May 7, 2010

ဗုဒ္ဓသာသနာရဲ့ ဂုဏ်ရည် ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်

ကြောင်းကျိုးဆက်ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဗုဒ္ဓဘာသာရဲ့ ထူးခြားချက်ပါပဲ။ ဘယ်ဘာသာရေး ခေါင်းဆောင်မှ ဘယ်တွေးခေါ်ပညာရှင်မှ ဒီကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ကို မဟောနိုင်ပါဘူး။ မဟောနိုင်ဘူးလို့ ဆိုကတည်းက တွေးနိုင်ဖို့တာကို မဖြစ်နိုင်လို့ပါပဲ။ ဒါကြောင့် တခြား ဘယ်သာသာမှာမှ ဇာတိပဋိသန္ဓေတည်နေပုံတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြထားနိုင်ခြင်းမရှိဘူး။ စာဖတ်ထားရုံသက်သက်နဲ့လည်း ပြည့်ပြည့်စုံစုံ နားလည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

မဟာနိဒါနသုတ္တန် အဆိုအမိန့်ကို ကြည့်မယ်ဆိုရင် ကြောင်း ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောက ခက်ခဲတယ်၊ နက်နဲတယ်။ ခက်ယောင်နဲ့ ခက်တယ်။ နက်ယောင်နဲ့ နက်တယ်။ ဘယ်လောက်ပဲ ခက်ခက်။ ဘယ်လောက်ပဲ နက်နက်၊ သိနိုင်တယ်၊ ထွင်းဖောက်သိနိုင်တယ်။ အတွေးနဲ့ သိတာကို ဆိုလိုတာမဟုတ်ပါ။

ဥပမာ ရှင်အာနန္ဒာဆိုကြပါစို့၊ သူက သောတာပန်ဖြစ်ပီသားပါ။ တစ်နေ့ နေ့သန့်စင်ရင်းနဲ့ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်ကို နည်းလေးနည်းလုံးနဲ့ အပြန်ပြန်အလှန်ရှုတယ်။ ဒါပေမဲ့ သူ့ရဲ့ ဉာဏ်ထဲမှာ လွယ်နေတယ်။ တိမ်နေတယ်။ မခက်လှဘူး။ ဒါကိုပဲ လွယ်တယ် တိမ်တယ်လို့ သူ့ရဲ့ အတွေးအမြင်ကို ဘုရားကို သွားလျှောက်မိပါတယ်။ ဗုဒ္ဓဘုရားရှင်က ဒီလို မပြောနဲ့ ဒီလို မပြောနဲ့လို့ တားခဲ့ဘူးပါတယ်။
ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းသိပီ တကယ်လွယ်နေတယ်လို့ ထင်ရတဲ့ အရာတစ်ခု ကို လွယ်တယ်လို့ ပြောမိတာတောင် ဗုဒ္ဓကပြောခွင့်မပြုဘူး။ ပြောခွင့် မပြုဘူးဆိုတာ သူ့အနေနဲ့ကတော့ လွယ်တယ်ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီတရားက ခက်တယ်။ နက်တယ်။ ခက်လွန်း နက်လွန်းလို့ပဲ သိဖို့ခက်ကြလို့ပဲ အခုထိ မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးတွေ စွဲကပ်နေကြတာပေါ့။ အတ္တကောင် လိပ်ပြာကောင်က ဘဝတစ်ခုကနေ တစ်ခုကို ကူးတယ်ဆိုတဲ့ အယူအဆတွေ၊ ဖန်ဆင်းရှင် အတ္တကြီးက တခြားအတ္တတွေကို ဖန်ဆင်းပါတယ်ဆိုတဲ့အစရှိတဲ့ ဒိဋ္ဌိ (၆၂)ပါးဖြစ်လာရတာ၊ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်နှစ်ပါးနဲ့ မဂ်ဆိုက် ဖိုလ်ဆိုဒ် ထိုးထွင်းမသိလို့ပါပဲ၊

ရှင်အာနန္ဒာက လွယ်တယ်ပြောမှာပေါ့။ သူက သောတာပန်လေ၊ နောက်ပီ သူချည်းကပ်နေရတဲ့ ဆရာသမားတွေကလည်း တကယ့်ဂရိတ်ကြီးတွေလေ။ နောက်ပီ သူက ကမ္ဘာတစ်သိန်းလည်း ပါရမီ ဖြည့်ထားပီးပီလေ။ သောတာပန်ဖြစ်ပီ ဆိုကတည်းက ဒီကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောကို သူက ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိပီသားပါ။ သူများအပြောနဲ့ လွမ်းနေတာမျိုးမဟုတ်ဘူး။ စာအုပ်တွေ ဖတ်ပီ ပြောနေတာမျိုးလည်း မဟုတ်ဘူး။ အတွေးအခေါ်နဲ့ သိတာမျိုးလည်း မဟုတ်ဘူး။ ဒီတော့ တကယ်သိလို တကယ်မြင်လို့ လွယ်တယ်လို့ ပြောမိတာတောင် လွဲ ချော်နေသေးတယ်ဆိုရင် စာအုပ်လေး နည်းနည်းပါးပါးဖတ်ပီ ဗုဒ္ဓအယူဝါဒကို ငါသိပါတယ် ငါမြင်ပါတယ်လို့ ပြောဖို့ က ပိုခက်ခဲပါတယ်။
ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောက ပိုလို့တောင် ခက်ပါသေးတယ်။ ပိုလို့တောင် နက်ပါသေးတယ်။ ဒီတရားဟာ ဗုဒ္ဓဘာသာရဲ့ အင်မတန်လေးနက်တဲ့ အပိုင်းတွေပါ။ သမုဒယသစ္စာကို မြင်အောင် ရှုတဲ့ အပိုင်းပါ။ သစ္စာလေးပါးကို သိဖို့အရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ တကယ်လို့သာ ဒီကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်လောက်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိသွားရင် ဒီဘဝမှာ ဗုဒ္ဓဘုရားရှင်မှတစ်ပါး တခြားဘယ်သူ့ကိုမှ ဆရာအဖြစ် မကိုးကွယ်တော့ဘူး။ စူဠသောတာပန်ဖြစ်သွားပီ။ သာသနာတော်မှာ အမြစ်တွယ်သွားပီ။ လားရာဂတိလည်း မြဲသွားပီ။ သူများအပြောနဲ့ လွမ်းနေရတဲ့ အဆင့်ကို လွန်သွားလို့ပါပဲ။

အဲဒီအချိန်ကျရင်တော့ သူက ဘယ်သူ့နဲ့မှ ညင်းခုံစရာမလိုတော့ဘူး။ သူများကသာ သူနဲ့လာငြင်းခုံလိမ့်မယ်။ ဘယ်လိုငြင်းမလဲ။ ဘဝဆိုတာ ပုခက်နဲ့ ခေါင်းကြားမှာပဲရှိတယ်။ သံသရာဆိုတာ မရှိဘူး။ အတ္တဆိုတာ သေရင်ပြတ်တယ်။ ဝိဉာဉ်ဆိုတာ ရှိတယ်။ ဒီဘဝကနေ ဟိုဘက်ဘဝကူးတယ်။ အမိကျေးဇူးဆိုတာ မရှိဘူး။ အဖကျေးဇူးဆိုတာမရှိဘူး။ ဒါနပြုလို့ အကျိုးမရှိဘူး။ သီလစောင့်လို့ အပိုပဲ။ အဲဒီလို အစရှိသဖြင့် သူ့ကို လာငြင်းခုံကြလိမ့်မယ်။

သူတို့တွေ ကြိုက်သလောက်လာငြင်းကြပါစေ။ စာအုပ်ဖတ်ပီ သိပါတယ်၊ မြင်ပါတယ်၊ ဘယ်လောက်ပြောပြော၊ ပြုံးပြုံးလေးပဲပြန်ကြည့်နေလိုက်တော့မယ်။ ပြန်ငြင်းနေလို့ရော သူတို့ကို ဉာဏ်မျက်စိအမြင်ရအောင် ဘယ်လို လုပ်ပေးလို့ရမလဲ။ မွေးကတည်းက ကန်းနေတဲ့ ငကန်းပါဆိုမှ သူထင်ရာ ပြောမှာပေါ့။ ဒီတော့ အကောင်းဆုံးနည်းက ပြန်ငြင်းတာ မဟုတ်ဘူး။ ဉာဏ်မျက်စိရအောင် သူ့ကို ဆေးကုပေးဖို့ပါ။ သီလ သမာဓိ ပညာဆေးပေါ့။ ဒါအခု ပြောနေတာ သောတာပန် ဖြစ်ဖို့ထိ မဟုတ်သေးဘူး။ ပဋိစ္စသမုပ္ပါဒ်ကို သိရုံလောက်ပါ၊ ဒါတောင် ပြည့်ပြည့်စုံစုံသိတဲ့ အဆင့် မဟုတ်သေးဘူး။ သောတာပန်လောက်ဖြစ်မှ ပြည့်ပြည့်စုံစုံသိနိုင်တယ်။
သမုဒယသစ္စာကို သိရုံလောက်နဲ့ ကို ဘာသာမပြောင်းနိုင်တော့ဘူး။ ဆရာအမျိုးမျိုးရဲ့ မျက်နှာကို မော်ကြည့်နေတဲ့ ဘဝကလွတ်ပြီ။ စိတ်ဓာတ်တွေ ခိုင်ခံသွားမယ်။

လောကကြီးကို ထာဝရဘုရားက ဖန်ဆင်းပါတယ်လို့ စာအုပ်ဖတ်ပီတော့ပဲ ပြောပြော၊ အတွေးအခေါ်ဖလော်ဆော်ဖီနဲ့ပဲ ပြောပြော။ ကြိုက်သလို ပြောပါ။ စိတ်ထဲမှာ မတုန်လှုပ်တော့ဘူး။ သူ့တို့ကို မယုံလို့ မဟုတ်ဘူး။ သူတို့ ပြောနေတာတွေဟာ ကိုယ်တိုင်မျက်မှောက်ပြုပီ သိလိုရတာမှ မဟုတ်တာ။
အရှေ့သွားနေတဲ့ ပုဏ္ဏားကလည်း အကန်း နောက်ကလိုက်နေတဲ့ ပု​ဏ္ဏားတွေကလည်း အကန်း။ အကန်းတွေ တန်းစီပီ သွားနေကြပါပဲ။ ကိုယ်က မမြင်လို့ အရှေ့ကလူကို အားကိုးပါတယ်။ အရှေ့ကလူကလည်းမမြင်ဘဲ ကန်းနေတော့ နောက်ဆုံးလူရဲ့ အင်္ကျီစကို ကိုင်ပီ သူကတော့ မြင်လောက်ပါရဲ့ ဆိုပီ သူ့ကို အားကိုးတယ်။ ဒီတော့ တစ်ယောက်ကိုသာ တစ်ယောက်အားကိုးတာပါ။ အားလုံးဟာ အကန်းချည်းပဲ ဥစ္စာ၊ ဘယ်လိုလုပ် အားကိုးလို့ရမှာလဲ။ နောက်ဆုံး အဲဒီချုံ့ပုတ်ဘေးမှာပဲ သေကုန်ကြတယ်။

ဒီနေ့ ကိုယ်တိုင်ထွင်းဖောက်မမြင်သေးတဲ့ သူတွေကလည်း ဒီအတိုင်းပဲ သူတော့ သိတန်ကောင်းရဲ့ ဆိုပီ နောက်တစ်ကို အားကိုးတယ်။ စာအုပ်ကို အားကိုးတယ်။ အဲဒီစာအုပ်ရေးထားတဲ့ သူတွေကလည်း မသိကြဘူး။ ဟာ ငါတို့ ဘိုးဘေးတွေ ပြောတာပဲ ဆိုပီ ဘိုးဘေးတွေကို အားကိုးပါတယ်။ ဘိုးဘေးတွေလည်း မသိကြဘူး။ ဟာ ငါတို့ ဆရာသမားတွေ ပြောပါတယ်ဆိုပီ ဆရာသမားတွေကို အားကိုးပါတယ်။ ဆရာသမားတွေလည်း မသိကြဘူး။ မသိတော့ ဘာလုပ်ကြသလဲ၊ ကျမ်းစာမျက်နှာ ဘယ်လောက်မှာ ပါတယ်။ ဘုရားက ဘယ်နေရာ ဟောတာ။ ဒါနဲ့ သက်သေပြကြတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကိုယ်တိုင်မှ မသိနိုင်တဲ့ ဥစ္စာ၊ အတွေးအခေါ်သမားတွေကလည်း လာကြပြန်တယ်။ ငါကိုယ်တိုင် စဉ်းစားလို့ရတာ။ ဒါနဲ့ သူ့ကို မေးကြည့်တယ်။ သင်ရော အဲဒါကို ကိုယ်တိုင်မြင်လို့လားလို့ မေးကြည့်တယ်။ ဟင်း အင့်တဲ့ အဖြေက။

ဒီတော့ ဒီနေရာမှာ ပြောချင်တာက ကြောင်းကျိုးဆက်ပဋိစ္စသမုပ္ပါဒ်ကို အနုဗောဓသိ ပဋိဝေဓသိနဲ့ မဂ်ဆိုက်ဖိုလ်ဆိုက် သိအောင် လုပ်ဖို့ လိုတယ်။ အဲဒါပီးရင်တော့ ငြင်းနေတာတွေ အားလုံးရပ်သွားမယ်။ ငြင်းနေတာ မသိသေးလို့ပဲ၊ မြတ်ဗုဒ္ဓပြောတဲ့ စကားတစ်ခွန်းက ငါဟာ လောကနဲ့ မငြင်းခုံဘူး။ လောကကသာ ငါဘုရားနဲ့ လာငြင်းခုံနေတာပါတဲ့။ အင်း ဒုက္ခသစ္စာ နဲ့ သမုဒယသစ္စာနှစ်ပါးလောက်မှ ကျကျနန ထွင်းဖောက်မသိသေးရင် ငြင်းကြဦးမှာပဲ။

May 2, 2010

သိုးယောင်ဆောင်သော ၀ံပုလွေ (သို့မဟုတ်) ကျောက်သဘောင်္ဝါဒ


ရေစကြိုမြို့၊ ပဋိဝေဒသာသနာ ပြန့်ပါးရေးဌာန၊ ဓမ္မဒါန ဖြန့်ဝေပါသည်။
ဓမ္မဒါန ပြုလိုသူများ ဆက်သွယ်ပါ - ဟူ၍ နောက်ကျောဖုံးပေါ်မှာ ကြေညာထားချက်ပါရှိသည့်
စာအုပ်ကလေး (နိဗ္ဗာန် နှင့် လူသား) ကို ဖတ်ရှူ့မိလိုက်ပါသည်။
ထေရ၀ါဒ စာပေဆုရ နာမည်ကျော်စာရေးဆရာ အရှင်ဧဿိက (ရေစကြို) ၏ ကလောင်အမည်ကို
တွေ့မြင်ရခြင်းကြောင့် မှန်ကန်သော စာအုပ်ဟူ၍ အထင်မြင်ရှိနေခိုက်အတွင်း သံသယ ဖြစ်ဖွယ်ရာ အသုံးနှုံးများက
ပိုးသတ်ဆေးလို မသိမသာကလေး အနံ့ ပေါ်လာပါသည်။
ဤသို့ဖြင့် ဆက်၍ ဖတ်ရှူ့နေစဉ်အတွင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရလောက်အောင် ကြောက်စရာကောင်းလှစွာသော
အမှားကြီးကို တွေ့လိုက်ရပါသည်။ အနံ့ပြင်းလှစွာသော အဆိပ်ငွေ့များနှင့် ရင်ဆိုင်လိုက်ရဘိသကဲ့သို့ ခံစားလိုက်ရပါသည်။

နိဗ္ဗာန်နှင့် လူသား - စာအုပ်စာမျက်နှာ ၁၂ ၌

“ယနေ့ခေတ်သည် နည်းပညာဖွံ့ဖြိုးသော အိုင်တီခေတ်ဖြစ်သည်။ အရိယ၀ိဟာရခေါ် ဖလသမာပတ်ဖြင့် နေသောနည်းပညာကို
ကမ္ဘာဖြန့်၍ ကျယ်ပြောပြန့်ကားစေနိုင်ပေသည်။ ဤစိတ် (ဖလသမာပတ်) သည် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဘာသာမဲ့မရွေး
ခံစားသိရှိနိုင်မည့် ရပိုင်ခွင့် ဖြစ်သည်။
ဖိုလ်စိတ်သည် ဗုဒ္ဓက စတင်တွေ့ရှိခဲ့သည်မှန်သော်လည်း ဗုဒ္ဓပိုင်ဆိုင်သော တရားမဟုတ်ပေ။
ဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုနိုင်သော ဓာတ်သည် ဘယ်သူမှပြုလုပ်၍ မရသော သဘာဝဓမ္မဖြစ်သည်။
ဤ သဘာဝဓမ္မ သည် လူသားတိုင်းနှင့် သင့်လျော်သော ဓာတ်တစ်ခု ဖြစ်ပါသည် - ဟူ၍ ရေးသား ဖော်ပြထားပါသည်။

ရှင်းလင်းချက်

အထက်ပါ အရေးသားကို အမှန်လား အမှားလားဟူ၍ မေးကြည့်လိုက်လျင် အမှားဖြစ်ကြောင်း ထင်ရှားပါသည်။
သို့ရာတွင် လူများစွာတို့ကမူ ဤသို့ မေးရုံမျှကိုပင် မမေးတတ်ဘဲ ငြိမ်ခံနေသူတို့ကသာလျှင် များနေကြပါသည်။
အရိယ၀ိဟာရ = ဖလသမာပတ် = ဖိုလ်စိတ်သည်
လူမျိုးမရွေးဘဲ လူမျိုးတိုင်း လူမျိုးတိုင်းက ရပိုင်ခွင့် ရှိသောတရား ဟုတ်မှန်ပါသည်။
သို့သော် လူမျိုးတိုင်းထဲမှာ ရှိနေသူ လူသားတိုင်း လူသားတိုင်းက ရပိုင်ခွင့် ရှိသော တရားမဟုတ်ပါ။
ဖလဌာန်ပုဂ္ဂို (အရိယာ) တို့က သာလျှင် ရပိုင်ခွင့် ရှိသော တရားဖြစ်ပါသည်။

အရိယ၀ိဟာရ = ဖလသမာပတ် = ဖိုလ်စိတ်သည်
ဘာသာမရွေးဘဲ ဘာသာတိုင်း ဘာသာတိုင်းက ရပိုင်ခွင့် ရှိသောတရား လုံးဝ မဟုတ်ပါ။
ဗုဒ္ဓဘာသာဝင်တို့ထဲကပင်လျင် ဖလဌာန်ပုဂ္ဂိုလ် (အရိယာ) တို့ကသာလျင် ရပိုင်ခွင့် ရှိသော တရားဖြစ်ပါသည်။
ထို့ပြင် အရိယ၀ိဟာရ = ဖလသမာပတ် = ဖိုလ်စိတ်သည် ဘာသာမဲ့မရွေးဘဲ ဘာသာမဲ့တိုင်း ဘာသာမဲ့တိုင်းက
ရပိုင်ခွင့် ရှိသောတရား လုံးဝ မဟုတ်ပါ။
ဗုဒ္ဓဘာသာဝင်တို့ထဲကပင်လျင် ဖလဌာန်ပုဂ္ဂိုလ် (အရိယာ) တို့ကသာလျင် ရပိုင်ခွင့် ရှိသော တရားဖြစ်ပါသည်။

သုတ်မဟာဝါပါဠိတော်၊ သုဘဒ္ဒ ပရိဗ္ဗာဇက ၀တ္ထု နှင့်
ယှဉ်ကြည့်လိုက်လျင် အလွန်ထင်ရှား လာပါမည်။ ဤ ရည်ညွန်းပါဠိတော် နှင့် ဆန့်ကျင်သောကြောင့်
နိဗ္ဗာန်နှင့် လူသား - စာအုပ် ၌ ရေးသား ဖော်ပြထားသော ဤစိတ် (ဖလသမာပတ်) သည်
လူမျိုးမရွေး၊ ဘာသာမရွေး၊ ဘာသာမဲ့မရွေး ခံစားသိရှိနိုင်မည့် ရပိုင်ခွင့် ဖြစ်သည်” ဟူသော ရေးသားဖော်ပြချက်ကို
အမှားဟူ၍သာလျင် မှတ်ယူကြရမည် ဖြစ်၏။

“ဖိုလ်စိတ် (အရိယ၀ိဟာရ = ဖလသမာပတ်) သည် ဗုဒ္ဓပိုင်ဆိုင်သော တရားမဟုတ်ပေ ” ဟု ဆိုရာ၌
၎င်း ဖိုလ်စိတ် (အရိယ၀ိဟာရ = ဖလသမာပတ်) သည် ဗုဒ္ဓ၏ အဆုံးမအတိုင်း နာယူဖြည့်ကျင့်ပြီးသူ ဖလဌာန် အရိယာပုဂ္ဂိုလ်
တို့၌သာလျှင် ဖြစ်ရှိနိုင်သော တရားဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓ၏ အဆုံးမကို မနာယူသူများ၌ မဖြစ်နိုင်သောတရား၊ မရှိနိုင်သောတရား ဟူ၍ မှတ်ယူကြရမည် ဖြစ်၏။
တစ်ဖန် ဗုဒ္ဓ၏ အဆုံးမကို နာယူနေကြောင့် ဖြည့်ကျင့်နေကြောင်း ၀န်ခံထားပါလျက်
ဗုဒ္ဓ၏ အဆုံးမအတိုင်း မဟုတ်ဘဲ တလွဲတစ်စောင်း၊ လူပေါင်းလွဲမှား၊ မိစ္ဆာဒိဌိရှိသူ များ၌လည်း မဖြစ်နိုင်သော တရား
မရှိနိုင်သောတရား ဟူ၍ မှတ်ယူကြရမည် ဖြစ်၏။
သို့ဖြစ်ပါ၍ ဖိုလ်စိတ် (အရိယ၀ိဟာရ = ဖလသမာပတ်) သည် ဖလဌာန်ပုဂ္ဂိုလ် ဗုဒ္ဓ၏တပည့် အရိယာအသိးသီးကသာလျှင်
မိမိရထားသော ဖိုလ်စိတ်ကို မိမိပိုင်သော နည်းအားဖြင့် ပိုင်ဆိုင်သောတရား ဟုတ်ပါသည် ဟူ၍ မှတ်ယူကြရမည်ဖြစ်၏။
ဆိုလိုသည်မှာ........
ဗုဒ္ဓ၏တပည့်ဖြစ်စေဥိးတော့၊ ဗုဒ္ဓဘာသာဝင်ပင် ဖြစ်စေဦးတော့ ပုထုဇဉ်ပုဂ္ဂိုလ်တို့ကမူ ဖိုလ်စိတ် (အရိယ၀ိဟာရ = ဖလသမာပတ်) ကို
မပိုင်ကြလေကုန် ဟူ၍ ဆိုလိုပါသည်။
သို့ဖြစ်လျင် “ယနေ့ခေတ်တွင် ဖွဲ့ဖြိုးနေသော အိုင်တီနည်းဖြင့် ဖိုလ်စိတ် (အရိယ၀ိဟာရ = ဖလသမာပတ် = ဖိုလ်စိတ်ကို) ကမ္ဘာသို့
ဖြန့်နိုင်သည်၊ ကမ္ဘာသို့ ကျယ်ပြောစေနိုင်သည်၊ ကမ္ဘာသို့ ပြန့်ကားစေနိုင်သည် ” ဟူသော ရေးသားချက်ကို အမှားဟူ၍သာလျင်
မှတ်ယူကြရမည် ဖြစ်၏။
အမှားဖြစ်ကြောင်းကို ထင်ရှားစေရလျင်
“ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ = ဥဂ္ဃဋိတညူ ဖလဌာန်ပုဂ္ဂိုလ်၊ ၀ိပဉ္စတညူ ဖလဌာန်ပုဂ္ဂိုလ်၊ နေယျဖလဌာန် ပုဂ္ဂိုလ်တို့သည်သာလျင်
အသီးသီးကိုယ်စီကိုယ်ငှ ကိုယ်ရထားသော ဖိုလ်တရားအလျောက် သိအပ်၏။ ခံစားအပ်၏။
(အဆိုပါ ဖလဌာန်ပုဂ္ဂိုလ်တို့သည်ပင်လျင် သူတပါးရထားသော ဖိုလ်ကို ကိုယ်က ကိုယ်စလှယ်ယူ၍ မသိနိုင်ကြလေကုန်၊ မခံစားနိုင်ကြလေကုန်)
ဟူ၍ ရှိနေပြီး ဖြစ်ပါသည်။
(သွာက္ခာတော
ဘဂ၀တာ ဓမ္မော ။ ပ ။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ)

“ဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုနိုင်သော ဓာတ်သည် ဘယ်သူမှ ပြုလုပ်၍ မရသော သဘာဝဓမ္မဖြစ်သည်” ဟု ဆိုရာ၌လည်း
မှန်သောစကားလိုလို ရှိပါ၏။
သို့သော် သေချာစစ်ကြည့်လျင် အမှားယူ၍ ထင်ရှားပါသည်။ ဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုနိုင်သော ဓာတ်(ဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုနိုင်သောသဘော)
ကို ပြုလုပ်နိုင်သူကား ဖလဌာန်ပုဂ္ဂိုလ် အရိယာအရှင်မြတ်ဖြစ်ပါပေသတည်း။
ဤ အဓိပ္ပါယ်က အလွန်ထင်ရှားလှပါသော်လည်း
နိဗ္ဗာန် နှင့် လူသား စာအုပ်ကို ရေးသာသူ အရှင်ဧဿိက (ရေစကြို) ကမူ မသိနိုင်ပေ။
နိဗ္ဗာန် နှင့် လူသား စာအုပ်ကို ရေးသာသူ အရှင်ဧဿိက (ရေစကြို)သည် ဗုဒ္ဓမြတ်စွာဘုရားကို ဖယ်ထုတ်လိုသူ ဖြစ်နေ၍
“ဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုနိုင်သော ဓာတ်ကို ဗုဒ္ဓကပြုလုပ်၍ မရနိုင်၊ ဗုဒ္ဓက မပြုလုပ်နိုင်ဟု သိစေလိုသောကြောင့်
ရေးမိရေးရာ ရေးသားထားချက်သာ ဖြစ်ပါသည်။
ဤသို့ ဗုဒ္ဓကိုပယ်လိုသော စိတ်ထားတချက်တည်းဖြင့်ပင် ထိုစာရေးသူသည် မည့်သည့်ဝါဒ ရှိသူဖြစ်ကြောင်း
ထင်ရှားပြီး ဖြစ်လေတော့သည်။

အရှင်ဣန္ဒာစရိယာဘိဝံသ