တစ်နေ့ စာရေးသူ၏ ကျောင်းပေါ်သို့ လူလတ်ပိုင်း၊ လူကြီးပိုင်း ရောနှောနေသည့် အမျိုးသမီး တစ်သိုက် ရောက်လာကာ စာရေးသူအား ဦးချ ကန်တော့ပါသည်။ သူတို့အနက် အမျိုးသမီးတစ်ဦးက “အရှင်ဘုရား……..ဒီရိပ်သာမှာ နေတာ ကြာပြီလားဘုရား” ဟု စကားစလာရာ စာရေးသူက “ဟုတ်ပါတယ်ဒကာမကြီး” ဟု အထိုက်အလျောက် ပြန်ဖြေခဲ့သည်၊ တဖန်--
“အရှင်ဘုရားက ဒီမှာသီတင်းသုံးတာ ကြာပြီဆိုတော့ တရားအားထုတ်တာလည်း အတော်ခရီးရောက် နေပြီးလားဘုရား”
“ဒီလောက်လည်း မဟုတ်ရသေးပါဘူး ဒကာမကြီး” ဟု ရိုးသားစွာပြန်ဖြေမိပါသည်၊ ထို့နောက်ဆက်ပြောသည်မှာ
“ဒီလိုဆို အရှင်ဘုရားဟာ….တရားအားထုတ်တာ ကြာပြီဆိုတော့ အကြားအမြင်များ ရနေလောက်ပါပြီနော်”…… တဲ့။
သူ့စကားကြားရသည်မှာ စာရေးသူ အလွန်ပင် တုန်လှုပ် သွားခဲ့ပေသည်။ သူတို့ရဲ့ တရားအားထုတ်ခြင်းရဲ့ ရည်ရွယ်သူတို့ ဆန္ဒက အကြားအမြင်ရလျှင် သူတို့ရဲ့ ရှေ့ဖြစ်နောက်ဖြစ်တွေကို ဟောခိုင်းမှာ ဖြစ်သည်။ အကြံကြီးကြပါပေ့……..။
ထိုအကြောင်းကို သဘောပေါက်လိုက်သော စာရေးသူက ဖြတ်လမ်းက လိုက်ချင်ကြသော လူတစ်သိုက်အတွက် နောင်တွင်လည်း အသိတရားရစေရန် ရည်ရွယ်လျှက် --စာရေးသူ ပြောဖြစ်သွားသည့် စကားတစ်ခုကတော့……
“မှန်ပါတယ်၊ ဘုန်းကြီး အကြားအမြင်ရတယ် ဆိုတာ ဟုတ်ပါတယ်” ဟုပြောလိုက်သောအခါ ထိုအမျိုးသမီးများ၏ မျက်နှာများသည် မှိုရသည့်နှယ် ပြုံပျော်ရွှင်နေကြပေသည်၊ သူတို့သိချင်သည် ဆိုသည့် အကြောင်းအရာများကို မေးရတော့မည်ကိုး ……… သို့နှင့် စာရေးသူက
“တစ်ခြားတော့ မထင်လိုက်ပါနဲ့ ဘုန်းကြီး အကြားအမြင်ရတယ် ဆိုတာက တစ်ခြားမဟုတ်ပါဘူး၊ အခု ဒကာမကြီးတို့ ဘယ်နှစ်ယောက် လာတယ် အ၀တ်အစားကဘာအရောင်လို့ မြင်တာ၊ ပီးတော့ ဒကာကြီးတို့ပြောတာတွေ အတိုင်းသား ကြားနေရတာတွေဟာ ဘုန်းကြီးရဲ့ အကြားအမြင်ပဲ"
ဟု ပြောလိုက်သောအခါ ထိုအမျီုးသမီးတစ်သိုက်သည် ထင်သည့်အတိုင်း မဖြစ်လာသည့် အတွက် စိတ်ဆိုးကာ ထွက်ခွာသွားခဲ့ ပါတော့သည်။ ဤကား လူများသည် အကြားအမြင်နောက်ကို ဖြတ်လမ်းက လိုက်ချင်နေကြပုံ ဖြစ်သည်။ ဤ၌ ပြောလိုသည်ကား ထိုအကြောင်းမဟုတ်ပေ။
အွန်လိုင်းပေါ်က မဟုတ်မဟတ် လုပ်ဇာတ်တစ်ခုအကြောင်းကို အဓိကထားပြောလိုပါသည်။
တစ်နေ့ အွန်လိုင်းပေါ်တွင် ဒကာကြီးဦးတင့်နှင့် စာရေးသူတို့ စကားလက်ဆုံ ပြောဖြစ်ပါသည်၊ ဤတွင်ဦးတင့်က -
“ အရှင်ဘုရားကို တွေ့ရတာ အတော်ပဲဘုရား” ၊
“ဆိုပါဦး………ဦးတင့်”၊
“တပည့်တော် အရှင်ဘုရားကို ပြစရာရှိတယ်၊ တခြားတော့ မဟုတ်ပါဘူး၊ ဆရာတော် ဦးဥတ္တမသာရ ရဲ့ ၀က်ဘ်ဆိုက်မှာ ထူးဆန်းတဲ့ အကြောင်းတစ်ခု ဖတ်လိုက်ရပါတယ် ဘုရား…….တပည့်တော် အရှင်ဘုရား ဖတ်လို့ရအောင် ကော်ပီကူး ပေးလိုက်ပါ့မယ် ဘုရား” ဟုဆိုကာ ကော်ပီးလိုက်တဲ့အတိုင်း လိုရင်းလောက်သာ ဖေါ်ပြပေးလိုက်ပါသည်။
http://realenlightenment.org/experiences/bur.htm
@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @@ @
-မသေခင်ကလို ပျော့ပျောင်း နေပါသည်။ သေဆုံးသည့်နေ့မှာပင် တပည့်တော်တို့သား အဖသုံးယောက်သည် ရေလုံအိုးခွဲခြင်း စသည့်မိရိုးဖလာများ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး မီးသင်္ဂြိုဟ် လိုက်ပါသည်၊ မီးသင်္ဂြိုဟ်ပြီး အပြန်တွင် မိုးကုတ်ယောဂီ ဒေါ်အုန်းကြည်ထံ သွားရောက် မေးမြန်းရာ ဒေါ်စောနုသည် သေခါနီးတွင် ပြိတ္တာများ လာခေါ် ကြောင်း တရားသံအတိုင်း ပျက်တယ်လို့ နှလုံးသွင်းလိုက်ရာ ပြိတ္တာများ သေးသေးလေးတွေဖြစ်ပြီး မြေ ကြီးထဲ ၀င်သွားကြောင်း ဆက်ပြီးပျက်တယ်၊
မရှိဘူးဟု နှလုံးသွင်းရာ ယာဉ်ရထားကြီး ပေါ်လာကြောင်း သားသမီးတွေကို တွေးလိုက်တော့ ရထားကြီး ပျောက်သွား ကြောင်း နားကကြားနာနေရသည့် တရားသံအတိုင်း ပေါ်သမျှကို ပျက်တယ်၊ မရှိဘူးဟု ပြန်နှလုံးသွင်း ဖျက်ပစ်လိုက်တော့မှ ရထားကြီးပြန်ပေါ်လာပြီး အပေါ် ရောက်ရောက်ချင်း မိမိ၊ သူ တစ်ပါးခန္ဓာတွေကို ကြည့်လိုက်ရာ ကြားနာနေရသည့် တရား အတိုင်းအပျက်တွေသာ တွေ့ရပြီးနောက် တစ်ခါတည်း တရားထူး ရသွားကြောင်း သုတိသာဘုံတွင် နတ်သမီးဖြစ်သွားကြောင်း၊ ဆရာတော် အရှင်သူမြတ်ကို ကန်တော့ ကြောင်း၊ ကျေးဇူးကြီးမားကြောင်း ပြောသည်ကိုပါသိရသဖြင့် ၀မ်းနည်းရမည့်အစား ၀မ်းသာရပါသည် ဘုရား။
(ဒေါ်စောနု၏ အမျိုးသားဦးလှမြင့်၊ လက်ထောက် အထွေထွေမန်နေဂျာ(ငြိမ်း)ကုန်သွယ်လယ်ယာ၊ ရန်ကုန်ရုံးချုပ်)က ရေးသားပေးသောစာ ဖြစ် ပါသည်။
@ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @@ @
ထိုစာပုဒ်ထဲတွင် ဒေါ်စောနု၏ သေခါနီး တရားထူးရပြီး တုသိတာနတ်ပြည်တွင် နတ်သမီးဖြစ်နေသည် ဟူသော စကားရပ်တွင် လူတစ်ယောက် တရားထူးရပြီး နတ်ပြည်ရောက်သည့် အကြောင်းကို အကြားအမြင်ရ ဗေဒင်ဆရာမ တစ်ဦးသာဖြစ်သည့် (မိုးကုတ်)ယောဂီ ဒေါ်အုန်းကြည်ဆိုသူက သူ့ရဲ့အကြားအမြင်နဲ့ ပြောကြောင်း ထင်ရှားနေပါသည်။ ထိုအကြောင်းကို သာမာန်လူ မဆိုထားနှင့် အရိယာ ဖြစ်တော်မူကြသည့် သောတာပန်၊ သကဒါဂါမ်၊ အဘိဥာဉ်မရတဲ့ အနာဂါမ်တို့တောင် မသိမမြင်နိုင်သည့် ကိစ္စဖြစ်ပါသည်၊ ထိုသို့ဖြစ်ပါလျှက် ဗေဒင်ယောင်ယောင် နတ်သူငယ်ယောင်ယောင် အကြားအမြင်ရသည်ဆိုသည့် ဒေါ်အုန်းကြည်(ယောဂီ)က ဒေါ်စောနု တရားထူးရပုံ နတ်ပြည်ရောက်ပုံကို သိသတဲ့။ ဆန်းလိုက်ပါဘိ။
လောကတွင် ဆန်းပြားလွန်းလျှင် မရိုးတော့သည်ကို သတိထားသင့်ပေသည်၊ ယခုဖြစ်ရပ်တွင်လည်း ဆန်းပြားနေ၍ မရိုးသားသောအသွင်ကို ဆောင်နေသည်မှာ သဘာဝပဲပေါ့၊
ဤတွင် သူတို့ရဲ့ဇာတ်လမ်းခိုင်မာဖို့အတွက် အကြားအမြင်ရ ဒေါ်အုန်းကြည်မှာ အဓိကဇာတ်ဆောင် ဖြစ်နေချေသည်၊ ဘာကြောင့်တုန်းဆိုရင် သူပြောမှ ထူးဆန်းသည့်ဖြစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ပါသည်၊ သည်အကြောင်းနှင့်ပတ်သက် ၍ သမာန်လူများတောင် မမြင်နိင်သည့် ကိစ္စကို ဒေါ်အုန်းကြည်က သိသည်ဆိုလျှင် ဒေါ်အုန်းကြည်သည် ဧကန္တ ရဟန္တာ ဖြစ်နေလောက်သည်မှာ သေချာနေသည်၊ ရဟန္တာဖြစ်လျှင် လူဘ၀တွင် အကြာကြီးမနေနိုင် အလွန်ဆုံး ခုနှစ်ရက်ပဲနေနိုင်သည်၊ ထိုသို့ဆိုလျှင် ဒေါ်အုန်းကြည်၏ ရဟန္တာဖြစ်မှုသည် ထူးဆန်းနေ၍ မရိုးသားတော့သည်မှာ သေချာနေပေသည်။
ဤဖြစ်ရပ်သည် အမှန်စင်စစ် သူတို့ ရဟန္တာတစ်မျှ ကြည်ညိုနေသည့် ဦးဥတ္တမသာရအား သူ့တပည့်များက မြောက်ပေးချင်သည် (အရောင်တင်ပေးချင်ကြသည်)မှာ မဆန်းပါဘူး။ အမှန်စင်စင့် တပည့်မှားလျှင် ဆရာကပြင်ပေးရမှာ ဖြစ်သည်၊ သို့သော် ဆရာသမားကိုယ်၌က သူ့ရဲ့ဝါဒကို ကြည့်ပါဦး၊ လောကကြီးမှာ ဘာမှမရှိဘူး၊ဘာမှမဟုတ်ဘူး ဆိုတဲ့ဝါဒ ဖြစ် ပါသတဲ့…….၊ ထိုဝါဒသည်အစတွင် အကြောင်းအရာမှန်သမျှ ပျက်ရသည်ချည်းပါ ဆိုတာကတော့မှန်ပါတယ် ၊သို့သော် ထိုဆရာတော်သည် ပျက်ရာကနေ နောက် ဘာမှမရှိဘူးဆိုသည့် (နတ္ထိက)၀ါဒဖြစ်လာသည်ကို သတိထားမိဟန်မတူပေ။
တွေးမိသည်မှာ လောကကြီးတွင် ဘာမှမဟုတ်ဘူးဆိုလျှင် လောကကြီးတောင်မှ ဖြစ်လာနိုင်စရာမရှိပေ။ ဘာမှမဟုတ်ဘူး ဆိုမှတော့ ထိုဆရာတော်ဟာလည်း ဘာမှမဟုတ်ဘူးဆိုတဲ့ နယ်ထဲကနေ မွေးလာခြင်းဖြစ်မည်၊ ထို့ကြောင့် ထိုဆရာတော် ဟာလည်း ဘာမှမဟုတ်ဘူးဆိုတာ အထက်ပါ ဖြစ်ရပ်ဖြင့် သက်သေပြနေပေသည်။
ထိုဆရာတော်သည် ရဟန္တာတစ်မျှ ဖြစ်နေသည်ဟု ပြောဆိုသော်လည်း သူ့ရဲ့ဝက်ဆိုက်တွင် အကြားအမြင်ဗေဒင်ဆရာက လူများ တရားထူးရတာ သိတဲ့အကြောင်းကို ဖေါ်ပြထားခြင်းဖြင့် ထိုဆရာတော်ရဲ့ အဆင့်အတန်း သည်လည်း ဘာမှမဟုတ်သေးသည်ကို စာဖတ်သူများ ခန့်မှန်းမိကြပေလိမ့်မည်။
နောက်ဆုံးပြောလိုသည်မှာ
လောကမှာ ယုံကြည်တိုင်းသောအရာများသည် အမှန်တရားများဟု မဆိုနိုင်ပါ။
သို့သော် အမှန်တရားတိုင်း ကိုတော့ လက်ခံ ယုံကြည်ရမည် ဖြစ်ကြောင်း ရေးသားလိုက်ရ ပါတော့သတည်း။ ။
ဦးကောဝိဒ(မြိတ်)Saturday, June 28, 2008
အရှင်ဘုရားရဲ့ ပို့စ်က လူတိုင်းဖတ်သင့်ပါတယ်ဘုရား အလွန်အကျိုးများလှပါတယ်.. စဉ်းစားတတ်တဲ့ အသိဥာဏ်မရှိသေးတဲ့ လူတွေ ရှိနေသေးသ၍ လူလိမ်တွေ ရှိနေမှာပါပဲ. သာသနာအတွင်းစည်းက လူတွေကြောင့်သာ သာသနာပျက်ရမှာပါဘုရား။
ReplyDeleteမိမိကိုယ်တိုင် အမှန်တရား၊ သစာတရားကို ကျင့်ကြံပွားများအားထုတ်လို့ သိတဲ့ကိုယ်ပိုင်ဥာဏ်မရှိဘဲ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကို ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်နိုင်မှာမဟုတ်ပါဘူး။ သူတစ်ပါးကိုဝေဖန်ချင်တယ်ဆိုရင် ကိုယ်တိုင် ထိုးထွင်းအသိရအောင်ကြိုးစားပြီးမှဝေဖန်သင့်ပါတယ်။ မဟုတ်ရင် အမှန်ကိုအမှားလို့ ပြောမိတဲ့အပြစ်က အမှန်တရားအားထုတ်တဲ့သူတွေကို သံသယစိတ်တွေဖြစ်စေတဲ့အတွက် မိမိတရားအစစ်အမှန် အားထုတ်တဲ့အခါမှာ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အမှားကိုအမှန်(ကိုယ့်အထင်)ပြောရင် အကျိုးရှိတယ်ထားဦးတော့ အမှန်တရားကို အမှားချည်းပါပဲပြောတဲ့ အပြစ်နဲ့ နှိုင်းယှဉ်လို့မရအောင် ကွာတဲ့အတွက် ကိုယ်ကိုယ်တိုင် တရားကို ပိုင်ပိုင်နိုင်နိုင်နားလည်လာအောင်ကြိုးစားပြီးမှသာ နားလည်လာတဲ့အသိဥာဏ်နဲ့ ဝေဖန်စေချင်ပါတယ်။ MP
ReplyDeleteတခုသတိထားမိတာရှိတယ် ။
ReplyDeleteအဓမ္မ၀ါဒီတွေဖေါ်ထုတ်တော့ ဦးဥာဏက ဟုတ်တာမဟုတ်တာအပထား
လူကိုယ်တိုင်တော့ ပြန်ဖေါ်ရသေးတယ် ။
ဦးကောသလနဲ့  စူနာမီဆရာတော်ဆိုတာကတော့ နောက်လိုက်တွေကိုယ်တိုင်ကိုက နာမည်မှန်မဖေါ်ရဲဘဲ ထမီခြုံပြီးစီဘောက်တကာလှည့်ရေးနေတာတွေ့ ရတယ် ။
ဒီတော့ ဦးဥာဏကမှ ယောက်ျားပီသေးပြောရမဲ့ အပေါက်ဘဲ
( အဲ ဒါပေမဲ့  ဦးဥာဏကြွေးကြော်ထားတာရှိတယ် ။ သူ့ဖမ်းရင် အစာငတ်ခံသေမတဲ့  ။
အဲစကားလေးလဲ ယောက်ျားပီပီဆိုခဲမြဲစေလေး လုပ်မယ်လို့ မျှော်လင့်ရတာဘဲ )