June 24, 2010

ဘုရားကို အထင်သေးသူ

အရှင်ကောဝိဒ (ယော) | 7:13 AM |

`နမော တေ ပုရိသာဇညာ၊ နမော တေ ပုရိသုတ္တမ။
သဗ္ဗညူသိ မဟာဝီရ၊ လောကဇေဋ္ဌေ နရာသဘ။´
`ယောက်ျားအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရားအား၊ အရှင်ဘုရားအား ရှိခိုးပါ ၏။ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားအား ရှိခိုးပါ၏၊ လုံ့လကြီး တော်မူသော၊ လောက၏ အကြီးအမှူးဖြစ်တော်မူသော၊ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားသည် တရားအလုံးစုံကို သိတော်မူပါပေ၏။´
စာရေးသူသည် အထက်ပါ အပါဒါန်ပါဠိတော်လာ ဂါထာကလေးကို မှတ်စုထုတ်နေခိုက် လှိုင်သာယာမှ မိတ်ဆွေဦးပဉ္ဇင်းတစ်ပါး ရောက်လာသည်။ စကားစမြည် ပြောဆိုကြရင်း မိုးပြာ ဂိုဏ်း အကြောင်း ရောက်သွားသည်။
`ဦးဇင်း၊ မိုးပြာဂိုဏ်းက စာအုပ်တစ်အုပ်ထဲမှာ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာ သုံးပါးပဲလို့ ဘုရားဟောထားတာ ရှိတယ်။ ကောသလမင်းကြီးကို သဗ္ဗညုတဉာဏ်ရတဲ့ အကြောင်း ၀န်ခံထားတာလဲ ရှိတယ်လို့ ဆိုကြတယ်တဲ့။
`တကယ်လို့ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာသုံးပါးကို ဆိုလာတာပါလို့ ဘုရား ဟောခဲ့တာမှန်ရင် သူ သဗ္ဗညုတဉာဏ် ရပါတယ်၊ အကုန်သိပါတယ်လို့ ၀န်ခံတယ်ဆိုတာ မှားရမယ်တဲ့။ တစ်ခုမှန်ရင် တစ်ခုမှားရမယ်ပေါ့ ကိုယ်တော်ရာ။
`ဘုရားဆိုတာ မကြွားဝါတတ်သူမို့လို့ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာသုံးပါးပါပဲ ဆိုတဲ့စကားသာ ဘုရားဟော အစစ်ဖြစ်သင့်ပါတယ်-တဲ့။
`နောက်ပြီး နိဗ္ဗာန်ဟာ အနတ္တဆိုလို့ရှိရင် နိဗ္ဗာန်ဟာ အနှစ်သာရ ဘာမှမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ရောက်ပါတယ်တဲ့။ နိဗ္ဗာန်ဟာ အတ္တပါတဲ့။ ဦးဇင်း အဲဒီပြဿနာတွေ ဖြေရှင်းဖူးတယ် လို့ကြားပါတယ်။ လုပ်ပါအုံး၊ လင်းစမ်းပါအုံး´
`ကိုယ်တော်လဲ စာကြည့်နိုင်သားပဲ။ ကိုယ့်ဟာကို ပါဠိတော်ရှာဖတ်ပြီး နှိုင်းယှဉ် လေ့လာကြည့်ပေါ့´
`ဟာ ဦးဇင်းကလဲ အဲဒီလို အဖြေရှာရတဲ့အလုပ်ကို မလုပ်ချင်လို့ လာမေးတာပေါ့´
`ကိုယ်တော်တို့က အဲဒါတွေ ခွကျတာပဲ။ ကိုယ်တော့်ကို အဲဒီလိုမျိုး ဒကာ-ဒကာမ တစ်ယောက်ယောက်က မေးပါပြီတဲ့၊ ဘယ်လိုလုပ်မလဲ´
`အဲဒီအခါကျတော့ နောက်မှ စာကြည့်ပြီး ပြောပါမယ်လို့ လုပ်ရမှာပေါ့´
`ကဲကဲ-ထားလိုက်ပါတော့။ ဈေးကိုင်လိုက်တာလို့ ကိုယ်တော်မပြောခင် ရှင်းပြပါ့မယ်။ နေအုံး၊ တပည့်တော် ဆောင်းပါးရေးတုန်းက ပရင့်ထုတ်ထားတဲ့ စာရွက်တွေ ရှိတယ်။ သဘောတူရာ ဖိုင်တွဲပြီးသိမ်းထားတယ် အဲဒါဖတ်ကြည့်ရင် ရှင်းသွားလိမ့်မယ်´
`အဲဒီခေတ်က ဗုဒ္ဓကောလာဟလအရ ဘုရားဖြစ်ချင်သူတွေ အိန္ဒိယတစ်ဝိုက်မှာ ဘယ် လောက်များမယ်၊ ဘုရားရဲ့ သာဝကရင်း ဖြစ်ချင်သူတွေ ဘယ်လောက်များမယ် ဆိုတာ မှန်း ကြည့်လိုက်။ တပည့်တော်တို့ ဘုရားမပွင့်ခင် ဘုရားလိုဝန်ခံတဲ့သူ ခြောက်ယောက်ရှိနေပြီ။ သူတို့ကို ယုံကြည်လို့ ဆည်းကပ်တဲ့သူတွေ ရှိသလို၊ လေ့လာနေတဲ့သူတွေလဲ ရှိတယ်။ မဟာပု ရိသလက္ခဏာကျမ်းအရ ဘုရားတစ်ဆူရဲ့ သဘောသဘာဝတွေကိုလဲ လူတော်တော်များ များက သိနေကြလိမ့်မယ်။
`ဘုရားအမည်ခံ တိတ္တိဆရာကြီး ခြောက်ယောက်ထဲမှာ နိဂဏ္ဌနာဋပုတ္တရဲ့ ၀ါဒဟာ အခုချိန်ထိတောင် သက်တမ်းရှည်ပြီး အိမ်န္ဒိယမှာ ဂျိန်းဘာသာ-ဂျိန်းဝါဒဆိုပြီး တည်ရှိဆဲ ကိုး ကွယ်ဆဲပဲ။ မဟာဝီဒလို့လဲခေါ်တဲ့ အဲဒီ နိဂဏ္ဌနာဋပုတ္တဟာ အသက် ၃၀-မှာ တောထွက်၊ ၁၂-နှစ်တိုင်တိုင် တပအကျင့်တွေကို ကျင့်ပြီး ၄၂-နှစ်မှာ သူ့ကိုသူ ဘုရားဖြစ်ပြီလို့ ကြေညာသ တဲ့။ သူ့ရဲ့ဝါဒက ဘုရားဟောတဲ့ သဗ္ဗပုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒပါပဲ။
`သူက သူ့ကိုသူ ဘုရားလို့ ၀န်ခံထားတဲ့အခါမှာ ကြီးကြီးကျယ်ကျယ် ကြွားပုံကို ဒီသုတ် မှာကြည့်-
`ဥဒါယီ၊ သို့ဖြစ်မူ ငါ တရားဟောရမည့် အကြောင်းကို သင် စ၍ ပြောလော့´ဟု (မိန့်တော်မူ၏)။
အရှင်ဘုရား၊ ယခင်ယခင်နေ့တို့က`အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ ငါသွားနေ သည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏´ ဟု အကြွင်းမဲ့ဉာဏ်အမြင်ကို ၀န်ခံသောသူရှိ၏။
`ထိုပုဂ္ဂိုလ်သည် အကျွန်ုပ်က ရှေးအဖို့ကို အကြောင်းပြု၍ ပြဿနာများကို မေးသည် ရှိသော် အကြောင်းတစ်ပါးဖြင့် အကြာင်းတစ်ပါးကို ဖုံးလွှမ်း၏၊ အပသို့ စကားကို ရောက်စေ၏၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ နှလုံးမသာယာခြင်းကိုလည်း ထင်စွာပြု၏။
`ထိုအကျွန်ုပ်အား မြတ်စွာဘုရားကိုသာလျှင် အကြောင်းပြု၍ `ဩော်…ဘုန်းတော် ကြီးသောမြတ်စွာဘုရား၊ ဪ... ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာ ဘုရား၊ မြတ်စွာဘုရားသည် ဤတရားတို့ကို ကောင်းစွာ ကျွမ်းကျင်တော်မူ၏´ ဟု အောက်မေ့ မိပါ၏။´
`ဥဒါယီ၊ (ပ) ထိုသူသည် မည်သူနည်း´
`အရှင်ဘုရား၊ နာဋ၏သား နိဂဏ္ဌပါတည်း´ဟု (လျှောက်၏)။ (မဇ္ဈိမပဏ္ဏာသ၊ စူဠသ ကုလုဒါယိသုတ်)
`အဂုင်္တ္တိုရ်၊ န၀ကနိပါတ်၊ လောကာယတိကသုတ်အရ သူမှ အဲဒီလိုဝန်ခံတာ မဟုတ် ဘူး။ ပူရဏ ကဿပလဲ အဲဒီလို ၀န်ခံတာပဲဗျ။ နိဂဏ္ဌက လည်တယ်။ ပြဿနာကို တတ်နိုင်သ လောက် ဟာကွက်မရှိအောင် ပြင်ဆင်တတ်တယ်။ သူက အကုန်သိတယ်။ အကုန် သိရုံမကဘူး အမြဲတမ်းလဲ သိနေတယ်လို့ ၀န်ခံတယ်။
ဒါပေမဲ့ တစ်ခါတလေ လူတစ်ယောက်မှ မရှိတဲ့အိမ်ကို ဆွမ်းခံမိတယ်။ အဲဒီအိမ်မှာ လူမ ရှိမှန်း အစကတဲက မသိဘူးလားလို့ မေးတဲ့အခါ လူမရှိမှန်း သိပါတယ်၊ ဒါပေမဲ့ ကံတရားက လူရှိရှိ မရှိရှိ ဒီအိမ်ကို သွားရမယ်လို့ သတ်မှတ်ပြီးသား ဖြစ်နေတယ်လို့ အကြာင်းပြတယ်။ ဒီမှာ ဖတ်ကြည့်ပါ။
`သန္ဒက၊ ဤလောက၌ အချို့သောဆရာသည် အလုံးစုံကို သိ၏၊ အလုံးစုံကိုမြင်၏။ `ငါသွားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏´ ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏။
ထိုဆရာသည် ဆိတ်သုဉ်းသော အိမ်သို့လည်း ၀င်၏၊ ဆွမ်းလည်းမရ ခွေးလည်း ကိုက်၏၊ ကြမ်းသောဆင်နှင့်လည်း တွေ့ဆုံ၏၊ (ပ) လမ်းခရီးကိုလည်းကောင်း မေး၏။
`ထိုဆရာသည် `ဤအမှုသည် အသို့ပါနည်း´ ဟု မေးသည်ရှိသော် ဆိတ်သုဉ်းသော အိမ်ကို ငါ ၀င်သင့်၏၊ ထို့ကြောင့် ၀င်၏။ ဆွမ်းကိုလည်း မရသင့်၊ ထို့ကြောင့် မရခဲ့။
`ခွေးသည် ကိုက်သင့်၏၊ ထို့ကြောင့် ကိုက်၏၊ ကြမ်းသောဆင်နှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏၊ ကြမ်းသော မြင်းနှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏၊ ကြမ်သောနွား နှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏။
`မိန်းမ၏လည်းကောင်း၊ ယောက်ျား၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ အနွယ် ကိုလည်းကောင်း မေးသင့်၏၊ ထို့ကြောင့် မေး၏။ ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း မေးသင့်၏၊ ထို့ကြောင့် မေး၏´ဟု (ဖြေဆို၏)။ (မဇ္ဈိမ ပဏ္ဏာသ၊ သန္ဒကသုတ်)
`နိဂဏ္ဌရဲ့ အဖြေက မပိုင်ဘူးလား။ အဲဒီလိုအရာရာကို ရှေးကံချည်းပဲ လွှဲချတတ်တဲ့ နိဂဏ္ဌတွေကို ဘုရားက ဒီလိုမိန့်ဖူးတယ်။
`ရဟန်းတို့၊ အကယ်၍ သတ္တ၀ါတို့သည် ရှေးကံကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန် သည်ဖြစ်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘ၀၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံ ခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြာင့် မချွတ်ဧကန် ရှေးက မကောင်းမှုကံကို ပြုခဲ့သူ တို့ ဖြစ်ကုန်၏´ (မ၊ ၃၊ ဒေ၀ဒဟသုတ်)
`ဘုရားရှင်က သဗ္ဗညုတဉာဏ်ကို ၀န်ခံတယ်ဆိုတဲ့သုတ်က ဘယ်သုတ်လဲ´
`ဒဟရသုတ်လေ၊ ဒီမှာကြည့်။ မသေနဒီကောသလမင်းသည် `အရှင်ဂေါတမသည် လည်း အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ ဟူ၍ ၀န်ခံသလောဟု မြတ်စွာ ဘုရားအား လျှောက်၏။
`မင်းကြီး၊ `အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ဟူသော စကားကို ကောင်းစွာဆိုလိုသူသည် ငါ့ကိုသာလျှင် (ရည်ညွှန်း၍) ဆိုသည် ဖြစ်ရာ၏။ မင်းကြီး၊ မှန်၏။ ငါသည် အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ဟု (မိန့်တော်မူ၏)။ (ကောသလ သံယုတ်၊ ဒဟရသုတ်)
`ဒါပေမဲ့ ဒီနေရာမှာ သတိထားရမှာက သဗ္ဗညူ-ဆိုတာ သဗ္ဗ-အကုန်။ ညူ-သိတာ။ အကုန်သိတယ်လို့သာ ၀န်ခံတာ။ ဘုရားက အိပ်နေတဲ့အခါမှာဖြစ်စေ၊ နိုးနေတဲ့အခါမှာဖြစ်စေ ငါဘုရားအမြဲမပြတ်သိနေတယ်လို့ ၀န်မခံဘူး။ အဲဒီလို သိနိုင်တာမျိုးလဲ မရှိဘူး။ ဆင်ခြင် လိုက်ရင်တော့ အကုန်သိနိုင်တယ်၊ မသိအောင် ဘယ်အရာကမှ မတားဆီးနိုင်ဘူး။ ဒါ့ကြောင့် သဗ္ဗညုတဉာဏ်ကို အနာဝရဏဉာဏ်လို့လဲ ခေါ်တယ်။ ၀စ္ဆပရိဗိုဇ်မေးတုန်းက ဘုရားက ဒီလို ဖြေတယ်။
`အရှင်ဘုရား၊ ရဟန်းဂေါတမသည် အလုံးစုံကို မြင်၏၊ ငါသွားနေသည်ဖြစ်စေ၊ ရပ်နေ သည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ကြားဖူးပါ၏။
`အရှင်ဘုရား၊ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ (ပ) အမြဲမပြတ် ဉာဏ်အမြင် သည် ရှေးရှုထင်၏- ဟု အကြွင်းမဲ့ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ပြောဆိုသောသူတို့သည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်၏လော´ (ပ) ဟု လျှောက်ထား၏။
`၀စ္ဆ၊ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ (ပ) အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှု ထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ပြောဆိုသူတို့သည် ငါ၏ စကားအရ ပြောဆိုသူတို့ မဟုတ်ကုန်၊(ပ)´ဟု (မိန့်တော်မူ၏)။
`အရှင်ဘုရား၊ ထိုသို့မဟုတ်မူ အဘယ်သို့ပြောဆိုသော အကျွန်ုပ်တို့သည် မြတ်စွာ ဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်သနည်း၊ (ပ)´ဟု(လျှောက်၏)။
`၀စ္ဆ၊ ရဟန်းဂေါတမသည် ၀ိဇ္ဇာသုံးပါးရှိ၏ဟု ပြောဆိုသော သူသည် အမှန်အားဖြင့် ငါ၏ စကားအရ ပြောဆိုခြင်း ဖြစ်ရာ၏၊ ငါ့ကို မမှန်သောစကားဖြင့်လည်း မစွပ်စွဲရာ´ (မ၊ မြန်၊ ၂၊ တေ၀ိဇ္ဇ၀စ္ဆသုတ်)
တေ၀ိဇ္ဇသုတ်မှာ ဘုရားက အဲဒီလို အကုန်သိ-အမြဲသိ ဆိုတာကို ပယ်လိုက်တော့ လူထုထဲမှာ ပြောစရာစကားတစ်မျိုး ပျံ့နှံ့နေမှာပေါ့။ အဲဒီအကြောင်းကို ကောသလမင်းကြီးက ဘုရားကို လျှောက်ထားပုံကြည့်-
ထိုအခါ ကောသလမင်းကြီးသည် မြတ်စွာဘုရားအား`အရှင်ဘုရား၊ `တရားအလုံးစုံကို သိသော၊ တရားအလုံးစုံကို မြင်သော၊ အကြွင်းမဲ့ဉာဏ်ပညာရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိနိုင်၊ ဤသို့ ၀န်ခံနိုင်သော အကြာင်းမျိုးသည် မရှိနိုင်´ ဟု ရဟန်းဂေါတမဆို၏ ဟူ၍ အကျွန်ုပ် ကြားရပါ၏။
`အရှင်ဘုရား တရားအလုံးစုံကိုသိသော၊ တရားအလုံးစုံကိုမြင်သာ အကြွင်းမဲ့ဉာဏ် အမြင်ရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော် လည်းကောင်း မရှိနိုင်၊ ဤသို့ (၀န်ခံနိုင်) သော အကြာင်းမျိုးသည် မရှိနိုင်´ဟု ရဟန်းဂေါတမသည် ဆို၏ဟု ပြောဆိုကြသော သူတို့သည် မြတ်စွာဘုရား၏ စကားအတိုင်း ပြောဆိုကြပါကုန်သလော၊ (ပ)´ ဟု လျှောက်၏။
`မင်းကြီး၊ တရား,အလုံးစုံကို သိသော၊ တရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်အမြင်ရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သောလည်းကောင်း၊ ဗြဟ္မဏသည်သော် လည်းကောင်း မရှိ၊ ဤသို့ ၀န်ခံနိုင်သော အကြာင်းမျိုးသည် မရှိနိုင်ဟု ရဟန်းဂေါတမဆို၏´ ဟု ပြောဆိုကြသော သူတို့သည် ငါ့စကားအတိုင်း ပြောဆိုကြသည်မဟုတ်ကုန်၊ ထိုသူတို့ သည် မဟုတ်မမှန်သော အကြာင်းအရာဖြင့်လည်း ငါ့ကိုစွပ်စွဲကြကုန်၏´ဟု (မိန့်တော်မူ၏)။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ၀ိဋဋူဘစ်စစ်သူကြီးကို ခေါ်၍ `စစ်သူကြီး၊ အဘယ်သူသည် ဤစကားကို နန်းတော်အတွင်း၌ ပြောကြားလာပါသနည်း´ဟု မေးမြန်း၏။
`မင်းကြီး၊ အကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားသည် ပြောကြားပါ၏´ဟု (လျှောက်၏)။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် တစ်ယောက်သော မင်းချင်းကို ခေါ်၍ `အမောင်ယောက်ျား၊ အသင်လာခဲ့လော့။ ငါ၏စကားဖြင့် အကာသအနွယ် ဖြစ်သော သဉ္ဇယ ပုဏ္ဏားကို `အရှင်၊ သင့်ကို ပသေနဒီကောသလမင်းကြီးသည် ခေါ်၏´ ဟု ဆို၍ ခေါ်ချေလော့´ ဟု မိန့်၏။
`အရှင်မင်းမြတ်၊ ကောင်းပါပြီ´ ဟူ၍ သာလျှင် ထိုမင်းချင်းသည် ပသေနဒီကောသလ မင်းကြီးအား ပြန်ကြားလျှောက်ထား၍ အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားရှိရာသို့ ချဉ်းကပ်ကာ `အရှင်၊ သင့်အား ပသေနဒီကောသလမင်းကြီး ခေါ်၏´ ဟု ပြောကြားလေ၏။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် မြတ်စွာဘုရားအား `အရှင်ဘုရား၊ မြတ်စွာ ဘုရားသည် တစ်စုံတစ်ခုကို ရည်ညွှန်း၍ ဟောတော်မူသောစကားသည် ရှိတန်ရာ၏၊ ထိုစကား ကိုပင် လူအများက တစ်မျိုးတစ်မည်အားဖြင့် သိမှတ်နေရာပါ၏။ အရင်ဘုရား၊ ထိုကဲ့သို့သော စကားမျိုးကို မြတ်စွာဘုရား ဆိုဖူး၏ဟု မှတ်မိပါသလော´ ဟု လျှောက်၏။
`မင်းကြီး၊ တစ်ကြိမ်တဲဖြင့်သာလျှင် အလုံးစံကို သိနိုင်သော အလုံးစုံကို မြင်နိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိ။ ဤသို့ (သိနိုင် မြင်နိုင်) သော အကြောင်းမျိုးသည် မရှိနိုင်၊ ဤသို့ စကားပြောဖူးသည်ကို ငါမှတ်မိ၏´ ဟု (မိန့်တော်မူ၏)။
`အရှင်ဘုရား၊ တစ်ကြိမ်တဲဖြင့်သာလျှင် အလုံးစုံကို သိနိုင်သော အလုံးစုံကို မြင်နိုင် သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိ၊ ဤသို့ သိနိုင်-မြင်နိုင်သော အကြာင်းမျိုးသည် အကြာင်းမှန် သဘောကို မိန့်ဆိုတော်မူပေ၏။ အရှင်ဘုရား၊ မြတ်စွာဘုရားသည် အကြောင်းခိုင်လုံသော သဘောကို မိန့်ဆိုတော်မူပေ၏´။ (မ၊ မြန်၊ ၂၊ ကဏ္ဏတတ္ထလသုတ်)
`ကဲ-ဒီသုတ်အရ မြတ်စွာဘုရားက အကုန်သိတယ်ဆိုတာကို မပယ်ဘူး။ တစ်ကြိမ်ထဲ နဲ့အကုန်သိတာ၊ အမြဲသိနေတာကိုသာ ပယ်တယ်ဆိုတာ ထင်ရှားသွားပြီပေါ့။ ကထာဝတ္ထု ကျမ်းက အမေးအဖြေကလေး ဆက်ကြည့်ပါအုံး´
သက၀ါဒီ။ ။ မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့် `သာဝက´ တို့နှင့် ဆက်ဆံ ပါသလော။
ပရ၀ါဒီ။ ။ ဪ... ဆက်ဆံပါ၏။
သက၀ါဒီ။ ။ မြတ်စွာဘုရားသည် မာရ်ငါးပါးတို့ကို အောင်မြင်ပါသလော လူနတ်တို့ကို ဆုံးမတတ်ပါသလော မဖောက်မပြန် ကိုယ်တိုင် (သိဖွယ်တရားတို့ကို) သိပါသလော၊ အလုံးစံကို မြင်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) အရှင်သခင် ဖြစ်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) ကိုကွယ်ရာ ဖြစ်ပါသလော။
ပရ၀ါဒီ။ ။ ဪ... ဟုတ်ပါ၏။
သက၀ါဒီ။ ။ တပည့် `သာဝက´ သည်လည်း မာရ်ငါးပါးတို့ကို အောင်မြင်ပါသလော၊ လူနတ်တို့ကို ဆုံးမတတ်ပါသလော၊ မဖောက်မပြန် ကိုယ်တိုင် (သိဖွယ်တရားတို့ကို) သိပါသ လော၊ အလုံးစုံကို သိပါသလော၊ အလုံးစုံကို မြင်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) အရှင်သခင် ဖြစ်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) ကိုးကွယ်ရာ ဖြစ်ပါသလော။
ပရ၀ါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ ပ။ (ကထာဝတ္ထုပါဠိတော်၊ ဗလကထာ)
`သဗ္ဗညုတဉာဏ်အကြောင်းတော့ ရှင်းသွားပါပြီ။ နိဗ္ဗာန်ရဲ့ အနတ္တဖြစ်ပုံကလေး ဆက်ရှင်းပြပါအုံး။ ကိုယ်တော့်ရဲ့ မြတ်ပန်းရဂုံမှာပါတဲ့ ဆောင်းပါးထဲကအတိုင်း `သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ-သင်္ခါရတရားအားလုံးဟာ အနိစ္စ ဒုက္ခ´လို့ ဟောထားပြီး အနတ္တဖြစ်တဲ့ တရားကျမှ သဗ္ဗေ သင်္ခါရာလို့ မဟောဘဲ `သဗ္ဗေ ဓမ္မာ အနတ္တာ´လို့ ဟောတော် မူတဲ့အတွက် သင်္ခါရတရားအားလုံးသာ အနတ္တဖြစ်တာ မဟုတ်သေးဘူး။ အသင်္ခတဖြစ်တဲ့ နိဗ္ဗာန်လဲ အနတ္တဖြစ်တယ်။ အနတ္တမည်တယ်။
`နောက်ပြီး ပရိဝါပါဠိတော်မှာ လာတဲ့`နိဗ္ဗာနဉ္စေစ ပညတ္တိ၊ အနတ္တာဣတိ နိစ္ဆယာ´ ဆိုတဲ့ ပါဠိအရ နိဗ္ဗာန်ရဲ့ ပညတ်ကို အနတ္တလို့ ဆုံးဖြတ်ရမယ် ဆိုတာတွေ တပည့်တော် ဖတ်ပြီးပါပြီ။ ဒါပေမဲ့ ရှင်မိုးပြာ ပြောသလို နိဗ္ဗာန်ဟာ အနတ္တဆိုတော့ နိဗ္ဗာန်သည် အနှစ်သာရ မရှိဆိုတဲ့ အဓိပ္ပာယ် ရောက်မသွားဘူးလား´
ကိုယ်တော့်လို လူတွေကြောင့် မိစ္ဆာဒိဋ္ဌိသမားတွေ ခေါင်းထောင်နေသာ။ ကိုယ်ကြားဖူး နေကျ အနက်ကလေးနဲ့ အပေါ်ယံ အဓိပ္ပာယ်ကလေး ကြည့်ပြီး ပြောလို့မရဘူးလေ။ ကိုယ်တော်ဟာ တပည့်တော်ကြားဖူးတဲ့ ပုံပြင်လေးထဲက ကျေင်းဒကာမကြီးလို ဖြစ်နေပြီ။
`တောရွာတစ်ရွာမှာ ကျောင်းဒကာမကြီး တစ်ယောက်က ဥပုသ်နေ့ဆိုရင် ကျောင်းလာ ဥပုသ်စောင့်လို့ ပုတီးစိပ်တဲ့အခါ အနိစ္စ- ဒုက္ခ- အနတ္တဆိုတာကို အကျယ်ကြီး ဆိုဆိုပြီး စိပ်တာ တဲ့။ တစ်နေ့တော့ ကျောင်းကဆရာတော်က `ဒကာမကြီး၊ ပုတီးစိပ်တဲ့အခါမှာ အနက်အ ဓိပ္ပာယ်ကိုပါ ထည့်ဆိုပြီး စိပ်ရတယ်´ ဆိုတော့ `အနိစ္စ၊ အမြဲမရှိ။ ဒုက္ခ၊ ဆင်းရဲ၏။ အနတ္တ၊ ကိုယ့်ကိုယ်ကိုမပိုင် ကျောင်းဒကာကြီးသာ ပိုင်သည်´လို့ စိပ်သတဲ့။ ဘယ့်နှယ့်လဲ အဲဒီကျောင်း ဒကာမကြီးရဲ့ အနတ္တ အနက်ပေးပုံ ကြိုက်ရဲ့လား´
`ဒီိလိုဆိုရင် `သဗ္ဗေ ဓမ္မာ အနတ္တာ´ မှာ `အနတ္တာ´ ကို ဘယ်လို အနက်ပေးရမှာလဲ´
`အနတ္တဆိုတာ `န´ နဲ့ `အတ္တ´ ပေါင်းထားတာလေ။ ကိုယ်တော် အကြီးတန်းတုန်းက ကျက်ခဲ့တဲ့ အဘိဓာန်မှာ `အတ္တ´ရဲ့ အနက်ကို ဘယ်နှချက်ပြလဲ´
`မမှတ်မိတော့ဘူး။ ကိုယ်တို့ စိတ်တို့ကို ဟောတယ်ထင်တယ်´
`စိတ္တေ ကာယေ သဘာဝေ စ၊ သော အတ္တာ ပရမတ္တနိ-လေ။ သဒ္ဒါဟာ (၁) စိတ် (၂)ကိုယ် (၃) သဘောတရား၊ (၄) တိတ္ထိတို့သည် ကြံဆအပ်သော ပရမအတ္တ-လို့ အနက်လေး မျိုးကို ဟောနိုင်တယ်။ အဓိပ္ပာယ်လေးမျိုး ထွက်တယ်ပေါ့။
`ဥပမာ-အတ္တသမ္မာပဏိဓိမှာ အတ္တသဒ္ဒါက စိတ်ကိုဟောတယ်။ အတ္တသမ္မာပဏိဓိ- စိတ်ကိုကောင်းစွာ ထားခြင်းလို့ အနက်ပေးရမှာပေါ့။
`တပည့်တော်တို့ ကျက်ခဲ့ရတဲ့ ဘိက္ခုနီပါတိမောက်မှာ - ယာ ပန ဘိက္ခုနီ အတ္တာနံ ၀ဓိတွာ ၀ဓိတွာ ရောဒေယျ၊ ပါစိတ္တိယံ။ ယာ ပန ဘိက္ခုနီ အကြင်ရဟန်းမသည်၊ အတ္တာနံ ကိုယ်တိုင်။ ၀ဓိတွာ ၀ဓိတွာ၊ ထု၍ ထု၍။ ရောဒေယျ၊ ငိုငြားအံ့။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်သင့် ၏-ဆိုတဲ့ သိက္ခာပုဒ်မှာ အတ္တသဒ္ဒါက ကိုယ်ကို ဟောတယ်။
`နောက် `အတ္တဒီပါ ဘိက္ခဝေ ၀ိဟရထ ဘိက္ခဝေ၊ ရဟန်းတို့၊ အတ္တဒီပါ၊ လောကီ လောကုတ္တရာ နှစ်ဖြာသော် ကုသိုလ်တရားတည်းဟူသော မှီခိုရာကျွန်း ရှိကုန်သည်ဖြစ်၍။ ၀ိဟာရထ၊ နေကြကုန်လော့။´ လဲဒီလို ပါဠိတွေမှာ အတ္တသဒ္ဒါက သဘောတရားဆိုတဲ့ အနက်ကို ဟောတယ်။
`ဒါပေမဲ့ နိဿယတို့ ၊ မြန်မာပြန်တို့ ကြ့ည့်ရင်တော့ ပေးရိုးပေးစဉ်အတိုင်း အတ္တ-ဆိုရင် မိမိ၊ မိမိကိုယ် ဒီလိုတွေပဲ တွေ့ရမယ်။ သို့သော်လဲ မိမိအရ တစ်ခါတစ်ရံ စိတ်ကို၊ တစ်ခါတစ်ရံ ကိုယ်ကို ကောက်ရမယ်ဆိုတာ အဋ္ဌကထာ၊ ဋီကာတွေ ကြည့်ကြည့်ပေါ့ ကိုယ်တော်ရာ။
`နောင်ဆုံးအရေးကြီးတဲ့အတ္တ-သဒ္ဒါရဲ့အနက်က တိတ္တိတွေ တွေးခေါ်ကြံဆချက်က ဥပမာ မျက်စိက အဆင်းကို မြင်တဲ့နေရာမှာ မျက်စိကလဲရုပ်၊ အဆင်းကိုလဲ ရုပ်၊ ရုပ်ရုပ်ချင်း မမြင်နိုင်ဘူး။ ကိုယ်ထဲမှာ မြင်နိုင်စွမ်းတဲ့ အရာတစ်ခု ရှိရမယ်။ အဲဒီ မြင်တဲ့အရာကို ကောင်း-မကောင်း ခံစားတာလဲ သူပဲဖြစ်ရမယ်-စသည်ဖြင့် အမျိုးမျိုး ကြံစည်ကြတာပေါ့ ကိုယ်တော်ရာ။
`နောက် ဘယ်လို ကြံစည်ကြသလဲဆိုတော့ လူတိုင်းလူတိုင်းမှာ အတ္တကလေးတွေ ကိုယ်စီရှိကြတယ်။ ကောင်းကင်ဘုံမှာ အဲဒီအတ္တကလေးတွေရဲ့ ပင်မ ဖြူစင်တဲ့ ပရမအတ္တကြီး ရှိရမယ်။ သတ္တ၀ါကိုယ်စီမှာ ရှိကြတဲ့ အတ္တကလေးတွေဟာ မဖြူစင်သေးသမျှ သံသရာမှာ ကြင်လယ်ကြရမယ်။ ဖြူစင်တဲ့ တစ်နေ့မှာ ကောင်းကင်ဘုံက ပရမအတ္တကြီးနဲ့ ပူးပေါင်းခွင့်ရပြီ ထာဝရချမ်းသာကို ခံစားရမယ် စသည်ဖြင့်ပေါ့။
`တပည့်တော်တို့ ထေရ၀ါဒစာပေက ပြောတဲ့နိဗ္ဗာန်ဟာ အနတ္တဆိုတဲ့ နေရာမှာ အဲဒီအတ္တကို အဓိက ပယ်ချင်တာ။ ကျန်တဲ့ ကိုယ်-စိတ်စတဲ့ အတ္တရဲ့အနက်တွေက သံသယ ဖြစ်စရာ သိပ်မရှိဘူး။ ဗုဒ္ဓဘာသာမှတစ်ပါး ကျန်တဲ့ အခြားခြားသော ဘာသာကြီးတွေရဲ့ နိဗ္ဗာန် မှာက မပျက်စီးနိုင်တော့တဲ့ အသက်- လိပ်ပြာ- ၀ိညာဉ်- အတ္တဆိုတဲ့ ထာဝရနာမ်ဓာတ်ရှိတယ်။ ဗုဒ္ဓဘာသာမှာတောင် မဟာယာနတို့ ဇင်တို့ရဲ့ နိဗ္ဗာန်က ထာဝရပျော်စံရာ ဌာနပဲ။ အတ္တနှင့် မကင်းဘူး။
`အသာရကဋ္ဌေန အနတ္တာ-အရ အနှစ်မရှိသောကြောင့် အနတ္တ-ဆိုတဲ့နေရာမှာလဲ အဲဒီ အတ္တဆိုတဲ့ အနှစ်မရှိတာကို ပြောတာ။ နိစ္စသာရ-နိစ္စ အနှစ်၊ သုခသာရ-သုခအနှစ်တွေ ကတော့ ရှိတယ်ပေါ့´
`ရှင်းပါပြီ၊ ရှင်းပါပြီ။ သာဓုပါဘုရား´
အရှင်ကောဝိဒ (ယော)
Bookmark and Share

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories