April 16, 2010

အဓမ္မကို ဓမ္မဖြင့်ထင်စွာ ပြခဲ့ကြသည့် အရှင်မြတ်ကြီးများ

၁၃၄၂-ခုနှစ်၊ နယုန်လ (၁၉၈၀- ပြည့်နှစ်၊ မေလ) တွင် မြန်မာနိုင်ငံ သာသနာ သမိုင်းဝယ် ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်မှုရရှိသဖြင့် ရန်ကုန်မြို့၊ ကမ္ဘာအေး ကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူကြီး၌ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ သံဃသမ္မုတိ-ရ သံဃာ့ကိုယ်စလှယ် (၁၂၀၀) ကျော် တက်ရောက်သည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
ယင်းအစည်းအဝေးကြီးက သမ္မုတိရ သံဃာ့ကိုယ်စလှယ် (၁၂၀၀)ကျော်မှ နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်အပါး (၃၀၀)ကို ရွေးချယ်ခဲ့ပါသည်။
နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်အပါး (၃၀၀)မှ နိုင်ငံတော် သံဃာ့မဟာ နာယက (၃၃)ပါးကို ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့ပါသည်။
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို (၁၉၈၀) ပြည့်နှစ်တွင် (၃၃)ပါးဖြင့် စတင် ဖွဲ့စည်းခဲ့တော်လည်း နောက်ပိုင်းတွင် ပြင်ဆင်၍ (၄၅)ပါး၊ (၄၇)ပါးတိုးချဲ့ ဖွဲ့စည်းခဲ့ရာ ယခုအခါ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့မှာ (၄၇)ပါးအဖွဲ့ ဖြစ်နေပါပြီ။
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို ၁၃၄၂-ခုနှစ်၊ နယုန်လ (၁၉၈၀- ပြည့်နှစ်၊ မေလ)က စတင်ဖွဲ့စည်းခဲ့သဖြင့် ယခု ၁၃၆၇-ခုနှစ်၊ နယုန်လ (၂၀၀၅-ခုနှစ်၊ ဇွန်လ)တွင် (၂၅)နှစ်ပြည့်မြောက် ငွေရတုခေတ်သို့ ရောက်ခဲ့ပေပြီ။
ထို့ကြောင့် ယခု နယုန်လဆန်း (၁၃)ရက် (ဇွန်လ ၁၉-ရက်)တွင် `နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့- ငွေရတုသဘင်´ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော် မည်ဖြစ်ပေ၏။
ဤကဲ့သို့ နိုင်ငံတော်အတွင်း၌ ဂိုဏ်းပေါင်းစုံ သံဃာတော်များ၏ အမြင့်ဆုံး သံဃာ့အဖွဲ့ အစည်းဖြစ်သော `နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့´ကြီး ပေါ်ပေါက်လာခဲ့သဖြင့် သာသနာတော်၌ အလွန်အဖိုးတန်သည့် ရလဒ်ကောင်းများ ဖြစ်ထွန်းခဲ့ရပါသည်။
ယင်းတို့အနက်မှ တစ်ခုကို ဖေါ်ပြရလျှင် သာသနာတော်အတွင်း၌ ရှေးနှစ်ပေါင်း များစွာ ကတည်းက အမြစ်တွယ်လျက် ဓမ္မ အဓမ္မအငြင်းပွားနေရသော ၀ိဝါဒါဓိကရုဏ်းမှုကြီးများကို ပြတ်စဲအောင် ဖြေရှင်းနိုင်ခဲ့ခြင်းပင် ဖြစ်၏။ တနည်းအားဖြင့် `အဓမ္မကို ဓမ္မဖြင့် ထင်ထင်ရှားရှား ခွဲခြားပြနိုင်ခဲ့ခြင်း´ ပေတည်း။
လောက၌ ရှိကြသော အရာဝတ္ထုတို့တွင် အကောင်းဟူသမျှသည် မကြာခဏ ပြုပြင် ပေးသူ ရှိမှသာ အကောင်းဘ၀၌ အတော်ကြာကြာနေနိုင်၏။
ပြုပြင်ပေးမည့်သူ မရှိလျှင် သို့မဟုတ် ပြုပြင်လိုကြသူများ အားနည်းနေလျှင် မကောင်း သော အတုအပတွေ ပေါ်ပေါက်လာကြမြဲပင် ဖြစ်လေရာ ကောင်းသော အရာဝတ္ထုသည် တိမ် မြုပ် ကွယ်ပျောက်သွားတတ်၏။
ယခုလည်း အလွန်စင်ကြယ် သန့်ရှင်းလှသောဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကို
အရှင်မဟာကဿပစသော သာသနာ့ထိပ်ခေါင်တင် ထေရ်အရှင်မြတ်ကြီးတို့သည် ညစ်ကြေးမတင် သန့်ရှင်းစင်ကြယ်စေရန် ပြုပြင်, ပြုပြင်ပေးခဲ့ကြပါ၏။
သို့သော်လည်း နှစ်တွေ အတော်ကြာလာသောအခါ အညစ်အပေတွေ တွေ့ရပြန် လေသည်။

ယင်းအညစ်အကြေးတို့ကား အဓမ္မကို ဓမ္မဟု ဟောပြောနေကြသော
လူသေလူဖြစ်ဝါဒ၊ ကျောက်သင်္ဘောဝါဒ စသည်တို့တည်း၊
ထိုဝါဒရှင်တို့သည် `နိုင်ငံတော် သံဃာ့မဟာနာယက´ စသော သံဃာ့အဖွဲ့အစည်းများ မပေါ်ပေါက်သေး၍ ပြုပြင်လိုကြသူများ အားနည်းနေမှုကို အခွင့်ကောင်းယူကာ အဓမ္မ၀ါဒ ထွန်းကားရေးကို တွန်းအားပေးလျက် ဓမ္မအစစ်အမှန်ကို တိမ်မြုပ် ပျောက်ကွယ်စေရန် ဖန်တီးနေကြလေသည်။
ထိုအချက်ကို ကွက်ကွက်ကွင်းကွင်း သိမြင်တော်မူကြသော `နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့´ ဆရာတော်ကြီးများသည် အောက်ပါ သံဂါယနာ ဦးစီးမဟာထေရ်မြတ်ကြီးတို့ စဉ်းစားဆင်ခြင်ပုံကို မိမိတို့ မြင်လာကြပေကုန်၏။

`အဓမ္မ၀ါဒီ အလဇ္ဇီတို့၏ (ဘုရားဟော မဟုတ်သော တရားတွေကို ထည့်သွင်း၍ ဘုရားဟောအစစ် တရားတွေကို တချို့တလေ နှုတ်ပယ်ပြီးလျှင် သူတို့ထင်သလို ပြုလုပ်ခြင်း ဟူသော) လေမုန်တိုင်း တိုက်လွှင့်သောကြောင့် မကြာခင် တရားတော်များ ဟောတော်မူရင်း အတိုင်း မဟုတ်တော့ဘဲ တမျိုးတမည် ပြောင်းလဲကာ အစစ်အမှန် တရားတော်များ ကွယ်စရာ ရှိသည်။ (အနာဂတ် သာသနာရေး)

ငါသို့စင် ဘုရားရှင်သား ရဟန်းတစ်ပါး ထင်ရှားရှိနေစဉ် ဤ(သုဘဒ်တောထွက်ရဟန်း) သူယုတ်မာသည် သာသနာ၌ ကြီးပွားခြင်းကို မရစေလင့်။
အဓမ္မ- မတရား မထွန်းကားသေးမီ, တရား- ဓမ္မကို မတားမြစ်အပ်သေးမီ၊
အ၀ိနယ- ဘုရားရှင် အဆုံးအမ မဟုတ်သောတရားများ မထွန်းကားသေးမီ,
ဝိနယ- ဘုရားရှင် အဆုံးအမ တရားတော်များ မတားမြစ်အပ်သေးမီ၊
အဓမ္မ၀ါဒီ- မတရား ပြောကြားသူတို့ အားမရှိသေးမီ,
ဓမ္မ၀ါဒီ- တရားသည်ကို ပြောကြားသူတို့ အားမနွဲ့ကြသေးမီ၊
အ၀ိနယ၀ါဒီ- ဘုရားရှင် အဆုံးအမ မဟုတ်သော အရာများ ပြောကြားသူတို့ အားမရှိသေးမီ,
ဝိနယ၀ါဒီ- ဘုရားရှင် အဆုံးအမတရားတော်ကို ပြောဆို ဟောကြားလေ့ရှိသူတို့ အားမနွဲ့ကြသေးမီ
ငါသည် သုတ်, အဘိဓမ္မာ, ၀ိနည်းတရားတော်များကို သံဂါယနာ တင်ပေအံ´(မဟာဗုဒ္ဓ၀င်)ဟု ပထမ သံဂါယနာ ဦးစီး အရှင်မဟာကဿပ မထေရ်မြတ်ကြီးသည် သံဂါယနာတင်ရန် စိတ်အကြံဖြစ်ခဲ့၏။ (ဒီ၊ ၂၊ ၁၃၃၊ ၀ိ၊ ၄၊ ၄၈၁။)

`ဗုဒ္ဓသာသနာတော် ပျက်စီးနေကြောင်းကို ကြားရပါလျက် ကြောင့်ကြမစိုက်ဘဲ နေလို့ မလျော်ချေ၊ ယခုပင်ငါသွား၍ အဓမ္မ၀ါဒီများကို နှိမ်နင်းကာ ဓမ္မအစစ် အမှန်ကို ပြမည်။´
(အနာဂတ် သာသနာရေး) ဟု ဒုတိယသံဂါယနာဦးစီး အရှင်မဟာယသ မထေရ် မြတ်ကြီးသည်လည်း ၀ဇ္ဇီတိုင်းသား အဓမ္မ၀ါဒီများ ပေါ်ပေါက်လာစဉ်က ဆုံးဖြတ်ချက်ချ ကြံစည် တော်မူခဲ့၏။ (၀ိ၊ ဋ္ဌ၊ ၁၊ ၁၆)

`ငါသည် မူလကတည်းက သာသနာတော်ကို ချီးမြှောက်မည်ဟု ရဟန်းပြုခဲ့၏၊ ယခု ဤအခွင့်ကာလ ရောက်လတ်ပြီ´ ဟု တတိယသံဂါယနာဦးစီး အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကြီးသည်လည်း သံဂါယနာတင်ရန် အရေးအခင်း ပေါ်ပေါက်စဉ်က ဤသို့လျှင် ကြံစဉ်တော်မူခဲ့၏။

အထက်ပါ သံဂါယနာ ဦးစီး ရဟန္တာ မထေရ်မြတ်ကြီးတို့ သာသနပစ္စတ္တိက, အဓမ္မ ၀ါဒီများ ပေါ်ပေါက်လာသည့်အခါ စဉ်းစားဆင်ခြင်မိပုံကို မိမိတို့ စိတ်သန္တာန်၌ ထင်လာကြ ကုန်ရကား `အဓမ္မကို ဓမ္မဖြင့် ထင်ထင်ရှားရှား ခွဲးခြားပြလိုက်မည်´ဟု အညီအညွှတ် စည်းဝေးတိုင်ပင်ကြလျက် ၁၃၄၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်(၂၀- ၁၁- ၈၀) နိုင်ငံတော် သံဃာ့မဟာနာယက (၃၃)ပါး စုံညီအစည်းအဝေးတွင် ထိုအဓမ္မ၀ါဒီ (၇)မျိုးတို့ကို ဓမ္မ အဓမ္မ၀ါဒီအဖြစ် စိစစ်ရန် ပိဋကတ် ကျမ်းတတ် ထိပ်သီးပညာရှင် ဆရာတော်များချည်း ပါဝင်သော `နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့´ (၇)ဖွဲ့ကို ဖွဲ့စည်းလိုက်ပါသည်။

ထို့နောက် ရှေးဦးစွာ အဖွဲ့ အမှတ်(၁)ဖြစ်သော ခရမ်းမြို့,ကိုင်းကုန်းဆရာတော် (ဘဒ္ဒန္တသုဒဿနထေရ်)ဦးဆောင်သည့် (၇)ပါး ပါအဖွဲ့က `ကျောက်သင်္ဘောဝါဒ´ကို စိစစ်ပြီး အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချမှတ်ခဲ့ပါသည်။

ထို့နောက် အဖွဲ့အမှတ် (၂)ဖြစ်သော ထားဝယ်မြို့, ဃောသိတာရုံဆရာတော် (ဘဒ္ဒန္တဃောသိတာဘိဝံသထေရ်) ဦးဆောင်သည့် (၇)ပါး ပါအဖွဲ့က
(၁၃၂၅)ခုနှစ်လောက်က တည်းက မြန်မာနိုင်ငံအတွင်း၌ ဓမ္မဟုတ်သည် မဟုတ်သည် အငြင်းပွားကာ လူသိများ ထင်ရှားလှသော `လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသူတေသန၀ါဒ၊ ရွှေအဘိဓမ္မာဝါဒ´ တို့ကို-
ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒနှင့် ၎င်းကို ပံ့ပိုးထားသော အချက်အလက်ဟူသမျှသည်
နိကာယ်ငါးရပ်, ပိဋကတ်သုံးပုံ ထေရ၀ါဒ ဗုဒ္ဓ၀ါဒနှင့် လုံးဝဆန့်ကျင်သော အဓမ္မ၀ါဒ စစ်စစ်သာဖြစ်သည်ဟု လူသေ လူဖြစ်ဝါဒကို ၀ိနိစ္ဆယချမှတ်တော်မူကြသည်´ စောဒနာ သောဓနာ(၂၁)ချက်ကို ပြည့်စုံစွာ သုံးသပ်စိစစ်၍ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချမှတ်ခဲ့ပါသည်။

ထို့နောက် အဖွဲ့အမှတ် (၃)ဖြစ်သော ပုဇွန်တောင်, ရွှေကျင်ကျောင်းတိုက် ဆရာတော် (ဘဒ္ဒန္တ၀ါသေဋ္ဌာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့က `ကျောက်ပုံတောရ၀ါဒ´ ကို စိစစ်ပြီး အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယ ချမှတ်ခဲ့ပါသည်။

ထို့နောက် အဖွဲ့အမှတ် (၄)ဖြစ်သော ကျောက်မဲဆရာတော် (ဘဒ္ဒန္တဩဘာသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့က ရှေးယခင်နှစ်ပေါင်း (၈၀) လောက်ကတည်းက သာသနိက ဆူးငြောင့်ကြီးအဖြစ် အမြစ်တွယ်ထင်ရှား လာခဲ့သော `ကြောင်ပန်းတောရ၀ါဒ´ ကို-
`ကြောင်ပန်းတောရ၀ါဒသည် သက္ကာယ ဒိဋ္ဌိရှိလျှင် ဗုဒ္ဓဘာသာမဖြစ်၊ သရဏဂုံမသည် ဟု ယူဆ ဟောပြော ရေးသားသော အဓမ္မ၀ါဒသာ ဖြစ်ကြောင်း´ စသည်ဖြင့် စိစစ်၍ အဓမ္မ၀ါဒ သာဖြစ်ကြောင်း ၀ိနိစ္ဆယချမှတ်ခဲ့ပါသည်။

ထိုနည်းအတူပင် အဖွဲ့အမှတ် (၅)ညောင်ရွှေ ဆရာတော် (ဘဒ္ဒန္တ၀ိမလာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့က `ဓမ္မနီတိဝါဒ´ ကိုလည်းကောင်း၊ အဖွဲ့အမှတ် (၆) မန္တလေး ဆရာတော် (ဘဒ္ဒန္တဝေပုလ္လာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါးအဖွဲ့က `မိုးညိုဆရာတော် (မြောက်ဥက္ကလာပ) ၀ါဒ´ ကိုလည်းကောင်း၊ အဖွဲ့အမှတ် (၇) ပါးအဖွဲ့က `ဦးမာလာဝရ (ရေတာရှည်)၀ါဒ´ ကိုလည်းကောင်း၊ စိစစ်၍ အဓမ္မ၀ါဒများအဖြစ် ၀ိနိစ္ဆယချမှတ်တော် မူခဲ့ပါတယ်။

ထိုနောက်ပိုင်းတွင်လည်း
`ဉာဏစာဂီ ဆရာဝါဒ´၊
ဆူးလေ ဦးမြင့်သိန်းဝါဒ၊
ဦးမြတ်သိန်းထွန်း ၀ါဒ၊
ထွန်တုံး လက်ကျန် ဦးထင်ဝါဒ၊
တွံတေး ဦးပုညာစာရ၀ါဒ၊
မော်လမြိုင် ဦကေသရ ၀ါဒ´ စသည်တို့ကို နိုင်ငံတော်သီးခြား ၀ိနည်းဓိုရ်´အဖွဲ့များ ဖွဲ့လျက် စိစစ်ပြီး အဓမ္မ၀ါဒ များအဖြစ် ၀ိနိစ္ဆယချမှတ်ခဲ့ကြပါသည်။

ဤအဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချမှတ်ခံရပြီးသော အဓမ္မ၀ါဒီများသည် အလှည့်ကျ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်၌-
(၁) ထိုအဓမ္မ၀ါဒများကို စွန့်လွှတ်ပါကြောင်း၊
(၂) ယခုချိန်မှစ၍ ရှေ့သို့ဆက်လက်ပြီး ထိုအဓမ္မ၀ါဒများကို ဟောပြောခြင်း၊ ရေးသား ခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း စသည့် အမှုတို့ကို မိမိတို့ကိုတိုင် လည်း ပြုလုပ်ကြမည် မဟုတ်သည့်အပြင် တပည့် ဒါယကာ၊ ဒါယိကာမတို့အားလည်း မပြုလုပ်ကြစေရန် တားမြစ် ဆုံးမဩ၀ါဒပေးမည် ဖြစ်ပါကြောင်း။
(၃) ထိုဝါဒဆိုင်ရာ စာအုပ်စာတမ်းများ၊ တိတ်ခွေများ၊ အထိမ်းအမှတ်စသည်တို့ကို ဖျက်ဆီးခြင်း၊ သက်ဆိုင်ရာ မြို့နယ်သံဃနာယက အဖွဲ့သို့ အပ်နှံခြင်းများကို ပြုလုပ်မည်ဖြစ်ပါ ကြောင်း စသည်ဖြင့် ကိုယ်တိုင် ပဋိညာဉ်ပြု လက်မှတ်ရေးထိုးကြရပါသည်။

ဤသို့ နှစ်ပေါင်းများစွာ ကတည်းက ဓမ္မဟုတ်သည် မဟုတ်သည်ကို အငြင်းပွားကာ ၀ိဝါဒါဓိ ကရုဏ်းကြီးများ အဖြစ် တည်ရှိနေခဲ့သော အဓမ္မ၀ါဒီများကို ရှေးယခင်က ဓမ္မအစစ်မှန်ကို တိကျမှန်ကန်စွာ သိမြင်တော်မူကြသော ပညာရှိသူတော်စင် ဆရာတော် အရှင်မြတ်ကြီးများ အများအပြား ရှိခဲ့တော်လည်း ယခု `နိုင်ငံတော် သံဃမဟာနာယက´ ကဲ့သို့သော အဖွဲ့ အစည်းကြီး မရှိသေးသဖြင့် သိလျက်ပင် မမြင်ချင်ဟန် နေခဲ့ရပါသည်။
ယခုအခါ၌ကား နိုင်ငံတော်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များ အားလုံး၏ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် `နိုင်ငံတော် သံဃမဟာနာယက´ အဖွဲ့ကြီး ပေါ်ပေါက် လာခဲ့သဖြင့် ထိုအဓမ္မ၀ါဒများကို ဓမ္မဖြင့် ထင်ထင်ရှားရှား ခွဲခြား ပြသနိုင်ခွင့် ရခဲ့ပါပေသည်။

ထို့ကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ သာသနာတော်သည်လည်း အဓမ္မ၀ါဒ တည်းဟူသောဆီးနှင်း, မြူ, တိမ်, သူရိန်, မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့် တက်သစ်စ နေ၀န်း, ထွန်းသစ်စလ၀န်းကဲ့သို့ သန့်ရှင်းစင်ကြယ် ခဲ့ရပါပေသည်။
ဤသို့ သာသနာတော် သန့်ရှင်းလာခဲ့ရခြင်းမှာ `နိုင်ငံတော် သံဃမဟာနာယက´ အဖွဲ့ကြီး ပေါ်ပေါက် လာခဲ့ရသောကြောင့် ပါပေတည်း။
ထို့ကြောင့် သာသနာတော်အတွက် အလွန် ကျေးဇူးတင်ထိုက် ပူဇော်ထိုက်သော `နိုင်ငံတော် သံဃမဟာနာယက´ အဖွဲ့ ဆရာတော်ကြီးများနှင့် `၀ိနည်းဓိုရ်´ ဆရာတော်ကြီး များအား `သံဃမဟာနာယက ငွေရတုသဘင်´ အခါ၌ ထိုကျေးဇူးတော်တို့ကို အောက်မေ့ ကော်ရော် ပူဇော်အပ်ပါသတည်း။
(သို့သော် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးအချို့နှင့် ၀ိနည်းဓိုရ် ဆရာတော်ကြီးအချို့တို့ကား ဘ၀နတ်နန်း စံမြန်းတော်မူခဲ့ကြပြီး လေပြီတကား။)

ဘိုကလေးအရှင်ပဏ္ဍိတ
(ဓမ္မာစရိယ, M. A, Dip in Eng သီရိလင်္ကာ)
(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ငွေရတု အထိမ်းအမှတ်စာစောင်မှ)