ကျွန်တော်သည် အဘိဓမ္မာဆိုင်ရာ စာအုပ်တို့ကို ဖတ်ရှုပြီး ကိုယ်တိုင်မဝေခွဲ မဆုံးဖြတ်နိုင်သော မေးခွန်းတစ်ခုကို တင်ပြလိုပါသည်။
- မောဟ (စေတသိက်)သည် သိသင့်တာကို မသိ၊ မသိသင့်တာကို သိသည်ဟုအချို့ စာများတွင် တွေ့ရသည်။
- မောဟ (စေတသိက်)သည် အာရုံ၏ သဘောကို ဖုံးလွှမ်းတတ်သဖြင့် အမှန်တွေကို မသိမလို အမှားတွေကိုလည်း မသိ၊ ဘာကိုမှ မသိကြောင်း အချို့စာများတွင် တွေ့ရသည်။
ထို့ကြောင့် မောဟ၏ ကိစ္စ (အလုပ်တာဝန်) ကို ပရိယတ္တိပညာရှင်များက ဖြေကြားပေးလိမ့်မည်ဟူသော အားကိုးဖြင့် မြတ်ပန်းရဂုံစင်မြင့်သို့ တင်လိုက်ရပါသည်။
ရတနာပုံ မောင်သစ်
မောဟ၏ သဘော
၃၉၀။ ထိုအခါ၌ တွေဝေမှု `မောဟ´ ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် မသိခြင်းသဘော `အညာဏ´၊ (အမှန်တရားကို) မမြင်ခြင်းသဘော `အဒဿန´ ၊ ထိုးထွင်း၍ မသိတတ်သော သဘော `အနဘိသမယ´။ (အမှန်တရားအား) လျော်စွာ မသိတတ်သောသဘော `အနနုဗောဓ´။ (အနိစ္စစသည်တို့နှင့်ယှဉ်၍) မသိတတ် သော သဘော (မှားယွင်းစွာ သိတတ်သောသဘော) `အသမ္ဗောဓ´ ၊ ထိုးထွင်း၍ မသိခြင်း သဘော `အပ္ပဋိဝေဓ´။ (အနိစ္စစသည်ဖြင့်) မယူတတ်သော သဘော `အသံဂါဟန´၊ (အမှန်တရားကို) သက်ဝင်၍ မယူတတ်သောသဘော `အပရိယောဂါဟန´၊ ညီညီညွတ်ညွတ် မရှုတတ်သော (အနိစ္စစသည်ကို နိစ္စစသည်ဟု မညီမညွတ် ရှုတတ်သော) သဘော `အသမပေက္ခန´ ၊ မဆင်ခြင်တတ်သော သဘော `အပစ္စဝေက္ခန´ ၊ မျက်မှောက် မရှုတတ်သော သဘော (အကောင်းအဆိုးကို မဝေခွဲတတ်သော သဘော) `အပစ္စက္ခကမ္မ´၊ (စိတ်) ဖြူစင် သန့်ရှင်းမှုကို ဖျက်ဆီးကြောင်း သဘော `ဒုမ္မေဇ္ဈ´၊ လူမိုက်ဖြစ်ကြောင်း သဘော `ဗာလျ´ ၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် မသိတတ်သော သဘော `အသမ္ပဇည´၊ တွေဝေခြင်းသဘော `မောဟ´ ၊ ပြင်းစွာတွေဝေခြင်း သဘော `ပမောဟ´။ (တရားအားလုံး၌) ထက်ဝန်းကျင် တွေဝေခြင်း သဘော `သမ္မောဟ´၊ သိအပ်သည်ကို မသိခြင်း (သစ္စာလေးပါးကို မသိခြင်း) သဘော `အ၀ိဇ္ဇာ´။ (၀ဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော မသိမှု သဘော `အ၀ိဇ္ဇောဃ´။ (၀ဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော မသိမှုသဘော `အ၀ိဇ္ဇာယောဂ´ ၊ အစဉ် ကိန်းဝပ်တတ်သော မသိမှုသဘော `အ၀ိဇ္ဇာနုသယ´။ (ကိလေသာတို့၏) ထကြွ သောင်းကျန်းခြင်း မသိမှုသဘော `အ၀ိဇ္ဇာပရိယုဋ္ဌာန´။ (စီးပွားချမ်းသာသို့ မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုတ်) နှင့် တူသော မသိမှုသဘော `အ၀ိဇ္ဇာလင်္ဂီ´ ၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော တွေဝေမှု `မောဟအကုသလမူလ´ သည် (ရှိ၏)။ ထိုအခါ၌ တွေဝေမှု `မောဟ´ ဟူသည် ဤသဘော ဖြစ်၏။
အထက်ပါ ဖွင့်ဆိုချက်များသည် ဓမ္မသင်္ဂဏီပါဠိတော်မြန်မာပြန်မှ မောဟ၏ ပရိယာယ်ပုဒ်များ ဖြစ်၏။
သင်္ဂြိုဟ်ဘာသာဋီကာမှ မောဟနှင့် ပတ်သက်သော ရေးသားချက်များကို ဖော်ပြပါဦးမည်။
မောဟ။ ။ မုယှတီတိ မောဟော နာမ, ဧသော အညာဏလက္ခဏော၊ အာလမ္ဗနသဘာဝစ္ဆာဒ ရသော-န္ဓကာရုပဋ္ဌာနော၊ အယောနိသောမနသိကာရ - ပဒဋ္ဌာနောတိ သညိတော။
ဝစနတ္ထ, လက္ခဏာ။ ။[မုယှတီတိ-အာရုံ၌ တွေဝေတတ်သည်၏ အဖြစ်ကြောင့်၊ မောဟော နာမ- မောဟမည်၏၊ ဧသော - ဤမောဟသည်၊ အညာဏလက္ခဏော၊ ဉာဏ်၏ ဆန့်ကျင်ဘက် လက္ခဏာရှိ၏။] -မုယှတိအရ အာရုံ၌ တွေဝေခြင်းဟူရာ၌ ၀ိစိကိစ္ဆာ သဘောကဲ့သို့ မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေခြင်းမဟုတ်, အာရုံ၏ အမှန်သဘောကို မသိခြင်းပင်တည်း၊ ထို့ကြောင့် မုယှတိကို `နဗုဇ္ဈတိ´ဟု ဋီကာတို့ ဖွင့်ကြသည်၊ ဘ၀င်ကျ၍ အိပ်ပျော်နေသလို မသိရုံသက်သက်မဟုတ်, ဉာဏ်သည် အမှန်ကိုသိသကဲ့သို့ မောဟသည် အမှားကိုသိ၏၊ ထို့ကြောင့် ဉာဏ်၏ဆန့်ကျင်ဘက် ဖြစ်ခြင်း လက္ခဏာရှိသည်။
ရသ,ပစ္စုပဋ္ဌာန်။ ။[အလမ္ဗသဘာဝစ္ဆာဒရသော - အာရုံ၏ သဘောမှန်ကို ဖုံးကွယ်ခြင်း ကိစ္စရှိ၏၊ အန္ဓကာရဥပဋ္ဌာနော - ပညာစက္ခုကို ကန်းအောင်ပြုတတ်သောတရားဟု ယောဂီတို့ ဉာဏ်အားထင်လာ၏။] -အာရုံ၏ ဟုတ်မှန်သောသဘောဟူသည် ဒုစရိုက်တရားတို့၏ မကောင်းဆိုးဝါးသော သဘော,သုစရိုက်တို့၏ ကောင်းသောသဘော, ဒုက္ခသစ္စာစသည်တို့၏ သဘော, အတိတ်ဘ၀နှင့် အနာဂတ်ဘ၀တို့ရှိခြင်းသဘော, ပဋိစ္စသမုပ္ပါဒ်၏ သဘောစသည် တည်း။ ဤသဘောမျိုးကို မသိအောင် ကာကွယ်ဖုံးလွှမ်းထားခြင်းသည် မောဟ၏ ကိစ္စတည်း၊ ဤဖုံးလွှမ်းကာကွယ်မှုကြောင့်ပင် ဒုစရိုက်သဘောကို သိပြီးသော ပညာရှိဖြစ်စေကာမူ မောဟ ၀င်လာသော အခါ ထိုဒုစရိုက်တို့၏ အပြစ်ကို မမြင်နိုင်ဘဲ ပြုမှားမိကြလေသည်။ ထို့ကြောင့် `ဤ မောဟသည် ရှိပြီးသော ပညာစက္ခုကို ကန်းအောင်ပြုတတ်သောတရား´ဟု ယောဂီတို့ ဉာဏ်မှာ ထင်လာသည်။
ပဒဋ္ဌာန်။ ။[အယောနိသောမနသိကာရပဒဋ္ဌာနောတိ - အယောနိသောမနသိ ကာရလျှင် နီးစွာသောအကြောင်းရှိ၏ဟူ၍၊ သညိတော - မှတ်အပ်၏။] -`အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာ စေ၀ အကုသလာ ဓမ္မာ ဥပပဇ္ဇန္တိ´နှင့်အညီ မသင့်မတင့် နှလုံးသွင်းသူ၏ သန္တာန်၌ အကုသိုလ်တရား တိုးပွားမြဲဖြစ်ရကား အယောနိသောမနသိကာရ သည် မောဟ၏ နီးစွာသော အကြောင်းတည်း။
မှတ်ချက်။ ။ ပဒဋ္ဌာန်မပါသော အကုသိုလ်အရာ၌ ဤအယောနိသောမနသိကာရကို ပဒဋ္ဌာန်ဟုမှတ်ပါ၊ မောဟနှင့်စပ်၍ အခြားမှတ်သားဖွယ်ရာများကို ပစ္စည်းပိုင်း အ၀ိဇ္ဇာပုဒ်၌ ရှုပါ။
[ဆောင်] သဘောမှန်ရာ, ဖုံးကွယ်ကာ၍, ပညာစက္ခု, ကန်းအောင်ပြုလျှင်း, မိုက်မဲခြင်း, မယွင်းမောဟသဘောတည်း။ (၁၂၁)
ဆရာတော်ညွှန်းသည့်အတိုင်း ပစ္စည်းပိုင်း အ၀ိဇ္ဇာပုဒ်ကို ဆက်လက်ဖော်ပြပါမည်။ အ၀ိဇ္ဇာ။ ။ န ၀ိဒတိ- မသိတတ်၊ ဣတိ- ထို့ကြောင့်၊ အ၀ိဇ္ဇာ- အ၀ိဇ္ဇာမည်၏။ တရားကိုယ်အားဖြင့် မောဟတည်း။ ဤအ၀ိဇ္ဇာသည် သိထိုက်သော အရာဌာနကို မိမိကိုယ်တိုင်လည်း မသိတတ်၊ မိမိနှင့် ယှဉ်ဘက် အကုသိုလ်စိတ် စေတသိက်များကိုလည်း ကောင်း၊ မိမိကိန်းရာ သတ္တ၀ါကိုလည်းကောင်း မသိစေတတ်။ မျက်စိ၌ တိမ်သလာ ဖုံးလွှမ်းနေသူသည် တိမ်သလာအတွက်ကြောင့် မြင်သင့်မြင်ထိုက်သော အရာဌာနကို မမြင်ရသကဲ့သို့တည်း။ ဤအ၀ိဇ္ဇာ၏ ဖုံးလွှမ်းရာဌာနကို `သစ္စာလေးပါး ပုဗ္ဗန္တ အပရန္တ ပုဗ္ဗန္တာပရန္တ ပဋိစ္စသမုပ္ပါဒ်´-ဟု အဘိဓမ္မာနည်းအားဖြင့် ရှစ်ဌာနပြ၏။ ထိုတွင် ဘုံသုံးပါး၌ ရှိရှိသမျှ နာမ်ရုပ်တွေသည် ဒုက္ခသစ္စာတွေချည်းတည်း။ ထိုဒုက္ခတွေကို ဒုက္ခဟု မသိမမြင်နိုင်ခြင်းသည် ဒုက္ခသစ္စာကို ဖုံးလွှမ်းသော အ၀ိဇ္ဇာပင်တည်း။ ထို့အတူ တဏှာ လောဘကို ဒုက္ခဖြစ်ကြောင်းမှန်း မသိခြင်း၊ နိဗ္ဗာန်ကို ဒုက္ခ၏ ချုပ်ရာမှန်း မသိခြင်းသည် သမုဒယ နိရောဓ မဂ္ဂသစ္စာကို ဖုံးလွှမ်းသော အ၀ိဇ္ဇာပင်တည်း။
အန္တ၏ အနက်။ ။ ပုဗ္ဗန္တ-စသည်၌ အန္တသဒ္ဒါသည် အဖို့အစုဟူသော အနက်ကို ဟော၏။ အချို့ပုထုဇဉ်များသည် ရှေးအတိတ်ဘ၀၌ ဖြစ်ခဲ့သည်ကို မယုံကြည်၊ ယခုဘ၀မှ ထာဝရဘုရား စသူတို့ ဖန်ဆင်း၍ ဖြစ်ရသည်ဟု မှတ်ထင်၏။ သို့သော် နောက်နောက်ဘ၀၌ ဆက်ကာဆက်ကာ ဖြစ်ဦးမည်ကိုကား ယုံကြည်၏။ ထိုသူ၏ အ၀ိဇ္ဇာသည် `ပုဗ္ဗန္တေ အညာဏံ´ အရ အတိတ်ဘ၀၌ ဖြစ်သော ခန္ဓာ အာယတန ဓါတ်အစု၌ ဖုံးလွှမ်းသော အ၀ိဇ္ဇာတည်း။ အချို့ကား ရှေးအတိတ်က ဖြစ်ခဲ့ရပုံကို ယုံကြည်၏၊ သို့သော် နောက်ဘ၀၌ ရဟန္တာမဖြစ်သေး သမျှ ဆက်လက်ဖြစ်ရဦးမည်ကို မယုံကြည်၊ သေလျှင် ပြီးတာပဲ-ဟူသော ဥစ္ဆေဒဒိဋ္ဌိဘက်သို့ သက်ဝင်လျက် ရှိ၏။ ထိုသူ၏ အ၀ိဇ္ဇာသည် `အပရန္တေ အညာဏံ´ အရ နောက်နောက်ဘ၀၌ ဖြစ်သော ခန္ဓာ အာယတန ဓါတ်အစုကို ဖုံးလွှမ်းသော အ၀ိဇ္ဇာတည်း။ အချို့ကား ရှေးဘ၀ နောက်ဘ၀ကိုပင် မယုံကြည်၊ ထိုသူ၏ အ၀ိဇ္ဇာသည် `ပုဗ္ဗန္တာပရန္တေ အညာဏံ´အရ ရှေ့နောက် ဖြစ်သော ခန္ဓာ အာယတန ဓါတ်အစုကို ဖုံးလွှမ်းသော အ၀ိဇ္ဇာတည်း။
ထို့ပြင် အ၀ိဇ္ဇာသည် ပဋိစ္စသမုပ္ပါဒ်တရားကို ဖုံးလွှမ်းတတ်သေး၏။ အ၀ိဇ္ဇာစသည်က အကြောင်း၊ သင်္ခါရစသည်က အကျိုး၊ အ၀ိဇ္ဇာစသော အကြောင်းကြောင့်သာ သင်္ခါရစသော အကျိုးများ ဖြစ်ရသည်ဟု နားမလည်အောင် ဖုံးလွှမ်းကွယ်ကာသည် ဟူလို။ ဤအ၀ိဇ္ဇာသည် အဆင့်ဆင့်ထောက်ဆ၍ အထူးအပါးကွဲပြား၏။ ကုသိုလ်အကုသိုလ်မှန်းကိုမျှ မသိအောင် ဖုံးလွှမ်းထားသော အ၀ိဇ္ဇာသည် အလွန်ထူပိန်းသော အ၀ိဇ္ဇာတည်း။ ကုသိုလ် အကုသိုလ်မှန်း သိတတ်၍ အကုသိုလ်အချက်ပေါ်လာလျှင် `မတော်ပါတကား´ဟု ရှောင်ရှားတတ်၊ ကုသိုလ်ဟူသမျှကို ပြုတတ်လျှင် အ၀ိဇ္ဇာ အတော်ပါးလှပ်လေပြီ။ သို့သော် အ၀ိဇ္ဇာကင်းဖို့ အရေးမှာ များစွာဝေးပါသေး၏။ သောတာပန် သကဒါဂါမ် အနာဂါမ်အဖြစ်ရောက်၍ သစ္စာလေးပါးစသည်ကို ထွင်းဖောက်သိမြင်နိုင်သော်လည်း အ၀ိဇ္ဇာမှာ ပါးသည်ထက် ပါးရုံသာ ရှိသေး၏။ ရဟန္တာအဖြစ်ကျမှ အ၀ိဇ္ဇာအားလုံးကင်းလေသည်။ ဤနေရာဝယ် `သစ္စာလေးပါး စသည်ကို သိသည်´ ဟု ဆိုရာ၌ ယခုကာလ သင်္ဂြိုဟ်သရုပ်ခွဲသမားတို့ အသိမျိုးကဲ့သို့ သရုပ်ရေတွက်တတ်သော အသိမျိုးမဟုတ်၊ သရုပ်ရေတွက်တတ်မှုမှာ သညာသိ (အမှတ်သိ) မျိုးသာတည်း၊ ဉာဏ်သိမဟုတ်သေး။ ဉာဏ်ဖြင့် ဒုက္ခသဘော သမုဒယသဘော စသည်ကို သိမှသာ အသိဟု မှတ်ပါ။
အ၀ိဇ္ဇာကင်းသော်လည်း အကုန်မသိ။ ။ အ၀ိဇ္ဇာကင်း၍ ရဟန္တာဖြစ်သောအခါ လောကီ လောကုတ္တရာအားလုံးကို ကုန်စင်အောင် သိပြီဟု မမှတ်ရ၊ သိသင့်သိထိုက် သလောက် သစ္စာလေးပါးစသည်ကို သိခြင်းသာလျှင် လိုရင်းတည်း။ ရဟန္တာဖြစ်သော်လည်း ပဋိသမ္ဘိဒါပတ္တရဟန္တာ မဟုတ်လျှင် ပိဋကကို တမင်သင်ယူမှ တတ်နိုင်သည်။ ပိဋကတတ်သော် လည်း သူတစ်ပါး၏ အဇ္ဈာသယကို ကျနစွာမသိ၊ အာသယာနုသယဉာဏ် ဣန္ဒြိယပရော ပရိယတ္တိဉာဏ် သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူသော ဘုရားရှင်သာလျှင် သိဖွယ်အားလုံးကို ကုန်စင်အောင် သိမြင်တော်မူနိုင်သည်၊ ထိုကဲ့သို့ လောကီလောကုတ္တရာ အားလုံးကို ကုန်စင်အောင် မသိမြင်ခြင်းမှာ အ၀ိဇ္ဇာ၏ ဖုံးလွှမ်းမှုမဟုတ်၊ မိမိဉာဏ်၏ သတ္တိနည်းမှုသာ ဖြစ်သည်။ ဥပမာ- နေ့ခင်းကြောင်တောင်ဝယ် အဝေးမှာတည်သော ရူပါရုံကို မမြင်ခြင်းသည် အမှောင်၏ ကာကွယ်မှုကြောင့်မဟုတ်၊ မိမိစက္ခု၏ သတ္တိနည်းမှုသာ ဖြစ်သကဲ့သို့တည်း။
ဆက်ဦးအံ့- ဘုရားရှင်ကလွဲလျှင် အရှင်သာရိပုတြာသည် ဉာဏ်တော်အကြီးဆုံးတည်း။ ထိုအရှင်သာရိပုတြာသည်ပင် မိမိတပည့် ရဟန်းကလေးအား ကမ္မဋ္ဌာန်းအပေး မှားခဲ့ဘူး၏။ ရဟန်းကလေးကား ငယ်ရွယ်သူတည်း၊ `ငယ်ရွယ်သူ့ စိတ်ဓါတ်သည် ကာမဘက်၌ ညွတ်တတ်၏´ဟု နှလုံးပြု၍ အသုဘကမ္မဋ္ဌာန်းကို ပေးလေရာ၊ စရိုက်နှင့် မတဲ့သောကြောင့် လေးလပတ်လုံး အားထုတ်သော်လည်း တရားထူးမရ၊ နိမိတ်ကလေးမျှ မထင်၊ ထို့ကြောင့် ဘုရားရှင်အား အရှင်သာရိပုတြာက အကြောင်းကို လျှောက်ထားသောအခါ ငယ်ရွယ်သူပင် ဖြစ်သော်လည်း ဘ၀ငါးရာလောက် ရွှေပန်းထိမ်သည်ချည်း လုပ်ခဲ့ဘူး၍ နီမြန်းသော ရွှေများကို ကြည့်ရှုရဖန်များသောကြောင့် အဇ္ဈာသယနှင့်တန်အောင် ဘုရားရှင်က ပဒုမာကြာနီပန်းကို ဖန်ဆင်းပြလျက် အနိစ္စသဘောကို ဖော်ပြတော်မူလေသော် တနေ့ချင်းဖြင့် တရားပေါက်၍ ရဟန္တာအဖြစ်သို့ ရောက်လေသည်။ ထို့ကြောင့် ရဟန္တာဖြစ်ပါလျက် အားလုံးကို မသိခြင်းမှာ ဉာဏ်သတ္တိကုန်မှုကြောင့်သာ ဖြစ်၏။ အ၀ိဇ္ဇာဖုံးလွှမ်းမှုကြောင့် မဟုတ်။ အ၀ိဇ္ဇာ၏ ဖုံးလွှမ်းရာ ဌာနမှာ သစ္စာလေးပါးနှင့် ပုဗ္ဗန္တစသော တရားစုသာ ဖြစ်သည်ဟု မှတ်ပါ။
ဤမျှဖြင့် မောဟ၏ သဘောသဘာဝ ပေါ်လွင်ထင်ရှားပြီဟု ထင်ပါသည်။ အချုပ်မှာ မောဟသည် အမှန်ကို မသိသဖြင့် အမှားကိုသာ သိ၏-ဟုလည်း ဆိုနိုင်ပါသည်။ ဘာကိုမျှ မသိခြင်း-ဟုတော့ မဆိုနိုင်ပါ။ တနည်းအားဖြင့် မသိခြင်းမှန်သမျှ မောဟမဟုတ်ပါ။ မိမိမမြင်ဘူးသောသူ မရောက်ဘူးသောဒေသတို့၏ အမည်နာမစသည်ကို မသိခြင်းမျိုးသည် မောဟမဟုတ်ပါ။
အရှင်ကောဝိဒ (ယော)
်
No comments:
Post a Comment