၀ါတို့ တစ်ဦးနှင့် တစ်ဦး ၀ီရိယကွာခြားမှုကို အကြောင်းပြု၍ အရိယာပုဂ္ဂိုလ် အမျိုးအစားခွဲခြားမှု ဖြစ်ပေါ်လာခဲ့တန်ရာ၏။

(ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၂၇၈)

၎။ မဂ်စိတ်ဖြစ်ပြီးကာလကြာမှ ဖိုလ်စိတ်ဖြစ်မှု
ဆရာတော်ညွန်းသော သြက္ကန္တသံယုတ်တွင် အောက်ပါအတိုင်း တွေ့ရ၏။
`ရဟန်းတို့၊ မျက်စိသည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖောက်ပြန်တတ်၏၊။ (ပ) ကိုယ်သည် မမြဲ၊ ဖောက်ပြန်တက်၏၊ တစ်မျိုးတစ်ဖုံ ဖောက်ပြန်တက်၏။ `ရဟန်းတို့၊ ဤတရားတို့ကို ဤသို့ ယုံကြည် သက်ဝင်သူကို သဒ္ဓါသို့ အစဉ်လျှောက်၍ မဖောက်ပြန်သည်၏ အဖြစ်ဖြင့် မြဲခြင်းသို့ သက်ဝင်သူ၊ သူတော်ကောင်းတို့ ဖြစ်ရာဘုံသို့် သက်ဝင်သူ၊ ပုထုဇဉ်တို့ ဖြစ်ရာဘုံကို လွန်မြောက်သူ၊ ငရဲ တိရစ္ဆာန်မျိုး ပြိတ္တာဘုံတို့၌ ဖြစ်ရမည်ကံကို ပြုခြင်းငှာ မထိုက်သူ၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်မပြုရဘဲ သေခြင်းငှာလည်း မထိုက်သူဟု ဆိုအပ်၏။ ယင်းသုတ်အဋ္ဌကထာတွင် `အဘဗ္ဗော စ တာဝ ကာလံ ကာတုန္တိ ဣမိနာ ဥပ္ပန္နေ မဂ္ဂ ဖလဿ အနန္တရာယတံ ဒီပေတိ´ `သောတာပတ္တိဖိုလ်ကို မျက်မောက်မပြုဘဲ သေခြင်းငှာမထိုက် ဟူသော စကားရပ်ဖြင့် မဂ်စိတ်ဖြစ်ပြီးသည်ရှိသော် ဖိုလ်စိတ်၏ အန္တရာယ် မရှိသည်၏ အဖြစ်ကို ပြ၏´ ဟုဖွင့်ထား၏။ မှန်၏။ `စတ္တာရော ပန မဂ္ဂုပ္ပါဒါ ဧကစိတ္တက္ခဏိကာ´ ဟူသည်အတိုင်း မဂ်စိတ်တို့မည်သည် စိတ္တက္ခဏတစ်ချက်သာ ကြာ၏။ ၄င်းနောက် ဖိုလ်စိတ် တန်းဖြစ်၏။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းတွင်ပင် စိတ္တက္ခဏပေါင်း ကုဋေတစ်သိန်းမက ဖြစ်ပျက်နိုင်သည်ဟုဆိုရာ မဂ်စိတ်ဖြစ်ပြီးနောက် ဖိုလ်စိတ်မဖြစ်ခင် အချိန်ကလေးတွင် ထိုပုဂ္ဂိုလ်ကို မည်သူသေအောင် သတ်နိုင်အံ့နည်း။

အရှင်ကောဝိဒ (ယော)


Reblog this post [with Zemanta]
Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories