April 20, 2011

စိန်ခေါ်သူ မည်သူနည်း

သျှင်သာမိ - မုံရွာ | 7:03 AM |

အဓမ္မဝါဒနိဂ္ဂဟကို အဓမ္မဝါဒနိဂ္ဂဟဖြင့် စိစစ်ဝေဖန်ခြင်း

မစိုးရိမ်စာသင်သား

နိဒါန်း

၁၃၇၂-ခုနှစ် ပြာသိုလဆန်းပိုင်းတွင် ''မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ် (အဓမ္မဝါဒနိဂ္ဂဟ)'' စာမူကြမ်းတစ်ခုကို မိတ္ထူများစွာ ထုတ်လုပ်ဖြန့်ဝေနေကြောင်း ကြားသိရသည်။ စာတိုက်မှ အမြန်ချောဖြင့် ပေးပို့၍ စာရေးသူ့ထံလည်း ရောက်ရှိလာသည်။ သက်ဆိုင်ရာသာသနာရေးဦးစီးဌာန စာပေစိစစ်ရေးအဖွဲ့ထံ ထုတ်ဝေခွင့်ပြုရန် တင်ပြထားကြောင်း ကြားသိရပြန်သည်။ ထို့ကြောင့် ဘာမျှ တုံ့ပြန်မှု-မပြုသေးဘဲ ဖြစ်လာမည့်ဖြစ်စဉ်များ အားလုံးကို ခြုံငုံသုံးသပ်နိုင်ရန် အဆုံးသတ်ချိန်တိုင်အောင် စောင့်နေလိုက်ပါသည်။

သို့ရာတွင် ၁၃၇၂-ခုနှစ် တပိုတွဲလပြည့်နေ့တွင် သာသနာရေးဦးစီးဌာန စာပေစိစစ်ရေးအဖွဲ့က ထုတ်ဝေခွင့် မပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ကြားသိရသည်။ ထိုကြောင့် လမ်းကြောင်းတစ်ခုကနေ ဖြစ်လာမည့်ဖြစ်စဉ်များ လမ်းဆုံးသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်ရပါသည်။

သို့ရာတွင် သာသနာရေးဦးစီးဌာန စာပေစိစစ်ရေးအဖွဲ့သို့ မတင်ပြမီကတည်းက မြို့ရွာဒေသကြီး အသီးသီးသို့ မိတ္ထူများစွာ ဖြန့်ဝေပို့ပေးထားပြီး ဖြစ်ကြောင်း၊ ပံျ့နှံ့နေသည့် မိတ္ထူများကြောင့် မစိုးရိမ်စာသင်သားအပေါ် အသိအမြင် လွဲမှားနေသူများ ရှိနေကြကြောင်း သိလိုက်ရပြန်ပါသည်။

ဒကာမကြီးတစ်ဦး၏ ပြောပြချက်အရ သူတို့မိတ်ဆွေ သီလရှင်ဆရာကြီးကပင် ''မစိုးရိမ်စာသင်သားကို သနားလိုက်တာ၊ သူ့ကိုလဲ ပြန်ဆော်တာရှိတော့ ခံနေရရှာပြီ''ဟု ဆိုသတတ်။ စာကို သေချာမဖတ်ခြင်းကြောင့် သနား နေသည်လား...နားမလည်ခြင်းကြောင့် သနားနေသည်လား... မသိရပေ။ အဘယ့်ကြောင့်ဆိုသော် ၄င်းစာအုပ်ပါ အကြောင်းအရာတို့သည် မစိုးရိမ်စာသင်သားအပေါ် အပြစ်တင်မိသော၊ အပြစ်တင်နိုင်သော အမှန်အကန်များ မဟုတ်ခြင်းကြောင့်ပင် ဖြစ်ပါသည်။

၎င်းစာအုပ်ထဲမှ မစိုးရိမ်စာသင်သားအား နာမည်ပျက်စေရန် လုပ်ကြံထားပုံများကို ရှင်းလင်းရန်လိုအပ်ပါပြီ။


မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ် (အဓမ္မဝါဒနိဂ္ဂဟ)

၎င်းမိတ္ထူမူတွင် စာကိုယ်က ၂၃၄-မျက်နှာ၊ မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်နှင့်စပ်လျဉ်း၍ သံဃာ ထုအား လျှောက်ထားတောင်းပန်လွှာက ၁ဝ-မျက်နှာ(က-ည)၊ စာရေးသူ၏ပဋိညာဉ်က ၃-မျက်နှာ(ဋ-ဍ)၊ ရတနတ္တယပဏာမဂါထာက ၃-မျက်နှာ(ဏ-ထ) ပါရှိသည်။

စာမျက်နှာ(ဍ)တွင်-
''အထူးသဖြင့် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေး၊ အမျိုးဘာသာသာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်- ဦးတည်ရည်ရွယ်လျက်...
စာရှုသူ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအများစုတို့အတွက်....''ဟူ၍ ရေးသားထားသည်။

၎င်းစာအုပ်-ရေးသားသူ၏အမည်ကို အရှင်ထာဝရ(ရန်ကုန်)ဟု ဖော်ပြထားသည်။ ဤရှင်းလင်းချက်တွင် အရှင်ထာဝရ(ရန်ကုန်)ကို ''၄င်း'' ဟူသော နာမ်စားဖြင့် သတ်မှတ်၍ သုံးနှုန်းသွားပါမည်။

အမေးနှင့်အဖြေ(၁)

အမေး ။ ။ ၄င်းက ၄င်း၏စာအုပ်-စာမျက်နှာ(ဍ)တွင်- ''အထူးသဖြင့် သာသနာတော်အတွင်း သံဃာ ထုစည်းလုံးညီညွတ်ရေး....အမျိုး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်-ဦးတည်ရည်ရွယ် လျက်''ဟူ၍ ရေးသားပြသထားသည်။

၎င်းစာသားများက ၄င်း၏ရေးသားချက်အတိုင်း သံဃာထုစည်းလုံးညီညွတ်ရေးကို မည်သို့မည်ပုံ အကောင် အထည်ဖော်နိုင်မည်နည်း။ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးကို မည်သို့မည်ပုံ အကောင်အထည်ဖော်နိုင် မည်နည်း။

၎င်း၏စာအုပ်-စာမျက်နှာ(တ-ထ)တို့၌-

''မှားယွင်းဖောက်ပြန် အကျင့်တန်၍ ရန်လိုစစ်ခင်း အဓမ္မဝါဒီတသင်းတို့ကို နှိမ်နင်းဆုံးမကြောင်းဆုံးမရာ ဖြစ်သော (ဝါ) တရားဟောတရားနာ အပြစ်ရှာသော အပုညကြိယဝါဒ၊
သမ္မာဒိဋ္ဌိကျင့်စဉ်ကို ပစ်ပယ်သော မိစ္ဆာဒိဌိဝါဒ၊ ပုထုဇဉ်ဘဝဖြင့်သာ သေရမည်ဟု ယူဆသော နတ္ထိကဝါဒ၊ ဒီဘဝသေလျှင် ပြတ်သည်ဟု ယူဆသော ဧကဘဝဥစ္ဆေဒဝါဒ၊
အသင်္ခတ-အနတ္တကို အတ္တ=အနှစ်အသားရှိဟု ယူဆသော သာရတ္တနိဗ္ဗာနဝါဒ၊ ဣန္ဒြိယ သံဝရသီလကို ဖောက်ဖျက်သော (တနည်း) ကိုယ်နှုတ်နှလုံး မယဉ်ကျေး-ကြမ်းတမ်းရိုးပျသော အဝိနယဝါဒ၊ သံဃာစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးသော (ဝါ) သံဃာသင်းခွဲသော ဘေဒကရဝါဒ စသည် များပြား မြတ်ဗုဒ္ဓကို စွပ်စွဲသော အဗ္ဘာစိက္ခနဝါဒီ အလီလီတို့၏ အဓမ္မဒေဝဒတ်လက်သစ်ဝါဒ-တို့ကို နှိမ်နင်းရာ အဓမ္မဝါဒနိဂ္ဂဟအမည်ရသော ကျမ်းကို'' ဟူ၍ ရေးသားပြသထားပါသည်။

အဖြေ။ ။ ၄င်းတို့တွင်- (၁) ''မှားယွင်းဖောက်ပြန် အကျင့်တန်၍ ရန်လိုစစ်ခင်း အဓမ္မဝါဒီတသင်း'' ဟူသည်မှာ ဘယ်သူတွေကို ဆိုလိုပါသနည်း..ဟုမေးလျှင်
''မစိုးရိမ်စာသင်သားသည် မှားယွင်းဖောက်ပြန် အကျင့်တန် ၍ ရန်လိုစစ်ခင်း အဓမ္မဝါဒီတသင်း ဖြစ်၏''ဟု အဖြေထွက်စေလိုကြောင်း သိသာပါသည်။

အဘယ့်ကြောင့်ဆိုသော် ၄င်းက ၄င်းစာအုပ်-စာမျက်နှာ(၉၈/၁၁၂/ ၁၄ဝ/၁၉၆)တို့တွင်

''ပရဝါဒီမည်သော ကျွန်ုပ်မစိုးရိမ်စာသင်သား၊ သင်ပရဝါဒီ=တိတ္ထိဂိုဏ်းသား၊ ဝိဘဇ္ဇဝါဒီအမည်ခံ- မစိုးရိမ် စာသင်သားအမည်ခံ- အဓမ္မဝါဒီပုဂ္ဂိုလ်၊ မစိုးရိမ်စာသင်သား၏ အဓမ္မဝါဒ အဝိနယဝါဒ''ဟူ၍ ရေးသား ပြသထားခြင်းကြောင့် ဖြစ်ပါသည်။ (ဤ၌ ''ပရဝါဒီမည်သော ကျွန်ုပ်မစိုးရိမ်စာသင်သား''အသုံးအနှုန်းသည် ၄င်း၏ အသုံးအနှုန်းပင်။)

မစိုးရိမ်စာသင်သားသည် ၄င်း၏ဖော်ပြပါရေးသားချက်အတိုင်း အဓမ္မဝါဒီပုဂ္ဂိုလ် ဟုတ်နိုင်သည်- မဟုတ်နိုင် သည်ကို ဆုံးဖြတ်ချက်ချမှတ်လိုပါက
မစိုးရိမ်စာသင်သားထုတ်ဝေသည့် စာအုပ် ၁၇-အုပ်၊
မစိုးရိမ်စာသင်သား အထူးစီစဉ်ထားသည့် စာအုပ် ၅-အုပ်၊
မစိုးရိမ်စာသင်သားတည်းဖြတ်၍ အမှာစာရေးပေးထားသည့် ''နယသာဂရ ပဌာန်းတရားတော်''အစရှိသည့် စာအုပ် ၈-အုပ်၊
မစိုးရိမ်စာသင်သား ဟောပြောထားသည့် ရုပ်သံပါ အဓမ္မဝါဒဖော်ထုတ်တားဆီးဖယ်ရှားရေးတရားတော် ၅-ချပ် (ပုဒ်ရေအားဖြင့် ၂ဝ ကျော်)၊
အသံသက်သက်ပါ အဓမ္မဝါဒဖော်ထုတ်တားဆီးဖယ်ရှားရေးတရားတော် ၁ချပ် (ပုဒ်ရေ ၃၅ ပုဒ်)တို့နှင့်-

လစဉ်ထုတ် ဓမ္မရံသီ၊ ဓမ္မရတနာ၊ မြတ်ပန်းရဂုံ၊ အနန္တဂုဏ်ရည်ပါ မဂ္ဂဇင်းဆောင်းပါးများကို ဖတ်ရှုပြီးမှ နား ထောင်ပြီးမှ ဆုံးဖြတ်ချက်ချမှတ်ကြပါရန် ပန်ကြားလိုပါသည်။ မစိုးရိမ်စာသင်သား၏ ကလောင်အမည်ခွဲ ၆-ခုစလုံးကို ''မစိုးရိမ်စာသင်သားအပေါ်မဆင်မခြင်စွပ်စွဲချက်''စာတမ်းတွင် ထည့်သွင်းဖော်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

ဖော်ပြပါစာအုပ်များ၊ တရားများကို ဖတ်ရှု နားထောင်ပြီးပါက မစိုးရိမ်စာသင်သားသည် ရိုးသားမှန်ကန် ကျင့်ဖြောင့်မှန်၍ နိဗ္ဗာန်လမ်းပြ ဓမ္မဝါဒီ ဖြစ်ပေသည်ကို အညီအမျှ တွေ့မြင်ရပါလိမ့်မည်။ ထိုအခါတွင်
''မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်ရေးသားသူ၏ မရိုးမသား လုပ်ကြံထားမှုများ''ကို ထင်ထင်လင်းလင်း အမြင်ရှင်းသွားပါလိမ့်မည်။

၎င်းစာအုပ်တွင်-
(၂) တရားဟောတရားနာ အပြစ်ရှာသော အပုညကြိယဝါဒီ
(၃) သမ္မာဒိဌိကျင့်စဉ်ကို ပစ်ပယ်သော မိစ္ဆာဒိဌိဝါဒီ
(၄) ပုထုဇဉ်ဘဝဖြင့်သာ သေရမည်ဟု ယူဆသော နတ္ထိကဝါဒီ
(၅) ဒီဘဝသေလျှင် ပြတ်သည်ဟု ယူဆသော ဧကဘဝဥစ္ဆေဒဝါဒီ
(၆) အသင်္ခတ-အနတ္တကို အတ္တ=အနှစ်အသားရှိဟု ယူဆသော သာရတ္တနိဗ္ဗာနဝါဒီ (သာရ+အတ္တ+နိဗ္ဗာန)
(၇)ဣန္ဒြိယသံဝရသီလကို ဖောက်ဖျက်သော (တနည်း) ကိုယ်နှုတ်နှလုံး မယဉ်ကျေး-ကြမ်းတမ်း ရိုင်းပျသော အဝိနယဝါဒီ
(၈) သံဃာစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးသော (ဝါ) သံဃာသင်းခွဲသော ဘေဒကရဝါဒီ
(၉) စသည်များပြား မြတ်ဗုဒ္ဓကို စွပ်စွဲသော အဗ္ဘာစိက္ခနဝါဒီ အလီလီတို့၏ အဓမ္မဒေဝဒတ်လက်သစ်ဝါဒီ ဟူသည်မှာ
ဘယ်သူတွေကို ဆိုလိုပါသနည်း...ဟုမေးလျှင် “မစိုးရိမ်စာသင်သားပင် ဖြစ်၏” ဟု အဖြေထွက် စေလိုကြောင်း သိသာပါသည်။

''မစိုးရိမ်စာသင်သားသည် ၄င်း၏ဖော်ပြပါရေးသားချက်အတိုင်း ဟုတ်နိုင်သည်- မဟုတ်နိုင်သည်''တို့ကို ဆုံးဖြတ်ချက်မချမီ မစိုးရိမ်စာသင်သား၏ ဆောင်းပါးများ၊ စာအုပ်များ၊ ဟောတရားများကို ဖတ်ရှုနားထောင်ကြည့် စေလိုပါသည်။

ဖော်ပြပါစာအုပ်များ၊ တရားများကို ဖတ်ရှု နားထောင်ပြီးပါက မစိုးရိမ်စာသင်သားသည် ရိုးသားမှန်ကန် ကျင့်ဖြောင့်မှန်၍ နိဗ္ဗာန်လမ်းပြ ဓမ္မဝါဒီ ဖြစ်ပေသည်ကို အညီအမျှ တွေ့မြင်ရပါလိမ့်မည်။ ထိုအခါတွင် ''မျက်မှောက်ခေတ်ဘာသာရေးစိန်ခေါ်မှုအသစ်ရေးသားသူ၏ မရိုးမသား လုပ်ကြံထားမှုများ''ကို ထင်ထင်လင်းလင်း အမြင်ရှင်းသွားပါလိမ့်မည်။

၎င်း၏ဦးတည်ရည်ရွယ်ချက်နှင့် ၄င်း၏အရေးအသားများသည် မည်သို့မျှ ညီညွတ်ခြင်းမရှိပါ။ မစိုးရိမ်စာသင် သားကို ယုံကြည်နေသူများက မစိုးရိမ်စာသင်သားအပေါ်တွင် အထင်အမြင်လွဲမှားသွားစေရန် ၄င်းက ရန်တိုက် ပေးခြင်းသာ ဖြစ်ပါသည်။

သို့ဆိုလျှင် ၄င်း၏ ''အထူးသဖြင့် သာသနာတော်အတွင်း သံဃာထုစည်းလုံးညီညွတ်ရေး...၊ အမျိုး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်- ဦးတည်ရည်ရွယ်လျက်''ဟူ၍ ရေးသားပြသထားချက်သည် ဗြောင်လိမ်ထားသည့် မုသားဝါစာမျှသာ၊ တစ်နည်း ဒုစရိုက်မှုလွန်ကျူးထားခြင်းမျှသာ ဖြစ်နေပါတော့သည်တကား။

အမေးနှင့်အဖြေ(၂)

အမေး။ ။ ၄င်းက ၄င်း၏စာအုပ်-စာမျက်နှာ(ဍ)တွင်- ''အထူးသဖြင့် သာသနာတော်အတွင်း သံဃာ ထုစည်းလုံးညီညွတ်ရေး....အမျိုးး ဘာသာ သာသနာတော်ကြီး မပြိုကွဲမပျက်စီးစေရေးအတွက်-ဦးတည်ရည်ရွယ် လျက်''ဟူ၍ ရေးသားပြသထားသည်။

၎င်းစာသားများက ၄င်း၏ရေးသားချက်အတိုင်း သံဃာထုစည်းလုံးညီညွတ်ရေးကို မည်သို့မည်ပုံ အကောင် အထည်ဖော်နိုင်မည်နည်း။ သာသနာတော်ကြီး
မပြိုကွဲမပျက်စီးစေရေးကို မည်သို့မည်ပုံ အကောင်အထည်ဖော်နိုင် မည်နည်း။


အဖြေ(၁)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၃)၌ ''ပရဝါဒီတို့၏ ရှေ့၌တင်ပြခဲ့သောစကားများသည် ဓမ္မဝါဒ ဟုတ်-မဟုတ် မစစ်ကြောမီ ယင်းတို့၏ ပုဂ္ဂိုလ်ရေးရာခံယူချက် ဆက်ဆံမှုသဘောထားနှင့် သာသနာရေး ရည်ရွယ်ချက်တို့ကို အထိုက်အလျောက် တင်ပြပေးလိုပါသည်''ဟူ၍ ရေးသားပြသထားပါသည်။

ပရဝါဒီဟူသည်မှာ ဘယ်သူတွေကို ဆိုလိုပါသနည်း..ဟုမေးလျှင် မစိုးရိမ်စာသင်သားကို ဆိုလိုကြောင်း အဖြေထွက်ပါသည်။
အဓိပ္ပာယ်မှာ ''မစိုးရိမ်စာသင်သား၏ ပုဂ္ဂိုလ်ရေးရာခံယူချက် ဆက်ဆံမှုသဘောထားနှင့် သာသနာ ရေးရည်ရွယ်ချက်တို့ကို အထိုက်အလျောက် တင်ပြပေးလိုပါသည်''ဟု ဆိုလိုပါသည်။ ၄င်းသည် ၄င်းဖော်ပြထားသည့် ''အတ္တနော ပမာဏံ န ဇာနာတိ''ဟူသည်အညီ မိမိ၏ပမာဏကို မိမိကိုယ်တိုင်က မသိတတ်လေ။

ယခုကောက်နုတ်ထုတ်ယူပြအပ်သော၊ စာမျက်နှာ(၃) အစရှိသည်တို့၌ ပါရှိနေသော '၄င်း'၏ စာသားများက သံဃာထုစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမည့် အသုံးအနှုန်းများချည်း ဖြစ်နေ ကြောင်း ထင်ရှားလာပါလိမ့်မည်။ သာသနာတော်ကြီး ပြိုကွဲပျက်စီးစေရေးသို့ ရှေးရှုထားသော မရိုး မသား စိန်ခေါ်စကားများချည်း ဖြစ်နေကြောင်း ထင်ရှားလာပါလိမ့်မည်။

မစိုးရိမ်စာသင်သား၏ ပုဂ္ဂိုလ်ရေးရာခံယူချက် ဆက်ဆံမှုသဘောထားနှင့် သာသနာရေးရည်ရွယ်ချက်တို့ကို စိတ်ထားဖြူစင်ပါရမီရှင်စာအုပ်တွင်လည်းကောင်း၊
မြတ်ပန်းရဂုံမဂ္ဂဇင်း၊ သာသနပါလ-ဓမ္မကထာအခန်း- ဝေဖန်ရေး ဆရာတစ်ပါး၏ သဘောထားဆိုင်ရာ အင်တာဗျူးအဖြေတို့တွင်လည်းကောင်း၊
ဓမ္မအလင်းတန်းအမည်ရှိ အဓမ္မဝါဒ ဖော်ထုတ်တားဆီးဖယ်ရှားရေးနှိုးဆော်လွှာစာအုပ်တွင်လည်းကောင်း အထင်အရှား ဖော်ပြထားပြီး ဖြစ်ပါသည်။
၎င်းအနေဖြင့် ဆောင်ရွက်ရမည့် ပမာဏမှာ ''မစိုးရိမ်စာသင်သားသည် ဓမ္မဝါဒီ မဟုတ်ကြောင်း (ဝါ) မစိုးရိမ်စာသင်သားသည် အဓမ္မဝါဒီ ဖြစ်ကြောင်း'' စစ်ကြောပြသရမည်သာ ဖြစ်ပါသည်။

ထင်ရှားအောင် စစ်ကြောပြသနိုင်လျှင် စစ်ကြောပြသရန် ၄င်းမှာ တာဝန်ရှိပါသည်။ မစိုးရိမ်စာသင်သားသည် အမှန်တကယ်ပင် အဓမ္မဝါဒီ ဖြစ်နေသည်ဆိုလျှင် ဝိနိစ္ဆယခုံရုံးသို့ တင်ပြစွဲဆိုရန်ပင် ၄င်းမှာ တာဝန်ရှိနေပါသည်။ စွဲဆိုသင့်လှပါသည်။

အဖြေ(၂)။ ။ ၄င်း၏စာအုပ်-စာမျက်နှာ(၄)၌ ''(ပရဝါဒီတို့သည်)-ယင်းသို့ခံယူထားသည့်အလျောက် အလွန်လှပသော စကားလုံးတစ်လုံးကို လက်ကိုင်ပြုလုပ်ထားလိုက်ပုံမှာ ထေရဝါဒသာသနာ သန့်ရှင်းတည်တံ့ရေးအတွက် အဓမ္မဝါဒတွေကို ဖယ်ရှားပစ်မည်-ဟူ၏။ ထို့ကြောင့်လည်း သာသနာတွင်းသား ရဟန်းသံဃာတော်များ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် ပရိသတ်အများစု လက်ခံကိုးကွယ် ကြည်ညိုမှုကို ခံယူနေကြသော ဓမ္မကထိက ကမ္မဌာနာစရိယဆရာ တော်များကို အပျက်သဘောဆောင်သည့်အမြင်ဖြင့် လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသားပါသည်''ဟူ၍ ရေးသားပြသ ထားပါသည်။

၎င်းတွင် ''အဓမ္မဝါဒတွေဖယ်ရှားရေးကို မစိုးရိမ်စာသင်သားက ဆောင်ရွက်နေပါကြောင်း''သည် မှန်သောစကားသာ ဖြစ်ပါသည်။

သို့ရာတွင် ''အထူးသဖြင့် ဗုဒ္ဓဘာသာဝင် ပရိသတ်အများစု လက်ခံကိုးကွယ် ကြည်ညိုမှုကို ခံယူနေ ကြသော ဓမ္မကထိက ကမ္မဌာနာစရိယ ဆရာတော်များ''တွင်-
'ဓမ္မဝါဒီများ'ဟူ၍ ရှိပါသည်၊ 'အဓမ္မဝါဒီများ'ဟူ၍ ရှိပါသည်။ ဤနှစ်မျိုးတို့တွင် ''မစိုးရိမ်စာသင်သားသည် အဓမ္မဝါဒီ ဓမ္မကထိက ကမ္မဌာနာစရိယတို့၏ အဓမ္မဝါဒတို့ကို လိုက်လံ နှိပ်ကွပ်ရေးသားနေသည်''ဟုဆိုလျှင်လည်း မှန်သောစကားသာ ဖြစ်ပါသည်။

''မစိုးရိမ်စာသင်သားသည် ဓမ္မဝါဒီ ဓမ္မကထိက ကမ္မဌာနာစရိယတို့၏ ဓမ္မဝါဒတို့ကို လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသားနေသည်''ဟုဆိုလျှင်မူကား မှားသောစကား၊ မဟုတ်မမှန် လုပ်ကြံစွပ်စွဲထားသောစကားသာ ဖြစ်သွားပါသည်။

အထူးပြောပြထားလိုသည်မှာ ''ပရိသတ်အများစု လက်ခံကိုးကွယ် ကြည်ညိုမှုကို ခံယူနေကြသော ဓမ္မကထိက ကမ္မဌာနာစရိယ ဆရာတော်အားလုံးသည် ဓမ္မဝါဒီပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူကြသည်''ဟူ၍ ဆိုနိုင်ပါမည်လော။ ဝိနိစ္ဆယအပြုခံခဲ့ရသော ဓမ္မကထိက၊ ကမ္မဌာနာစရိယများ အထင်အရှားရှိနေသည်ပင် မဟုတ်ပါလော။

အပျက်သဘောဆောင်သည့်အမြင်ဖြင့် လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသားနေကြောင်း ၄င်းက စွပ်စွဲပြောဆိုထား သည်။ မစိုးရိမ်စာသင်သားမှာ ဓမ္မဝါဒီ ဓမ္မကထိက ကမ္မဋ္ဌာနာစရိယတို့၏ ဓမ္မဝါဒတို့ကို လိုက်လံနှိပ်ကွပ် စွပ်စွဲရေးသား ထားချက်ဟူ၍ တစ်ချက်မျှ မရှိပါ။ မစိုးရိမ်စာသင်သား ရေးခဲ့သမျှတို့နှင့် ဟောခဲ့သမျှတို့ကို ဖတ်ရှု နားထောင်လျှင် သိနိုင်ပါသည်။





ဆက်လက် တင်ပြပါမည်

3 comments:

  1. ၀ရသာမိတို့ကတော့ စာပေကင်ပေတိုင်ရုံးပါ အပိုင်ကိုင်ထားတာပဲ တရားမျှတပါပေတယ်။ ဒါပေမယ့် သိပ်မုကာပါဘူး။ ဆရာုကီးပါရဂူ ဆုံးတုန်းကတော့ ဘာသံမှမထွက်ရဲတာကိုက သိသာပါတယ် ဆက်လုပ်ပါ ဇာတ်သိမ်းတော့လှမယ်မထင်ပါ

    ReplyDelete
  2. သြော်...ကိုချမ်းငြိမ်း။ ဒီကရဟန်းတွေက ဘုရားသားတော်တွေပီပီ ခင်ဗျားရဲ့ တစ်ဘက်စောင်းနင်း ရင့်ရင့်သီးသီးရေးတာတွေကို ခင်ဗျားနဲ့ ပြိုင်မမိုက်ချင်လို့ ပြန်ပြီး reply မလုပ်တာတွေကို အဟုတ်မှတ်နေတာကိုး။ ကျွန်တော်ကတော့ ဘေးကနေကြည့်ရင်း သာသနာ့ဇာနည်ရဟန်းတွေကို ပုတ်ခတ်တာတွေကိုကြည့်ရင်း မနေနိုင်တော့လို့ reply ရေးသဗျို့။ ကဲပထမဆုံး "စာပေကင်ပေတိုင်" ဆိုပြီးနိုင်ငံရေး site တွေကလိုမရေးပါနဲ့။ ဘာသာရေးနဲ့ နိုင်ငံရေးလာမရောယှက်ပါနဲ့။ ဘာသာရေးမှာ စိစစ်ရေးကအရေးပါလွန်းပါတယ်။ မဟုတ်ရင် အုတ်ရောရော ကျောက်ရောရောတွေ ပျံ့နှံ့ကုန်ပြီး ဒုက္ခတွေများမှာ သေချာပါတယ်။
    (ခုတောင် လွတ်လွတ်လာတာတွေ ရှိသေး။ ကြည့်နေတာကြာပြီ။) စိစစ်ရေး(သာသနာရေး)ကပိတ်ပင်တယ် ဆိုတာရှားပါတယ်။ အတော်လွန်ကျူးလွန်းမှပါ။ ဒီစိစစ်ရေးကို ရှင်ဝရသာမိလို ရဟန်းမဆိုထားနဲ့ နာမည်ကျော်ဆရာတော်ကြီးတွေတောင် မကိုင်နိုင်ပါ။ ဒီစိစစ်ရေးကိစ္စက ရေးသာရေးရတယ် ခင်ဗျားရေးထားတာရယ်ဖွယ်လိလိ မှန်းလူတိုင်းသိသဗျို့။

    ReplyDelete
  3. ဆရာကြီးပါရဂူကတော့ ဆရာကြီးကွယ်လွန်တာကို ဒီကရဟန်းတွေက "ဟေး။ ရန်သူကြီးတစ်ယောက်တော့ သွားရှာပြီ။ Lets celeberate!" ဆိုပြီးထအော်ရမှာလား။ ထအသံထွက်ရမှာလား။ ဘယ့်နှယ်ခင်ဗျားမို့ တွေးလဲတွေးတတ်ပလေတယ်။ ဒီကရဟန်းတွေက ဆရာကြီးကို မုန်းလို့ရေးတယ်ထင်သလား။ လမ်းလွဲနေတာကို မကြည့်ရက်လို့ ကရုဏာနဲ့ ကိုယ့်ဆွမ်းကိုယ်ဘုဉ်းရင်း အမုန်းခံရေးကြတာ။"သြော် ဒီခေတ်ဒီလိုဘဲ။ ထားလိုက်ပါ။ ကိုယ်တရားသိပြီးတာဘဲ။" ဆိုပြီးနေရင်များ အနေသာကြီး။ လူတစ်ယောက်ရဲ့ နောက်ခံကိုယ်ရေးနဲ့ သူ့လုပ်ဆောင်ချက်တွေကို သူ့ဓမ္မ၀ါဒနဲ့ ခွဲသိဘို့လိုတယ်။ ဥပမာ...ဆူနာမီကိုယ်တော်ဆိုရင် လူဝတ်ကြောင်ကနေ အားလုံးစွန့်ပြီး ရဟန်းဝတ်သွားနိုင်တယ်။ နောက်ပရဟိတလုပ်ငန်းတွေလုပ်တယ်။ ချီးကျူးထိုက်တယ်။ နောက်ဆရာကြီးပါရဂူဆိုရင် မြန်မာ့စာပေလောကမှာ ရှားမှရှားပုဂ္ဂိုလ်။ ဟင်ဒီဘာသာကနေ မြန်မာဘာသာကို တိုက်ရိုက်ဘာသာပြန်နိုင်တဲ့ တစ်ဦးတည်းသော စာရေးဆရာ။ အကျိုးပြုစာကြည့်တိုက်လေးတစ်တိုက်ကို ကိုယ်ပိုင်ချွေးနဲစာလေးနဲ့ မတည်တည်ထောင်တယ်။ ဒီစာကြည့်တိုက်ကို run ဘို့ စာမူခပိုရအောင် အသက်ကြီးကာမှ အများအကျိုးအတွက် မပင်ပန်းနိုင်ဘဲ စာတွေပိုရေးရှာတယ်။ တကယ်လေးစားဖို့ကောင်းတယ်။

    ReplyDelete

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories