April 21, 2011

စိန်ခေါ်သူ မည်သူနည်း ၂

အဖြေ(၃)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၅)၌ (သို့ဖြစ်ရာ သူတို့ကိုယ်တိုင် အလဂဒ္ဒူပမာ စာသင်နည်း ဖြင့်သင်၍ သူတို့ကို လူအထင်ကြီးစေရန်၊ တစ်ဖက်သားတို့ကို စော်ကားနှိမ့်ချရေးသားခြင်းသည်သာ သူတို့၏ ထေရဝါဒနှင့် သက်ဆိုင်သော အမြင့်မားဆုံး သာသနာရေးရည်ရွယ်ချက် ဖြစ်ပါသည်)ဟူ၍ ရေးသားပြသထားပါသည်။


၎င်းက (မစိုးရိမ်စာသင်သား၏ သာသနာရေးရည်ရွယ်ချက်မှာ တစ်ဖက်သားတို့ကို စော်ကားနှိမ့်ချ ရေးသား ရန်)ဟု စွပ်စွဲပုတ်ခတ်ထားခြင်းပင် ဖြစ်ပါသည်။ ၄င်းစွပ်စွဲချက်အတိုင်း ဟုတ်သည်-မဟုတ်သည်ကို မစိုးရိမ်စာသင်သား ရေးသားသော စာအုပ်များထဲမှ (စိတ်ထားဖြူစင်ပါရမီရှင်) စာအုပ်ကလေးတစ်အုပ်မျှကို ဖတ်ကြည့်လိုက်လျှင်ပင် အမှန်ကို သိမြင်နိုင်ပါလိမ့်မည်။


အဖြေ(၄)။ ။ ၄င်း၏ စာအုပ်-စာမျက်နှာ(၅-၆)တို့၌ (သာသနာတော်၌ အပြစ်ဖွဲ့ရန်ရှာတတ်သော လူစွမ်းကောင်းလုပ်ရပ်များသည် သာသနာတည်တံ့ရေးအတွက်မဖြစ်ဘဲ သာသနာဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်း ပင်ဖြစ်ကြောင်းကို မြတ်ဗုဒ္ဓ၏ ဝိနည်းသုတ္တန်ဒေသနာတော်တို့တွင် အများဆုံးတွေ့ရပေ၏။ ...။ ပဋိသန္ထာရေ အဂါရဝါ ဝိဟရန္တိ-------။ အထက်ပါ ဗုဒ္ဓဒေသနာတော်ကိုလည်း စာရေးသူ အထူးသတိပြုမိပါ၏။ သို့သော် ဤနေရာ ၌ တစ်ဖက်သတ်ရန်မူတတ်သော ပရိယတ်ကို အလွဲသုံးစားပြု၍ ဓမ္မနည်းလမ်းမကျဘဲ ငါသိငါတတ် ငါ့စကားနွားရ လုပ်တတ်သော ပရဝါဒီတို့ကို (သင်တို့၌လည်း အမှားတွေရှိနေသည်)ဆိုတာ ကိုယ်ချင်းစာနာစိတ်ထားတတ်စေရန် ထောက်ပြပေးလိုခြင်းသာ ဖြစ်ပါ၏)
ဟူ၍ ရေးသားပြသထားပါသည်။


၎င်းတွင် (ကိမိလသုတ္တန်)ကို ကိုးကားပြသထားသော်လည်း ၄င်းသုတ္တန်မှာ (အဓမ္မဝါဒတွေကို မသိချင်ယောင် ဆောင်၍ ဆက်ဆံရေးပြေပြစ်အောင် နေရစ်ကြလော့၊ အဓမ္မဝါဒ=အမှားတရားတွေကို လက်ခံရစ်ကြလော့)ဟူ၍ တစ်စက်ကမျှ မပါခြင်းကြောင့် ၄င်းကိမိလသုတ္တန်သည် အဓမ္မဝါဒဖော်ထုတ်တားဆီးဖယ်ရှားရေးကို ဆောင်ရွက်နေသော မစိုးရိမ်စာသင်သားကို နှိပ်ကွပ်ဖို့ရန် ကြိုးစားနေသူအတွက် သာဓကမမြောက်ပေ။ လက်ကိုင်တုတ်မဖြစ်ပေ။ မစိုးရိမ်စာသင်သားသည် ဓမ္မဝါဒီ သံဃာတော်များကို ဂါရဝပြုလျက် နေထိုင်ကျင့်သုံးလေ့ရှိကြောင်း တွေ့ဆုံဖူး သူတိုင်း သိကြပါသည်။

မစိုးရိမ်စာသင်သားသည် အပြစ်ဖွဲ့ရန်ရှာတတ်သူ မဟုတ်ကြောင်း၊ လူစွမ်းကောင်းလုပ်နေသူ မဟုတ် ကြောင်း၊ သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် ဆောင်ရွက်နေသူသာဖြစ်ကြောင်း၊ ပရိယတ်ကို အလွဲ သုံးစား ပြုလုပ်တတ်သူ မဟုတ်ကြောင်း၊ (ငါသိငါတတ် ငါ့စကားနွားရ)လုပ်တတ်သူ မဟုတ်ကြောင်း၊ မစိုးရိမ် စာသင်သားမှာ မရှင်းနိုင်လောက်အောင် ခေါင်းငုံ့ခံလိုက်ရမည့်အမှားများ လုံးဝမရှိကြောင်းတို့ကို ကြေညာ လိုပါသည်။ မစိုးရိမ်စာသင်သား၏ စာအုပ်များ၊ ဟောတရားများ၌ လေ့လာကြည့်နိုင်ပါသည်။

၎င်းတို့သည်ကား မိမိဘာသာ အမှန်လုပ်ထုတ်ဝေထားသော စာအုပ်များကို စာအုပ်ထဲကအတိုင်းမှန်ပါသည်ဟု ပြောနိုင်ပါသလား...၊ ပြောဝံ့ပါသလား။ ဤနေရာတွင် ငါ့စကားနွားရလုပ်သူမှာ မည်သူဖြစ်သနည်းဟုမေးရ ပေတော့မည်။

မည်သူ့မှာ အမှားတွေရှိရှိ-ထိုအမှားသည် ဝါဒရေးရာတစ်ခုအနေဖြင့် အမှားမျိုးဆက် (နှိပ်စက်နေမည့် အမှားမျိုး) ရှိနေလျှင် ဝေဖန်ဖော်ထုတ်တင်ပြပေးရန် ရိုးသားသူတိုင်းမှာ တာဝန်ရှိပါသည်။


အဖြေ(၅)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၇)၌ (ပရဝါဒီတို့သည် တရားဟောခြင်း(ဓမ္မဒေသနာ)၊ တရားနာခြင်း (ဓမ္မဿဝန) ဟူသော ပုညကိရိယဝတ္ထုတို့ကို ပြုလုပ်ခြင်းများဖြင့် တရားမရနိုင်။ ယခုမျက်မှောက်ခေတ် တရားပွဲများမှာ အလဟဿ အပိုအလုပ်များအနေဖြင့်သာ ထင်မြင်ယူဆသူတို့ ဖြစ်၏။ ရှေ့၌ အက္ခရာစဉ်ဖြင့် ဖော်ပြ အပ်သော သူတို့၏စကားရပ်များကို အနှစ်ချုပ် စစ်ထုတ်ကြည့်သောအခါ အောက်ပါအတိုင်း တစ်ခုတည်းသောအဖြေကို တွေ့ရပေ၏။

(တရားဟောတရားနာခြင်းဖြင့် တရားမရ။ တရားမသိနိုင်။ ဘုရားလက်ထက်ကလဲ ဘုရားတရား ဟောရာ၌ တရားမရခဲ့ကြ။ သာမန်ပုထုဇဉ်တို့ဟောက ပို၍ပင် တရားမရနိုင်ကြောင်း။ အခုခေတ်မှာ မဂ်ဖိုလ် နိဗ္ဗာန်ရနိုင်သူတို့ မရှိနိုင်တော့ကြောင်း။ အထူးသဖြင့် တရားဟောတရားပြတရားနာခြင်းအလုပ်ကို သူတို့ မနှစ်မြို့ကြောင်း (ကောက်ချက်)တစ်ခုအဖြစ် ချမှတ်နိုင်ပေသည်)ဟူ၍ ရေးသားပြသထားပါသည်။

၎င်းတွင် ဘိက္ခုဓမ္မပိယဆရာတော်၏ (ပထမနိဗ္ဗာန်}-မှ

(က) မြတ်စွာဘုရားလက်ထက်နောက်ပိုင်းမှာ မဂ်ဖိုလ်ရသူနည်းပါးကြောင်း သံယုတ်၊ ပါ၊ (သံ၊၁၊ ၄၂၂) မှာ ဟောကြားထားပါတယ်။ ဒါကြောင့် တရားနာရုံသက်သက် ဒဿဖြင့် တရားမရနိုင်ကြောင်း အခိုင်အမာ ပြောဆိုပါတယ်။ (ပထမနိဗ္ဗာန်နှင့်ဝိပဿနာတစ္ဆေ၊ စာ-၄၁)

(ခ) တင်ပါ့ဘုရား၊ ဒီလောက်ဆိုရင် ပုထုဇဉ်ရဟန်းတစ်ပါးက တရားဟောရင် တရားနာပုဂ္ဂိုလ်တွေ လေးမဂ်လေးဖိုလ်ရနိုင်တယ်-မရနိုင်ဘူးဆိုတာ တပည့်တော် သဘောပေါက်ပါပြီ။ (ပထမနိဗ္ဗာန်နှင့် ဝိပဿနာ တစ္ဆေ၊ စာ-၉)

(ဂ) တရားနာရင် သောတာပန်တည်ရမယ်၊ ကြားရင်းနာရင်း သောတာပန်တည်တယ်ဆိုတဲ့စကားဟာ လုံးဝမှားနေပါတယ်။ တရားနာရုံသက်သက် ဒီခေတ်မှာလဲ သောတာပန် မတည်နိုင်ပါဘူး၊ ဘုရားလက်ထက် ကလဲ သောတာပန်မတည်ခဲ့ကြဘူး၊ ဘာလို့မတည်သလဲဆိုတော့ ဆက်ပြီး ပြောပါ့မယ်၊ အခုတော့ ဒီလောက်ပဲ ရပ်ထားဦးမယ်။ (ပထမနိဗ္ဗာန်နှင့်ဝိပဿနာတစ္ဆေ၊ စာ-၁၀)

(င) သံကိုသံဖျက် သံချေးတက်ဆိုသလို အချည်းအနှီးဖြစ်တဲ့ သာသနာတွင်းသား ရဟန်းတွေသာ သသနာတော်ကို ဖျက်ဆီးမှာပါ၊ သိပ်ပြီးကြောက်စရာကောင်းပါတယ်။ (ပထမနိဗ္ဗာန်နှင့်ဝိပဿနာတစ္ဆေ၊ စာ-၄၂)

ဟူသော စာပိုဒ်တို့ကို အက္ခရာစဉ်ဖြင့် အမှတ်ပြ၍ ဖော်ပြထားပါသည်။

ဝိဘဇ္ဇဝါဒီ၏ (ထေရဝါဒဆိုင်းဘုတ်အောက်မှာအမှားဝင်္ကပါ)-မှ

(ဃ) မြတ်ဗုဒ္ဓသည် အဓိကကျသော တရားနာသူကို အထူးငဲ့၍ တရားများစွာတို့ကို အခြားလူတို့က မှတ်မိနိုင်ရုံသာ သိကြပါသော်လည်း ပဋိဝေဓဥာဏ် ဖြစ်လောက်အောင် နားမလည်နိုင်ကြကြောင်း စသည်ဖြင့် မှတ်ယူကြရမည် ဖြစ်ပါသည်။ ထိုသဘောမှာ ထင်ရှားပါသည်။
ထေရဝါဒဆိုင်းဘုတ်အောက်မှာအမှားဝင်္ကပါ၊ စာ-၁၂၄)

ဟူ၍ ဖော်ပြထားပါသည်။

မစိုးရိမ်စာသင်သား၏ စိစစ်ချက် အကျဉ်း-မှ

(စ-၁) ၁၃၇၂-ခုနှစ် ဝါဆိုဦးတွင် စာရေးသူတို့ရပ်ကွက်အတွင်းရှိ အောင်ချမ်းသာဓမ္မာရုံမှာ ဝိပဿနာတရားအဖွဲ့တစ်ခုက ဝါတွင်းကာလ သင်တန်းများဖွင့်လှစ်ပို့ချမည်ကို သက်ဆိုင်ရာက အသိအမှတ် ပြုခွင့်ပေးခဲ့ကြပါသည်။ (ပ)။ စာရေးသူက လုံးဝလက်မခံဘဲ လူကြီးလက်မှတ်၏ အရေးမပါပုံမှားနှင့် တိုင်တော ကိစ္စ၏ ရုံးသဘောသွား အဆင့်ဆင့်တို့ကို ရှင်းလင်းပြပြီး လုံးဝပယ်ချလိုက်ပါသည်။

(စ-၂) ၁၃၇၃-ခုနှစ် မိုးညှင်းမြို့တွင် ကျင်းပမည့်တရားပွဲအတွက် တရားပွဲလာရောက်ပင့်သူများက စာရေးသူထံမှောက် ဝင်ရောက်လာကြပါသည်။ (ပ) ထိုတရားပွဲ အစီအစဉ် လုံးဝပျက်သွားပါသည်။

(စ-၃) ယခုလည်း ဓမ္မဒါနပြုလိုသူတို့၏ အစီအစဉ် ပျက်လိမ့်မည်ဟု ထင်မြင်မိပါသည်။ ထိုသို့ ပျက်သောအခါတွင် ဘာ့ကြောင့်ပျက်သနည်းဟု အမေးရောက်လာလျှင် စာရေးသူ၏ မှတ်ချက်ကြောင့်ဟု ဖြေကြပါလိမ့်မည်။

ဟူ၍ ၄င်းက ထုတ်ပြထားပါသည်။

မူရင်းကို အဓိပ္ပာယ်မှန်ပေါက်အောက် အခေါက်ခေါက် ဖတ်ကြည့်သင့်ပါသည်။ အဘယ့် ကြောင့်ဆိုသော် (တရားဟောခြင်း(ဓမ္မဒေသနာ)၊ တရားနာခြင်း(ဓမ္မဿဝန)ဟူသော ပုညကိရိယ ဝတ္ထုတို့ကို ပြုလုပ်ခြင်းများဖြင့် တရားမရနိုင်။ ယခုမျက်မှောက်ခေတ် တရားပွဲများမှာ အလဟဿ အပိုအလုပ်များအနေဖြင့်သာ ဖြစ်၏)ဟူသောစကားမှာ အရှင်ထာဝရ အမည်ခံထားသူ (၄င်း)၏ ကိုယ်ပိုင်စကားမျှသာ ဖြစ်သည်။

ထိုစကားသည် ဘိက္ခုဓမ္မပိယဆရာတော်၏ စကားမဟုတ်ပေ။ ဝိဘဇ္ဇဝါဒီ၏ စကားမဟုတ်ပေ။ မစိုးရိမ် စာသင်သား၏ စကားမဟုတ်ပေ။ (မူရင်းဖြစ်သော ပထမနိဗ္ဗာန်နှင့်ဝိပဿနာတစ္ဆေ- စသည့်စာအုပ်ကို ရှာဖွေပြီး ဖတ်ရှုကြည့်လျှင် ပိုမိုထင်ရှားစွာ သိမြင်နိုင်ပါလိမ့်မည်။) အမှန်မှာမူ ၄င်း၏စကားထဲတွင် (ကောက်ချက်)ဟူ၍ ပါရှိသည်နှင့်အညီ စဉ်းလဲကောက်ကျစ်သော စိတ်ဓာတ်ဖြင့် စွပ်စွဲပြောဆိုထားချက်များသာ ဖြစ်ပါသည်။

ဘိက္ခုဓမ္မပိယ၏ (က) (ခ) (ဂ) (င) စကားရပ်များသည် မှန်ကန်သောစကားများ ဖြစ်ပါသည်။ ၄င်း၏စာအုပ်- စာမျက်နှာ(၈/၁၇၇)မှာပါသည့် (သန္တတိအမတ်ကြီးသည်(ပ)ဝိသုဒ္ဓိ ၇-ပါးကို တစ်ပါးပြီးတစ်ပါး ကြိုးစား အားထုတ်ရမှု ရှိနိုင်ပေသည်) ဟူသောစကားနှင့် အတူတူပင် ဖြစ်ပါသည်။ (၈/၁၇၇)ပါ စကားတို့ကို အမှန်ဟုယူလျှင် ဘိက္ခုဓမ္မပိယ၏ ဖော်ပြပါ (က) (ခ) (ဂ)စကားတို့ကိုလည်း အမှန်ဟုသာ ယူရမည်။

တစ်ဖန် ၄င်း၏စာအုပ်-စာမျက်နှာ(၈)မှာပါသည့် (တရားဟူသည် နာကြားရုံမျှဖြင့် ပြီးပြည့်စုံမှု ရှိသည်ဟု မဆိုသာပါ။ (ပ) အမှန်ပင်ဖြစ်ပါ၏)ဟူသောစကားနှင့် (တရားနာရုံသက်သက် ဒဿနဖြင့် တရားမရနိုင်။ ဘာဝနာအလုပ် လုပ်ပါမှ တရားရနိုင်တယ်ဟုဆိုပါလျှင် လက်ခံနိုင်(ပ)}}ဟူသောစကားတို့နှင့် အတူတူပင် ဖြစ်ပါသည်။

ဤနေရာတွင် အထူးတင်ပြလိုသည်မှာ ၄င်းသည် ၄င်း၏မရိုးမသားပြုလုပ်တတ်သည့်ဥာဉ်အတိုင်း မရိုးမသား ပြုလုပ်ထားပါသည်။

လုပ်ထားပုံမှာ-

ပထမနိဗ္ဗာန်ရေးသားသူသည် ဘိက္ခုဓမ္မပိယ ဖြစ်ပါ၏။

ဝိပဿနာတစ္ဆေရေးသူသည် နန်းဦး(တမ္ပဝတီ) ဖြစ်ပါ၏။

ထေရဝါဒဆိုင်းဘုတ်အောက်မှာ အမှားဝင်္ကပါရေးသားသူသည် ဝိဘဇ္ဇဝါဒီ ဖြစ်ပါ၏။

ပခုက္ကူဝိပဿနာအလုပ်ပေးတရား အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃)တို့ကို စိစစ်ချက်အကျဉ်း-ရေးသား သူသည် မစိုးရိမ်စာသင်သား ဖြစ်ပါ၏-ဟု ၄င်းက သေချာခွဲခြား သိမြင်ထားပါသည်။ သို့ပါလျက်ကယ်နှင့် ဖော်ပြပါပုဂ္ဂိုလ် ၄-ဦးတို့ကို (ပရဝါဒီ)နာမ်စားဖြင့် မှတ်သားပြလျက် တစ်အုပ်လုံးမှာ သုံးနှုန်းရေးသားပြသသည်။ ထို့နောက် စာမျက်နှာ(၉၈)အရောက်တွင်မှ (ပရဝါဒီမည်သော မစိုးရိမ်စာသင်သား}}ဟု လုံးချလိုက်သည်။ (ပရဝါဒီဟု ပါရှိသမျှအားလုံးသည် မစိုးရိမ်စာသင်သားပင် ဖြစ်တော့သည်}}ဟု သိမှတ်သွားစေပါသည်။

(ဘိက္ခုဓမ္မပိယ}မှာ အမှားရှိခဲ့လျှင်လည်း စာရှုသူတို့က (မစိုးရိမ်စာသင်သား}အပေါ်သာ အပြစ်မြင်စေရန်၊

(နန်းဦး(တမ္ပဝတီ))မှာ အမှားရှိခဲ့လျှင်လည်း စာရှုသူတို့က (မစိုးရိမ်စာသင်သား}အပေါ်သာ အပြစ်မြင်စေရန်၊

(ဝိဘဇ္ဇဝါဒီ}မှာ အမှားရှိခဲ့လျှင်လည်း စာရှုသူတို့က (မစိုးရိမ်စာသင်သား}အပေါ်သာ အပြစ်မြင်စေရန်၊

(မစိုးရိမ်စာသင်သား}မှာ အမှားရှိခဲ့လျှင်လည်း စာရှုသူတို့က (မစိုးရိမ်စာသင်သား}အပေါ်သာ အပြစ်မြင်စေရန် တမင် လုပ်ကြံမုသားဆိုကာ မရိုးမသား လုပ်ထားမှု ဖြစ်ပေသည်။ ဤချက်သည် မည်မျှအရေးကြီးပါသနည်း။ အသရေဖျက်မှုအရ အမှုအခင်းမြောက်နိုင်သည်ဟု ယူဆအပ်ပါသည်။


အမှန်အားဖြင့် ရေးသားပြသရမည်မှာ ပထမနိဗ္ဗာန်ကို ဝေဖန်ရာဌာနတို့၌ ပရဝါဒီမည်သော ဘိက္ခုဓမ္မ ပိယဆရာတော်ဟုသာ သုံးနှုန်းရမည်။ ဝိပဿနာတစ္ဆေကို ဝေဖန်ရာဌာနတို့၌ ပရဝါဒီမည်သော နန်းဦး(တမ္ပဝတီ) ဟုသာ သုံးနှုန်းရမည်။ ထေရဝါဒဆိုင်းဘုတ်အောက်မှာအမှားဝင်္ကပါကို ဝေဖန်ရာဌာနတို့၌ ပရဝါဒီမည်သော ဝိဘဇ္ဇဝါဒီ ဟုသာ သုံးနှုန်းရမည်။ စိစစ်ချက်အကျဉ်းတို့ကို ဝေဖန်ရာဌာနတို့၌ ပရဝါဒီမည်သော မစိုးရိမ်စာသင်သားဟုသာ သုံးနှုန်းရမည်။

(ဤ၌ (ပရဝါဒီ}အမည်သည် ၄င်းက ကင်ပွန်းတပ်ပေးထားသည့်အမည်ဆိုး ဖြစ်ပါသည်။ သို့သော်လည်း စာရေးသူတို့၏ တပည့်များကတော့ (အရှင်ဘုရားတို့က အများအကျိုးကို ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်ခဲ့တဲ့အတွက် (ပရဟိတ}ရဲ့ အဓိပ္ပာယ်လိုပဲ (အများအကျိုးဆောင်သူ}လို့ အဓိပ္ပာယ်ထွက်လာမှာပါ။ သူတို့တွေကတော့ သူတို့အကျိုးပဲ ဆောင်ရွက်သူတွေ ဖြစ်လို့မို့ (သကဝါဒီ}လို့ ဖြစ်သွားမှာပါ}}ဟု အဓိပ္ပာယ်သစ်တစ်ခု ဟာသအနေဖြင့် ဖွင့်လှစ်သုံးစွဲကြောင်း ရှင်းပြလာပါသေးသည်။)

အဖြေ(၆)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၈)၌ ((ပရဝါဒီတို့သည်) မျှတသောအခြေအနေတွင် ရပ်တည် မနေဘဲ ဗုဒ္ဓဘာသာတို့ ထုံးတမ်းအစဉ်အလာဖြစ်သော တရားဟောခြင်း၊ တရားနာခြင်းအလုပ်တို့ကို ပြစ်တင် ကဲ့ရဲ့ရှုတ်ချခြင်း၊ အဓမ္မဝါဒတွေ-စသည်ဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မတော်မတရားစွပ်စွဲခြင်း၊ တစ်ဖက်သားကို အပြစ်မရှိ အပြစ်ရှာ ရန်စတိုက်ခိုက်နေ ခြင်းတို့ကြောင့် သူတို့ကိုယ်တိုင် အဓမ္မဝါဒအတွင်း သက်ဆင်းသွားသူများ ဖြစ်သွား သည်}}ဟူ၍ ရေးသားပြသထားပါသည်။

၎င်းတွင် မျှတသောအခြေအနေတွင် ရပ်တည်ရမည်လား...မှန်ကန်သောအခြေအနေတွင် ရပ်တည်ရမည် လား...ဟု မေးခွန်းထုတ်လိုပါသည်။ ပရဝါဒီ အမည်တပ်မခံရသော ဘိက္ခုဓမ္မပီယဆရာတော်၊ ပရဝါဒီ အမည်တပ်မခံ ရသော နန်းဦး(တမ္ပဝတီ)၊ ပရဝါဒီ အမည်တပ်မခံရသော ဝိဘဇ္ဇဝါဒီ၊ ပရဝါဒီအမည်တပ်ခံရသော မစိုးရိမ်စာသင်သား ပုဂ္ဂိုလ် ၄-ဦးတို့သည် မှန်ကန်သောအခြေအနေတွင် ရပ်တည်နေလျက် ရှိကြပါသည်။

(တရားဟောခြင်း၊ တရားနာခြင်းအလုပ်တို့ကို ပြစ်တင်ကဲ့ရဲ့ရှုတ်ချခြင်း}}ကို ဓမ္မဝါဒီဆရာ ၄-ဦးတို့က လုံးဝမလုပ်ပါကြောင်း ထင်ထင်ရှားရှား သိစေလိုပါသည်။

အဓမ္မဝါဒဖြစ်သော တရားဟောခြင်း၊ တရားနာခြင်းအလုပ်တို့ကိုသာ ဖော်ထုတ် တားဆီး ဖယ်ရှားခြင်းတို့ကို ဓမ္မဝါဒီဆရာ ၄-ဦးတို့က ဓမ္မဝါဒီဖြစ်သည်နှင့်ညီအောင် ဆောင်ရွက်နေကြ ပါသည်။


၎င်းက (အဓမ္မဝါဒတွေ-စသည်ဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မတော်မတရားစွပ်စွဲခြင်း}}ကို ပြုလုပ်နေသူများ ဖြစ်သည်ဟု စွပ်စွဲထားပါသည်။ သင်္ဂါယနာ ၆-တန်တင်အပ်သော ပိဋကတ်တော်နှင့် မညီသည်များကို အဓမ္မဝါဒ တွေဟု ပြောရမည်မှာ ဗုဒ္ဓဘာသာဝင်တိုင်း၏ မြင့်မြတ်သော တာဝန်သိစိတ်အရ ကျင့်အပ်သည့် ကျင့်ဝတ်သာ ဖြစ်ပါသည်။

တစ်ဖန် (တစ်ဖက်သားကို အပြစ်မရှိအပြစ်ရှာ ရန်စတိုက်ခိုက်နေခြင်းကြောင့် သူတို့ကိုယ်တိုင် အဓမ္မဝါဒ အတွင်း သက်ဆင်းသွားသူများ ဖြစ်သည်}}ဟု စွပ်စွဲထားပြန်ပါသည်။ တစ်ဖက်သားဟူသည်မှာ (တစ်ဖက်သားက ဓမ္မဝါဒီဖြစ်သည်ကို အဓမ္မဝါဒီ}}ဟု ပြောဆိုမိလျှင်ကား စာရေးဆရာ ၄-ဦးတို့သည် အဓမ္မဝါဒအတွင်းသို့ သက်ဆင်းသွား လိမ့်မည် အမှန်။ သို့ရာတွင် (တစ်ဖက်သားက အဓမ္မဝါဒီဖြစ်၍ အဓမ္မဝါဒီ}}ဟု ပြောဆိုရေးသားခြင်းကား အဓမ္မဝါဒ အတွင်းသို့ မသက်ရောက်နိုင်ပေ။

စာရေးဆရာ ၄-ဦးတို့၏ ရေးသားချက်များသည် မည်သည့် ပါဠိတော် အဋ္ဌကထာ ဋီကာအရ မည်သို့ မှားယွင်းလွဲချော်ခြင်းကြောင့် အဓမ္မဝါဒအတွင်းသို့ သက်ရောက်သွားပါကြောင်း အကိုးအကားပြနိုင်လျှင် အကိုးအကား ပြစေချင်ပါသည်။

အဖြေ(၇)။ ။၎င်း၏စာအုပ်-စာမျက်နှာ(၈)၌ (ပရဝါဒီတို့၏ (က)အမှတ်ပြစကားရပ်တွင် ----(မဂ်ဖိုလ်ရသူ လုံးဝ မရှိနိုင်} ဟူသော စကားမှာ မှားယွင်းပါသည်}}ဟူ၍ ရေးသားပြသထားပါသည်။

၎င်းတွင် (မဂ်ဖိုလ်ရသူ လုံးဝမရှိနိုင်}ဟူသော စကားသည် အရှင်ထာဝရအမည်ခံ ၄င်း၏စကားသာလျှင် ဖြစ်ပါသည်။ အဖြေ(၅)၌ ပြထားသော (က)အမှတ်ပြစကားနှင့် ပြန်တိုက်ကြည့်လိုက်ပါ။

ဘိက္ခုဓမ္မပိယက ရေးထားသည်မှာ (တရားနာရုံသက်သက် ဒဿနဖြင့် တရားမရနိုင်ကြောင်း}ဟူ၍သာ ဖြစ်ပါသည်။ ဤစကားကို အရှင်ထာဝရအမည်ခံ ၄င်းက အဘယ်နည်းဖြင့် နားလည်ပြောဆိုလိုခြင်းကြောင့် (မဂ်ဖိုလ် ရသူ လုံးဝမရှိနိုင်}ဟူ၍ အဓိပ္ပာယ်သစ် စာသားအသစ် ဖြစ်ပေါ်လာပါသနည်း။ ရှင်းပြပါ။


အဖြေ(၈)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၉)၌ (ပရဝါဒီတို့၏ (ခ)စကားရပ်လာ ----]ပုထုဇဉ်ရဟန်းတွေ ဟောတဲ့ တရားက လုံးဝတရားမရနိုင်}ဟူ၍ အဘယ်စာပေ၌ လာရှိပါသနည်း}}ဟူ၍ ရေးသားပြသထားပါသည်။

၎င်းတွင် (ပုထုဇဉ်ရဟန်းတွေဟောတဲ့ တရားက လုံးဝ တရားမရနိုင်တော့}ဟူသော စကားသည် အရှင် ထာဝရ အမည်ခံ ၄င်း၏စကားသာလျှင် ဖြစ်ပါသည်။ အဖြေ(၅)၌ ပြထားသော (ခ)အမှတ်ပြစကားနှင့် ပြန်တိုက် ကြည့်လိုက်ပါ။

ဘိက္ခုဓမ္မပိယက ရေးထားသည်မှာ (ဒီလောက်ဆိုရင် ပုထုဇဉ်ရဟန်းတစ်ပါးက တရားဟောရင် တရားနာ ပုဂ္ဂိုလ်တွေ လေးမဂ်လေးဖိုလ် ရနိုင်တယ်-မရနိုင်ဘူးဆိုတာ တပည့်တော်တို့ သဘောပေါက်ပါပြီ} ဟူ၍သာ ဖြစ်ပါသည်။ ဤစကားကို အရှင်ထာဝရအမည်ခံ ၄င်းက အဘယ်နည်းဖြင့် နားလည်ပြောဆိုလိုခြင်းကြောင့် (ပုထုဇဉ် ရဟန်းတွေ ဟောတဲ့ တရားက လုံးဝ တရားမရနိုင်တော့}ဟူ၍ အဓိပ္ပာယ်အသစ် စာသားအသစ် ဖြစ်ပေါ်လာ ပါသနည်း။ ရှင်းပြပါဦး။

၎င်းသည် ဘိက္ခုဓမ္မပိယဆရာတော် သုံးနှုန်းထားသော (ဒီလောက်ဆိုရင်}ဟူသော ပမာဏပြပုဒ်အတွင်းက အပြည့်အစုံအနက်အဓိပ္ပာယ်တို့ကို သုံးသပ်ခြင်းမပြုဘဲ မျက်ကန်းသဖွယ်ပြု၍ အဓိပ္ပာယ်ဖော်ထားကြောင်း ထင်ရှားပါ သည်။

အဖြေ(၉)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၉)၌ (ပရဝါဒီတို့၏ (က)စကားရပ်ကို လက်ခံနိုင်စရာ ရှိသော်လည်း (ခ) (ဂ) (ဃ) စကားရပ်တို့မှာ ဘုရားဟော ထေရဝါဒကျန်းဂန်တို့နှင့် လွဲချော်ဆန့်ကျင်နေပါသည်}}ဟူ၍ လည်းကောင်း၊

၎င်း၏စာအုပ်-စာမျက်နှာ(၁၇)၌ (သို့ဖြစ်၍ (ဃ) ဝါကျလာ (အခြားလူတို့ မှတ်မိရုံ သာမှတ်မိပြီး ပဋိဝေဓဥာဏ်မဖြစ်} ဟူသောစကားမှာ အရူးချေးပန်း ပရမ်းပတာ ပြောဆိုသောစကားသာတည်း}}ဟူ၍လည်းကောင်း၊

၎င်း၏စာအုပ်-စာမျက်နှာ(၂၂/၂၃)တို့၌ ]]အထက်၌ တင်ပြခဲ့ပြီးသော ပါဠိအဋ္ဌကထာ စကားရပ်များဖြင့်ပင် (ဘုရား တရားဟောသည့်အခါ အခြားလူတို့ ပဋိဝေဓဥာဏ် ဖြစ်လောက်အောင် နားမလည်ကြကြောင်း၊ တရားနာရင် သောတာပန်တည်ရမယ်။ ဒီစကားလုံးဝမှားတယ်}စသည်ဖြင့် တရားဟော တရားနာခြင်းအလုပ်ကို အပြစ်ဖွဲ့ ရန်ရှာ တတ်သော ပရဝါဒီတို့၏ စကားတို့သည် မြတ်ဗုဒ္ဓ၏ ဝေသာရဇ္ဇဥာဏ်တော်တို့ကို တားမြစ်သော အဓမ္မဝါဒစကားရပ်များ သာ ဖြစ်ပါတော့သည်}}ဟူ၍လည်းကောင်း ရေးသားပြသထားပါသည်။

၎င်းတို့တွင် တရားနာရင်းကြားရင်းဖြင့် သောတာပန်တည်-မတည်ကိစ္စမှာ (ဂ)ဝါကျနှင့် သက်ဆိုင်ပါသည်။ (ဂ)ဝါကျလာ မူရင်းစကားသည် ၄င်း၏စာအုပ်-စာမျက်နှာ(၈) ၌ (တရားဟူသည် နာကြားရုံမျှနှင့် ပြီးပြည့်စုံမှုရှိသည်ဟု မဆိုသာပါ။ သမ္မပ္ပဓာန် ဝီရိယဖြင့် ကိုယ်တိုင်လက်တွေ့ ကြိုးစားအားထုတ်ပါမှသာ ရနိုင်သည်မှာလည်း အမှန်ပင် ဖြစ်ပါသည်}} ဟူသောစကားရပ်၊ ၄င်း၏စာအုပ်-စာမျက်နှာ (၁၇၇)ပါ အတည်ပြုအမှန်ပြ စကားရပ်များနှင့် အတူတူ ပင်ဖြစ်၍ မှန်ပါသည်။ မမှားပေ။ (ဤသို့ဆိုလျှင် အရူးချေးပန်း ပရမ်းပတာစကား ပြောသူကား မည်သူနည်း။)

(ဃ)ဝါကျလာစကားရပ်ပါ မူရင်းစကားစုသည် မူလပဏ္ဏာသပါဠိတော်ကျမ်း၊ စာမျက်နှာ(၁)မှာ စတင်လာ ရှိသည့် တရားတော်အရ ရေးသားခြင်းသာဖြစ်ကြောင်း အမှားဝင်္ကပါစာအုပ်မှာ အပြည့်အစုံ ပါရှိပြီး ဖြစ်ပါသည်။ ထို့ကြောင့် မှန်ပါသည်။

အကယ်၍ ((ဃ)စကားရပ်ကို မမှန်ပါ}}ဟုဆိုလျှင် ၄င်း၏စာအုပ်-စာမျက်နှာ(၂၀)တွင် ပါရှိသည့်

(အမှန်ဆိုရသော် တရားလည်းနာရမည်။ နာသည့်အတိုင်းလည်း ကျင့်ရမည်။ ထိုအခါ ပုဂ္ဂလသမ္ပတ္တိဖြစ်သော ဖြည့်ဆည်းဖူးခဲ့သော ပါရမီအထိုက်အလျောက်လည်း ရှိပါက နိဗ္ဗာန်နှင့် လွဲချော်နိုင်စရာ မရှိတော့ချေ}}

ဟူသောစကားကိုလည်း မမှန်ဟုသာ ဆိုရမည်မုချ။ (ဤသို့ဆိုလျှင် အရူးချေးပန်း ပရမ်းပတာစကား ပြောသူကား မည်သူနည်း။)

အဘယ့်ကြောင့်ဆိုသော် ပုဂ္ဂလသမ္ပတ္တိဖြစ်သော ဖြည့်ဆည်းဖူးခဲ့သော ပါရမီအထိုက်အလျောက် မရှိပါက နိဗ္ဗာန်နှင့် လွဲချော်နိုင်စရာ ရှိခြင်းကြောင့် တရားဟောသော်လည်း ပဋိဝေဓဥာဏ် မဖြစ်သူများမှာ များစွာပင် ရှိပါပေတော့သည်။ (ဘုရား တရားဟောသည့်အခါ အခြားလူတို့ ပဋိဝေဓဥာဏ် ဖြစ်လောက်အောင် နားမလည်ကြကြောင်း}}မှာ မှန်သောစကားသာ ဖြစ်ပေတော့သည်။ (အခြားလူ}ဟူသည်မှာ ပါရမီမပြည့်သေးသူ၊ ဣနြေ္ဒမရင့်သေးသူ၊ သောတာပန်တို့အတွက် ဟောအပ်သည့်တရားကို နားမလည်နိုင်သော ပုထုဇဉ်ပုဂ္ဂိုလ် စသည်များကို ဆိုလိုပါသည်။ အနာဓိဂတတ္တာ။

မြတ်စွာဘုရားသည် တစ်ရက်လျှင် ၂-ကြိမ် လောကကြီးကို ရှုစားဆင်ခြင်တော်မူလေ့ရှိရာ ဥာဏ်တော်ကွန်ရက် အတွင်း ထင်လင်းစွာ ဝင်လာသူများသာ ပဋိဝေဓဥာဏ် ဖြစ်စေနိုင်သူများ ဖြစ်၍ မဂ်ဖိုလ်ရသူများ ဖြစ်နိုင်ကြပါသည်။ အခြားသူများမှာ ပဋိဝေဓဥာဏ် ဖြစ်-မဖြစ်သည် ဧကန်နည်းအားဖြင့် မသေချာပါ။

အဖြေ(၁၀)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၁၄)၌ (ထို့ထက်ပို၍ခိုင်မာသော ပရဝါဒီတို့၏စကားမှာ (ဃ) စကားရပ်လာ စကားတို့ ဖြစ်သည်။ တရားဟောတရားနာခြင်းအလုပ်ကို သူတို့ လုံးဝမရှုစိမ့်ကြောင်း ပိုမိုထင်ရှားသည်။ (ဘုရားက တရားနာသူကို အထူးငဲ့၍ တရားများစွာကို ဟောခဲ့ကြောင်း၊ ယင်းတရားတို့ကို အခြားလူတို့က မှတ်မိနိုင်ရုံသာ သိကြပြီး ပဋိဝေဓဥာဏ်ဖြစ်လောက်အောင် နားမလည်ကြကြောင်း စသည်ဖြင့် မှတ်ယူကြပါ}ဟူ၍ အဓမ္မဝါဒတစ်ရပ်ကို ထူထောင်ခဲ့ပါသည်}}ရေးသားပြသထားပါသည်။

အရှင်ထာဝရအမည်ခံသူ ၄င်းက (အခြားလူတို့က မှတ်မိနိုင်ရုံသာ သိကြပြီး ပဋိဝေဓဥာဏ်ဖြစ်လောက်အောင် နားမလည်ကြကြောင်း စသည်ဖြင့် မှတ်ယူကြပါ}}ဟူသောစကားကို အဓမ္မဝါဒတစ်ရပ်ဟု ဆိုလျှင် ၄င်းကိုယ်တိုင် ပြောဆိုထားသော ၄င်း၏စာအုပ် (စာမျက်နှာ(၂၀)}ပါစကားသည်လည်း အဓမ္မဝါဒစကားပင် ဖြစ်ရပေတော့မည်။ မှန်၏။ အဓိပ္ပာယ်ချင်း အတူတူပင်။

အဖြေ(၁၁)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၁၄)၌ ((က) (ခ) (ဂ)တို့မှာ ဘာဝနာကို ရည်ညွှန်းသော်လည်း (ဃ)စကားရပ်အရ ဆန့်ကျင်ဘက်(အဆိုး၊အပြစ်)ကို ဦးတည်ထားသည်မှာ သေချာပါ၏။ ယင်း(ဃ)ပါ အဓမ္မဝါဒကို တင်ပြပြီး-တင်ပြလတ္တံ့ ဖြစ်သော-အကိုးအကားတို့ဖြင့် အမှန်အမှား ခွဲခြားဆုံးဖြတ်ပါလော့ ဓမ္မမိတ်ဆွေ}} ဟူ၍ရေးသားပြသထားပါသည်။

၎င်းသည် တရားဟော၊ တရားနာ၊ တရားပွဲဟူရာတွင် ဓမ္မဝါဒီတရား၊ အဓမ္မဝါဒီတရားဟူ၍ နှစ်မျိုးရှိကြောင်းကိုမျှ မသိသူ ဖြစ်ပေသည်။ ဓမ္မဝါဒီဖြစ်သော ဓမ္မဒါနကြောင့် ကောင်းသောအကျိုး ကြီးမားပါသည်။ အဓမ္မဝါဒီဖြစ် သော အဓမ္မဒါနကြောင့် ပြောင်းပြန်လှန်၍ မကောင်းသောအကျိုး ကြီးမားပါသည်။ အဇာတသတ်ဝတ္ထုလာ ဒေဝဒတ်၏ အဓမ္မဒါနဟောတရားမျိုးကို ဆိုလိုပါသည်။

၎င်းတွင် (တင်ပြပြီး-တင်ပြလတ္တံ့ ဖြစ်သော အကိုးအကားများ} ကို ရှာကြည့်သောအခါ ပါဠိ-မြန်မာပြန် သာဓက ၁၅-ခု ဖော်ပြထားပါသည်။

၎င်း၏အကိုးအကား ၁၅-ခုစလုံးတွင် (ဘုရားက တရားနာသူကို အထူးငဲ့၍ တရားများစွာကို ဟောခဲ့ ကြောင်း။ ယင်းတရားတို့ကို အခြားလူတို့က မှတ်မိနိုင်ရုံသာ သိကြပြီး ပဋိဝေဓဥာဏ်ဖြစ်လောက်အောင် နားမလည် ကြကြောင်း-ဟူသော စကားသည် အဓမ္မဝါဒတစ်ရပ် ဖြစ်သည်}}ဟူသောစကားကို အမှန်တကယ် အတည်ဖြစ်စေနိုင်သော ပါဠိအဋ္ဌကထာဟူ၍ တစ်လုံးတစ်ပါဒမျှ မပါရှိချေ။ မဆီမဆိုင်တွေကို ကိုင်မိရာ ကိုင်လိုက်ရပုံ ပေါ်နေပါသည်။

၎င်းပါဠိတော်အဋ္ဌကထာများသည် သူ့နေရာနှင့် သူ့အဓိပ္ပာယ်နှင့် သူ့ဘာသာသူ မှန်ကန်နေကြပါသော်လည်း ၄င်းတို့အားလုံးက (ဃ)ဝါကျပါစကားစုသည် အဓမ္မဝါဒ ဖြစ်သည်ဟူသော အဓိပ္ပာယ်ကိုကား မဖြစ်စေနိုင်ပေ။ အကယ်၍ ၄င်းတို့အားလုံးက (ဃ)ဝါကျပါစကားစုသည် အဓမ္မဝါဒ ဖြစ်သည်ဟူသော အဓိပ္ပာယ်ကို ဖြစ်စေနိုင်ငြားအံ့။ ပြီးစေနိုင်ငြား အံ့။ ၄င်း၏စာအုပ်-(စာမျက်နှာ(၂၀)}တွင် ပါရှိသည့် စကားသည်လည်း မမှန်သောစကားသာဖြစ်၍ အဓမ္မဝါဒသာ ဖြစ်သည်ဟု မှတ်ယူရမည်။ (နာသူတိုင်း မဂ်ဖိုလ်ကို ရရမည်-ဆိုလိုရာရောက်သည်-ဟူလို။)

ထို့ထက်တက်၍ဆိုချင်သေးလျှင် ၄င်းသည် (ဃ)ဝါကျပါစကားစုကို တိုက်ခိုက်နေရင်းဖြင့်ပင် (မြတ်စွာ ဘုရား၏ တရားကိုနာကြားရသူတိုင်း မည်သူမဆို (တစ်ဦးတစ်ယောက်မျှမကျန်) အကုန်လုံး အားလုံး ပဋိဝေဓဥာဏ် ရရှိသူချည်းသာ ဖြစ်သည်}}ဟူသော အဓမ္မဝါဒသစ်တစ်ရပ်ကို ကြေညာပြီး ဝန်ခံလိုက်ရာရောက်သွားမည် သာ ဖြစ်ပါသည်။

အဖြေ(၁၂)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၂၃)၌ (ပရဝါဒီတို့၏(င)စကားရပ်၌ (အချည်းအနှီးဖြစ်တဲ့ သာသနာတွင်းသား ရဟန်းတွေကသာ သာသနာကို ဖျက်ဆီးမှာပါ}ဟု အပေါင်းနှင့်ဆိုထားခြင်းကြောင့် သာသနာတွင်း သား ရဟန်းမှန်သမျှ မဂ်ဖိုလ်မှ အချည်းအနှီး ဖြစ်ကုန်တော့၏။ တရားမရနိုင်တော့-စသည်ဖြင့် အဓိပ္ပာယ်ရပါသည်။ သာသနာတော်တွင်းရှိ ရဟန်းသံဃာတော်တို့ကို ပုတ်ခတ်ဆဲရေးထားသော စကားတို့သာ ဖြစ်သည်}}ဟူ၍ ရေးသားပြ သထားပါသည်။

၎င်းတွင် (င)မူရင်းလာစကားနှင့် မဆိုင်ပါ။ (င)မူရင်းမှာ (သံကိုသံဖျက် သံချေးတက်ဆိုသလို အချီးအနှီးဖြစ်တဲ့ သာသနာတွင်းသား ရဟန်းတွေကသာ သာသနာတော်ကို ဖျက်ဆီးမှာပါ}}ဟူ၍သာ ဖြစ်ပါသည်။ ယင်းစကားစုသည် သာသနာဝင်အားလုံး ကြားဖူးနားဝ ပြည့်ဝနေသည့်စကားပင် ဖြစ်ပါသည်။ ရဟန်းကောင်းတို့ကို မထိခိုက်စေရန် (အချီးအနှီးဖြစ်တဲ့}ဟူသော ဝိသေသနဖြင့် ပိုင်းဖြတ်ထားပြီးသား ဖြစ်ပါသည်။ ((အချီးအနှီးမဖြစ်တဲ့ ရဟန်းတွေက တော့ သာသနာတော်ကို မဖျက်ဆီးပါ}} ဟူ၍ ဗျတိရေကတ္ထ ထင်ရှားသည့်စကား ဖြစ်ပါသည်။

သို့ပါလျက်ကိုပင် (င)မူရင်းကို ၄င်းက ပြန်လည်ပြောဆိုရာ၌ (သာသနာတွင်းသား ရဟန်းမှန်သမျှ မဂ်ဖိုလ်မှ အချည်းအနှီး ဖြစ်ကုန်တော့၏။ တရားမရနိုင်တော့}}ဟူ၍ အဓိပ္ပာယ်အသစ် စာသားအသစ်ဖြင့် ပြောနိုင်သည့်အတွက် အံ့ဩရပါသည်။

အရှင်ထာဝရ အမည်ခံသူ ၄င်းသည် ဤမျှလောက်ကြွယ်ဝလှပသော မဟုတ်မမှန် လုပ်ကြံနည်းတို့ကို မည်သည့် ဆရာတို့ထံမှ သင်ယူတတ်မြောက်ခဲ့ရပေသနည်း။ စိတ်ဝင်စားလာလေပြီတကား။ စင်စစ်အားဖြင့် သာသနာတော် တွင်းရှိ ရဟန်းသံဃာတော်တို့ကို ပုတ်ခတ်ဆဲရေးသူမှာ အရှင်ထာဝရအမည်ခံ (၄င်း)သာလျှင် ဖြစ်ပေသည်။

၎င်းဖော်ပြထားသည့် အဟံဘန္တေ-အစချီသည့် သာဓကမှာ သာဓက မမြောက်ပေ။ အချီးအနှီးဖြစ်သော ရဟန်းများကိုလည်း သံသာရဝဋ္ဋတောဖြင့် ဝင်ရောက်လာသူများချည်းဟုဆိုလျှင် ၄င်း၏စကားအတိုင်း ဟုတ်နိုင်-မဟုတ်နိုင်ကို သာသနာရေးဦးစီးဌာန ဝိနိစ္ဆယခုံရုံးဝင် အမှုတွဲများအကြောင်း လေ့လာကြည့်စေချင်ပါဘိသည်။ ပထမ ပါရာဇိကမှုများနှင့် ဒုတိယပါရာဇိကမှုများ ကျူးလွန်ထားသည့် ရဟန်းများကိုလည်း သာသနာဖျက်ဟု မဆိုနိုင်တော့ ပြီလော။ ၄င်းပါရာဇိကကျူးလွန်ပြီးသား ရဟန်းများလည်းပဲ သံသာရဝဋ္ဋတောဖြင့် ဝင်ရောက်လာသူဖြစ်၍ အချီးအနှီး မဟုတ်သူများတည်း-သာသနာဖျက်မဟုတ်သူများတည်း-ဟု ယူဆရပါမည်လော။

၎င်းက ၄င်းဝါသနာထုံနေသည့် အဆဲစာတို့ဖြင့် ပုံစံချလျက် အောက်ပါအတိုင်း ဆဲရေးပုတ်ခတ်ထားသေးသည်။

မြတ်စွာဘုရားက...ဗုဒ္ဓသာသနာတွင်းသား ရဟန်းတော်များ မဂ်ဖိုလ်မှ အချီးအနှီး မဖြစ်။ (နိဗ္ဗာန်ရသော အကျင့်ကို ကျင့်၏။)

ပရဝါဒီက... ဗုဒ္ဓသာသနာတွင်းသား ရဟန်းတော်များ မဂ်ဖိုလ်မှ အချီးအနှီး ဖြစ်၏။ (နိဗ္ဗာန်ရသော အကျင့်ကို မကျင့်။) (၄င်း၏စာအုပ်၊ စာ-၂၄)

အထူးမှတ်ချက်။ အထက်ပါစကားစုသည် ဘိက္ခုဓမ္မပိယဆရာတော်၏ ((င)ဝါကျပါစကားစု ) မဟုတ်ခြင်း ကြောင့် အရှင်ထာဝရအမည်ခံသူ )၄င်း၏စကားသာလျှင် ဖြစ်ပါတော့သည်။ ၄င်းသည်သာလျှင် ပရဝါဒီ ဖြစ်ပါ တော့သည်။

အဖြေ(၁၂)။ ။ ၄င်း၏စာအုပ်၌ (စ-၁) (စ-၂) (စ-၃)ဟူ၍ ကောက်နုတ်ဖော်ပြထားသော်လည်း ၄င်းတို့ ကို သီးသန့်ခွဲခြမ်း၍ ဝေဖန်ထားချက် လုံးဝမပါရှိချေ။
၎င်းစာတို့တွင် မစိုးရိမ်စာသင်သားက ဝိပဿနာတရားအဖွဲ့ တစ်ခုက သင်တန်းများ ဖွင့်လှစ်ပို့ချမည်ကို ...ရှင်းလင်းပြပြီး လုံးဝပယ်ချလိုက်ကြောင်း စသည်တို့ကို စာရှုသူတို့အား သိစေမြင်စေပြီးလျှင် မစိုးရိမ်စာသင်သားအပေါ် အမုန်းစိတ်ဝင်စေလိုခြင်းကြောင့် ထည့်သွင်းဖော်ပြထားသည်ဟု သုံးသပ်ရပါသည်။

အမှန်ကမူ ဝိပဿနာတရားသင်ပြမည့်အဖွဲ့သည် တကယ်မှားသည့် အမှားများကို အစဉ်အဆက် မပြတ်မလပ် ကျူးလွန်နေသည့်အဖွဲ့သာ ဖြစ်ပါသည်။ ထို့ကြောင့် အဓမ္မဝါဒ ဖော်ထုတ်တားဆီးဖယ်ရှာရေး လုပ်ငန်းစဉ်အရ မစိုးရိမ် စာသင်သားက ပယ်ချလိုက်ခြင်းသာ ဖြစ်ပါသည်။ (မြတ်ပန်းရဂုံမဂ္ဂဇင်း}တွင် ၄င်းဝိပဿနာအဖွဲ့၏ အမှားများ အကြောင်းကို လစဉ်အခန်းဆက် ထည့်သွင်းဖော်ပြပေးလျက် ရှိပါသည်။ သူတို့အဖွဲ့က မှားသည်-မမှားသည်တို့ကို သိလိုလျှင် မြတ်ပန်းရဂုံမဂ္ဂဇင်းများကို ရှာဖွေလေ့လာကြည့်နိုင်ပါသည်။



ဆက်လက် တင်ပြပါမည်

April 20, 2011

စိန်ခေါ်သူ မည်သူနည်း


အဓမ္မဝါဒနိဂ္ဂဟကို အဓမ္မဝါဒနိဂ္ဂဟဖြင့် စိစစ်ဝေဖန်ခြင်း

မစိုးရိမ်စာသင်သား

နိဒါန်း

၁၃၇၂-ခုနှစ် ပြာသိုလဆန်းပိုင်းတွင် ''မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ် (အဓမ္မဝါဒနိဂ္ဂဟ)'' စာမူကြမ်းတစ်ခုကို မိတ္ထူများစွာ ထုတ်လုပ်ဖြန့်ဝေနေကြောင်း ကြားသိရသည်။ စာတိုက်မှ အမြန်ချောဖြင့် ပေးပို့၍ စာရေးသူ့ထံလည်း ရောက်ရှိလာသည်။ သက်ဆိုင်ရာသာသနာရေးဦးစီးဌာန စာပေစိစစ်ရေးအဖွဲ့ထံ ထုတ်ဝေခွင့်ပြုရန် တင်ပြထားကြောင်း ကြားသိရပြန်သည်။ ထို့ကြောင့် ဘာမျှ တုံ့ပြန်မှု-မပြုသေးဘဲ ဖြစ်လာမည့်ဖြစ်စဉ်များ အားလုံးကို ခြုံငုံသုံးသပ်နိုင်ရန် အဆုံးသတ်ချိန်တိုင်အောင် စောင့်နေလိုက်ပါသည်။

သို့ရာတွင် ၁၃၇၂-ခုနှစ် တပိုတွဲလပြည့်နေ့တွင် သာသနာရေးဦးစီးဌာန စာပေစိစစ်ရေးအဖွဲ့က ထုတ်ဝေခွင့် မပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ကြားသိရသည်။ ထိုကြောင့် လမ်းကြောင်းတစ်ခုကနေ ဖြစ်လာမည့်ဖြစ်စဉ်များ လမ်းဆုံးသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်ရပါသည်။

သို့ရာတွင် သာသနာရေးဦးစီးဌာန စာပေစိစစ်ရေးအဖွဲ့သို့ မတင်ပြမီကတည်းက မြို့ရွာဒေသကြီး အသီးသီးသို့ မိတ္ထူများစွာ ဖြန့်ဝေပို့ပေးထားပြီး ဖြစ်ကြောင်း၊ ပံျ့နှံ့နေသည့် မိတ္ထူများကြောင့် မစိုးရိမ်စာသင်သားအပေါ် အသိအမြင် လွဲမှားနေသူများ ရှိနေကြကြောင်း သိလိုက်ရပြန်ပါသည်။

ဒကာမကြီးတစ်ဦး၏ ပြောပြချက်အရ သူတို့မိတ်ဆွေ သီလရှင်ဆရာကြီးကပင် ''မစိုးရိမ်စာသင်သားကို သနားလိုက်တာ၊ သူ့ကိုလဲ ပြန်ဆော်တာရှိတော့ ခံနေရရှာပြီ''ဟု ဆိုသတတ်။ စာကို သေချာမဖတ်ခြင်းကြောင့် သနား နေသည်လား...နားမလည်ခြင်းကြောင့် သနားနေသည်လား... မသိရပေ။ အဘယ့်ကြောင့်ဆိုသော် ၄င်းစာအုပ်ပါ အကြောင်းအရာတို့သည် မစိုးရိမ်စာသင်သားအပေါ် အပြစ်တင်မိသော၊ အပြစ်တင်နိုင်သော အမှန်အကန်များ မဟုတ်ခြင်းကြောင့်ပင် ဖြစ်ပါသည်။

၎င်းစာအုပ်ထဲမှ မစိုးရိမ်စာသင်သားအား နာမည်ပျက်စေရန် လုပ်ကြံထားပုံများကို ရှင်းလင်းရန်လိုအပ်ပါပြီ။


မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ် (အဓမ္မဝါဒနိဂ္ဂဟ)

၎င်းမိတ္ထူမူတွင် စာကိုယ်က ၂၃၄-မျက်နှာ၊ မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်နှင့်စပ်လျဉ်း၍ သံဃာ ထုအား လျှောက်ထားတောင်းပန်လွှာက ၁ဝ-မျက်နှာ(က-ည)၊ စာရေးသူ၏ပဋိညာဉ်က ၃-မျက်နှာ(ဋ-ဍ)၊ ရတနတ္တယပဏာမဂါထာက ၃-မျက်နှာ(ဏ-ထ) ပါရှိသည်။

စာမျက်နှာ(ဍ)တွင်-
''အထူးသဖြင့် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေး၊ အမျိုးဘာသာသာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်- ဦးတည်ရည်ရွယ်လျက်...
စာရှုသူ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအများစုတို့အတွက်....''ဟူ၍ ရေးသားထားသည်။

၎င်းစာအုပ်-ရေးသားသူ၏အမည်ကို အရှင်ထာဝရ(ရန်ကုန်)ဟု ဖော်ပြထားသည်။ ဤရှင်းလင်းချက်တွင် အရှင်ထာဝရ(ရန်ကုန်)ကို ''၄င်း'' ဟူသော နာမ်စားဖြင့် သတ်မှတ်၍ သုံးနှုန်းသွားပါမည်။

အမေးနှင့်အဖြေ(၁)

အမေး ။ ။ ၄င်းက ၄င်း၏စာအုပ်-စာမျက်နှာ(ဍ)တွင်- ''အထူးသဖြင့် သာသနာတော်အတွင်း သံဃာ ထုစည်းလုံးညီညွတ်ရေး....အမျိုး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်-ဦးတည်ရည်ရွယ် လျက်''ဟူ၍ ရေးသားပြသထားသည်။

၎င်းစာသားများက ၄င်း၏ရေးသားချက်အတိုင်း သံဃာထုစည်းလုံးညီညွတ်ရေးကို မည်သို့မည်ပုံ အကောင် အထည်ဖော်နိုင်မည်နည်း။ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးကို မည်သို့မည်ပုံ အကောင်အထည်ဖော်နိုင် မည်နည်း။

၎င်း၏စာအုပ်-စာမျက်နှာ(တ-ထ)တို့၌-

''မှားယွင်းဖောက်ပြန် အကျင့်တန်၍ ရန်လိုစစ်ခင်း အဓမ္မဝါဒီတသင်းတို့ကို နှိမ်နင်းဆုံးမကြောင်းဆုံးမရာ ဖြစ်သော (ဝါ) တရားဟောတရားနာ အပြစ်ရှာသော အပုညကြိယဝါဒ၊
သမ္မာဒိဋ္ဌိကျင့်စဉ်ကို ပစ်ပယ်သော မိစ္ဆာဒိဌိဝါဒ၊ ပုထုဇဉ်ဘဝဖြင့်သာ သေရမည်ဟု ယူဆသော နတ္ထိကဝါဒ၊ ဒီဘဝသေလျှင် ပြတ်သည်ဟု ယူဆသော ဧကဘဝဥစ္ဆေဒဝါဒ၊
အသင်္ခတ-အနတ္တကို အတ္တ=အနှစ်အသားရှိဟု ယူဆသော သာရတ္တနိဗ္ဗာနဝါဒ၊ ဣန္ဒြိယ သံဝရသီလကို ဖောက်ဖျက်သော (တနည်း) ကိုယ်နှုတ်နှလုံး မယဉ်ကျေး-ကြမ်းတမ်းရိုးပျသော အဝိနယဝါဒ၊ သံဃာစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးသော (ဝါ) သံဃာသင်းခွဲသော ဘေဒကရဝါဒ စသည် များပြား မြတ်ဗုဒ္ဓကို စွပ်စွဲသော အဗ္ဘာစိက္ခနဝါဒီ အလီလီတို့၏ အဓမ္မဒေဝဒတ်လက်သစ်ဝါဒ-တို့ကို နှိမ်နင်းရာ အဓမ္မဝါဒနိဂ္ဂဟအမည်ရသော ကျမ်းကို'' ဟူ၍ ရေးသားပြသထားပါသည်။

အဖြေ။ ။ ၄င်းတို့တွင်- (၁) ''မှားယွင်းဖောက်ပြန် အကျင့်တန်၍ ရန်လိုစစ်ခင်း အဓမ္မဝါဒီတသင်း'' ဟူသည်မှာ ဘယ်သူတွေကို ဆိုလိုပါသနည်း..ဟုမေးလျှင်
''မစိုးရိမ်စာသင်သားသည် မှားယွင်းဖောက်ပြန် အကျင့်တန် ၍ ရန်လိုစစ်ခင်း အဓမ္မဝါဒီတသင်း ဖြစ်၏''ဟု အဖြေထွက်စေလိုကြောင်း သိသာပါသည်။

အဘယ့်ကြောင့်ဆိုသော် ၄င်းက ၄င်းစာအုပ်-စာမျက်နှာ(၉၈/၁၁၂/ ၁၄ဝ/၁၉၆)တို့တွင်

''ပရဝါဒီမည်သော ကျွန်ုပ်မစိုးရိမ်စာသင်သား၊ သင်ပရဝါဒီ=တိတ္ထိဂိုဏ်းသား၊ ဝိဘဇ္ဇဝါဒီအမည်ခံ- မစိုးရိမ် စာသင်သားအမည်ခံ- အဓမ္မဝါဒီပုဂ္ဂိုလ်၊ မစိုးရိမ်စာသင်သား၏ အဓမ္မဝါဒ အဝိနယဝါဒ''ဟူ၍ ရေးသား ပြသထားခြင်းကြောင့် ဖြစ်ပါသည်။ (ဤ၌ ''ပရဝါဒီမည်သော ကျွန်ုပ်မစိုးရိမ်စာသင်သား''အသုံးအနှုန်းသည် ၄င်း၏ အသုံးအနှုန်းပင်။)

မစိုးရိမ်စာသင်သားသည် ၄င်း၏ဖော်ပြပါရေးသားချက်အတိုင်း အဓမ္မဝါဒီပုဂ္ဂိုလ် ဟုတ်နိုင်သည်- မဟုတ်နိုင် သည်ကို ဆုံးဖြတ်ချက်ချမှတ်လိုပါက
မစိုးရိမ်စာသင်သားထုတ်ဝေသည့် စာအုပ် ၁၇-အုပ်၊
မစိုးရိမ်စာသင်သား အထူးစီစဉ်ထားသည့် စာအုပ် ၅-အုပ်၊
မစိုးရိမ်စာသင်သားတည်းဖြတ်၍ အမှာစာရေးပေးထားသည့် ''နယသာဂရ ပဌာန်းတရားတော်''အစရှိသည့် စာအုပ် ၈-အုပ်၊
မစိုးရိမ်စာသင်သား ဟောပြောထားသည့် ရုပ်သံပါ အဓမ္မဝါဒဖော်ထုတ်တားဆီးဖယ်ရှားရေးတရားတော် ၅-ချပ် (ပုဒ်ရေအားဖြင့် ၂ဝ ကျော်)၊
အသံသက်သက်ပါ အဓမ္မဝါဒဖော်ထုတ်တားဆီးဖယ်ရှားရေးတရားတော် ၁ချပ် (ပုဒ်ရေ ၃၅ ပုဒ်)တို့နှင့်-

လစဉ်ထုတ် ဓမ္မရံသီ၊ ဓမ္မရတနာ၊ မြတ်ပန်းရဂုံ၊ အနန္တဂုဏ်ရည်ပါ မဂ္ဂဇင်းဆောင်းပါးများကို ဖတ်ရှုပြီးမှ နား ထောင်ပြီးမှ ဆုံးဖြတ်ချက်ချမှတ်ကြပါရန် ပန်ကြားလိုပါသည်။ မစိုးရိမ်စာသင်သား၏ ကလောင်အမည်ခွဲ ၆-ခုစလုံးကို ''မစိုးရိမ်စာသင်သားအပေါ်မဆင်မခြင်စွပ်စွဲချက်''စာတမ်းတွင် ထည့်သွင်းဖော်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

ဖော်ပြပါစာအုပ်များ၊ တရားများကို ဖတ်ရှု နားထောင်ပြီးပါက မစိုးရိမ်စာသင်သားသည် ရိုးသားမှန်ကန် ကျင့်ဖြောင့်မှန်၍ နိဗ္ဗာန်လမ်းပြ ဓမ္မဝါဒီ ဖြစ်ပေသည်ကို အညီအမျှ တွေ့မြင်ရပါလိမ့်မည်။ ထိုအခါတွင်
''မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်ရေးသားသူ၏ မရိုးမသား လုပ်ကြံထားမှုများ''ကို ထင်ထင်လင်းလင်း အမြင်ရှင်းသွားပါလိမ့်မည်။

၎င်းစာအုပ်တွင်-
(၂) တရားဟောတရားနာ အပြစ်ရှာသော အပုညကြိယဝါဒီ
(၃) သမ္မာဒိဌိကျင့်စဉ်ကို ပစ်ပယ်သော မိစ္ဆာဒိဌိဝါဒီ
(၄) ပုထုဇဉ်ဘဝဖြင့်သာ သေရမည်ဟု ယူဆသော နတ္ထိကဝါဒီ
(၅) ဒီဘဝသေလျှင် ပြတ်သည်ဟု ယူဆသော ဧကဘဝဥစ္ဆေဒဝါဒီ
(၆) အသင်္ခတ-အနတ္တကို အတ္တ=အနှစ်အသားရှိဟု ယူဆသော သာရတ္တနိဗ္ဗာနဝါဒီ (သာရ+အတ္တ+နိဗ္ဗာန)
(၇)ဣန္ဒြိယသံဝရသီလကို ဖောက်ဖျက်သော (တနည်း) ကိုယ်နှုတ်နှလုံး မယဉ်ကျေး-ကြမ်းတမ်း ရိုင်းပျသော အဝိနယဝါဒီ
(၈) သံဃာစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးသော (ဝါ) သံဃာသင်းခွဲသော ဘေဒကရဝါဒီ
(၉) စသည်များပြား မြတ်ဗုဒ္ဓကို စွပ်စွဲသော အဗ္ဘာစိက္ခနဝါဒီ အလီလီတို့၏ အဓမ္မဒေဝဒတ်လက်သစ်ဝါဒီ ဟူသည်မှာ
ဘယ်သူတွေကို ဆိုလိုပါသနည်း...ဟုမေးလျှင် “မစိုးရိမ်စာသင်သားပင် ဖြစ်၏” ဟု အဖြေထွက် စေလိုကြောင်း သိသာပါသည်။

''မစိုးရိမ်စာသင်သားသည် ၄င်း၏ဖော်ပြပါရေးသားချက်အတိုင်း ဟုတ်နိုင်သည်- မဟုတ်နိုင်သည်''တို့ကို ဆုံးဖြတ်ချက်မချမီ မစိုးရိမ်စာသင်သား၏ ဆောင်းပါးများ၊ စာအုပ်များ၊ ဟောတရားများကို ဖတ်ရှုနားထောင်ကြည့် စေလိုပါသည်။

ဖော်ပြပါစာအုပ်များ၊ တရားများကို ဖတ်ရှု နားထောင်ပြီးပါက မစိုးရိမ်စာသင်သားသည် ရိုးသားမှန်ကန် ကျင့်ဖြောင့်မှန်၍ နိဗ္ဗာန်လမ်းပြ ဓမ္မဝါဒီ ဖြစ်ပေသည်ကို အညီအမျှ တွေ့မြင်ရပါလိမ့်မည်။ ထိုအခါတွင် ''မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်ရေးသားသူ၏ မရိုးမသား လုပ်ကြံထားမှုများ''ကို ထင်ထင်လင်းလင်း အမြင်ရှင်းသွားပါလိမ့်မည်။

၎င်း၏ဦးတည်ရည်ရွယ်ချက်နှင့် ၄င်း၏အရေးအသားများသည် မည်သို့မျှ ညီညွတ်ခြင်းမရှိပါ။ မစိုးရိမ်စာသင် သားကို ယုံကြည်နေသူများက မစိုးရိမ်စာသင်သားအပေါ်တွင် အထင်အမြင်လွဲမှားသွားစေရန် ၄င်းက ရန်တိုက် ပေးခြင်းသာ ဖြစ်ပါသည်။

သို့ဆိုလျှင် ၄င်း၏ ''အထူးသဖြင့် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေး...၊ အမျိုး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်- ဦးတည်ရည်ရွယ်လျက်''ဟူ၍ ရေးသားပြသထားချက်သည် ဗြောင်လိမ်ထားသည့် မုသားဝါစာမျှသာ၊ တစ်နည်း ဒုစရိုက်မှုလွန်ကျူးထားခြင်းမျှသာ ဖြစ်နေပါတော့သည်တကား။

အမေးနှင့်အဖြေ(၂)

အမေး။ ။ ၄င်းက ၄င်း၏စာအုပ်-စာမျက်နှာ(ဍ)တွင်- ''အထူးသဖြင့် သာသနာတော်အတွင်း သံဃာ ထုစည်းလုံးညီညွတ်ရေး....အမျိုးး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်-ဦးတည်ရည်ရွယ် လျက်''ဟူ၍ ရေးသားပြသထားသည်။

၎င်းစာသားများက ၄င်း၏ရေးသားချက်အတိုင်း သံဃာထုစည်းလုံးညီညွတ်ရေးကို မည်သို့မည်ပုံ အကောင် အထည်ဖော်နိုင်မည်နည်း။ သာသနာတော်ကြီး
မပြိုကွဲမပျက်စီးစေရေးကို မည်သို့မည်ပုံ အကောင်အထည်ဖော်နိုင် မည်နည်း။


အဖြေ(၁)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၃)၌ ''ပရဝါဒီတို့၏ ရှေ့၌တင်ပြခဲ့သောစကားများသည် ဓမ္မဝါဒ ဟုတ်-မဟုတ် မစစ်ကြောမီ ယင်းတို့၏ ပုဂ္ဂိုလ်ရေးရာခံယူချက် ဆက်ဆံမှုသဘောထားနှင့် သာသနာရေး ရည်ရွယ်ချက်တို့ကို အထိုက်အလျောက် တင်ပြပေးလိုပါသည်''ဟူ၍ ရေးသားပြသထားပါသည်။

ပရဝါဒီဟူသည်မှာ ဘယ်သူတွေကို ဆိုလိုပါသနည်း..ဟုမေးလျှင် မစိုးရိမ်စာသင်သားကို ဆိုလိုကြောင်း အဖြေထွက်ပါသည်။
အဓိပ္ပာယ်မှာ ''မစိုးရိမ်စာသင်သား၏ ပုဂ္ဂိုလ်ရေးရာခံယူချက် ဆက်ဆံမှုသဘောထားနှင့် သာသနာ ရေးရည်ရွယ်ချက်တို့ကို အထိုက်အလျောက် တင်ပြပေးလိုပါသည်''ဟု ဆိုလိုပါသည်။ ၄င်းသည် ၄င်းဖော်ပြထားသည့် ''အတ္တနော ပမာဏံ န ဇာနာတိ''ဟူသည်အညီ မိမိ၏ပမာဏကို မိမိကိုယ်တိုင်က မသိတတ်လေ။

ယခုကောက်နုတ်ထုတ်ယူပြအပ်သော၊ စာမျက်နှာ(၃) အစရှိသည်တို့၌ ပါရှိနေသော '၄င်း'၏ စာသားများက သံဃာထုစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမည့် အသုံးအနှုန်းများချည်း ဖြစ်နေ ကြောင်း ထင်ရှားလာပါလိမ့်မည်။ သာသနာတော်ကြီး ပြိုကွဲပျက်စီးစေရေးသို့ ရှေးရှုထားသော မရိုး မသား စိန်ခေါ်စကားများချည်း ဖြစ်နေကြောင်း ထင်ရှားလာပါလိမ့်မည်။

မစိုးရိမ်စာသင်သား၏ ပုဂ္ဂိုလ်ရေးရာခံယူချက် ဆက်ဆံမှုသဘောထားနှင့် သာသနာရေးရည်ရွယ်ချက်တို့ကို စိတ်ထားဖြူစင်ပါရမီရှင်စာအုပ်တွင်လည်းကောင်း၊
မြတ်ပန်းရဂုံမဂ္ဂဇင်း၊ သာသနပါလ-ဓမ္မကထာအခန်း- ဝေဖန်ရေး ဆရာတစ်ပါး၏ သဘောထားဆိုင်ရာ အင်တာဗျူးအဖြေတို့တွင်လည်းကောင်း၊
ဓမ္မအလင်းတန်းအမည်ရှိ အဓမ္မဝါဒ ဖော်ထုတ်တားဆီးဖယ်ရှားရေးနှိုးဆော်လွှာစာအုပ်တွင်လည်းကောင်း အထင်အရှား ဖော်ပြထားပြီး ဖြစ်ပါသည်။
၎င်းအနေဖြင့် ဆောင်ရွက်ရမည့် ပမာဏမှာ ''မစိုးရိမ်စာသင်သားသည် ဓမ္မဝါဒီ မဟုတ်ကြောင်း (ဝါ) မစိုးရိမ်စာသင်သားသည် အဓမ္မဝါဒီ ဖြစ်ကြောင်း'' စစ်ကြောပြသရမည်သာ ဖြစ်ပါသည်။

ထင်ရှားအောင် စစ်ကြောပြသနိုင်လျှင် စစ်ကြောပြသရန် ၄င်းမှာ တာဝန်ရှိပါသည်။ မစိုးရိမ်စာသင်သားသည် အမှန်တကယ်ပင် အဓမ္မဝါဒီ ဖြစ်နေသည်ဆိုလျှင် ဝိနိစ္ဆယခုံရုံးသို့ တင်ပြစွဲဆိုရန်ပင် ၄င်းမှာ တာဝန်ရှိနေပါသည်။ စွဲဆိုသင့်လှပါသည်။

အဖြေ(၂)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၄)၌ ''(ပရဝါဒီတို့သည်)-ယင်းသို့ခံယူထားသည့်အလျောက် အလွန်လှပသော စကားလုံးတစ်လုံးကို လက်ကိုင်ပြုလုပ်ထားလိုက်ပုံမှာ ထေရဝါဒသာသနာ သန့်ရှင်းတည်တံ့ရေးအတွက် အဓမ္မဝါဒတွေကို ဖယ်ရှားပစ်မည်-ဟူ၏။ ထို့ကြောင့်လည်း သာသနာတွင်းသား ရဟန်းသံဃာတော်များ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် ပရိသတ်အများစု လက်ခံကိုးကွယ် ကြည်ညိုမှုကို ခံယူနေကြသော ဓမ္မကထိက ကမ္မဌာနာစရိယဆရာ တော်များကို အပျက်သဘောဆောင်သည့်အမြင်ဖြင့် လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသားပါသည်''ဟူ၍ ရေးသားပြသ ထားပါသည်။

၎င်းတွင် ''အဓမ္မဝါဒတွေဖယ်ရှားရေးကို မစိုးရိမ်စာသင်သားက ဆောင်ရွက်နေပါကြောင်း''သည် မှန်သောစကားသာ ဖြစ်ပါသည်။

သို့ရာတွင် ''အထူးသဖြင့် ဗုဒ္ဓဘာသာဝင် ပရိသတ်အများစု လက်ခံကိုးကွယ် ကြည်ညိုမှုကို ခံယူနေ ကြသော ဓမ္မကထိက ကမ္မဌာနာစရိယ ဆရာတော်များ''တွင်-
'ဓမ္မဝါဒီများ'ဟူ၍ ရှိပါသည်၊ 'အဓမ္မဝါဒီများ'ဟူ၍ ရှိပါသည်။ ဤနှစ်မျိုးတို့တွင် ''မစိုးရိမ်စာသင်သားသည် အဓမ္မဝါဒီ ဓမ္မကထိက ကမ္မဌာနာစရိယတို့၏ အဓမ္မဝါဒတို့ကို လိုက်လံ နှိပ်ကွပ်ရေးသားနေသည်''ဟုဆိုလျှင်လည်း မှန်သောစကားသာ ဖြစ်ပါသည်။

''မစိုးရိမ်စာသင်သားသည် ဓမ္မဝါဒီ ဓမ္မကထိက ကမ္မဌာနာစရိယတို့၏ ဓမ္မဝါဒတို့ကို လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသားနေသည်''ဟုဆိုလျှင်မူကား မှားသောစကား၊ မဟုတ်မမှန် လုပ်ကြံစွပ်စွဲထားသောစကားသာ ဖြစ်သွားပါသည်။

အထူးပြောပြထားလိုသည်မှာ ''ပရိသတ်အများစု လက်ခံကိုးကွယ် ကြည်ညိုမှုကို ခံယူနေကြသော ဓမ္မကထိက ကမ္မဌာနာစရိယ ဆရာတော်အားလုံးသည် ဓမ္မဝါဒီပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူကြသည်''ဟူ၍ ဆိုနိုင်ပါမည်လော။ ဝိနိစ္ဆယအပြုခံခဲ့ရသော ဓမ္မကထိက၊ ကမ္မဌာနာစရိယများ အထင်အရှားရှိနေသည်ပင် မဟုတ်ပါလော။

အပျက်သဘောဆောင်သည့်အမြင်ဖြင့် လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသားနေကြောင်း ၄င်းက စွပ်စွဲပြောဆိုထား သည်။ မစိုးရိမ်စာသင်သားမှာ ဓမ္မဝါဒီ ဓမ္မကထိက ကမ္မဋ္ဌာနာစရိယတို့၏ ဓမ္မဝါဒတို့ကို လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသား ထားချက်ဟူ၍ တစ်ချက်မျှ မရှိပါ။ မစိုးရိမ်စာသင်သား ရေးခဲ့သမျှတို့နှင့် ဟောခဲ့သမျှတို့ကို ဖတ်ရှု နားထောင်လျှင် သိနိုင်ပါသည်။





ဆက်လက် တင်ပြပါမည်