February 17, 2010

ဘာသာပြန်အလွဲများ (အရှင်ကောဝိဒ-ယော)

Dr Phyo Wai Kyaw | 9:38 AM | | |

Cloister, Glasgow UniversityImage by _skynet via Flickr

၁.၁၀.၂၀၀၈-နေ့တွင် မြန်မာနိုင်ငံ၌ ပထမဆုံးနှင့် တစ်ခုတည်းသော အဘိဓမ္မာ တက္ကသိုလ်ကြီး ကို စတင် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်တွင်းပြည်ပမှ အဘိဓမ္မာ လေ့လာ သင်ယူလိုသူများအတွက် အဘိဓမ္မာ မူရင်းကျမ်း ကြီးများကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချပေးသွားမည် ဖြစ်ပါသည်။

၎. ၁၀. ၂၀၀၈- နေ့တွင် ၄င်းတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသသည် ဖွင့်ပွဲအထိမ်းအမှတ် အထူးတရားပွဲ အဖြစ် ` ဘ၀နှင့် ဘ၀နိရောဓ တရားတော်´ ကို ဟောကြားတော် မူပါသည်။ ၄င်းတရားတော်မှ မိမိတို့ သတိပြု ဆင်ခြင်သင့်သော ဆရာတော်၏ ကိုတွေ့ဖြစ်ရပ် ဟောကြားချက်များကို စာဖတ်သူများအား မျှဝေလိုပါသည်။ ဒီနေရာမှာ ( Interpretation problem) ပေါ့။ ဗုဒ္ဓရဲ့ သာသနာတော်မှာလည်းပဲ တရားနဲ့ပတ်သက်ပြီးတော့ အငြင်းပွားမှုတွေ ပေါ်လာတာရှိတယ်။ ဘုန်ကြီးတို့ ဂျာမနီသွားတော့ မြူးနစ်မှာ ဗုဒ္ဓဘာသာကို လေ့လာနေတဲ့ အုပ်စုတစ်စု ရှိတယ်။ အဲဒီအုပ်စုကို ဘုန်းကြီးတစ်ပါးက ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီးတော့ ဘာဟောထားသလဲ ဆိုတော့ `ပဋိစ္စသမုပ္ပါဒ်ဟာ အတိတ်၊ အနာဂတ်၊ ပစ္စပ္ပါန်ဆိုတဲ့ ဘ၀သုံးခုကို ရှင်းပြတဲ့ ဒေသနာ မဟုတ်ဘူး။ ပဋိစ္စသမုပ္ပါဒ်ဟာ ဒီဘ၀နဲ့သာဆိုင်တယ်။ အတိတ်နဲ့လဲ မဆိုင်ဘူး၊ အနာဂတ်နဲ့လဲ မဆိုင်ဘူး။´ လို့ ဘုန်းကြီးတစ်ပါးက ဟောထားတယ်။ ဗမာဘုန်းကြီးတော့ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံက ဘုန်းကြီးတစ်ပါးပါ။ အဲဒီဘုန်းကြီးရဲ့ တပည့်တွေပေါ့။ သူတို့က ပဋိစ္စသမုပ္ပါဒ်ဟာ အတိတ်မပါဘူးလို့ ယူဆကြတယ်။ သို့သော် ပဋိစ္စသမုပ္ပါဒ်ဆိုတာဟာ သံသရာကို ရှင်းပြတာ ဖြစ်တာကြောင့် ပစ္စုပ္ပန်ဘ၀ တစ်ခုတည်းဆိုရင် သံသရာ မဖြစ်တော့ဘူး။ ပစ္စုပ္ပန်ဘ၀ တစ်ခုတည်းဆိုရင် အကြောင်းတရားလဲ ပြတ်နေတော့မှာပေါ့။ အဲဒါကြောင့်မို့လို့ ဘုန်ကြီးတို့ ထေရ၀ါဒ ယူဆချက်၊ ထေရ၀ါဒ တရားတော်တွေ အရဆိုလို့ရှိရင် စတုသင်္ခေပ- လေးပုံ ပုံပြီးတော့ ဟောထားသာ။ ပဋိစ္စသမုပ္ပါဒ်ဟာ အလွှာလေးထပ်၊ အပိုင်းလေးပိုင်း ရှိတယ်။ ပထမပိုင်းက အတိတ် အကြောင်းကို ဟောတယ်။ ဒုတိယပိုင်းက ပစ္စပ္ပန် အကျိုး တရားကို၊ တတိယပိုင်းက ပစ္စပ္ပန် အကြောင်းတရားကို၊ စတုတ္ထပိုင်းက အနာဂတ် အကျိုးတရားကို ဟောတယ်။ ဒီလိုအပိုင်း လေးပိုင်းနဲ့ သုံဘ၀ကိုရှင်းပြတဲ့၊ သံသရာကို ရှင်းပြတဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာကို ( Interpretation) လုပ်ပြီးတော့ `ပဋိစ္စသမုပ္ပါဒ် ဒေသနာဟာ အတိတ်နဲ့လဲ မဆိုင်ဘူး၊ အနာဂတ်နဲ့ လဲမဆိုင်ဘူး၊ ပစ္စပ္ပန်သာလို့´ ဒီလိုဟောပြောမှုတွေဟာ အခုအချိန်ခါမှာ ပေါ်နေတယ်။ ဒီလိုပေါ်ရတာ ဘာကြောင့် ပေါ်လာရသတုံးဆိုတော့ ဗုဒ္ဓရဲ့ စာပေကျမ်းဂန်နဲ့ ပတ်သက်ပြီးတော့ ကျေကျညက်ညက် လေ့လာခြင်း မရှိလို့- လို့ ဒီလိုပြောရမယ်။ ကျကျနနသင်ဖို့၊ နားလည်အောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

နောက်ပိုင်းမှာ ဒီလိုပြဿနာတွေ မြောက်မြားစွာ တက်လိမ့်မယ်။ အခုဆိုရင် ပိုဆိုးတယ်။ အင်တာနက်တွေ၊ ၀တ်ဘ်ဆိုက်တွေ ပေါ်လာတဲ့ အခါကျတော့ ဟိုလူကလဲ ဗုဒ္ဓဇင်းဆိုပြီးတော့ ကောက်တင်လိုက်၊ ဒီလူကလဲ ဗုဒ္ဓဇင်းဆိုပြီး ကောက်တင်လိုက်နဲ့။ ပြီးတော့ ဗုဒ္ဓဇင်း မဟုတ်ဘူး၊ ကိုယ့်ရဲ့အတွေးအခေါ်တွေချည်းပဲ။

ဒီဗုဒ္ဓဘာသာ ဗုဒ္ဓရဲ့ တရားတော်အစစ်ကို ကြည့်ချင်လို့ရှိရင် ထေရ၀ါဒ ပိဋကတ် မူရင်းပါဠိကိုလေ့လာ၊ မူရင်းကို လေ့လာနိုင်ရမယ်၊ လေ့လာဖို့ ကြိုစားရမယ်။ အဲဒါ မလေ့လာဘဲနဲ့ အပေါ်ယံစာတွေ ဖတ်ပြီတော့ ဗုဒ္ဓဇင်းလို့ ခေါင်းစဉ် တပ်ထားတဲ့ စာအုပ်တွေ ဖတ်ပြီဆိုရင်တော့ မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ တော်တော်ကို များတယ်။

ဇူလိုင်လတုန်းက စင်ကာပူကို သွားပြီးတော့ အဘိဓမ္မာသင်တန်း ပို့ချတော့ ဒကာတစ်ယောက်က အင်တာနက်ကနေပြီး (DOWNLOAD) လုပ်ထားတဲ့ ဆောင်းပါးတစ်ခုကို လာပေးတယ်။ ပေးပြီးတော့ ဆရာတော်တဲ့ အဲဒီအမေး တပည့်တော်ကို ဖြေပေးပါတဲ့။ အဲဒီမှာ အင်တာနက်ထဲမှာ ဘုန်းကြီးတစ်ပါးက ဘာရေးထားသတုံးဆိုတော့ သုတ္တန်တွေကို ကိုးကားပြီးတော့ သူက သောတာပန်မဖြစ်ဘဲနဲ့ သကဒါဂါမ် ဖြစ်လို့ရတယ်တဲ့။ အနာဂါမ်လဲ ကျော်ဖြစ်လို့ရတယ်၊ ရဟန္တာလဲ ကျော်ဖြစ်လို့်ရတယ်တဲ့။ သောတာပန်ဖြစ်စရာ မလိုဘူးတဲ့၊ တစ်ခါထဲတန်းပြီး အနာဂါမ်ဖြစ်လို့ ရတယ်တဲ့။ ဘုရားတရားတော်ကို ဖားခုန်သလို ခုန်လို့ဘယ်လိုလုပ်ရမလဲ။ အဲဒါကို အကိုးအကားရှိရင် ဆရာတော် တပည့်တော်ကို အမိန့်ရှိပါတဲ့။ အဲဒါဖြစ်နိုင်-မဖြစ်နိုင် ဆိုပြီးတော့၊ အဲဒါ အင်တာနက်ထဲမှာ ရှိတယ်။ သူရည်ညွှန်းတဲ့ သုတ်တွေက ဥဂ္ဂသုတ်ကို ရည်ညွှန်းတယ်။ အဲဒီဥဂ္ဂသုတ်က ဒကာက သူပြောတာ သူဟာတဲ့ - သြရမ္ဘာဂိယ သံယောဇဉ် ၅-ပါးကို ပယ်ထားတဲ့ အနာဂါမ်ပုဂ္ဂိုလ်ပါလို့ ပြောတော့ သူ့ကိုသူ အနာဂါမ် တန်းဖြစ်တယ်လို့ သူက ယူဆတယ်။ မဟုတ်ဘူးလေ။ သူ့ ( POSITION) သူပြောတာ ဒါက။ ဒေါက်တာဘွဲ့ရထားတဲ့ လူတစ်ယောက်က သူလေးတန်းအောင်ပါတယ်လို့ ဘယ်ပြောပါ့မလဲ။ အမြင့်ဆုံးဘွဲ့ပဲ ပြောမှာပေါ့ ။ အခုလဲ သူသောတာပန်ဖြစ်တာ ဘယ်ပြောပါ့မလဲ။ သကဒါဂါမ်ဖြစ်တာ ဘယ်ပြောပါ့မလဲ။ သူအခုရောက်နေတဲ့ အဆင့်ကို ပြောမှာပေါ့။ အဲဒါကို( INTERPRET ) လုပ်တဲ့သူက ဘယ်လို ပြောသလဲဆိုတော့။ သောတာပန်၊ သကဒါဂါမ် မဖြစ်ဘဲနဲ့ အနာဂါမ် ဖြစ်လို့ရတယ်ပေါ့ ဒီသုတ်ကို ကြည့်ဆိုပြီးတော့။ အဲဒီလို ပြဿနာမျိုးတွေ ဒီခေတ်မှာ တော်တော်များလာလိမ့်မယ်။
နောက်ပြဿနာတက်စရာ တစ်ခုရှိသေးတယ်။ သြကန္တသံယုတ်ထဲမှာ မြတ်စွာဘုရား ဟောထားတာက POSSIBLE-IMPOSSIBLE ကိုဟောတာ။ ဆိုပါစို့၊ သောတာပတ္တိမဂ်ကျပြီးရင် ဖိုလ်ဟာ DEFINITELY; SURELY။ သူက တစ်ခါတည်း လာမယ်ဆိုတာကို မြတ်စွာဘုရားက ဟောချင်တာ။ ဟောတဲအခါမှာ ဘယ်လိုဟောတုံးလို့ ဆိုလို့ရှိရင် သောတာပတ္တိ မဂ်စိတ်ကျပြီးတဲ့ နောက်မှာတဲ့ ဒီပုဂ္ဂိုလ်ဟာ ဒီကြားထဲ ဘယ်တော့မှ မသေနိုင်ဘူး။ သောတာပတ္တိဖိုလ်မကျဘဲ ဘယ်တော့မှ မသေဘူး ပြောတာ။ အဲဒီတော့ ဘယ်လိုတွေ တွေးတုံးဆိုလို့ရှိရင် ဒီမဂ်စိတ်ကျထားတာ ဟိုးလွန်ခဲ့တဲ့ လေးငါးနှစ်ကတဲက ကျထားတာ။ ဖိုလ်မကျ သေးဘူး။ နောင်လေးငါးဆယ်နှစ်ကြာမှ ဖိုလ်စိတ်ကျမယ် - လို့ ဒီလိုပြောတဲ့ပုဂ္ဂိုလ်က ရှိသေးတယ်။ အဲဒါကိုကြည့်။

မဂ်စိတ်နှင့် ဖိုလ်စိတ်ဆိုတာ ကပ်ပြီးတော့နေတာ။ ချက်ချင်းပဲ အကာလိကော- ဆိုတာ အဲဒါပြောတာ။ ခု မဂ်စိတ်ဖြစ်။ နောက်ကဖိုလ်စိတ် ကပ်ပြီးတော့ ဖြစ်သွားတာ။ ချက်ချင်း အကျိုးပေးတာကို အကာလိကော။ အချိန်မဆိုင်းဘူး၊ မဂ်စိတ်ပြီးတာနဲ့ ဖိုလ်စိတ်က အနန္တရသတ္တိနဲ့ ကျေးဇူးပြုတာ ကြားထဲမှာ ဘာမှမခြားဘူး။ သို့သော် မြန်မာပြည်မှာတောင် တစ်ခါကြားလိုက်သေး တယ်လေ။ သူ သောတာပတ္တိမဂ် ကျနေတာ ကြာပြီတဲ့။ ဖိုလ်မကျသေးလို့ ဆိုင်းနေတာတဲ့။ ဖိုလ်ဘယ်တော့မှ ကျမှာမဟုတ်ဘူး။ အဲဒါမျိုးတွေ။

အဲဒီတော့ အဘိဓမ္မာဟာ ကြိုးစားပြီးတော့ သင်ထိုက်ပါတယ်။ အဘိဓမ္မာ မတတ်ဘူးဆိုလို့ရှိရင် မှားမှားယွင်းယွင်းတွေ မြောက်မြားစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုထိုသုတ္တန် ပါဠိတော်တွေကို သာမန်ကာလျှံကာ အပေါ်ယံကြည့်ပြီးတော့ ဆိုလို့ရှိရင် မှားယွင်းတဲ့ အယူအဆတွေ၊ မှားယွင်းတဲ့ ဘာသာပြန်ဆိုမှုတွေ ဒါမျိုးတွေဟာ သာသနာတော်နောက်ပိုင်းမှာ အန္တရာယ်ကြီးစွာ ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။

ဒါ့ကြောင့်မိုလို့ အခုဒီိလို အဘိဓမ္မာမဟာသိပ္ပံ ဖွင့်ပြီးတော့ ဒီအဘိဓမ္မာ တရားတော်ကို မူရင်းကျမ်းကြီးတွေကို ဒီလို လေ့လာရတယ်ဆိုတာ အင်မတန်မှကောင်းတဲ့ အခွင့်အရေးကြီး တစ်ခု၊ တခြားနိုင်ငံတွေတောင်မှ မရနိုင်တဲ့ အခွင့်အရေး ကြီးတစ်ခု၊ အခုမြန်မာပြည်မှာ ပေါ်လာတယ်ဆိုတာ အလွန့်အလွန်ကို ၀မ်းသာစရာကောင်းတဲ့ အချက်တစ်ခုပါ။
သာသနာအဓွန့်ရှည်ဖို့အတွက် လူတိုင်းဟာ အသိဥာဏ်ရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေနဲ့ ပတ်သက်ပြီး မိမိတို့ လက်လှမ်းမမီသေးလို့ရှိရင် သိတဲ့ပုဂ္ဂိုလ်ကို မေးဖို့လိုတယ်။ လေ့လာဖို့၊ ဆွေးနွေးဖို့ လိုသေးတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကိုယ်ထင်ရာ စွတ်လိုက် လို့ရှိရင်တော့ မိစ္ဆာဒိဋ္ဌိ ဖြစ်ဖို့ရာ အင်မတန်မှနီးတယ်။

အထက်ပါ ဆရာတော်၏ ဟောထားချက်များကို စာရေးသူ ထောက်ခံရေးသား လိုပါသေးသည်။ ဆရာတော်၏ ဟောထားချက်များတွင် အဓိက အချက်များမှာ။
(၁) ပဋိစ္စသမုပ္ပါဒ်ကို မှားယွင်းဖွင့်ဆိုမှု၊
(၂)အင်တာနက်တွင် မိမိ၏ ၀ါဒများကို ဗုဒ္ဓ၀ါဒဟု အမည်တတ်ကာ ရေသားမှု၊
(၃) မဂ်ဉာဏ် ဖိုလ်ဉာဏ်များ ခုန်ကျော်၍ဖြစ်မှု၊
(၄) မဂ်စိတ်ဖြစ်ပြီး ကာလကြာမှ ဖိုလ်စိတ်ဖြစ်မှုတို့ ဖြစ်ပါသည်။

၁။ ပဋိစ္စသမုပ္ပါဒ်ကို မှားယွင်းစွာဖွင့်ဆိုမှု။
ပဋိစ္စသမုပ္ပါဒ်ကို တစ်ဘ၀ထဲနှင့်သာ ဆိုင်သော ဒေသနာအဖြစ် ယူဆကြသည်မှာ ယခုခေတ်တွင်မှ မဟုတ်ပါ။ အနောက်တိုင်းသားများ ပါဠိဘာသာကို ရှေးဟောင်းစာပေတစ်ခု အဖြစ်လေ့လာကြကာ ဗုဒ္ဓအကြောင်း၊ ဗုဒ္ဓ၀ါဒအကြောင်းများကို မိမိတို့ ထင်ရာမြင်ရာ အလျင်စလို ကောက်ချက်ဆွဲ ရေးသားကြရာမှ စတင် ဖြစ်ပေါ်ခဲ့သော အယူအဆ ဖြစ်၏။ ဦးအေးမောင်၏ `ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ စာအုပ်တွင် ဤသို့ပြဆိုထား၏။

…… `` ယခုခေတ် အိန္ဒိယပညာရှင်တစ်ဦးကမူ ပဋိစ္စသမုပ္ပါဒ်သည် လူ့ဘ၀ခရီး၌ ကြုံတွေ့ရသော အဖြစ်အပျက်များကို ဖော်ညွန်းသည် ဆို၏။ သူ၏အလိုအားဖြင့် အ၀ိဇ္ဇာသည် မျက်မှောက်ဘ၀အစ၌ လူ၏မသိမှုဖြစ်၍ ၀ိညာဏသည် ပဋိသန္ဓေ၀ိညာဏ်မဟုတ်ဘဲ ဝေဒနာစေတသိက်နှင့် ဆိုင်သော အာရုံကိုသိမှု ဖြစ်၏။ `(P.D. MEHTA; EARLY INDIAN RELIGIOUS THOUGHT) ကို ညွှန်းသည်။

``အချို့ကမှု ပဋိစ္စသမုပ္ပါဒ်ကို လူသတ္တ၀ါ၏ မူလအစကို ပြသော တရားဖြစ်အောင် အဓိပ္ပာယ် ဖွင့်ဆိုလိုကြ၏။ ဥပမာ-ပညာရှင်တစ်ဦးက အ၀ိဇ္ဇာသည် အမိဝမ်းတွင်း၌ သန္ဓေသား၏ ဘာမျှမသိသေးသော ဘ၀ကို ပြသည်။ လူသည် မွေးဖွား၍ ပတ်ဝန်းကျင်၏ ပြုပြင်စီရင်မှု (သင်္ခါရ)ဖြစ်ပေါ်လာသည်´ ဟုပြန်ဆိုခဲ့၏။ (H,KERN: MANUAL 0F BUDDHISM) ကိုညွှန်းသည်`` (ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ၊ စာ-၁၄၅-၆)

အထက်ပါယူဆချက်များသည် ဗုဒ္ဓ၀ါဒီတို့၏ ယူဆချက်များနှင့် မတူကြောင်း ၄င်းဆရာကိုတိုင် ဆက်လက် ပြဆိုထားသည်မှာ -

`ဤသို့ အချိုသော အနောက်တိုင်း ပညာရှင်တို့သည် ပဋိစ္စသမုပ္ပါဒ်တရား၌ လူသတ္တ၀ါ၏ တစ်ဘ၀တည်း ဖြစ်စဉ်ကို ရှုမြင်ကြစေကာမူ ထေရ၀ါဒနှင့် အခြားဗုဒ္ဓ၀ါဒ ဂိုဏ်းအားလုံးသည် ဘ၀သံသရာ ကျင်လည်မှုကိုပြသော တရားအဖြစ်ဖြင့် သိမြင်နားလည်ကြ၏။ `(၄င်း၊ စာ-၁၄၆)

ထိုသို့ သိမြင်နားလည်ကြသူများတွင် ဗုဒ္ဒနှင့် ဗုဒ္ဓ၀ါဒအကြောင်း ရေးသားထားသော ကျမ်းဆရာပါပါသလော ဟူငြားအံ့၊ သူ၏ မှတ်ချက်ကို ဆက်ကြည့်ပါ။

`သို့ရာတွင် အကယ်၍ ပဋိစ္စသမုပ္ပါဒ်သည် လူသတ္တ၀ါတို့ ဘ၀သံသရာ ကျင်လည်ပုံကို ရှင်းပြသော တရားဖြစ်ပါက ထိုတရားနှင့်စပ်လျဉ်း၍ စဉ်စားဖွယ်များရှိ၏။ ဥပမာ-အဘယ်ကြောင့် အလယ်ဘ၀ထဲသို့ ဘ၀၊ ဇာတိ၊ ဇရာ၊ မရဏတို့ကို မထည်သွင်းပါသနည်း။ အ၀ိဇ္ဇာနှင့် သင်္ခါရကို အဘယ်ကြောင့် ရှေးဘ၀၌သာ ဖော်ပြ၍ အလယ်ဘ၀တွင် မပြဆိုပါသနည်း။ နာမရူပ၊ သဠာယသနစသည် တို့ကို အဘယ်ကြောင့် အလယ်ဘ၀၌သာ ပြထားပါသနည်း။ တဏှာ၊ ဥပါဒါန်နှင့် ဆင်းရဲဒုက္ခသည် အမြဲ ဒွန်တွဲနေသော တရားများဖြစ်လျက် အဘယ်ကြောင့် ဥပါဒါန်၏နောက်၌ ဒုက္ခသည် ကပ်၍ လိုက်မလာဘဲ ဘ၀နှင့် ဇာတိကို ပြထားပါသနည်း-စသည်ဖြင့် စဉ်စားဖွယ်ရာများရှိ၏။

`ဤသို့ ဗုဒ္ဓ၀ါဒီတို့ သိရှိနားလယ်သော ပဋိစ္စသမုပ္ပါဒ်သည် ရှေ့နောက်မညီ ညွှတ်သော အချက်များ ပါရှိသောကြောင့် အချို့သော အနောက်တိုင်း ပညာရှင်တို့က ဗုဒ္ဓဃောသဆရာ၏ ဖွင့်ဆိုရေသားချက်ကို မကျေနပ်ဘဲ အမျိုးမျိုး အဓိပ္ပါယ်ပြဆိုနေကြခြင်း ဖြစ်၏။

`စင်စစ် ထိုပဋိစ္စသမုပ္ပါဒ်သည် ဗုဒ္ဓဟောသော မူလပထမတရား ဖြစ်ပါ၏လောဟု သံသယဖြစ်ဖွယ်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ပါဠိပိဋကတ်စာပေ၌ အင်္ဂါ ၁၂-ပါးနှင့် မပြည့်စုံသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တော်များများကို ကျွန်ုပ်တို့ တွေ့ရပေသည်။´
(၄င်း၊ စာ-၁၄၇-၇)

ဤသို့လျှင် မိမိကိုယ်တိုင်လည်း ကျမ်းကြည့်ထက် ကျမ်းညှိခက်ဆိုသလို ကျမ်းပေါင်းများစွာကြည့်နိုင် ကိုးကားနိုင်သည်ကို ဂုဏ်ယူပြီး ညှိနှိုင်း ဆင်ခြင်နိုင်သော ဥာဏ်စွမ်း မရှိသောကြောင့် လည်းကောင်း၊ ကျမ်းအတက်ကျော် ဆရာတော်များကို ဆည်းကပ်နည်းယူ လောက်အောင်လည်း မယဉ်ကျေးသောကြောင့်လည်းကောင်း၊ မိမိ၏ ထင်ရာစိုင်းတတ်သော ဉာဉ်ကိုပင် ဆရာစွဲကင်းခြင်း- ၀ါဒစွဲကင်းခြင်းဟု ယူဆနေသောကြောင့်လည်းကောင်း၊ ၄င်းပုဂ္ဂိုလ်မျိုးကိုပင် စာဖတ်အားနည်းသူတစ်စုက နတ်ရူးကို ဗုံနဲ့မြှောက်သကဲ့သို့ ချီးမြှောက်အားပေးကြသောကြောင့်လည်းကောင်း၊ အထက်ပါ အယူအဆများ ဗုဒ္ဓ၀ါဒီတို့အကြားတွင် တွေ့မြင်ကြရခြင်းဖြစ်၏။

၂။ အင်တာနက်တွင် မိမိ၏၀ါဒများကို ဗုဒ္ဓ၀ါဒဟု အမည်တပ်ကာ ရေးသားမှု
တည်းဖြတ်သူ မရှိသော အင်တာနက်တွင် မိမိဝါဒကို ဗုဒ္ဓ၀ါဒဟု ရေးချင်ရာရေးခြင်းမှာ အံ့သြစရာ မရှိပါ။

၃။ မဂ်ဥာဏ် ဖိုလ်ဥာဏ်များ ခုန်ကျော်၍ ဖြစ်မှု
ဆရာတော်ပြောသည့် ဥဂ္ဂသုတ်ကို လို့က်ရှာသည့်အခါ အဂုင်္တ္ထိုရ် အဋ္ဌကနိပါတ်တွင် ပထမဥဂ္ဂသုတ်၊ ဒုတိယဥဂ္ဂသုတ်ဟု နှစ်သုတ်တွေ့ရ၏။ ပထမသုတ်သည် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်နှင့် ပတ်သက်၍၏။ ဒုတိယသုတ်သည် ၀ဇ္ဇီတိုင်း ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်နှင့် သက်ဆိုင်၏။ နှစ်သုတ်စလုံး သဘောသွား တူသဖြင့် ပထမသုတ်ကိုသာဖော်ပြပါမည်။
ဘုရားရှင်က ဥဂ္ဂသူကြွယ်တွင် အံ့သြဖွယ် ရှစ်မျိုးရှိကြောင်း ဟောတော်မူသောအခါ ရဟန်းတစ်ပါးသည် ဥဂ္ဂသူကြွယ်အား ထိုအကြောင်းနှင့် ပတ်သက်၍ သွားရောက်မေးမြန်း၏။ ဥဂ္ဂသူကြွယ်လျှောက်ထားသော အံ့ဖွယ်ရှစ်ရပ်မှာ အောက်ပါအတိုင်းဖြစ်၏။

၁။ `အရှင်ဘုရား၊ အကျွန်ုပ်သည် အကြင်အခါ၌ မြတ် စွာဘုရားကို ရှေးဦးစွာ အဝေးမှလျှင်မြင်ရ၏။ အရှင်ဘုရား၊ မြင်သည်နှင့်တစ်ပြိုင်နက်သာလျှင် အကျွန်နုပ်၏စိတ်သည် မြတ်စွာဘုရားအား ကြည်ညိုပါ၏။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့သြဖွယ်ဖြစ်သော မဖြစ်ဘူးမြဲဖြစ်သော ဤပထမသဘောသည် ရှိပါ၏။

၂။ `အရှင်ဘုရား၊ ထိုအကျွန်ုပ်သည် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ မြတ်စွာဘုရားသို့ ဆည်းကပ်ပါ၏။ ထိုအကျွန်ုပ်အား မြတ်စွာဘုရားသည် အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏။ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သော စကားကိုလည်းကောင်း၊ (ပ) (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကိုလည်းကောင်းပြတော်မူ၏။ (ပ) `အရှင်းဘုရား၊ ထိုတပည့်တော်သည် တရားကို မြင်ပြီးသည်၊ တရားသို့ရောက်ပြီးသည်၊ တရားကို သိပြီးသည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည် ယုံမှားခြင်းကို ကူးမြောက်ပြီးသည်၊ သို့လောသို့လော တွေးတောခြင်း ကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရားသာသနာသော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည်၊ ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိသည်ဖြစ်၍ ထိုနေရာ၌ပင်လျှင် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း၊ ကိုးကွယ်ရာဟူ၍ ဆည်ကပ်ပါပြီ၊ ဗြဟ္မစရိယ သိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကို ဆောက်တည်ပါပြီ၊ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဒုတိယ သဘောသည် ရှိပါ၏။

၃။`အရှင်ဘုရား၊ ထိုအကျွန်ုပ်အား ကုမာရီရွယ် (နုနယ်ပျိုမျစ်ကုန်သော) မယားလေးယောက်တို့သည် ရှိပါကုန်၏။ အရှင်ဘုရား၊ ထိုအခါ အကျွန်ုပ်သည် ထိုမယားတို့ထံသို့ ချဉ်းကပ်၍ ထိုမယားတို့ကို `နှမတို့၊ ငါသည်ကား ဗြဟ္မစရိယ သိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကိုကောင်းစွာ ဆောက်တည်အပ်ကုန်၏၊ အလိုရှိသော နှစ်မသည် ဤအိမ်၌ပင်လျှင် စည်းစိမ်ဥစ္စာတို့ကိုသုံးဆောင် ခံစားလော့၊ ယောက်ျားတစ်ပါးကို အလိုရှိသည်ဖြစ်မှု အဘယ်ယောက်ျားအား သင်တို့ကို ပေးရအံ့နည်း´ ဟု ဤ စကားကိုဆို၏။

`အရှင်ဘုရား၊ ဤသို့ဆိုသော် မယားကြီးသည် အကျွန်ုပ်ကို `အရှင်၊ ဤမည်သော ယောက်ျားအား အကျွန်ုပ်ကို ပေးပါလော့´ဟု ဆိုဟု၏။ အရှင်ဘုရား၊ ထိုအခါ အကျွန်ုပ်သည် ထိုယောက်ျားကို ခေါ်စေပြီး၍ လက်ဝဲလက်ဖြင့် မယားကို ကိုင်၍ လက်ျာလက်ဖြင့် ရေခရားကို ကိုင်ပြီးလျှင် ထိုယောက်ျားအား စွန့်ပါ၏။ `အရှင်ဘုရား၊ အကျွနုပ်သည် ကုမာရီရွယ် (နုနယ်ပျိုမျစ်သော) မယားကိုစွန့်သည်ရှိသော် စိတ်ဖောက်ပြန်ခြင်းကို မသိပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤတတိယ သဘောသည် ရှိပါ၏။

၎။ `အရှင်ဘုရား၊ အကျွန်ုပ်၏ အမျိုးအိမ်၌ ရှိကုန်သော စည်းစိမ်ဥစ္စာတို့ကိုလည်း ကောင်းသောသဘောရှိကုန်သော သီလ၀န္တပုဂ္ဂိုလ်တို့နှင့် မခွဲခြားအပ်ကုန်။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤစတုတ္ထ သဘောသည် ရှိပါ၏။

k၅။ `အရှင်ဘုရား၊ အကျွန်ုပ်သည် ရဟန်းတို့ကို ဆည်းကပ်ခဲ့မူ ရိုသေစွာသာလျှင် ဆည်းကပ်ပါ၏၊ မရိုမသေ မဆည်းကပ်ပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤပဉ္စမ သဘောသည် ရှိပါ၏။

၆။ `အရှင်ဘုရား၊ ထိုအရှင်သည် အကျွန်ုပ်အား တရားဟောခဲ့ပါမူ ရိုသေစွာသာလျှင် တရားနာ၏၊ မရိုမသေ မနာပါ။ အကျွန်ုပ်အား ထိုအရှင်သည် တရားမဟောခဲ့ပါမူ အကျွန်ုပ်သည် ထိုအရှင်အား တရာဟောပါ၏။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဆဋ္ဌ သဘောသည် ရှိပါ၏။

၇။ အရှင်ဘုရား၊ အကျွန်ုပ်အား နတ်တို့ချဉ်းကပ်၍ `သူကြွယ်၊ မြတ်စွားဘုရားသည် တရားကိုကောင်းစွာ ဟောတော်မှု၏´ ဟု ပြောကြားကုန်၏။ အရှင်ဘုရား။ ဤသို့ ပြောကြားသည်ရှိသော် `သင်နတ်တို့က ဤသို့ ပြောကုန်သည်ဖြစ်စေ၊ မပြောကုန်သည်ဖြစ်စေ၊ စင်စစ်သော်ကား မြတ်စွာဘုရားသည် တရားကို ကောင်းစွာ ဟောတော်မှု၏ ´ဟု ထိုနတ်တို့ကို အကျွန်ုပ် ဤသို့ ပြောဆိုပါ၏။ ဤသို့ ဆိုခြင်းသည် အံ့ဖွယ် မဟုတ်ပါ။ `အရှင်ဘုရား၊ ငါ့ထံသို့ နတ်တို့ချဉ်းကပ်ကုန်၏၊ ငါသည်လည်း နတ်တို့နှင့် အတူတကွ စကားပြောဆိုရ၏ဟု နတ်တို့ ချဉ်းကပ်လာခြင်း၊ နတ်တို့နှင့် အတူတကွ စကားပြောရခြင်း ဟူသောအကြောင်းကြောင့် စိတ်၏ တက်ကြွမှုကို မသိစဘူးပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသတ္တမ သဘောသည် ရှိပါ၏။

၈။`အရှင်ဘုရား၊ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မှုအပ်သော အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့တွင် မိမိ၌ မပယ်အပ်သေးသော တစ်စုံတစ်ခုသော သံယောဇဉ်ကိုမျှ မတွေ့မြင်ပါ။ အရှင်ဘုရား၊ အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤအဋ္ဌမ သဘောသည် ရှိပါ၏။ အရှင်ဘုရား၊ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့ ရှိပါကုန်၏။´´

အထက်ပါသုတ်သည် သောတာပန် သကဒါဂါမ် မဖြစ်ဘဲ အနာဂါမ် တန်းဖြစ်နိုင်သည်ဟူသော အဓိပ္ပါယ် လုံးဝ မသက်ရောက်ပါ။ အလားတူ အယူအဆမျိုးကို ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ကျမ်းတွင်လည်း တွေ့ရ၏။ `ရသေ့တစ်ထောင်သည် အာဒိတ္တပရိယာယ- သုတ်ကို ကြားနာပြီးလျှင် အားလုံးရဟန္တာ ဖြစ်ကြသည်ဆို၏။ ထိုအခါ ပထမ မဂ်သုံးပါး ရှိသေးဟန်မတူချေ။ နောက်ကာလ၌ကား လူသတ္တ၀ါတို့ တစ်ဦးနှင့် တစ်ဦး ၀ီရိယကွာခြားမှုကို အကြောင်းပြု၍ အရိယာပုဂ္ဂိုလ် အမျိုးအစားခွဲခြားမှု ဖြစ်ပေါ်လာခဲ့တန်ရာ၏။

(ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ စာ-၂၇၈)

၎။ မဂ်စိတ်ဖြစ်ပြီးကာလကြာမှ ဖိုလ်စိတ်ဖြစ်မှု
ဆရာတော်ညွန်းသော သြက္ကန္တသံယုတ်တွင် အောက်ပါအတိုင်း တွေ့ရ၏။
`ရဟန်းတို့၊ မျက်စိသည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖောက်ပြန်တတ်၏၊။ (ပ) ကိုယ်သည် မမြဲ၊ ဖောက်ပြန်တက်၏၊ တစ်မျိုးတစ်ဖုံ ဖောက်ပြန်တက်၏။ `ရဟန်းတို့၊ ဤတရားတို့ကို ဤသို့ ယုံကြည် သက်ဝင်သူကို သဒ္ဓါသို့ အစဉ်လျှောက်၍ မဖောက်ပြန်သည်၏ အဖြစ်ဖြင့် မြဲခြင်းသို့ သက်ဝင်သူ၊ သူတော်ကောင်းတို့ ဖြစ်ရာဘုံသို့် သက်ဝင်သူ၊ ပုထုဇဉ်တို့ ဖြစ်ရာဘုံကို လွန်မြောက်သူ၊ ငရဲ တိရစ္ဆာန်မျိုး ပြိတ္တာဘုံတို့၌ ဖြစ်ရမည်ကံကို ပြုခြင်းငှာ မထိုက်သူ၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်မပြုရဘဲ သေခြင်းငှာလည်း မထိုက်သူဟု ဆိုအပ်၏။ ယင်းသုတ်အဋ္ဌကထာတွင် `အဘဗ္ဗော စ တာဝ ကာလံ ကာတုန္တိ ဣမိနာ ဥပ္ပန္နေ မဂ္ဂ ဖလဿ အနန္တရာယတံ ဒီပေတိ´ `သောတာပတ္တိဖိုလ်ကို မျက်မောက်မပြုဘဲ သေခြင်းငှာမထိုက် ဟူသော စကားရပ်ဖြင့် မဂ်စိတ်ဖြစ်ပြီးသည်ရှိသော် ဖိုလ်စိတ်၏ အန္တရာယ် မရှိသည်၏ အဖြစ်ကို ပြ၏´ ဟုဖွင့်ထား၏။ မှန်၏။ `စတ္တာရော ပန မဂ္ဂုပ္ပါဒါ ဧကစိတ္တက္ခဏိကာ´ ဟူသည်အတိုင်း မဂ်စိတ်တို့မည်သည် စိတ္တက္ခဏတစ်ချက်သာ ကြာ၏။ ၄င်းနောက် ဖိုလ်စိတ် တန်းဖြစ်၏။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းတွင်ပင် စိတ္တက္ခဏပေါင်း ကုဋေတစ်သိန်းမက ဖြစ်ပျက်နိုင်သည်ဟုဆိုရာ မဂ်စိတ်ဖြစ်ပြီးနောက် ဖိုလ်စိတ်မဖြစ်ခင် အချိန်ကလေးတွင် ထိုပုဂ္ဂိုလ်ကို မည်သူသေအောင် သတ်နိုင်အံ့နည်း။

အရှင်ကောဝိဒ (ယော)


Reblog this post [with Zemanta]
Bookmark and Share

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories