ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်/
နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ /
အမှတ် (၁၇/၂၀၁၁)က ဆုံးဖြတ်တော်မူသည်
မိုးပြာဝိနိစ္ဆယ ကောက်နုတ်ချက်များ ( ၁ )
မိုးပြာအရှင်ဉာဏသည်-
= “၁၉၇၄- ခုနှစ် အခြေခံဥပဒေ တည်ဆဲကာလဖြစ်တဲ့ ၁၉၈၃-ခုနှစ် ဖေဖော်ဝါရီလ ၁၀- ရက်နေ့မှာ ထေရဝါဒနှင့် ထေရဝါဒရဟန်းသမဏ အဖြစ်ကို စွန့်လွှတ်ပြီး ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာနဲ့ ဓမ္မဝိဟာရီအဖြစ် ကြေညာရပ်တည်ခဲ့သူ ဖြစ်ပါတယ်” ဟု လည်းကောင်း၊
= “ထေရဝါဒနှင့် မဟာယာနတို့သည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း ကွဲပြားကြသော်လည်း ထိုနှစ်ဂိုဏ်းသည် ရှေ့ဘဝနောက်ဘ၀ ခံယူမှု တူညီကြသည်။ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာသည် ဤခံယူမှု၌ ဤဂိုဏ်းများနဲ့ မတူသောကြောင့် ဝိသေသဗုဒ္ဓဘာသာ ဖြစ်လေသည်” ဟု လည်းကောင်း၊
= “ထေရဝါဒဗုဒ္ဓဘာသာဟာ ပရမတ်ကို သစ္စာခံတဲ့ ဗုဒ္ဓဘာသာ ဖြစ်တယ်။ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာဟာ ကံကို သစ္စာခံတဲ့ ဗုဒ္ဓဘာသာ ဖြစ်တယ်။ ဒီ ဗုဒ္ဓဘာသာ ၂- ရပ်ဟာ မိုးနဲ့မြေပမာ အလွန်ဝေးကွာတဲ့ ဘာသာ ၂- ရပ် ဖြစ်တာ သိကြရမှာပေါ့” ဟု လည်းကောင်း ဆိုထားသည်။
= ထိုကြောင့် (ထိုသို့ဆိုထားသောစကား ထင်ရှားရှိနေခြင်းကြောင့်) မိုးပြာဝါဒသည် မဟာယာန မဟုတ်။
(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၁)
မိုးပြာအရှင်ဉာဏသည်-
= ထေရဝါဒလမ်းကြောင်းအတွင်းမှ ထေရဝါဒကို ဖျက်ဆီးနေသော-မိမိအတွက် သက်သာရာသက်သာခွင့်ကို ရှာနေသူ သာသနာမှီခို ကြည်ညိုနေသူတို့၏ သဒ္ဓါစစ်သဒ္ဓါမှန်ကို ဖျက်ဆီးနေသူ သာသနာ့အတွင်းရန်သူ ဖြစ်သည်။
ထိုကြောင့် မိုးပြာဝါဒသည် ထေရဝါဒပင် ဖြစ်နေသည်။ ထေရဝါဒမှ မလွတ်ကင်းသေးဘဲ ရှိနေသည်။
(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၂)
= ၁၃၄၁- ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁- ရက်၊ ၁၉၈၀-ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁- ရက်နေ့တွင်-
“ယင်းနေ့မတိုင်မီ တည်ရှိခဲ့သော ဂိုဏ်းကြီး ၉- ဂိုဏ်းကို ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနက တည်ရှိခွင့် ပြုခဲ့သည်။ နောက် ထပ်မံ၍ ဂိုဏ်းသစ်တည်ထောင်မှုကို ပိတ်ပင် တားမြစ်ခဲ့ သည်” ဟူ၍ အတည်ပြုထားပါသည်။
= သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ အခန်း ၂-၊ အပိုဒ် ၄- တွင်-
“ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ ဤစည်းမျဉ်းအရ သတ်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်း တစ်ခုတည်းသာ ရှိရမည်” ဟူ၍ အတည်ပြုထားပါသည်။
= ဥပဒေကဲ့သို့ ထပ်တူ အာဏာသက်ရောက်သော အထက်ဖော်ပြပါ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ အခန်း ၂-၊ အပိုဒ် ၄- အရ ယင်းဥပဒေကို အတည်ပြုပြီးချိန် ၁၃၄၁- ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁- ရက်၊ ၁၉၈၀-ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁- ရက်နေ့၏ နောက်ပိုင်း၌ ဗုဒ္ဓဘာသာဂိုဏ်းသစ် ထပ်မံ ထူထောင်ခွင့် မရှိသောကြောင့် မြန်မာနိုင်ငံတွင် ၁၃၄၁- ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁- ရက်၊ ၁၉၈၀-ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁-ရက်နေ့ မတိုင်မီ တည်ရှိပြီး ဂိုဏ်းကြီး ၉- ဂိုဏ်းမှ တပါး အခြားဂိုဏ်းသစ်ကို တည်ထောင်ခွင့် မရှိ။
(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၂)
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည်-
၁။ သံဃာထုချည်းသက်သက် သံဃဆန္ဒဖြင့်ချည်း ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်း မဟုတ်- နိုင်ငံတော် အစိုးရ၏ လျှောက်ထားချက်၊ သံဃာထု၏ သဘောတူညီချက်တို့ဖြင့် နိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် တွဲဖက်၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သောကြောင့်လည်းကောင်း၊
၂။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ညွှန်ကြားလွှာများ ကျမ်းစာအုပ်၊ စာမျက်နှာ ၄၃- တွင်-
“ဝိနိစ္ဆယဥပဒေကို လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ နောက်မှာ ဝိနိစ္ဆယ လုပ်ထုံးလုပ်နည်းရော၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် သူ့ရဲ့လုပ်ထုံးလုပ်နည်းတွေပါ ဆက်သွယ်ပြီး အကျိုးသက်ရောက်သွားတယ်။ အားလုံး ဥပဒေထဲ အကျုံးဝင်သွားတယ်။ ဒါ့ကြောင့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းကို သာမန်အများစု ဆုံးဖြတ်ချက်လောက် မယူဆရဘူး။ အားလုံး ဥပဒေအကျိုး သက်ရောက်သွားတယ်” ဟု ဆိုထားသည် ဖြစ်၍ ဝိနိစ္ဆယလုပ်ထုံးလုပ်နည်း၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် သူ့ရဲ့လုပ်ထုံးလုပ်နည်းတို့သည် နိုင်ငံတော် ဥပဒေနှင့် အလားတူ အာဏာသက်ရောက်သောကြောင့်လည်းကောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် N.G.O မဟုတ်ပါ။
(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၃)
= နောက်ဆုံး ခြုံငုံဆိုရလျှင် “ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာသည် ဤခံယူမှု၌ ဤဂိုဏ်းများနှင့် မတူသောကြောင့် ဝိသေသဗုဒ္ဓဘာသာ ဖြစ်လေသည်” ဟု စွဲမြဲစွာ ဆိုပါလျှင် “ဂိုဏ်းသစ်တည်ထောင်သည် ဖြစ်သောကြောင့်” ၁၃၄၁- ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁- ရက်၊ ၁၉၈၀- ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁- ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ အခန်း ၂-၊ အပိုဒ် ၄-ကို လွန်ကျူးသူ ဖြစ်သည်။
သို့ဖြစ်ပါ၍ “မိုးပြာဂိုဏ်းကို တည်ထောင်သူနှင့် ယင်းဂိုဏ်းဝင်ပုဂ္ဂိုလ်များသည် နိုင်ငံတော် ဥပဒေကို ချိုးဖောက်သူများဖြစ်၍ တည်ဆဲဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်” ။
(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၃ - ၁၄)
တနည်းအားဖြင့်--
၁။ ၎င်းတို့ကိုယ်တိုင်းလည်း မဟာယာနဟု ဝန်ခံမှု ပြောဆိုမှု မရှိ၊ ၎င်းတို့ ဟောပြောရေးသားချက်တို့တွင် မဟာယာနဂိုဏ်း လက္ခဏာ တစ်စုံတစ်ခုကိုမျှ မတွေ့ရ၍ မဟာယာနဂိုဏ်းဝင် မဟုတ်သောကြောင့်လည်းကောင်း၊
၂။ ၎င်းတို့၏ ဟောပြောရေးသားချက်တို့သည် ထေရဝါဒပိဋကတ် ပါဠိတော်အဋ္ဌကထာတို့ကိုသာ မှီကပ်၍ ကြံဆဟောပြော ရေးသားသည်မှာ ထင်ရှားသောကြောင့်လည်းကောင်း၊
၃။ ထေရဝါဒ၌ပင် အတွင်းဝင်သောဝါဒဖြစ်၍ ယင်းတို့၏ ဟောပြောရေးသားချက်များ၏ ဓမ္မ-အဓမ္မ၏အဖြစ်ကို ထေရဝါဒ ပိဋကတ် ပါဠိအဋ္ဌကထာတို့နှင့် ကိုက်ညီမှု ရှိ-မရှိဖြင့်သာ စိစစ်ဆုံးဖြတ်ထိုက်သောဝါဒ ဖြစ်ပါသောကြောင့်လည်းကောင်း၊
၄။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရှိ အမြင့်ဆုံးတရားဝင် သံဃာ့အဖွဲ့အစည်း ဖြစ်သောကြောင့်လည်းကောင်း- ယင်း(နိုင်ငံတော် သံဃမဟာနာယက)အဖွဲ့အစည်း၏ အဆုံးအဖြတ်ကို ခံယူရမည်သာ ဖြစ်ပါသည်။
(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၁၄)
= “သူတစ်ပြန် ကိုယ်တစ်ပြန် အပြန်ပြန် အလှန်လှန် စွပ်စွဲနေကြခြင်းဖြင့်လည်း ဝိဝါဒဟူသည် ငြိမ်းရိုးထုံးစံ မရှိ- အပြန်ပြန် အလှန်လှန် စွပ်စွဲလိုက် စစ်ဆေးလိုက် လုပ်နေတာ ကြာလာလျှင် ဝိနည်းဓိုရ်များပင် စုဒိတကဘ၀ ရောက်လာနိုင်သည်။
= သာသနာတော်အတွက် အကျိုးစီးပွား မဖြစ်နိုင်။ သာသနာမှီခိုသူများအတွက်လည်း အကျိုးစီးပွား မဖြစ်နိုင်။
(မိုးပြာဝိနိစ္ဆယကျမ်း စာမျက်နှာ ၄၂၇)
“ဓမ္မနှင့်မညီ၊ ဆန့်ကျင်သည်ကို၊ ရုံးတည်သုံးသပ်၊ ဆုံးဖြတ်ပြီးရာ၊
အာဏာမလိုက်၊ ပြစ်မထိုက်ရင်၊ လူမိုက်အများ၊ အငြင်းပွားလိမ့်။
ဤကားဓမ္မ၊ အဓမ္မနှင့်၊ လုံးဝမပြီး၊ အချီးနှီးပင်၊ အထင်အရှား၊ အငြင်းပွားခဲ့။စဉ်းစားကြပါ၊ အဖြေရှာကြ၊ ရှေ့မှာထင်ရှား၊ နောက်ထင်ရှားထိ၊ ထင်ရှားဖြေပြ၊ ဆိုထားကြပြီ။
ကြားကြပါစေ- ကြားပါစေ၊
မြင်ကြပါစေ- မြင်ပါစေ၊
တွေ့ကြပါစေ- တွေ့ပါစေ။
No comments:
Post a Comment