Image by Swami Stream via Flickr
ခက်တော့ခက်သားဗျ.. ဘာခက်တာလဲလို့ မေးလာရင်တော့.. ပြောရမှာ ခက်တယ်လို့ပဲ ဆိုရတော့မှာပါ၊
မပြောပြန်ရင်လည်း အနာဂတ် သာသနာတော် အရေးကို မတွေးကြည့်မိသူ တာဝန်မကျေသူဖြစ်မယ်။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာ ကျမှာထက် သူတစ်ပါးကို မနာလိုလို့ပြောတယ် ဖြစ်မယ်။ “သူ့ထက်သာမနာလို ” ဆိုတဲ့ ဆောင်ပုဒ်ကို အကျယ်ချဲ့ပြီး ဘာဘာညာညာ ဆိုတာတွေ ပြောလာကြလိမ့်မယ်။ ဒါပေမဲ့ အခုဟာက မဟုတ်တာတွေ များလွန်းနေတယ်။
"စူနာမီဆရာတော် တရားကို နားလည်ချင်ရင် လွယ်ပါတယ်။ ခုပြောနေတဲ့  အရိယာဆိုတာလဲ ပညတ်ဘဲ။ အွန်လိုင်းလွှင့်တာ ပိတ်တယ် ဖွင့်တယ်ဆိုတာလဲ ပညတ်ဘဲ။ ချစ်မြတ်နိုးဆိုတာလည်း ပညတ်ဘဲ။ မဟာနာယက ဆရာတော်များသည်လဲ ပညတ်ဘဲ။ အင်တာနက် ဆိုတာလဲ ပညတ်ဘဲ။ လူဆိုတာလဲ ပညတ်ဘဲ။ ၃၁ဘုံဆိုတာလဲ ပညတ်ဘဲ။ ၅ပါးသီလတို့  ၀ိနည်းတို့ လဲ ပညတ်ဘဲ။ အပါယ်ငရဲလဲ ပညတ်ဘဲ။ ပညတ်တွေဆိုတာ ဘာမှမဟုတ်ဘူး။အဲတော့ စူနာမီဆရာတော်ပြောတာတွေဟာ ဘာမှမဟုတ်ဘူးလို့ မှတ်။ ဘာမှမဟုတ်မှတော့ ဘာမှကိုပြောနေစရာမရှိတော့ဘူး" တဲ့။
အဲဒီအချက်လေးကိုပဲ ဖတ်ကြည့်တယ် အရာအားလုံးပညတ်တွေပဲ ပညတ်မှန်သမျှ အကုန်ပယ်တဲ့တရားက စူနာမီတရားပဲဖြစ်မယ် ဘုရားရှင်ဟောတဲ့ တရားတော့ မဟုတ်ဘူး ဘုရားရှင်က ပညတ်နဲ့ ပါရမတ်ကို သူ့နေရာနဲ့သူ တန်ဖိုးထားတယ် တန်ဖိုးထားလို့လည်း မင်္ဂလသုတ်တော်ကြီးကို မြတ်စွာဘုရားဟောတာလေ၊ သေချာ တွေးကြည့်ပါ မဟာမင်္ဂလသုတ်တော် လို့ဆိုထိုက်တဲ့ မင်္ဂလသုတ်တော်မှာ ပထမဦးဆုံး ဟောတာက လူမိုက်ကို မပေါင်းသင်း မဆက်ဆံနဲ့လို့ ဟောတော်မူတာ၊ အကယ်စင်စစ် စူနာမီဟောသလို အရာအားလုံးဟာ ဘာမှမဟုတ်ဘူးဆိုဆိုရင် လူမိုက်ကို မပေါင်းရလို့ ဘုရားရှင် ဟောတော်မူမှာ မဟုတ်ပါ၊ သေချာလေးတွေးပါ။ ဘုရားသာသနာကိုဖျက်ဆီးသူထဲမှာ ကိုယ်ပါနေလားဆိုတာ၊ ပညာရှိကိုပေါင်းပါလို့ ဒုတိယမင်္ဂလာအနေနဲ့ ဘုရားရှင် ထပ်ပြီးဟောတယ်။ ပညာရှိဆိုတာ ပရမတ်လား ပညတ်လား စဉ်းစားပါ၊ အဲလိုပဲ လူမိုက် ဆိုတာကကော ပရမတ်လား၊ သေချာတွေးပါ၊ စူနာမီပြောသလို ဘာမှမဟုတ်တာချည်း ဆိုရင် အမိသတ်ကံ အဖသတ်ကံ ဆိုတာ ဘုရားဟောမှာ မဟုတ်ပါဘူး၊ အခုဟာက လူတွေကို လမ်းကြောင်းလွှဲနေတယ်၊ ဘုရားမဟောတာကို ဘုရားဟောလုပ်နေတယ်။ ဒီလိုအယူတွေသာပြန့်ပွားသွားရင် အနာဂတ်သာသာနာ ဘယ်လိုဖြစ်သွားမလဲ လာမဲ့ဗုဒ္ဓဘာသာမျိုးဆက်တွေဘာဖြစ်သွားမလဲ၊ ကျနော်ဖတ်ဖူးတဲ့ နတ်မှီတောရ ဆရာတော်ကြီးရဲ့ ဩ၀ါဒကိုသွားသတိရတယ် ဘာလဲဆိုတော့...
တစ်ခါတုံးက ၀က်သားအလွန်ကြိုက်တဲ့ ဒကာကြီးတစ်ယောက်က ဆရာတော်ကြီးဆီ အဖူးမြော် ရောက်သတဲ့။ ဒါနဲ့ဆရာတော်ကြီးက ဒကာကြီးလက်ထဲက ဘာလဲလို့ မေးတော့ အသားမစားတဲ့ ဆရာတော်ကြီး ကို ဒကာက အားနာဟန် တူပါတယ် ဖြေလိုက်ပုံလေးကတော့ သင်းပါ့။ ဘယ်လိုလဲ ဆိုတော့ ဘာမှမဟုတ်ပါဘူးဘုရား။ ဓာတ်ကြီးလေးပါး ပါပဲတဲ့လေ။ ဒီတော့ ဆရာတော်ကြီးက ပြန်မေးတယ် ဒကာတဲ့ ဒကာကြီးဈေးထဲမှာ ၀က်သားဝယ်တုံးက ဓာတ်ကြီးလေးပါး ငါးဆယ်သား ရောင်းပါလို့ ပြောပြီး ၀ယ်ခဲ့ လားတဲ့၊ ဒီဒကာကြီးဘာမှ မဖြေနိုင်တော့ ဘူးလေ၊ ဒီမှာတင် ဆရာတော်ကြီးမိန့်တာက။
"ပရမတ်အစစ်ကို မပေါက်ပဲ ပညတ်ကို ဖျောက်ရင် ခွေးရူးထက် ကြောက်စရာကောင်းတယ်" တဲ့ဗျာ။
ဒါလေး ဖတ်ဖူးကြပြီးသားပါ။ ပညတ်ဆိုပြီး ရမ်းမပယ်နဲ့။ အဲလိုသာ ရမ်းပယ်ရင် အရမ်းကို အပါယ်ရောက်သူတွေများလာ မှာသေချာတယ်။ မင်္ဂလ သုတ်တော်ကို သေချာနာ ပါ။ တွေးပါ ဆင်ခြင်ပါ။ ပညတ်တွေကို နေရာတိုင်း မပယ်တာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ ငါးပါးသီလ သူ့အသက်သတ်ခြင်း မှ သူရာမေရိယပုဒ် အထိက ပညတ်တွေကို ဘုရားမပယ်လို့ပဲ ပညတ်တော်မူထားခဲ့တာ နေရာတကာ လျှောက်ပယ်နေရင် မိဘ ဆိုတာလဲ ဓာတ်ကြီးလေးပါး ပညတ်ပဲ သတ်လို့ ဘာမှမဖြစ်ဘူး ဆိုတဲ့ အတွေးတွေ လုပ်ရပ်တွေအတွက် ဘယ်သူမှာ တာဝန်ရှိပါသလဲ။ အဲလောက်ထိ လောကကို အမှောင်ဖုံးစေနိုင်တဲ့ တရား၊ ဘုရားမဟောတာကို ဘာဖြစ်လို့ အဆန်းထွင် ဟောချင်နေရပါလိမ့်။
"ရှေးကဆရာတော်၊ သံဃာတော်တွေရဲ့ နည်းတွေဟာ လိုရင်းရောက်တဲ့ နည်းတွေမဟုတ်ဘူး၊ ရှေးကနည်းများအတိုင်း နည်းမှန်လမ်းမှန် အားထုတ်တဲ့ ယောဂီတွေဟာ လိုရင်းရောက်နိုင်မယ် မထင်ဘူး"
အထက်က စကားကိုလည်း စူနာမီကပြောခဲ့တယ် အခုလည်း ပြောနေတယ် ၊ ဘာကြောင့် အဲဒီလိုပြောလဲတော့ မသိ ကိုယ်တိုင်က ဘယ်လိုလဲမသိ။ မသိခြင်းပေါင်း များစွာနဲ့ ကျနော်တွေးနေမိတယ်။
ပုဂံခေတ်ကနေ ကနေ့အထိ ဗမာပြည်မှာ ရဟန္တာတွေ မဆိတ်သုဉ်းခဲ့ဘူး။ သာသနာတော် သမိုင်းကိုပဲ ကြည့်ကြည့် ။ အတ္ထုပတ္တိ ကျမ်းစာတွေလည်း ရှိနေပါတယ်။ ဓာတ်တော်တွေကို ဖူးတွေ့နေရဆဲ။ ဒါကို သိနေလျှက်ကယ်နဲ့ ရှေးက ဆရာတော်နည်း တွေက လိုရင်းမရောက်ဘူး ဆိုတော့ ဘာအကြောင်း ကိုထောက်ပြီး ပြောတာလဲ။ ယုံတဲ့သူတွေကလည်း ချင့်ယုံပါ။ အများမိုးခါးရေ သောက်တိုင်း ကိုယ် လည်း မိုးခါးရေ သောက်တယ်ဆိုတာ ဓမ္မဥပေဒသမှာမရှိဘူး။ ကိုယ်လုပ်တာ ကိုယ်ခံပဲ၊ တခြားဘယ်သူမှ ၀င်ပြီး အစားထိုးလို့ မရ ဘူး။ ဒါကို အဟုတ်မှတ်ပြီး အရူးဘုံမြှောက် လုပ်တဲ့အတွက် နောင်တ ရရလိမ့်မယ်။၊ ကိုယ်ကျော်ကြား လူသိများဖို့ သာသနာတော်ကို ခုတုံးမလုပ်သင့်ဘူး။ မာယာ သာဋ္ဌေယျတွေနဲ့ လူတွေကို မလှည့်ပတ် သင့်ဘူး၊ နောက်ပြီး စူနာမီဆရာတော်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ တပည့်တပန်းတွေဟာ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လူအများ နားလည်အောင် မိုးကုတ်ဆရာတော်ဘုရား နည်းပေးထားခဲ့တဲ့ မိုးကုတ်စက်ဝိုင်းတွေကို ဖင်ခုထိုင်ထားတယ်။ ဒါတွေကို တွေ့လိုက်ရတော့ … ဟာကနဲ ဖြစ်သွားတယ်။
မဟာပရိနဗ္ဗာန သုတ်တော်မှာ
"ချစ်သားအာနန္ဒာ ငါဘုရားမရှိတဲ့နောက် ငါဟောခဲ့တဲ့ တရားတော်တွေကို ငါ့ကိုယ်စား ကိုးကွယ်ရစ်ကြ"
လို့ တရားတော်တွေကို အရိုအသေ အလေးအမြတ်ပြုကြအောင် ဘုရားရှင်က သေသေချာချာ မိန့်မှာတော် မူခဲ့ပါလျှက်ကယ်နဲ့ ဒေသနာတရားကို ဖင်ခုထိုင်ပြပြီး စတန့်ထွင်တာကတော့ ဘုရားရှင်ကို စော်ကားသလို ဖြစ်နေတယ်။ အလားတူ တရားတော်ကို စော်ကားရာရောက်တယ်။ နောက်ပြီး ဒီတရားတော်တွေကို စောင့်ရှောက် ထိန်းသိမ်းထားတော် မူကြတဲ့ သံဃာတော်များ ကိုလည်း စော်ကားတာပါပဲ။
အဲဒီလို ရတနာသုံပါးကို အဖန်တလဲလဲ စော်ကားနေသူကိုမှ ဆရာတင်ပြီး ကိုးကွယ်ရာမှားလိုက်နေကြတဲ့ သူများ အချိန်မီ ပြုပြင်သင့်ပါတယ်။ မဟုတ်ရင် ကိုယ့်သား ကိုယ့်သမီး၊ ကိုယ့်မြေး၊ နောင်လာမဲ့ မျိုးဆက်အတွက် အဆိပ်ထက် ကြောက်စရာ ကောင်းတဲ့ မိစ္ဆာအယူကို ကိုင်စွဲပြီး လောကကို ဖျက်ဆီး လာလိမ့် မယ်၊ အဆိပ်သင့်တာက တစ်ဘ၀ပဲသေတယ်။ အယူဝါဒမှားရင် သံသရာအဆက်ဆက် မှောင်နေတဲ့ ဘ၀ကို ဖန်တီးတဲ့သူတွေက တစ်ခြားသူတွေမဟုတ်ပဲ ကိုယ်တိုင်ပဲဖြစ်ပါ လိမ့်မယ်။
အချိန်မီ အမှန်တရားကို သိကြပါစေ။

လေးစားစွာဖြင့် ဥပသကာ
ဆရာတော်အရှင် ဦးဝရသာမိဘုရား (သို့) ထေရ၀ါဒမြတ်နိုးသူ တပည့်ဒါယိကာအပေါင်းတို့ ခင်ဗျား-
ReplyDeleteတပည့်တော်ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။
ဆူနာမီဆရာတော်ရှင်းပြချက် တရား ၉ ပုဒ်ပါဘုရား။
အောက်ပါလင့်လေးမှာပါဘုရား။
http://www.mediafire.com/?sharekey=19aabee74b2877695a3d773badf21430859762455ffca24384bbec0582a7e90e
သေသေချာချာနားဆင်ပေးစေလိုပါတယ်ဘုရား..
ဆူနာမီဆရာတော်ဟာ ပညတ်များကို ပယ်ခိုင်းနေတာလား။ ဒါမှမဟုတ် ပညတ်များအပေါ် ငြိတွယ်နေသည့် သမုဒယသစ္စာ ဥပါဒါန်အစွဲများကို မှန်မှန်ကန်ကန် စွန့်လွှတ်နိုင်စေရန် (သို့) ၀ိပဿနာဥာဏ် အစစ်များဖြစ်ပေါ်ရေး မှန်မှန်ကန်ကန်နှလုံးသွင်းတတ်စေရန် နည်းလမ်းပေးနေတာလားဆိုတာ ကွဲကွဲပြားပြား သိရှိနိုင်ရန်အတွက် သေသေချာချာ နားဆင်ပေးစေလိုပါတယ်ဘုရား။
ရှိခိုးဦးခိုက်လျှက်
သစ္စာ