June 24, 2010

ဘုရားကို အထင်သေးသူ


`နမော တေ ပုရိသာဇညာ၊ နမော တေ ပုရိသုတ္တမ။
သဗ္ဗညူသိ မဟာဝီရ၊ လောကဇေဋ္ဌေ နရာသဘ။´
`ယောက်ျားအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရားအား၊ အရှင်ဘုရားအား ရှိခိုးပါ ၏။ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားအား ရှိခိုးပါ၏၊ လုံ့လကြီး တော်မူသော၊ လောက၏ အကြီးအမှူးဖြစ်တော်မူသော၊ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားသည် တရားအလုံးစုံကို သိတော်မူပါပေ၏။´
စာရေးသူသည် အထက်ပါ အပါဒါန်ပါဠိတော်လာ ဂါထာကလေးကို မှတ်စုထုတ်နေခိုက် လှိုင်သာယာမှ မိတ်ဆွေဦးပဉ္ဇင်းတစ်ပါး ရောက်လာသည်။ စကားစမြည် ပြောဆိုကြရင်း မိုးပြာ ဂိုဏ်း အကြောင်း ရောက်သွားသည်။
`ဦးဇင်း၊ မိုးပြာဂိုဏ်းက စာအုပ်တစ်အုပ်ထဲမှာ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာ သုံးပါးပဲလို့ ဘုရားဟောထားတာ ရှိတယ်။ ကောသလမင်းကြီးကို သဗ္ဗညုတဉာဏ်ရတဲ့ အကြောင်း ၀န်ခံထားတာလဲ ရှိတယ်လို့ ဆိုကြတယ်တဲ့။
`တကယ်လို့ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာသုံးပါးကို ဆိုလာတာပါလို့ ဘုရား ဟောခဲ့တာမှန်ရင် သူ သဗ္ဗညုတဉာဏ် ရပါတယ်၊ အကုန်သိပါတယ်လို့ ၀န်ခံတယ်ဆိုတာ မှားရမယ်တဲ့။ တစ်ခုမှန်ရင် တစ်ခုမှားရမယ်ပေါ့ ကိုယ်တော်ရာ။
`ဘုရားဆိုတာ မကြွားဝါတတ်သူမို့လို့ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာသုံးပါးပါပဲ ဆိုတဲ့စကားသာ ဘုရားဟော အစစ်ဖြစ်သင့်ပါတယ်-တဲ့။
`နောက်ပြီး နိဗ္ဗာန်ဟာ အနတ္တဆိုလို့ရှိရင် နိဗ္ဗာန်ဟာ အနှစ်သာရ ဘာမှမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ရောက်ပါတယ်တဲ့။ နိဗ္ဗာန်ဟာ အတ္တပါတဲ့။ ဦးဇင်း အဲဒီပြဿနာတွေ ဖြေရှင်းဖူးတယ် လို့ကြားပါတယ်။ လုပ်ပါအုံး၊ လင်းစမ်းပါအုံး´
`ကိုယ်တော်လဲ စာကြည့်နိုင်သားပဲ။ ကိုယ့်ဟာကို ပါဠိတော်ရှာဖတ်ပြီး နှိုင်းယှဉ် လေ့လာကြည့်ပေါ့´
`ဟာ ဦးဇင်းကလဲ အဲဒီလို အဖြေရှာရတဲ့အလုပ်ကို မလုပ်ချင်လို့ လာမေးတာပေါ့´
`ကိုယ်တော်တို့က အဲဒါတွေ ခွကျတာပဲ။ ကိုယ်တော့်ကို အဲဒီလိုမျိုး ဒကာ-ဒကာမ တစ်ယောက်ယောက်က မေးပါပြီတဲ့၊ ဘယ်လိုလုပ်မလဲ´
`အဲဒီအခါကျတော့ နောက်မှ စာကြည့်ပြီး ပြောပါမယ်လို့ လုပ်ရမှာပေါ့´
`ကဲကဲ-ထားလိုက်ပါတော့။ ဈေးကိုင်လိုက်တာလို့ ကိုယ်တော်မပြောခင် ရှင်းပြပါ့မယ်။ နေအုံး၊ တပည့်တော် ဆောင်းပါးရေးတုန်းက ပရင့်ထုတ်ထားတဲ့ စာရွက်တွေ ရှိတယ်။ သဘောတူရာ ဖိုင်တွဲပြီးသိမ်းထားတယ် အဲဒါဖတ်ကြည့်ရင် ရှင်းသွားလိမ့်မယ်´
`အဲဒီခေတ်က ဗုဒ္ဓကောလာဟလအရ ဘုရားဖြစ်ချင်သူတွေ အိန္ဒိယတစ်ဝိုက်မှာ ဘယ် လောက်များမယ်၊ ဘုရားရဲ့ သာဝကရင်း ဖြစ်ချင်သူတွေ ဘယ်လောက်များမယ် ဆိုတာ မှန်း ကြည့်လိုက်။ တပည့်တော်တို့ ဘုရားမပွင့်ခင် ဘုရားလိုဝန်ခံတဲ့သူ ခြောက်ယောက်ရှိနေပြီ။ သူတို့ကို ယုံကြည်လို့ ဆည်းကပ်တဲ့သူတွေ ရှိသလို၊ လေ့လာနေတဲ့သူတွေလဲ ရှိတယ်။ မဟာပု ရိသလက္ခဏာကျမ်းအရ ဘုရားတစ်ဆူရဲ့ သဘောသဘာဝတွေကိုလဲ လူတော်တော်များ များက သိနေကြလိမ့်မယ်။
`ဘုရားအမည်ခံ တိတ္တိဆရာကြီး ခြောက်ယောက်ထဲမှာ နိဂဏ္ဌနာဋပုတ္တရဲ့ ၀ါဒဟာ အခုချိန်ထိတောင် သက်တမ်းရှည်ပြီး အိမ်န္ဒိယမှာ ဂျိန်းဘာသာ-ဂျိန်းဝါဒဆိုပြီး တည်ရှိဆဲ ကိုး ကွယ်ဆဲပဲ။ မဟာဝီဒလို့လဲခေါ်တဲ့ အဲဒီ နိဂဏ္ဌနာဋပုတ္တဟာ အသက် ၃၀-မှာ တောထွက်၊ ၁၂-နှစ်တိုင်တိုင် တပအကျင့်တွေကို ကျင့်ပြီး ၄၂-နှစ်မှာ သူ့ကိုသူ ဘုရားဖြစ်ပြီလို့ ကြေညာသ တဲ့။ သူ့ရဲ့ဝါဒက ဘုရားဟောတဲ့ သဗ္ဗပုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒပါပဲ။
`သူက သူ့ကိုသူ ဘုရားလို့ ၀န်ခံထားတဲ့အခါမှာ ကြီးကြီးကျယ်ကျယ် ကြွားပုံကို ဒီသုတ် မှာကြည့်-
`ဥဒါယီ၊ သို့ဖြစ်မူ ငါ တရားဟောရမည့် အကြောင်းကို သင် စ၍ ပြောလော့´ဟု (မိန့်တော်မူ၏)။
အရှင်ဘုရား၊ ယခင်ယခင်နေ့တို့က`အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ ငါသွားနေ သည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏´ ဟု အကြွင်းမဲ့ဉာဏ်အမြင်ကို ၀န်ခံသောသူရှိ၏။
`ထိုပုဂ္ဂိုလ်သည် အကျွန်ုပ်က ရှေးအဖို့ကို အကြောင်းပြု၍ ပြဿနာများကို မေးသည် ရှိသော် အကြောင်းတစ်ပါးဖြင့် အကြာင်းတစ်ပါးကို ဖုံးလွှမ်း၏၊ အပသို့ စကားကို ရောက်စေ၏၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ နှလုံးမသာယာခြင်းကိုလည်း ထင်စွာပြု၏။
`ထိုအကျွန်ုပ်အား မြတ်စွာဘုရားကိုသာလျှင် အကြောင်းပြု၍ `ဩော်…ဘုန်းတော် ကြီးသောမြတ်စွာဘုရား၊ ဪ... ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာ ဘုရား၊ မြတ်စွာဘုရားသည် ဤတရားတို့ကို ကောင်းစွာ ကျွမ်းကျင်တော်မူ၏´ ဟု အောက်မေ့ မိပါ၏။´
`ဥဒါယီ၊ (ပ) ထိုသူသည် မည်သူနည်း´
`အရှင်ဘုရား၊ နာဋ၏သား နိဂဏ္ဌပါတည်း´ဟု (လျှောက်၏)။ (မဇ္ဈိမပဏ္ဏာသ၊ စူဠသ ကုလုဒါယိသုတ်)
`အဂုင်္တ္တိုရ်၊ န၀ကနိပါတ်၊ လောကာယတိကသုတ်အရ သူမှ အဲဒီလိုဝန်ခံတာ မဟုတ် ဘူး။ ပူရဏ ကဿပလဲ အဲဒီလို ၀န်ခံတာပဲဗျ။ နိဂဏ္ဌက လည်တယ်။ ပြဿနာကို တတ်နိုင်သ လောက် ဟာကွက်မရှိအောင် ပြင်ဆင်တတ်တယ်။ သူက အကုန်သိတယ်။ အကုန် သိရုံမကဘူး အမြဲတမ်းလဲ သိနေတယ်လို့ ၀န်ခံတယ်။
ဒါပေမဲ့ တစ်ခါတလေ လူတစ်ယောက်မှ မရှိတဲ့အိမ်ကို ဆွမ်းခံမိတယ်။ အဲဒီအိမ်မှာ လူမ ရှိမှန်း အစကတဲက မသိဘူးလားလို့ မေးတဲ့အခါ လူမရှိမှန်း သိပါတယ်၊ ဒါပေမဲ့ ကံတရားက လူရှိရှိ မရှိရှိ ဒီအိမ်ကို သွားရမယ်လို့ သတ်မှတ်ပြီးသား ဖြစ်နေတယ်လို့ အကြာင်းပြတယ်။ ဒီမှာ ဖတ်ကြည့်ပါ။
`သန္ဒက၊ ဤလောက၌ အချို့သောဆရာသည် အလုံးစုံကို သိ၏၊ အလုံးစုံကိုမြင်၏။ `ငါသွားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏´ ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏။
ထိုဆရာသည် ဆိတ်သုဉ်းသော အိမ်သို့လည်း ၀င်၏၊ ဆွမ်းလည်းမရ ခွေးလည်း ကိုက်၏၊ ကြမ်းသောဆင်နှင့်လည်း တွေ့ဆုံ၏၊ (ပ) လမ်းခရီးကိုလည်းကောင်း မေး၏။
`ထိုဆရာသည် `ဤအမှုသည် အသို့ပါနည်း´ ဟု မေးသည်ရှိသော် ဆိတ်သုဉ်းသော အိမ်ကို ငါ ၀င်သင့်၏၊ ထို့ကြောင့် ၀င်၏။ ဆွမ်းကိုလည်း မရသင့်၊ ထို့ကြောင့် မရခဲ့။
`ခွေးသည် ကိုက်သင့်၏၊ ထို့ကြောင့် ကိုက်၏၊ ကြမ်းသောဆင်နှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏၊ ကြမ်းသော မြင်းနှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏၊ ကြမ်သောနွား နှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏။
`မိန်းမ၏လည်းကောင်း၊ ယောက်ျား၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ အနွယ် ကိုလည်းကောင်း မေးသင့်၏၊ ထို့ကြောင့် မေး၏။ ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း မေးသင့်၏၊ ထို့ကြောင့် မေး၏´ဟု (ဖြေဆို၏)။ (မဇ္ဈိမ ပဏ္ဏာသ၊ သန္ဒကသုတ်)
`နိဂဏ္ဌရဲ့ အဖြေက မပိုင်ဘူးလား။ အဲဒီလိုအရာရာကို ရှေးကံချည်းပဲ လွှဲချတတ်တဲ့ နိဂဏ္ဌတွေကို ဘုရားက ဒီလိုမိန့်ဖူးတယ်။
`ရဟန်းတို့၊ အကယ်၍ သတ္တ၀ါတို့သည် ရှေးကံကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန် သည်ဖြစ်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘ၀၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံ ခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြာင့် မချွတ်ဧကန် ရှေးက မကောင်းမှုကံကို ပြုခဲ့သူ တို့ ဖြစ်ကုန်၏´ (မ၊ ၃၊ ဒေ၀ဒဟသုတ်)
`ဘုရားရှင်က သဗ္ဗညုတဉာဏ်ကို ၀န်ခံတယ်ဆိုတဲ့သုတ်က ဘယ်သုတ်လဲ´
`ဒဟရသုတ်လေ၊ ဒီမှာကြည့်။ မသေနဒီကောသလမင်းသည် `အရှင်ဂေါတမသည် လည်း အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ ဟူ၍ ၀န်ခံသလောဟု မြတ်စွာ ဘုရားအား လျှောက်၏။
`မင်းကြီး၊ `အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ဟူသော စကားကို ကောင်းစွာဆိုလိုသူသည် ငါ့ကိုသာလျှင် (ရည်ညွှန်း၍) ဆိုသည် ဖြစ်ရာ၏။ မင်းကြီး၊ မှန်၏။ ငါသည် အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ဟု (မိန့်တော်မူ၏)။ (ကောသလ သံယုတ်၊ ဒဟရသုတ်)
`ဒါပေမဲ့ ဒီနေရာမှာ သတိထားရမှာက သဗ္ဗညူ-ဆိုတာ သဗ္ဗ-အကုန်။ ညူ-သိတာ။ အကုန်သိတယ်လို့သာ ၀န်ခံတာ။ ဘုရားက အိပ်နေတဲ့အခါမှာဖြစ်စေ၊ နိုးနေတဲ့အခါမှာဖြစ်စေ ငါဘုရားအမြဲမပြတ်သိနေတယ်လို့ ၀န်မခံဘူး။ အဲဒီလို သိနိုင်တာမျိုးလဲ မရှိဘူး။ ဆင်ခြင် လိုက်ရင်တော့ အကုန်သိနိုင်တယ်၊ မသိအောင် ဘယ်အရာကမှ မတားဆီးနိုင်ဘူး။ ဒါ့ကြောင့် သဗ္ဗညုတဉာဏ်ကို အနာဝရဏဉာဏ်လို့လဲ ခေါ်တယ်။ ၀စ္ဆပရိဗိုဇ်မေးတုန်းက ဘုရားက ဒီလို ဖြေတယ်။
`အရှင်ဘုရား၊ ရဟန်းဂေါတမသည် အလုံးစုံကို မြင်၏၊ ငါသွားနေသည်ဖြစ်စေ၊ ရပ်နေ သည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ကြားဖူးပါ၏။
`အရှင်ဘုရား၊ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ (ပ) အမြဲမပြတ် ဉာဏ်အမြင် သည် ရှေးရှုထင်၏- ဟု အကြွင်းမဲ့ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ပြောဆိုသောသူတို့သည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်၏လော´ (ပ) ဟု လျှောက်ထား၏။
`၀စ္ဆ၊ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ (ပ) အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှု ထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ပြောဆိုသူတို့သည် ငါ၏ စကားအရ ပြောဆိုသူတို့ မဟုတ်ကုန်၊(ပ)´ဟု (မိန့်တော်မူ၏)။
`အရှင်ဘုရား၊ ထိုသို့မဟုတ်မူ အဘယ်သို့ပြောဆိုသော အကျွန်ုပ်တို့သည် မြတ်စွာ ဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်သနည်း၊ (ပ)´ဟု(လျှောက်၏)။
`၀စ္ဆ၊ ရဟန်းဂေါတမသည် ၀ိဇ္ဇာသုံးပါးရှိ၏ဟု ပြောဆိုသော သူသည် အမှန်အားဖြင့် ငါ၏ စကားအရ ပြောဆိုခြင်း ဖြစ်ရာ၏၊ ငါ့ကို မမှန်သောစကားဖြင့်လည်း မစွပ်စွဲရာ´ (မ၊ မြန်၊ ၂၊ တေ၀ိဇ္ဇ၀စ္ဆသုတ်)
တေ၀ိဇ္ဇသုတ်မှာ ဘုရားက အဲဒီလို အကုန်သိ-အမြဲသိ ဆိုတာကို ပယ်လိုက်တော့ လူထုထဲမှာ ပြောစရာစကားတစ်မျိုး ပျံ့နှံ့နေမှာပေါ့။ အဲဒီအကြောင်းကို ကောသလမင်းကြီးက ဘုရားကို လျှောက်ထားပုံကြည့်-
ထိုအခါ ကောသလမင်းကြီးသည် မြတ်စွာဘုရားအား`အရှင်ဘုရား၊ `တရားအလုံးစုံကို သိသော၊ တရားအလုံးစုံကို မြင်သော၊ အကြွင်းမဲ့ဉာဏ်ပညာရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိနိုင်၊ ဤသို့ ၀န်ခံနိုင်သော အကြာင်းမျိုးသည် မရှိနိုင်´ ဟု ရဟန်းဂေါတမဆို၏ ဟူ၍ အကျွန်ုပ် ကြားရပါ၏။
`အရှင်ဘုရား တရားအလုံးစုံကိုသိသော၊ တရားအလုံးစုံကိုမြင်သာ အကြွင်းမဲ့ဉာဏ် အမြင်ရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော် လည်းကောင်း မရှိနိုင်၊ ဤသို့ (၀န်ခံနိုင်) သော အကြာင်းမျိုးသည် မရှိနိုင်´ဟု ရဟန်းဂေါတမသည် ဆို၏ဟု ပြောဆိုကြသော သူတို့သည် မြတ်စွာဘုရား၏ စကားအတိုင်း ပြောဆိုကြပါကုန်သလော၊ (ပ)´ ဟု လျှောက်၏။
`မင်းကြီး၊ တရား,အလုံးစုံကို သိသော၊ တရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်အမြင်ရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သောလည်းကောင်း၊ ဗြဟ္မဏသည်သော် လည်းကောင်း မရှိ၊ ဤသို့ ၀န်ခံနိုင်သော အကြာင်းမျိုးသည် မရှိနိုင်ဟု ရဟန်းဂေါတမဆို၏´ ဟု ပြောဆိုကြသော သူတို့သည် ငါ့စကားအတိုင်း ပြောဆိုကြသည်မဟုတ်ကုန်၊ ထိုသူတို့ သည် မဟုတ်မမှန်သော အကြာင်းအရာဖြင့်လည်း ငါ့ကိုစွပ်စွဲကြကုန်၏´ဟု (မိန့်တော်မူ၏)။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ၀ိဋဋူဘစ်စစ်သူကြီးကို ခေါ်၍ `စစ်သူကြီး၊ အဘယ်သူသည် ဤစကားကို နန်းတော်အတွင်း၌ ပြောကြားလာပါသနည်း´ဟု မေးမြန်း၏။
`မင်းကြီး၊ အကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားသည် ပြောကြားပါ၏´ဟု (လျှောက်၏)။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် တစ်ယောက်သော မင်းချင်းကို ခေါ်၍ `အမောင်ယောက်ျား၊ အသင်လာခဲ့လော့။ ငါ၏စကားဖြင့် အကာသအနွယ် ဖြစ်သော သဉ္ဇယ ပုဏ္ဏားကို `အရှင်၊ သင့်ကို ပသေနဒီကောသလမင်းကြီးသည် ခေါ်၏´ ဟု ဆို၍ ခေါ်ချေလော့´ ဟု မိန့်၏။
`အရှင်မင်းမြတ်၊ ကောင်းပါပြီ´ ဟူ၍ သာလျှင် ထိုမင်းချင်းသည် ပသေနဒီကောသလ မင်းကြီးအား ပြန်ကြားလျှောက်ထား၍ အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားရှိရာသို့ ချဉ်းကပ်ကာ `အရှင်၊ သင့်အား ပသေနဒီကောသလမင်းကြီး ခေါ်၏´ ဟု ပြောကြားလေ၏။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် မြတ်စွာဘုရားအား `အရှင်ဘုရား၊ မြတ်စွာ ဘုရားသည် တစ်စုံတစ်ခုကို ရည်ညွှန်း၍ ဟောတော်မူသောစကားသည် ရှိတန်ရာ၏၊ ထိုစကား ကိုပင် လူအများက တစ်မျိုးတစ်မည်အားဖြင့် သိမှတ်နေရာပါ၏။ အရင်ဘုရား၊ ထိုကဲ့သို့သော စကားမျိုးကို မြတ်စွာဘုရား ဆိုဖူး၏ဟု မှတ်မိပါသလော´ ဟု လျှောက်၏။
`မင်းကြီး၊ တစ်ကြိမ်တဲဖြင့်သာလျှင် အလုံးစံကို သိနိုင်သော အလုံးစုံကို မြင်နိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိ။ ဤသို့ (သိနိုင် မြင်နိုင်) သော အကြောင်းမျိုးသည် မရှိနိုင်၊ ဤသို့ စကားပြောဖူးသည်ကို ငါမှတ်မိ၏´ ဟု (မိန့်တော်မူ၏)။
`အရှင်ဘုရား၊ တစ်ကြိမ်တဲဖြင့်သာလျှင် အလုံးစုံကို သိနိုင်သော အလုံးစုံကို မြင်နိုင် သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိ၊ ဤသို့ သိနိုင်-မြင်နိုင်သော အကြာင်းမျိုးသည် အကြာင်းမှန် သဘောကို မိန့်ဆိုတော်မူပေ၏။ အရှင်ဘုရား၊ မြတ်စွာဘုရားသည် အကြောင်းခိုင်လုံသော သဘောကို မိန့်ဆိုတော်မူပေ၏´။ (မ၊ မြန်၊ ၂၊ ကဏ္ဏတတ္ထလသုတ်)
`ကဲ-ဒီသုတ်အရ မြတ်စွာဘုရားက အကုန်သိတယ်ဆိုတာကို မပယ်ဘူး။ တစ်ကြိမ်ထဲ နဲ့အကုန်သိတာ၊ အမြဲသိနေတာကိုသာ ပယ်တယ်ဆိုတာ ထင်ရှားသွားပြီပေါ့။ ကထာဝတ္ထု ကျမ်းက အမေးအဖြေကလေး ဆက်ကြည့်ပါအုံး´
သက၀ါဒီ။ ။ မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့် `သာဝက´ တို့နှင့် ဆက်ဆံ ပါသလော။
ပရ၀ါဒီ။ ။ ဪ... ဆက်ဆံပါ၏။
သက၀ါဒီ။ ။ မြတ်စွာဘုရားသည် မာရ်ငါးပါးတို့ကို အောင်မြင်ပါသလော လူနတ်တို့ကို ဆုံးမတတ်ပါသလော မဖောက်မပြန် ကိုယ်တိုင် (သိဖွယ်တရားတို့ကို) သိပါသလော၊ အလုံးစံကို မြင်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) အရှင်သခင် ဖြစ်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) ကိုကွယ်ရာ ဖြစ်ပါသလော။
ပရ၀ါဒီ။ ။ ဪ... ဟုတ်ပါ၏။
သက၀ါဒီ။ ။ တပည့် `သာဝက´ သည်လည်း မာရ်ငါးပါးတို့ကို အောင်မြင်ပါသလော၊ လူနတ်တို့ကို ဆုံးမတတ်ပါသလော၊ မဖောက်မပြန် ကိုယ်တိုင် (သိဖွယ်တရားတို့ကို) သိပါသ လော၊ အလုံးစုံကို သိပါသလော၊ အလုံးစုံကို မြင်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) အရှင်သခင် ဖြစ်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) ကိုးကွယ်ရာ ဖြစ်ပါသလော။
ပရ၀ါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ ပ။ (ကထာဝတ္ထုပါဠိတော်၊ ဗလကထာ)
`သဗ္ဗညုတဉာဏ်အကြောင်းတော့ ရှင်းသွားပါပြီ။ နိဗ္ဗာန်ရဲ့ အနတ္တဖြစ်ပုံကလေး ဆက်ရှင်းပြပါအုံး။ ကိုယ်တော့်ရဲ့ မြတ်ပန်းရဂုံမှာပါတဲ့ ဆောင်းပါးထဲကအတိုင်း `သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ-သင်္ခါရတရားအားလုံးဟာ အနိစ္စ ဒုက္ခ´လို့ ဟောထားပြီး အနတ္တဖြစ်တဲ့ တရားကျမှ သဗ္ဗေ သင်္ခါရာလို့ မဟောဘဲ `သဗ္ဗေ ဓမ္မာ အနတ္တာ´လို့ ဟောတော် မူတဲ့အတွက် သင်္ခါရတရားအားလုံးသာ အနတ္တဖြစ်တာ မဟုတ်သေးဘူး။ အသင်္ခတဖြစ်တဲ့ နိဗ္ဗာန်လဲ အနတ္တဖြစ်တယ်။ အနတ္တမည်တယ်။
`နောက်ပြီး ပရိဝါပါဠိတော်မှာ လာတဲ့`နိဗ္ဗာနဉ္စေစ ပညတ္တိ၊ အနတ္တာဣတိ နိစ္ဆယာ´ ဆိုတဲ့ ပါဠိအရ နိဗ္ဗာန်ရဲ့ ပညတ်ကို အနတ္တလို့ ဆုံးဖြတ်ရမယ် ဆိုတာတွေ တပည့်တော် ဖတ်ပြီးပါပြီ။ ဒါပေမဲ့ ရှင်မိုးပြာ ပြောသလို နိဗ္ဗာန်ဟာ အနတ္တဆိုတော့ နိဗ္ဗာန်သည် အနှစ်သာရ မရှိဆိုတဲ့ အဓိပ္ပာယ် ရောက်မသွားဘူးလား´
ကိုယ်တော့်လို လူတွေကြောင့် မိစ္ဆာဒိဋ္ဌိသမားတွေ ခေါင်းထောင်နေသာ။ ကိုယ်ကြားဖူး နေကျ အနက်ကလေးနဲ့ အပေါ်ယံ အဓိပ္ပာယ်ကလေး ကြည့်ပြီး ပြောလို့မရဘူးလေ။ ကိုယ်တော်ဟာ တပည့်တော်ကြားဖူးတဲ့ ပုံပြင်လေးထဲက ကျေင်းဒကာမကြီးလို ဖြစ်နေပြီ။
`တောရွာတစ်ရွာမှာ ကျောင်းဒကာမကြီး တစ်ယောက်က ဥပုသ်နေ့ဆိုရင် ကျောင်းလာ ဥပုသ်စောင့်လို့ ပုတီးစိပ်တဲ့အခါ အနိစ္စ- ဒုက္ခ- အနတ္တဆိုတာကို အကျယ်ကြီး ဆိုဆိုပြီး စိပ်တာ တဲ့။ တစ်နေ့တော့ ကျောင်းကဆရာတော်က `ဒကာမကြီး၊ ပုတီးစိပ်တဲ့အခါမှာ အနက်အ ဓိပ္ပာယ်ကိုပါ ထည့်ဆိုပြီး စိပ်ရတယ်´ ဆိုတော့ `အနိစ္စ၊ အမြဲမရှိ။ ဒုက္ခ၊ ဆင်းရဲ၏။ အနတ္တ၊ ကိုယ့်ကိုယ်ကိုမပိုင် ကျောင်းဒကာကြီးသာ ပိုင်သည်´လို့ စိပ်သတဲ့။ ဘယ့်နှယ့်လဲ အဲဒီကျောင်း ဒကာမကြီးရဲ့ အနတ္တ အနက်ပေးပုံ ကြိုက်ရဲ့လား´
`ဒီိလိုဆိုရင် `သဗ္ဗေ ဓမ္မာ အနတ္တာ´ မှာ `အနတ္တာ´ ကို ဘယ်လို အနက်ပေးရမှာလဲ´
`အနတ္တဆိုတာ `န´ နဲ့ `အတ္တ´ ပေါင်းထားတာလေ။ ကိုယ်တော် အကြီးတန်းတုန်းက ကျက်ခဲ့တဲ့ အဘိဓာန်မှာ `အတ္တ´ရဲ့ အနက်ကို ဘယ်နှချက်ပြလဲ´
`မမှတ်မိတော့ဘူး။ ကိုယ်တို့ စိတ်တို့ကို ဟောတယ်ထင်တယ်´
`စိတ္တေ ကာယေ သဘာဝေ စ၊ သော အတ္တာ ပရမတ္တနိ-လေ။ သဒ္ဒါဟာ (၁) စိတ် (၂)ကိုယ် (၃) သဘောတရား၊ (၄) တိတ္ထိတို့သည် ကြံဆအပ်သော ပရမအတ္တ-လို့ အနက်လေး မျိုးကို ဟောနိုင်တယ်။ အဓိပ္ပာယ်လေးမျိုး ထွက်တယ်ပေါ့။
`ဥပမာ-အတ္တသမ္မာပဏိဓိမှာ အတ္တသဒ္ဒါက စိတ်ကိုဟောတယ်။ အတ္တသမ္မာပဏိဓိ- စိတ်ကိုကောင်းစွာ ထားခြင်းလို့ အနက်ပေးရမှာပေါ့။
`တပည့်တော်တို့ ကျက်ခဲ့ရတဲ့ ဘိက္ခုနီပါတိမောက်မှာ - ယာ ပန ဘိက္ခုနီ အတ္တာနံ ၀ဓိတွာ ၀ဓိတွာ ရောဒေယျ၊ ပါစိတ္တိယံ။ ယာ ပန ဘိက္ခုနီ အကြင်ရဟန်းမသည်၊ အတ္တာနံ ကိုယ်တိုင်။ ၀ဓိတွာ ၀ဓိတွာ၊ ထု၍ ထု၍။ ရောဒေယျ၊ ငိုငြားအံ့။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်သင့် ၏-ဆိုတဲ့ သိက္ခာပုဒ်မှာ အတ္တသဒ္ဒါက ကိုယ်ကို ဟောတယ်။
`နောက် `အတ္တဒီပါ ဘိက္ခဝေ ၀ိဟရထ ဘိက္ခဝေ၊ ရဟန်းတို့၊ အတ္တဒီပါ၊ လောကီ လောကုတ္တရာ နှစ်ဖြာသော် ကုသိုလ်တရားတည်းဟူသော မှီခိုရာကျွန်း ရှိကုန်သည်ဖြစ်၍။ ၀ိဟာရထ၊ နေကြကုန်လော့။´ လဲဒီလို ပါဠိတွေမှာ အတ္တသဒ္ဒါက သဘောတရားဆိုတဲ့ အနက်ကို ဟောတယ်။
`ဒါပေမဲ့ နိဿယတို့ ၊ မြန်မာပြန်တို့ ကြ့ည့်ရင်တော့ ပေးရိုးပေးစဉ်အတိုင်း အတ္တ-ဆိုရင် မိမိ၊ မိမိကိုယ် ဒီလိုတွေပဲ တွေ့ရမယ်။ သို့သော်လဲ မိမိအရ တစ်ခါတစ်ရံ စိတ်ကို၊ တစ်ခါတစ်ရံ ကိုယ်ကို ကောက်ရမယ်ဆိုတာ အဋ္ဌကထာ၊ ဋီကာတွေ ကြည့်ကြည့်ပေါ့ ကိုယ်တော်ရာ။
`နောင်ဆုံးအရေးကြီးတဲ့အတ္တ-သဒ္ဒါရဲ့အနက်က တိတ္တိတွေ တွေးခေါ်ကြံဆချက်က ဥပမာ မျက်စိက အဆင်းကို မြင်တဲ့နေရာမှာ မျက်စိကလဲရုပ်၊ အဆင်းကိုလဲ ရုပ်၊ ရုပ်ရုပ်ချင်း မမြင်နိုင်ဘူး။ ကိုယ်ထဲမှာ မြင်နိုင်စွမ်းတဲ့ အရာတစ်ခု ရှိရမယ်။ အဲဒီ မြင်တဲ့အရာကို ကောင်း-မကောင်း ခံစားတာလဲ သူပဲဖြစ်ရမယ်-စသည်ဖြင့် အမျိုးမျိုး ကြံစည်ကြတာပေါ့ ကိုယ်တော်ရာ။
`နောက် ဘယ်လို ကြံစည်ကြသလဲဆိုတော့ လူတိုင်းလူတိုင်းမှာ အတ္တကလေးတွေ ကိုယ်စီရှိကြတယ်။ ကောင်းကင်ဘုံမှာ အဲဒီအတ္တကလေးတွေရဲ့ ပင်မ ဖြူစင်တဲ့ ပရမအတ္တကြီး ရှိရမယ်။ သတ္တ၀ါကိုယ်စီမှာ ရှိကြတဲ့ အတ္တကလေးတွေဟာ မဖြူစင်သေးသမျှ သံသရာမှာ ကြင်လယ်ကြရမယ်။ ဖြူစင်တဲ့ တစ်နေ့မှာ ကောင်းကင်ဘုံက ပရမအတ္တကြီးနဲ့ ပူးပေါင်းခွင့်ရပြီ ထာဝရချမ်းသာကို ခံစားရမယ် စသည်ဖြင့်ပေါ့။
`တပည့်တော်တို့ ထေရ၀ါဒစာပေက ပြောတဲ့နိဗ္ဗာန်ဟာ အနတ္တဆိုတဲ့ နေရာမှာ အဲဒီအတ္တကို အဓိက ပယ်ချင်တာ။ ကျန်တဲ့ ကိုယ်-စိတ်စတဲ့ အတ္တရဲ့အနက်တွေက သံသယ ဖြစ်စရာ သိပ်မရှိဘူး။ ဗုဒ္ဓဘာသာမှတစ်ပါး ကျန်တဲ့ အခြားခြားသော ဘာသာကြီးတွေရဲ့ နိဗ္ဗာန် မှာက မပျက်စီးနိုင်တော့တဲ့ အသက်- လိပ်ပြာ- ၀ိညာဉ်- အတ္တဆိုတဲ့ ထာဝရနာမ်ဓာတ်ရှိတယ်။ ဗုဒ္ဓဘာသာမှာတောင် မဟာယာနတို့ ဇင်တို့ရဲ့ နိဗ္ဗာန်က ထာဝရပျော်စံရာ ဌာနပဲ။ အတ္တနှင့် မကင်းဘူး။
`အသာရကဋ္ဌေန အနတ္တာ-အရ အနှစ်မရှိသောကြောင့် အနတ္တ-ဆိုတဲ့နေရာမှာလဲ အဲဒီ အတ္တဆိုတဲ့ အနှစ်မရှိတာကို ပြောတာ။ နိစ္စသာရ-နိစ္စ အနှစ်၊ သုခသာရ-သုခအနှစ်တွေ ကတော့ ရှိတယ်ပေါ့´
`ရှင်းပါပြီ၊ ရှင်းပါပြီ။ သာဓုပါဘုရား´
အရှင်ကောဝိဒ (ယော)

ဝသလ(သူယုတ်)တို့၏ အကျင့်



ဣဓ ဘိက္ခဝေ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊
မိစ္ဆာဥာဏီ ဟောတိ။ မိစ္ဆာဝိမုတ္တိ ဟောတိ။
အယံ ၀ုစ္စတိ ဘိက္ခဝေ ပါပေ။
ဒုတိယပါပဓမ္မသုတ်
(အဂုင်္တ္တိုလ်၊ ၁၊ ၅၄၅)

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မှားသောအယူရှိ၏။ မှားသော အသိဥာဏ် ရှိ၏။ မှားသော လွတ်မြောက်မှု ရှိ၏။ ရဟန်းတို့ ဤသူကို သူယုတ်ဟု ဆိုအပ်၏။ (အဂုင်္တ္တိုလ်၊ မြန်မာပြန်၊ ၅၆)

ဣဓ ဘိက္ခဝေ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊
ပရဉ္စ မိစ္ဆာဒိဌိယာ သမာဒပေတိ။ အတ္တနာစ မိစ္ဆာဥာဏီ ဟောတိ၊ ပရဉ္စ မိစ္ဆာဥာဏေ သမာဒပေတိ။ -ပ-။
အယံ ၀ုစ္စတိ ဘိက္ခဝေ ပါပေန ပါပတရော။
ဒုတိယပါပဓမ္မသုတ်
(အဂုင်္တ္တိုလ်၊ ၁၊ ၅၄၅)

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မိမိလည်း မှားသောအယူရှိ၏။ သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည်စေ၏။ -ပ-။ မိမိလည်း မှားသော အသိဥာဏ် ရှိ၏။
သူတပါးတို့ကိုလည်း မှားသော အသိဥာဏ်၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူယုတ်ထက် ယုတ်သော သူယုတ်(အယုတ်မာဆုံး) ဟု ဆိုအပ်၏။

ဤဘုရားဟော ဒေသနာလေးကို အကြိမ်ကြိမ် ဖတ်မိရင်း
သူယုတ်တစ်ယောက်ရဲ့အကြောင်းကို ရေးဖို့ရန်အတွက်စိတ်မသက်မသာ ရှိလှပေ၏။ နိဗ္ဗာန် ၀ိပဿနာဆိုတဲ့ ခေါင်းစဉ်ကြီးကို တွင်တွင်သုံးပြီး မိုက်တွင်းနက်နေလိုက်ပုံများ
ဘယ်လိုဆုံးမရင် ဖြစ်မလဲဟု အကြိမ်ကြိမ် စဉ်းစားနေမိသော်လည်း အဖြေထွက်မလာချေ။
မပြောဘဲ ဒီအတိုင်းထားပြန်ရင်လည်း ရွှေမြန်မာဗုဒ္ဓဘာသာဝင်တို့ အန္တရာယ်ဆိုးကြီးကျရောက်ပေတော့မည်။
ထိုကြောင့် ယခုရေးဖြစ်သော အကြောင်းအရာများသည် မိစ္ဆာဒိဌိကြီး ချစ်ငယ်(ဒဿန) နောက်လိုက်လက်ပါးစေများအတွက်
ရေးသားဖော်ပြခြင်းမဟုတ်ချေ။ ဗုဒ္ဓဘာသာဝင်များအတွက် သိထားစေရန် အလို့ငှါ ချစ်ငယ်(ဒဿန)၏ အကျင့်စရိုက်ကို
သိအောင်ဖော်ထုတ်ပြမယ့် အသံဖိုင်လေးတခုကို တင်ပြပေးချင်ပါ၏။
အသံဖိုင်လေး မတင်မှီ http://mmfreethinker.wordpress.com/2010/03/21/we-need-to-know-clearly/ မှ
ကိုသင်ကာရဲ့ ပို့စ်လေးတစ်ပုဒ်ကို အရင်ဖော်ပြပေးပါအုံးမည်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဒီရက်ထဲ ပို့စ်မရေးဖြစ်၊ ဒေါက်တာလွဏ်းဝေ (အလှတရား) က ဘာသာရေးစာအုပ်တွေ ရေးနေသော ဆရာကြီးတစ်ပါး၏ ဘွဲ့ထူးတစ်ခု
လာပြပြီး ဝိုင်းရှာပေးပါ ပြောသည်။ ကျနော့် အတွေးများ ၂၀၀၅ သို့ ပြန်ရောက်သွားသည်။

(၂)

“နိဗ္ဗာန်”ဆိုသော စာအုပ်တစ်အုပ်ကို ဖတ်မိပြီး အတော်ပင် ဘဝင်မကျဖြစ်မိသည်။ ပထမတချက်က ဆွေးနွေးချက်တွေထဲမှာ
ကိုယ်တိုင်တရားပေါက်သလိုလို နောက်သလို ရွတ်သလို ရေးထားတာ ဖြစ်သည်။
နောက်တချက်က ထိုစာအုပ်ကို အင်္ဂလိပ်လိုရော နှစ်ဘာသာ ထည့်ထားတာ ဖြစ်သည်။ ဖတ်ကြည့်တော့ ပိုပြီး စိတ်ပျက်သည်။
သို့နှင့် ထိုစာအုပ်ကို ဝေဖန်သော ဆောင်းပါးတခုရေးပြီး ဂျာနယ်မှာ ထည့်သည်။
ဥပမာ – ရုပ်ကို Body ဆိုပြီး ပစ္စလက္ခတ် ဘာသာပြန်တာမျိုးတွေ ဖြစ်သည်။
ဗုဒ္ဓအဘိဓမ္မာ အဲသလောက်မတိမ်ဟု အတော်လေးဝေဖန်ပစ်လိုက်သည်။

တရားတွေ တွင်တွင်ဟောသော ထိုဆရာကြီး ဒေါသူပုန်ထကာ အင်လျားကန်စောင်းက အိုင်ဘီစီမှာ သူ့ကို ဝေဖန်ရကောင်းလားဟု
ပွဲကြီးတပွဲလုပ်ကာ လက်သီးလက်မောင်းတန်း၍ ပြောလေဆိုလေတော့၏။ ထိုစဉ်က ၂၀၀၅ ခုနှစ်ဟု မှတ်မိသည်။

(၃)

အင်း … အခုလည်း လာတွေ့နေပြန်ပြီဟု ပြုံးမိသည်။ ၂၀၀၆ မှစ၍ သူသည် ဘာသာရေးသိပ္ပံဖြင့် ပါရဂူဘွဲ့ကို လန်ဒန်က ရသည်ဟုဆိုတာ နာမည်ရှေ့က ဒေါက်တာတပ်သည်။
နောက်ကနေလည်း Ph.D လန်ဒန်တွေ ဘာတွေထည့်သည်။ အဲဒါကို စုံစမ်းကြည့်သူတွေက စုံစမ်းရာမှ ကျနော်က မနေ့ကမှ သိရခြင်းဖြစ်သည်။

စကားစပ်မိ၍ ပြောကြရာ ထိုဆရာကြီးပြောသည့် Cloverfield University သည် လန်ဒန်ရော အင်္ဂလန်မှာပါ မရှိ။
နာမည်ဆင်တာဟူ၍ Cranfield University သာ ရှိသည်။
ထိုတက္ကသိုလ်ကလည်း စီးပွားရေးနှင့် ကွန်ပျူတာဘာသာရပ်များ အထူးသင်သော ကျောင်းဖြစ်သည်။

ကိုလွဏ်းဝေနှင့် ကျနော် Cloverfield University ရှာပုံတော်ဖွင့်ရာ အောက်ပါလင့်ခ်များ တွေ့မိကြသည်။

ပနားမားဖိုရမ် – ထိုတက္ကသိုလ်သည် ပနားမားမှာ ရှိသလိုလိုပြောကြ၍ ဆွေးနွေးထားကြသည်။
နောက်ဖိုရမ်တခုဖြစ်သော ဘစ်ဇနက်ပိုဒီယမ် တွင် ထိုတက္ကသိုလ်မှာ တကယ်မရှိ။
အီးဘေမှ လက်မှတ်အတုရောင်းစားနေကြောင်း ဆွေးနွေးထားကြသည်။ မကျေနပ်ပါက ဂူဂယ်လင်း လုပ်ကြပါကုန်။

(၄)

ထိုဆရာကြီးသည်လည်း အသိုင်းအဝိုင်းမသေးဆိုတာ ကိုယ်တွေ့ကြုံဖူးသည်။ တက္ကသိုလ်ဆရာဟောင်းလည်း ဖြစ်၍ တပည့် နောက်လိုက် မနည်း။

သူ့အယူအဆတွေကို ပလန်းနက်မှာ ဝေဖန်ထားကြတာ၊ စိန်ခေါ်ထားကြတာတွေဖတ်ရသည်။

အယူအဆရေးရာ၊ ထိုဆရာကြီး ရဟန်းဝတ်စဉ် ပေါ်သောပြဿနာများ နှင့် စာအုပ်ဝေဖန်ချက်တို့ကို မရေးလိုတော့ပြီ။
သို့သော် အထက်မှာ ပြောခဲ့သည့် ကိစ္စမျိုးကတော့ ရှင်းရှင်းလင်းလင်းသိသင့်ပါသည်။
သူက သမာပတ်ဝင်စားတာ၊ ရဟန္တာကိစ္စတွေ တွင်တွင် ပြော၊ စာအုပ်တွေက ထုတ်နေတော့ မဟုတ်ရင် အလိမ်မိနေ မခက်လား။
မြန်မာပြည်မှာက တနိုင်ငံလုံး အလိမ်ထိနေရတာတွေ များလွန်းနေပြီလေ။ :)

သင်ကာ

မတ်လ၊ ၂၀၁၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


ဦးဇင်းအနေနဲ့တော့ အများကြီး ရေးချင်စိတ်မရှိတော့ပါဘူး
ကဲ အရိယာကြီးဆိုသူ ဦးချစ်ငယ်ရဲ့ ဒေါသတကြီးနဲ့ ဘုန်းကြီးတစ်ပါးကို ကြိမ်းမောင်းထားတဲ့
အသံလေး နားထောင်ကြည့်ကြပါဦးနော်
အောက်မှာ ဒေါင်းလိုက်ပါ
http://www.mediafire.com/?otjmro2y5mj


အရှင်ဝရသာမိ
ဓမ္မဥပဒေ ပြန့်ပွါးရေးအသင်းချုပ်

June 22, 2010

မကျက်တကျက် အန္တရာယ် နှင့် ဦးချစ်ငယ်တပည့်

မိမိတို့ရဲ့ ဓမ္မဥပဒေပြန့်ပွားရေးအသင်းက ဖော်ပြတဲ့ ဆောင်းပါးတွေဟာ သြ၀ါဒါစရိယ ဆရာတော်များ၊ နာယက ဆရာတော်ကြီးများရဲ့ ဆုံးမညွှန်ကြားချက်များ၊ သံဃမဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်များကို လေ့လာပြီးမှ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ အသင်းရဲ့မူဝါဒနဲ့ ကိုက်ညီတဲ့ ဆောင်းပါးတွေကို ဖတ်ရှုမိတဲ့အခါတွေမှာလည်း ခွင့်ပြုချက်နဲ့အညီ အသင်းစာမျက်နှာမှာ ဖော်ပြတာတွေလည်း ရှိပါတယ်။ အရေးကြီးတဲ့နေရာတွေမှာ ကျမ်းဂန်အကိုးအကားများ မလွတ်စေဘဲ အငြင်းပွားစရာပေါ်ပေါက်လာရင် ရဟန်းပညာရှိ လူပညာရှိကြီးများကို မေးမြန်းစုံစမ်းပြီးမှ သိက္ခာရှိရှိတင်ပြတဲ့ ဆောင်းပါးတွေ ဖြစ်တယ်ဆိုတာကို ပြောလိုတယ်။

မိမိတို့အသင်းဟာလည်း သာသနာနှစ် ၂၅၅၃ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်)နေ့ (၃ အောက်တိုဘာ ၂၀၀၉) မှာတစ်သီးပုဂ္ဂလ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များ၊ အဓမ္မ၀ါဒ ဖော်ထုတ်- တားဆီး-ဖယ်ရှားရေးအဖွဲ့၊ ဓမ္မရံသီ နှင့် ဓမ္မရတနာ ဓမ္မကလောင်ရှင်များ အဖွဲ့၊ မြတ်ပန်းရဂုံ ဓမ္မကလောင်ရှင်များ အဖွဲ့၊ သဒ္ဓါဓိက လူငယ်အဖွဲ့၊ မေတ္တာတံခွန် အသင်းတို့ ပူးပေါင်း၍ ဖွဲ့စည်း တည်ထောင်ခဲ့တဲ့အသင်းဖြစ်ပြီး သီတင်းကျွတ် လပြည့်ကျော် ၁ ရက်(၄ရက် အောက်တိုဘာ ၂၀၀၉)တွင် အသင်းချုပ်၏ နာယကအဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့ တို့ကို ရွေးချယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။

အင်တာနက် ခေတ်ဖြစ်တဲ့အတွက် အသင်းရဲ့ ဆောင်းပါးတွေကို ဓမ္မဥပဒေပြန့်ပွားရေးအသင်း ၀ဘ်စာမျက်နှာပေါ်မှာ ဖော်ပြရပြီး တချို့ကိုတော့ ဘာသာရေးမဂ္ဂဇင်းတွေမှာ ဖော်ပြရတာတွေ ရှိပါတယ်။ အဲဒါတွေကို လေ့လာမှုအားနည်းတဲ့ အွန်လိုင်းသတင်းဋ္ဌာနတစ်ခုဟာ တည်းမဖြတ်တဲ့ စာမျက်နှာကနေ အသင်းရဲ့ ဆောင်ရွက်ချက်များနဲ့ ပါဝင်တဲ့ သံဃာတော်များရဲ့ ဆောင်ရွက်ချက်များအပြင် အခြားသံဃာတော်အချို့ကို သရော်မော်ကား ပြုတဲ့ ဆောင်းပါးကို ဖော်ပြထားတာ ရှိပါတယ်။

အမှန်တရားကို လိုလားလှပါတယ်ဆိုတဲ့ အဆိုပါ သတင်းဋ္ဌာနက ၀ိုင်းတော်သားများဟာ ဓမ္မရံသီစာမျက်နှာနဲ့တကွ မြန်မာပြည်ထောင်စုက ထုတ်တဲ့ အခြားသော ဘာသာရေးမဂ္ဂဇင်းများ၊ အွန်လိုင်းစာမျက်နှာမှာပင် အလွယ်တကူရှာဖွေ လေ့လာနိုင်တဲ့ ၀ိနိစ္ဆယများ၊ သံဃမဟာနာယကအဖွဲ့က ထုတ်တဲ့ ညွှန်ကြားလွှာများ၊ အသင်းက ဦးထိပ်ထားတဲ့ ဆရာတော်များဖြစ်တဲ့ မုံရွာနေဇာတို့၊ ဓမ္မဓူတအရှင်ပညိဿရတို့ အပါအ၀င် အခြားသော ပရိယတ်ပဋိပတ် နှစ်သွယ်ပြည့်ဝတဲ့ သံဃာတော် အရှင်မြတ်များ ရေးသားတဲ့ ဘာသာရေးစာအုပ်များကို လေးငါးဆယ်လနေလို့ တစ်ပုဒ်မျှပင်မဖတ်ဖူးတာ သေချာလှပါတယ်။ အမှန်တရားကို ဘယ်လောက်လိုလားပါတယ်ပဲဆိုဆို နည်းပါးတဲ့ ဗဟုသုတ၊ လျော့လျဲတဲ့ သတင်းဌာန မူဝါဒအောက်မှာ အများပြည်သူဖတ်ရှုတဲ့ စာပေအဆင့်အတန်းတစ်ရပ် မီအောင်မရေးသားထားတဲ့ စာရေးသူ၊ အဆင့်အတန်းမီအောင် မတည်းဖြတ်ထားတဲ့ အယ်ဒီတာလက်အောက်က ဆောင်းပါးတစ်ပုဒ်ဟာ အမှန်တရား အနားကို နည်းနည်းမှတောင် သီနိုင်မယ်လို့ မိမိတို့မထင်ပါ။ မြန်မာနိုင်ငံရေးအခြေအနေနှင့် ယှဉ်တွဲသုံးသပ်နိုင်ရန် သူတို့ကဖော်ပြရခြင်း ဖြစ်ပါတယ်လို့တောင် မဆီမဆိုင် အကြောင်းပြချက်ပေးကာ ဂုဏ်တင်ထားတာကို တွေ့ရပါတယ်။ ဘယ်နေရာမှာ ပတ်သက်နေသလဲတော့ မသိပါ။

အခုရေးတဲ့ ဆောင်းပါးဟာ အဲဒီ သတ်ပုံကစပြီး တည်းဖြတ်စရာ ဗရပွဖြစ်နေတဲ့ ဆောင်းပါးကို ချေပရေးသားတဲ့ ဆောင်းပါးတော့ မဟုတ်ပါ။ ချေပစရာလည်း မလိုပါ။ ဆောင်းပါးရှင် မခံမရပ်နိုင်ဖြစ်နေတဲ့ ဦးချစ်ငယ်(ဒဿန)နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို မိမိတစ်ဦးတည်းရဲ့ အမြင်နဲ့ စာဖတ်သူများ ချိန်ထိုးလေ့လာနိုင်အောင် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အဓမ္မ၀ါဒများကို တားဆီးဘို့ ဆို လုပ်လာကြတော့ ဦးချစ်ငယ်လဲ အဓမ္မ၀ါဒီစာရင်း ထဲပါလာပါတယ်။ သူ့ အကြောင်းကို သိနေတာ ကြာလှပါပြီ။ ဒါပေမဲ့ အခုလို အဖွဲ့နဲ့ တကယ်တမ်း ဆောင်ရွက်လုပ်ကိုင်လာတော့ ဒီစာမျက်နှာမှာ သူ့အမှားတွေကို ထည့်ပြီး မရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။(လက်ျာရဲ့ စာတန်းမှာ အစွန်းအစပါတာလေးနဲ့ ဘဲ ထားလိုက်ပါတော့လို့ ဆုံးဖြတ်ခဲ့မိပါတယ် )

ဒါကလည်း အကြောင်းရှိပါတယ်။ သူ့  ပရိသတ်ကို ကြည့်လိုက်တော့ ကြက်ပွဲသာသာမို့ သာသနာရေးကို ခုနေခါ အနှောင့်အယှက်ပြုနိုင်တဲ့  အစွမ်းအစက မရှိသလောက်ကို ကိုယ်က သွားရေးမှ ကြော်ငြာပေးသလိုဖြစ်ပြီး မြန်မာပြည်မှာ အရေးယူခံထားရတဲ့ သာသနာပြု လူစွမ်းကောင်းကြီးဆိုပြီး "ခွကောင်တွေ အသိုက်အ၀ိုင်း"ထဲ ထင်ပေါ်နေရင် အခက်ဆိုပြီး လက်ရှောင်ပေးထားတာပါ ။

ခုတော့လဲ သင့်သလောက် ဖော်ပြဖို့ ဆုံးဖြတ်ရပြန်ပါပြီ။

စာဖတ်သူများအနေနဲ့ အဲဒီသတင်းဋ္ဌာနက ဆောင်းပါးကို မဖတ်ရှုဖူးဘဲ ကျွန်တော့်ရဲ့ ဆောင်းပါးကို တန်းပြီးဖတ်ရရင် သိပ်ပြီး လိပ်ပတ်လည်မယ်တော့ မထင်ပါ။ ဒါကြောင့် အဲဒီကအနှစ်ချုပ်ကို အခုလို ဆွဲထုတ်ပြလိုက်ပါမယ်။

လိုရင်းရောက်အောင် မရေးသားနိုင်တဲ့ အဲဒီစာကို လိုရင်း ဆွဲထုတ်ပြရတာကတော့ အတော်ခက်ခဲပါတယ်။ ဒါပေမယ့် အတော်ကြိုစားပြီး ဘာသာပြန်ဖတ်ရှုလိုက်တဲ့အခါမှာ အခုလို တွေ့ရပါတယ်။

၁)အသင်းက မိုးကုတ်ဆရာတော်ဘုရားကို စွပ်စွဲနေပါတယ်ဆိုတဲ့  စွပ်စွဲချက်

၂) ခုလုပ်ဆောင်နေတာဟာ မဟာစည်ဆရာတော်ဘုရား (ပိန်ဖေါင်း အုပ်စုဆိုပြီး နာမည်ကို ရိုးတိုးရိပ်တိတ်ဖေါ်ပြထားတယ် ) ရဲ့  အသိုက်အ၀န်းက မိုးကုတ်ဆရာတော်ဘုရားနဲ့  မတည့်လို့ ဆိုတဲ့  စွဲချက်

၃)"ဆရာမြတ် " တနည်း" ဒေါက်တာ "ချစ်ငယ် PhD (Cloverfield university) ဟာ အရိယာကြီးပဲ မပြစ်မှားနဲ့  ဆိုတဲ့ အချက်

၎)ခုခါမှာ သာသနာပြုနေကြတဲ့  ဆရာတော်ဘုရားများ ( သီတဂူဆရာတော်ကို ရိတ်တိတ်တိတ်ချိတ် ထားတာတွေ့ရ)ဟာ ၀ိနည်းမလိုက်နာပါဘူး ။ မဟုတ်တာတွေလုပ်နေပါတယ်ဆိုတဲအချက်

အပါအ၀င် စွဲချက်လေးမျိုးကို အဓိက တွေ့ရပါတယ်။


ဒီနေရာမှာ နံပါတ်(၄)အချက်ကိုတော့ ဖြေရှင်းစရာမလို ။ ဒီလိုအလုပ်လုပ်နေတဲ့  ဆရာတော်များထံ လှူတန်းဘူးသူတိုင်း အသိပါ။ ဘယ်လောက် စနစ်တကျ လုပ်ရတယ်ဆိုတာကို ။

၁)ကိုစပြီးကြည့်ရအောင် ။ အခု ဓမ္မဥပဒေပြန့် ပွားရေးအသင်းသားတွေရေးခဲ့ တဲ့ စာတွေဟာ နက်ထဲမှာ ထင်ရှားစွာ ဖတ်လို့ ရပါတယ်။ ဘယ်စာများ မိုးကုတ် ဆရာတော်ဘုရားကို စွပ်စွဲတာ ပါပါသလဲ ။ ထောက်ပြပါ ။ မစွပ်စွဲခဲ့တဲ့  အပြင် မိုးကုတ် ၀ိနိစ္ဆယနဲ့ ပါတ်သက်ပြီး နားစွန်နားဖျားနဲ့ သံသယရှိနိုင်တဲ့ မိမိကိုယ်တိုင် ပရိသတ်ကို ရှင်းပြခဲ့ဖူးပါတယ် ။ အကျယ်ကိုသိလိုရင် အောက်က အကိုးလေး တချက်လောက်ကြည့်ပါ ။ click here ဒီတော့ မိုးကုတ်ဆရာတော်ဘုရားကိုစွပ်စွဲတယ်ဆိုတဲ့  အချက်ဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာ ဖြစ်နေပါတယ်။

(၂)အချက်ကိုကြည့်ရအောင်

မဟာစည်ဆရာတော်ဘုရား ရဲ့  တပည့်တပန်းများဆိုတဲ့  ကိစ္စမှာလဲ မိုးကုတ်ဆရာတော်ကို သော်လည်းကောင်း၊ အခြားရိပ်သာနည်းများကို သော်လည်းကောင်း စွပ်စွဲဟောပြောချက် ရှိပါက သက်သေပြရန်တာဝန်မှာ ရေးသူရဲ့ တာဝန်သာ ဖြစ်ပါတယ်။ ဓမ္မဥပဒေပြန့်ပွားရေးအသင်းဝင်များဟာ ဘုရားတရားသံဃာ ရတနာသုံးပါးရဲ့ တပည့်သာဝကများသာပြီး လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော် စွန်းလွန်းဆရာတော် စတဲ့ ပဋိပတ္တိအကျော် ဆရာတော်တို့ရဲ့ တရားနည်းလမ်းများကို အားထုတ်ဖူးသူများ ပါဝင်ပါတယ်။ အဲဒီလို အခြေအမြစ်မရှိရေးသားတဲ့ အရေးအသားနဲ့ ဘောင်ဝင်သူတွေ မဟုတ်ပါဘူး။ သူရေးတဲ့ပုံစံက  အကိုးအကားမပါတဲ့အပြင် နည်းလမ်းမကျပါဘူး။ သံဃာများ မညီမညွတ်ဖြစ်အောင် ချောပစ် ဂိုဏ်းခွဲရာကျနေပါတယ်။

(၃)ဒါကတော့ အသားပါဘဲ ။

ကဲ "ဆရာမြတ် " " ဒေါက်တာ " ချစ်ငယ် Ph D (Cloverfield University, UK) ကို လေ့လာကြရအောင် ။ ပထမဆုံး သူ့ ရဲ့  ဒေါက်တာ cloverfild university ကြီးကို အရင်ပြောရပါ့မယ် ။ မှန်ပါတယ် ။ အင်္ဂလန်ရဲ့  မြို့ တော် လန်ဒန့်မြို့ ကြီးမှာ ယူနီဗာစီတီ ဆိုတာတွေ ပေါလှပါတယ် ။ ဒါပေမဲ့ တက္ကသိုလ် တွေအကုန်လုံးကို ယူကေ ပညာရေးဋ္ဌာနက ချုပ်ကိုင်ထားပြီး နှစ်စဉ် စာရင်းထုတ်ပြန်ပေးရပါတယ် ။ ဟောဒီမှာကြည့်ပါ။ ယူကေက C နဲ့ စတဲ့  ယူနီတွေ စာရင်း

ကဲ

မရှိတဲ့  တက္ကသိုလ်တစ်ခုက ဘယ်လိုများ အကြင်ဆရာမြတ်ကို ဘယ်လိုများ PhD ဘွဲ့ထူးကြီးပေးလိုက် နိုင်ပါသလဲ။ အရိယာတယောက် ဟာ ကိုယ်မရတဲ့ ဘွဲ့ ဒီဂရီကို တပ်ပါ့မလားဗျာ ။ ဒီနေရာမှာတော့ အရိယာဖယ်ထားပါလေ။ သာမန် မိမိကိုယ်ကိုလေးစားတဲ့  ပညာရှင်တယောက်တောင် အလုပ်အပြင်မှာ မိမိဘာဘွဲ့ တွေရတယ်ဆိုတာ ထုတ်ပြောလေ့မရှိပါ ။


"အရိယာဆိုတာ ထုတ်မပြောရဲကြတဲ့  အဖွဲ့ တွေထဲမှာ သူရဲကောင်းကြီး ဦးချစ်ငယ်ကဘဲ ထုတ်ပြောတာ ။ "
ဒါနဲ့ ပါတ်သက်ပြီး ပထမဆုံး သိရမှာက အရိယာ သံဃာတော်များဘာလို့  ထုတ်မပြောလဲဆိုတာကိုပါ။
ဒါကို ကျွန်တော် အကျယ်ရေးစရာမလို ။ ဘူတာရောစနသိက္ခာပုဒ် ကို လေ့လာဖူးတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီဝါကျမျိုးကို ရေးသားမှာမဟုတ်ဘူးလို့ပဲ ပြောလိုပါတယ်။

''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူအား လူတို့၏ ကုသိုလ် ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ပြောကြားငြားအံ့၊ ပြောတိုင်း ဟုတ်မှန်သော် ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြ ကုန်လော့ဟု မိန့်တော်မူ ၏။ 57, 8 - 69


စာဖတ်သူများ အဲဒီသိက္ခာပုဒ်ရဲ့ အကျယ်ကို လေ့လာနိုင်ဖို့ လင့်ခ်ဖော်ပြပါမယ်။ ဦးချစ်ငယ်ဟာ လူဖြစ်လို့ ရဟန်းသိက္ခာပုဒ်များနဲ့ မဆိုင်ဘူးလို့ လှည့်ပတ်ငြင်းဆန်ရင် ဆန်နိုင်ပေမယ့် အရိယာတို့ရဲ့ အလိုဆိုးနည်းမှုနဲ့ ပတ်သက်ပြီး တစေ့တစောင်း သိရှိပြီးချင့်ချိန်နိုင်ဖို့ ဖော်ပြတာ ဖြစ်ပါတယ်။ ဖော်ပြရတဲ့ အခြားအကြောင်းတစ်ရပ်အနေနဲ့ ဦးချစ်ငယ်ရဲ့ အထုပ္ပတ္တိကို (သူ့အပြောမဟုတ်ဘဲ)တိတိကျကျ သိသူများပါရင်တော့ အဲဒီသိက္ခာပုဒ်ကို ဖတ်ရရုံနဲ့ ကျွန်တော်ဘာကိုဆိုလိုသလဲ တန်းပြီး သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ Click here


တတိယအချက်

" ငါနိဗ္ဗာန်မြင်တယ်ကွ ၊ ငါပြောတာယုံ" ဆိုတဲ့ ဦးချစ်ငယ်ရဲ့ အပြောအဆိုနဲ့ ပတ်သက်ပြီးတော့ ဝေဖန်လိုတယ်။

နိဗ္ဗာန်မြင်တယ်ဆိုတာ မဂ်ဥာဏ်ရမှပါ .။ မဂ်အခိုက် ၀ီထိကို ယောဂီတောင် သိဘို့ ခက်တယ်ဆိုတာ မှန်ပါတယ် ။ ဒီတော့ ယောဂီမဂ်ရတာ မှန်မမှန်ဆိုတာ စစ်မရတော့ဘူးလား ။ အဲလိုသာ စစ်ဆေးမရဘဲ မျက်စိမှိတ်ယုံကြည်ရတဲ့ ဘာသာတရား တစ်ရပ် ဆိုမှတော့ ကျွန်တော့်အနေနဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်မနေတော့ဘူး။ တွေ့ တဲ့  လူက ငါ ဘာကွလို့ ပြောတိုင်းသာ ယုံရမယ်ဆို "ဆိုင်းဘာဘာ" ကြီးကို ကိုးကွယ်နေတာ ကြာပေါ့ ။

ဆရာချစ်ငယ်ကို ကောင်းကောင်းသာသိရင် အဲဒီဆရာခမျာမှာ အဲလိုစစ်မယ်ဆိုတဲ့  အသံကြားရင် ရာမဆိုတဲ့  အသံကြားတဲ့  ဒဿဂီရိလောက်ကို ကြောက်တယ်ဆိုတာ သဘောပေါက်ပါလိမ့်မယ်။ ခုချိန်ထိကို သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်ကို ဂွတိုက် ကြွေးကြော်နေတာဘဲကြည့်ပါတော့။

(ဆက်ရေးရင် ကျမ်းလေးရုံ ၊ လက်ညောင်းရုံမို့  သိသာရုံသာ တိုစိရေးလိုက်ရပါတယ် ။ ဆက်လက်ဆွေးနွေးလိုပါက ဖိတ်ခေါ်ပရစေ။ မိမိရေးတဲ့ ဆွေးနွေးမှုကိုတော့ မိမိကိုယ်တိုင် တာဝန်ယူနိုင်မှ ရေးဖို့ အကြံပြုလိုပါတယ်။ )

လောကနီတိဆရာက ခုလို ရေးပါတယ်။

"အပ္ပပညော မဟာသကော အပ္ပပူရော ဃဋောခေါဘေ"
"တော်လွန်းရင် အန္တရာယ်မရှိ။
ညံ့လွန်းရင် အန္တရာယ်မရှိ။
မညံ့တညံ့ ၀ါ မကျက်တကျက်က အန္တရာယ်ရှိတယ်။"

သတင်းဌာနများအနေနဲ့ မိမိတို့ အာဘော်မဟုတ်ရင်လည်း မှတ်ချက်နဲ့တကွ စည်းကမ်းတကျ ဖော်ပြပေးစေလိုပါတယ်။ မိမိတို့ အာဘော်ဆိုရင်လည်း ၀န်ခံချက်နဲ့တကွ ဖော်ပြသင့်ပါတယ်။ ဟိုလိုလို ဒီလိုလို ဆောင်းပါးများဟာ စကားဖောင်းပွရုံမျှသာဖြစ်ပါတယ်။ လူခေါ်တဲ့ ဆောင်းပါးကို တင်တယ်လို့ ယူဆစရာ ဖြစ်ပေမယ့် ဘာသာရေးကို ခုတုံးလုပ်ပြီး လူမခေါ်သင့်ကြောင်း ရေးသားရင်း...

ဒေါက်တာတင့်ဦး