Showing posts with label အရှင်တိက္ခဥာဏာလင်္ကာရ. Show all posts
Showing posts with label အရှင်တိက္ခဥာဏာလင်္ကာရ. Show all posts

February 26, 2010

မြန်မာပြည်တွင်ဖွင့်လှစ်မည့် ဆန်းဒေးစကူးလ်ကျောင်း

Dr Phyo Wai Kyaw | 12:54 PM | | Be the first to comment!
Country school near Portsmouth, Ohio (LOC)Image by The Library of Congress via Flickr
မြန်မာ သီရိလင်္ကာ ဆက်ဆံရေး သမိုင်းကြောင်းက နှစ်တွေကြာမြင့်ခဲ့ပါပြီ၊ သီရိလင်္ကာ နိုင်ငံက အဋ္ဌကထာတွေ မြန်မာပြည်ကို သယ်ယူခဲ့တဲ့ အစဉ်အလာ ရှိသလို သီရိလင်္ကာ သာသနာ ညှိုးမှိန်ချိန်မှာလဲ မြန်မာပြည်ကိုလာပြီး စာပေသင်ယူခဲ့၊ ရဟန်းခံပွဲကျင်းပခဲ့တာ အထင်အရှားပါ၊ ဒါကြောင့် ယနေ့မျက်မှောက်ခေတ် သီရိလင်္ကာနိုင်ငံရဲ့ သံဃာဂိုဏ်းတွေကို ပြန်ကြည့်ရင်… ရာမညနိကာယ(မြန်မာပြည် မွန်ပြည်နယ်ကလာပါတယ်)

အမရပူရ နိကာယ(မြန်မာပြည် အမရပူရက လာတယ်) ရွှေကျင်နိကာယ(မြန်မာပြည် မန္တလေးကလာတယ်) ဒီလို မျက်မှောက်ခေတ်မှာ ထင်ရှားတဲ့ ဂိုဏ်းကြီးတွေကို ထောက်ဆရင် သီရိလင်္ကာ မြန်မာ ဆံဆက်ရေးကို သတိမူမိပါလိမ့်မယ်၊

အခုလဲ ဘာသာရေးအမွေပေးပုံ စနစ်တကျရှိတဲ့ သီရိလင်္ကာ ဆန်းဒေးစကူးလ်ကျောင်းကို မြန်မာပြည်ကို သယ်သွားပါမယ်၊ ဆန်းဒေးစကူးလ်ကျောင်း မဖွင့်ခင် သီရိလင်္ကာပြန် သံဃာတော်များ စုပေါင်းပြီး အစည်းအဝေးတစ်ခု စလုပ်ပါမယ်၊အစည်းအဝေးမှာ….

ဘုန်းတော်ကြီးကျောင်းတိုင်း ရပ်ကွက်တိုင်းမှာ ဆန်းဒေးစကူးလ်ကျောင်းထားရှိဖို့၊
အရွယ်ရောက် ကလေးတိုင်း ဆန်းဒေးစကူးလ်ကျောင်း တက်ရောက်ဖို့၊
ဆန်းဒေးစကူးလ်ကျောင်း ရေရှည်တည်တံ့ရေးအတွက် နိုင်ငံတော်က ဦးဆောင်ဖွင့်လှစ်ပေးဖို့၊

ပြဋ္ဌာန်းကျမ်းစာအုပ်များ သာသနာရေး ၀န်ကြီးဋ္ဌာနက ရိုက်နှိပ်ပြီး အခမဲ့ဖြန့်ဝေဖို့၊
ဆန်းဒေးစကူးလ်ကျောင်းသား ကျောင်းသူများအတွက် တူညီဝတ်စုံသတ်မှတ်ဖို့၊
ဆန်းဒေးစကူးလ်ကျောင်း ထောက်ပံ့ရေးအတွက် အလှူရှင်တွေအသင်းဖွဲ့စည်းဖို့၊
ဆန်းဒေးစကူးလ် နာမည်နဲ့ တီဗီ ချန်နယ်လ်တစ်ခု တည်ထောင်ဖို့၊
ပြဋ္ဌာန်းကျမ်းစာများ သတ်မှတ်ဖို့…အဆိုတင်သွင်းမှာပါ၊ ဒီအစည်းအဝေး သဘောတူညီချက်ကိုမှ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနဲ့ သာသနာရေးဝန်းကြီးဋ္ဌာနကို လျှောက်ထားတင်ပြပါမယ်၊

ဆန်းဒေးစကူးလ်ကျောင်းရဲ့ လုပ်ထုံး လုပ်နည်းတွေ အတည်ဖြစ်ပြီဆိုမှ ဆန်းဒေးစကူးလ်ကျောင်းကို စတင်ဖွင့်လှစ်ပါမယ်၊ ဆန်းဒေးစကူးလ်ကျောင်း စတင်ဖွင့်လှစ်တဲ့ပွဲမှာ ရပ်မိ ရပ်ဖများနဲ့ ဒေသခံ ဆရာတော်များ၊ လူကြီးလူကောင်းများကို ဖိတ်ကြားတက်ရောက်စေပါမယ်၊အဲဒီဖွင့်ပွဲမှာ သတင်းစာဆရာများ ၊ ဂျာနယ်လစ်များ၊ ဘလော့ဂါများကိုလဲ ဖိတ်ကြားတက်ရောက်စေမှာပါ၊

တောင်ပေါ် မြေပြန့်မကျန် ဆန်းဒေးစကူးလ်ကျောင်းများဖွင့်လှစ်နိုင်ဖို့ မြေပြန့်သံဃာအဖွဲ့အစည်းနဲ့ အာဏာပိုင်တို့ရဲ့ အကူအညီကို ရယူပါမယ်၊ တောင်ပေါ် နယ်စပ်တွေမှာ ဖွင့်လှစ်နိုင်ဖို့ တောင်တန်းဒေသ သာသနာပြုစင်တာကြီးကို တင်ပြလျှောက်ထားရပါမယ်၊
လုံလောက်တဲ့ သဘောတူညီမျှတဲ့ သင်တန်းဆရာများရရှိဖို့ ဆရာဖြစ်သင်တန်းကို ဖွင့်လှစ်ပါမယ်၊ ဆရာဖြစ်သင်တန်းဆင်းလက်မှတ်ရရှိတဲ့ သံဃာတော်များ လူဆရာများကိုသာ သင်တန်းဆရာအဖြစ် ခန့်အပ်မှာပါ၊

လုံလောက်တဲ့ ဘဏ္ဍာငွေ ရရှိဖို့ စေတနာထက်သန်ပြီး မျိုးချစ်စိတ်ရှိတဲ့ ကုမ္ပဏီတွေကို အကူအညီတောင်းကြရမယ်၊ပြီးတော့ ဆန်းဒေးစကူးလ် စုဗူးငွေအဖြစ် တအိမ်ကို ငါးကျပ် တစ်ဆယ်နှုံး ကောက်ခံထားရှိပါမယ်၊လစဉ် စုဗူးငွေ အလှူရှင်များစာရင်းကို ဆန်းဒေးစကူးလ်ကျောင်း သတင်းနှင့်ပြန်ကြားရေးကော်မတီက ထုတ်ပြန်ကြေငြာပေးမှာဖြစ်ပါတယ်၊

အရွယ်ရောက်ကလေးတိုင်း ဆန်းဒေးစကူးလ်ပုံမှန်တက်လို့ စာမေးပွဲတွေပုံမှန်ကျင်းပနိုင်ပြီဆိုရင် ဆန်းဒေးစကူးလ်ကျောင်းသား ကျောင်းသူများ ဒေသန္တရ ဗဟုသုတရရှိဖို့ ပုဂံလို ဒေသမျိုးကို ခရီးထွက်စေပါမယ်၊ပြီးတော့ ဆန်းဒေးစကူးလ်ကျောင်းများရဲ့ လိုအပ်ချက် အားသာချက်တွေကို ညှိနှိုင်းဆွေးနွေးဖို့ တနှစ်တကြိမ် ဆန်းဒေးစကူးလ်အစည်းအဝေးကျင်းပပေးရပါမယ်၊
လောလောဆယ် မိမိမဖွင့်လှစ်ခင် ဆန်းဒေးစကူးလ်ကျောင်းပုံစံ သင်ကြားပေးနေကြတဲ့ ကျောင်းအားလုံးကိုလဲ ပူးပေါင်းပါဝင်ဖို့ ညှိနှိုင်းရပါအုံးမယ်၊

ဒီထက်ပိုပြီး ဘဏ္ဍာငွေတောင့်တင်းရင် ဆန်းဒေးစကူးလ်ကျောင်းဖွင့်လှစ်နေတဲ့ ဗုဒ္ဓဘာသာနိုင်ငံတွေကို ထူးချွန်ဆန်းဒေးစကူးလ်ကျောင်းသား ကျောင်းသူများကို လိုက်လံပို့ဆောင်ပေးပါမယ်၊
နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းတွေ ၊သာသနာပြန့်ပွားပုံသမိုင်းတွေ၊ ၎င်းနိုင်ငံတွေရဲ့ သမိုင်းကြောင်းတွေကို ပြဋ္ဌာန်းကျမ်းစာရေးဆွဲ ကတည်းက စတင်ထည့်သွင်းထားရပါမယ်၊

ပြည်တွင်းမှာလဲ ဆန်းဒေးစကူးလ်ကျောင်းသား ကျောင်းသူများ ကိုယ့်ဘ၀ကိုယ် ရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေဖွင့်လှစ်ပြီး ဆန်းဒေးစကူးလ်ကျောင်းက ကမကထ တည်ထောင်ပေးထားမယ်၊ ရလာတဲ့ငွေကို သူတို့ဘ၀ ရှင်သန်ရပ်တည်ရေးနဲ့ ဆန်းဒေးစကူးလ်ကျောင်းများ ရေရှည်တည်တံ့ရေး အတွက် အသုံးပြုရပါမယ်၊

ဒါတွေကတော့ မြန်မာပြည်မှာ တည်ထောင်ချင်တဲ့ ဆန်းဒေးစကူးလ်ကျောင်းပုံစံတွေပါ၊ စိတ်ကူးထဲက ဆန်းဒေးစကူးလ်ကျောင်းတွေကတော့ တကယ့်ကို သာယာလှပလို့၊ အသိဥာဏ်တွေ ဖြန့်ဝေတဲ့ Knowledge Centre ဖြစ်လို့ပေါ့။ ဘယ်တော့လောက် စဖြစ်မလဲ တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတာကတော့ စိတ်ကူးထဲက အတွေးပဲရှိသေးတာမို့ သေချာမပြောနိုင်ပါဘူး၊

ဒီထက်ကောင်းမွန်တဲ့ အကြံ အဥာဏ်တွေကိုလဲ ဆက်ပြီးတောင်းဆိုရပါအုံးမယ်၊ တခါတရံ စိတ်ကူးထဲကဖြစ်ချင်တာတွေဟာ ဖြစ်နိုင်ချေဆိုတာနဲ့လဲ ချိန်ထိုးရသေးတာကိုး၊ဘယ်လိုပဲဖြစ်ဖြစ် သီရိလင်္ကာယဉ်ကျေးမှုနဲ့ ဘာသာရေးအမွေပေးပုံအကြောင်း ရေးသားရင် တွေးမိတဲ့အတွေးလေးတွေကို ဖြန့်ဝေခြင်းမျှသာပါ။ သို့သော်… ဒါပေမယ့်..မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလားလို့ပဲ မေးရမလား၊ လုပ်နိုင်ပါတယ် မပြောနဲ့ လက်တွေ့လုပ်ပါ လို့ပဲ ဆိုရမလားဆိုတာကတော့………….။ ။

အရှင်တိက္ခဥာဏာလင်္ကာရ
Reblog this post [with Zemanta]
Read more ...

February 24, 2010

သီရိလင်္ကာယဉ်ကျေးမှုနှင့်ဘာသာရေးအမွေ -၄(အရှင်တိက္ခဥာဏာလင်္ကာရ)

Dr Phyo Wai Kyaw | 9:18 PM | | Be the first to comment!
သီရိလင်္ကာ ကလေးငယ်များဟာ ဒီလို ဘုရားရှိခိုး၊ ဩ၀ါဒခံယူ၊ ဗုဒ္ဓစာပေတွေ သင်ကြားရတာ တစ်ရက်မဟုတ် တပတ်မဟုတ် ဆယ့်သုံးနှစ် တိတိကြာမြင့်တယ်။ နှစ်များစွာ ဗုဒ္ဓတရားများနဲ့ ထိတွေ့နေရတော့ ကလေးများရဲ့ ဘာသာချစ်စိတ် လူမျိုးချစ်စိတ်တွေ ခေါင်းထဲမှာ သံမှိုနှက်ထားသလို စွဲမြဲကုန်တယ်၊ ဗုဒ္ဓ၀ါဒ အခြေခံ အုတ်မြစ်လဲ ခိုင်မာသွားပါတော့တယ်။ အံ့ဩစရာ ဘာသာရေးကောင်းမွေ ပေးခြင်း မဟုတ်ပါလား၊

သီရိလင်္ကာကလေးငယ်တွေဟာ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ရောက်ရောက် ဘာသာကူးပြောင်းတယ်ဆိုတာ မရှိသလောက် ရှားပါးတယ် လို့ သီရိလင်္ကာဘုန်းကြီး တစ်ပါးက ပြောပြတော့ အော်.. ငါတို့မြန်မာတွေလဲ ဒီလိုလေးတွေ လုပ်ပေးနိုင်ရင် ဘယ်လောက် ကောင်းမလဲဆိုတဲ့ အတွေးများ တဖွားဖွား ဖြစ်မိတာတော့ အမှန်ပါပဲ၊

ကလေးငယ်များဟာ ဘုန်းတော်ကြီးများရဲ့ ဩ၀ါဒခံယူ ၊ဗုဒ္ဓစာပေတွေကိုလဲ နှစ်များစွာသင်ကြားခွင့်ရလေတော့ ဗုဒ္ဓဘာသာကျင့်ဝတ်တွေမှာလဲ ကျွမ်းကျင်ကြတယ်၊ ဘုရားလောင်းစိတ်ဓာတ်ကိုလဲ ခရေစေ့တွင်းကျ သိကြတယ်၊ သူတို့ရဲ့ ဘာသာသွေးများက ရဲရဲတောက် နီရဲလို့နေပါတယ်၊


နိုင်ငံတော်အစိုးရ ကိုယ်တိုင်ကလည်း ဆန်းဒေးစကူးလ်ကျောင်းကို မတက်မနေရ စည်းမျဉ်းသတ်မှတ်ထားတော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားဖြစ်ကုန်ပါတော့တယ်၊
သမ္မတတွေ ဘယ်လိုပြောင်းပြောင်း သေချာတာတစ်ခုကတော့ တက်လာတဲ့သမ္မတတိုင်းက ဆန်းဒေးစကူးလ်ကျောင်းတွေကို အားပေးခြင်းပါ၊ ဆန်းဒေးစကူးလ်ကျောင်း အောင်လက်မှတ်ရဲ့ တန်ဖိုးကလဲ မနည်းလှ၊ အလုပ်လျှောက်တဲ့အခါမှာတောင် ဆန်းဒေးစကူးလ်ကျောင်း အောင်လက်မှတ်ပြနိုင်မှ အလုပ်ရတယ်လို့ ဆိုပါတယ်၊ ထိပေစွ မိပေစွ စည်းကမ်းများပဲ မဟုတ်ပါလား။

နောက်ထပ်မြတ်နိုးစရာ ကောင်းတဲ့ အလေ့အထတစ်ခုက ဘာသာရေးပွဲတော်များ၊ အိမ်မှာပြုလုပ်တဲ့ အလှူမင်္ဂလာအခမ်းအနားများမှာ ကလေးငယ်များဟာ သံဃာတွေနဲ့ အနီးဆုံးနေရာမှာ ထိုင်ခွင့်ပေးခြင်းပါပဲ၊ အမိမြန်မာပြည်မှာတော့.. ဟဲ့ ကလေး မငိုနဲ့နော်.. ငိုရင် ဘုန်းကြီးက ရိုက်လိမ့်မယ်လို့ မေမေများက ပြောကြလေတော့.. ဘုန်းကြီးနဲ့ ကလေးကို ရန်တိုက်ပေးသလို ဖြစ်ကုန်တော့တာပါ၊

တကယ်ဆိုတော့ ဘုန်းကြီးဆိုတာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးတဲ့ သူတော်စင်တွေပါ၊ ကလေးတွေကို ရိုက်နှက်တတ်တဲ့ လူကြမ်းကြီးများ မဟုတ်ပါဘူး၊
သံဃာတော်များကို ဆွမ်းလိုက်စရာ ဟင်းလိုက်စရာရှိရင်လဲ ကလေးငယ်များကိုပဲ ဦးစားပေးလိုက်ခိုင်းကြတာတွေ့ရတယ်၊ အောက်ထစ်ဆုံး အလှူပြီးလို့ ရေစက်ချတော့မယ်ဆိုရင်တောင် ကလေးငယ်များကို ရေစက်ခွက် ကိုင်ခိုင်းကြတယ်။

ကလေးငယ်များကိုယ်တိုင်လဲ ဆန်းဒေးစကူးလ်က သင်ပေးလိုက်တဲ့ ဣဒံ မေ ဥာတီနံ ဟောတု သုခိတာ ဟောန္တု ဥာတယော ဆိုတဲ့ ရေစက်ချ စာတမ်းကို ကိုယ်တိုင် ဆိုပြီး ရေစက်ချနိုင်ကြတာတွေ့ရတော့…တကယ့်ကို ပီတိဖြစ်စရာကြီး ဖြစ်နေပါတော့တယ်၊

သံဃာတော်များကို မြင်ရင် သူ့တို့လေးတွေဟာ ကြောက်ရွံ့မနေဘဲ စာဓု စာဓုလို့ အော်ခေါ်ကာ အပြုံးနဲ့ နှုတ်ခွန်းဆက်တတ်ကြတယ်၊ ဓာတ်ခံကောင်းတဲ့ ကလေးငယ်တွေကို ဓာတ်ကောင်းလေးတွေဖြည့်စီးပေးနိုင်တော့ ကလေးများနဲ့ သံဃာများဟာ တကယ့် မဟာမိတ်ကြီးတွေ အဖြစ်ရပ်တည်နိုင်တယ်၊


ဘာသာရေးဓာတ်ကောင်းတွေ ကိန်းနေတဲ့ ကလေးငယ်များရဲ့ နှလုံးသားဟာ ပိုမိုဖြူစင်တောက်ပလာတော့တာပါ၊ ဒါကြောင့်ထင်ရဲ့ သူတို့ကို ကြည့်ရတာ အမြဲပြုံးနေတာကိုပဲ တွေ့ရတယ်၊ အသားမည်းပေမယ့် အသဲဖြူတယ်ဆိုတာ သီရိလင်္ကာလူမျိုးတွေကို ပြောကြဟန်တူရဲ့လို့လဲ တွေးမိပါတယ်၊

မဟာဂန္ဓာရုံ ဆရာတော်ကြီးကတော့ အနာဂတ်မြန်မာပြည်သာသနာအတွက် မျှော်လင့်ချက်လေးကို ဒီလို ဥဒါန်းကျူးရင့်တော်မူခဲ့တယ်။
ဒို့မြေဌာနီ ရှေးခါဆီဝယ်
မထေရ်အပေါင်း စံရာကျောင်းမှ
ငြိမ့်ညောင်းသာယာ မိန့်အာဏာကို
ရပ်ရွာလူများ လွန်လေးစားခဲ့။

ခုကားသို့နှယ် မဟုတ်ကွယ်၍
နယ်ပယ်ပေါက်ဖွား အမျိုးသားတို့
ဘုန်းဘရားကျောင်းတွင် စာမသင်တော့၊
ဤသည့်တိုင်းသာ နှစ်ပေါင်းကြာလျှင်
မြန်မာတိုင်းဖွား အမျိုးသားတို့
ဘုရားကိုစွန့် တရားစွန့်၍
စွန့်လိမ့်မှန်စွာ မြတ်သံဃာတည်း။

သို့တွက်များပြား ဘုန်းဘုရားတို့
တရားကိုကျင့် လုံအောင်ကျင့်၍
မလင့်စေရ ကိုယ့်ဒေသ၌
သိပ္ပံ ၀ိဇ္ဇာ ပြသင့်ရာကို
ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ
ဘုန်းလှိုင်ဟောပြ ဩ၀ါဒကို
စိတ်ကကြည်ဖြူ လိုက်နာယူလျှက်
ကိုယ်မှုနှုတ်ပြောင်း စိတ်လည်းကောင်း၍
နောက်နှောင်း သာသနာ
ပြည်မြန်မာသည်၊
ရှည်ကြာနေသို့ ထွန်းမည်ကိုး။ ။

သီရိလင်္ကာ ဆန်းဒေးစကူးလ်နောက်ကွယ်က အဓိပ္ပာယ်ပြည့်နှက်နေတဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို လေ့လာခွင့်ရတော့.. အော်မြန်မာပြည်မှာလဲ ဒီလို ဆန်းဒေးစကူးလ်တွေ တည်ထောင်နိုင်မယ်ဆိုရင် မြန်မာတိုင်းဖွား ရင်သွေးငယ်များရဲ့ အနာဂတ်လေးတွေ သာယာလှပနေမယ်ဆိုတာ စဉ်းစားမိနေရဲ့။ ။
ဆက်ပါအုံးမည်…

အရှင်တိက္ခဥာဏာလင်္ကာရ
Read more ...

February 23, 2010

သီရိလင်္ကာယဉ်ကျေးမှုနှင့် ဘာသာရေးအမွေ-၃

Dr Phyo Wai Kyaw | 11:19 PM | | | Be the first to comment!

ဆန်းဒေးစကူးလ်ကျောင်းမှာ အတန်းဆယ့်သုံးတန်း ခွဲခြားထားတယ်။ ပြဋ္ဌာန်းကျမ်းစာများကို စုစည်းလိုက်တဲ့အခါ ........

ငါးရာငါးဆယ်လာ ဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်များ၊ ယင်းအကြောင်းအရာများကို ရေးဖွဲ့ထားသည့် ကဗျာများ ၊ ပါရမီဆယ်ပါး အကြောင်း၊ ဒါန သီလစသော ပုညကိရိယ၀တ္ထုဆယ်ပါးတို့၏ အဓိပ္ပာယ်၊ ဘုရား ဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်း၊ ပရိတ်ကြီးပါဠိနှင့် အဓိပ္ပာယ်၊ သုတ္တနိပါတ ပါဠိတော်လာ မှတ်သားဖွယ်ရာ တရားတော်များ၊ သီရိလင်္ကာ ဗုဒ္ဓဘာသာ သမိုင်း၊ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ရှေးဟောင်း ယဉ်ကျေးမှု ဗိသုကာ အကြောင်း၊ ရှေးဘုရင်တို့၏ အောင်ပွဲနှင့် စစ်သူကြီးများ၏ အစွမ်းသတ္တိကို ဖော်ပြထားသည့် ရာဇ၀င်များ ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ ကွဲပြားခြားနားပုံ၊ ဗုဒ္ဓဘာသာဝင် နိုင်ငံတို့၏ ပထ၀ီအနေအထား၊ ၎င်းနိုင်ငံများသို့ သာသနာ ပြန့်နှံ့ပုံများကို သင်ကြားပေးပါတယ်၊

ဆင်ဟာလိဘာသာ စကားသက်သက်ဖြင့် သင်ကြားခြင်း မဟုတ်ဘဲ အတန်းအလိုက် အင်္ဂလိပ်လိုပါ သင်ကြားပေးတာကို တွေ့မြင်ရတယ်၊ အချို့ ဆန်းဒေးစကူးလ် ကျောင်းများမှာ အင်္ဂလိပ်စာ ဒီပလိုမာတန်းကိုပါ ဖွင့်လှစ်သင်ကြားပေးနေကြပါပြီ။

ဆန်းဒေးစကူးလ်ကျောင်းများ ရေရှည်တည်တံ့ဖို့ ရည်ရွယ်ကာ အတန်း အသီးသီးက ပြဋ္ဌာန်းကျမ်းစာအုပ်ကို သီရိလင်္ကာနိုင်ငံ သာသနာရေး ၀န်ကြီးဋ္ဌာနက ရိုက်နှိပ် ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေပေးခြင်းပါပဲ။ ဆန်းဒေးစကူးလ် စာမေးပွဲများကို နိုင်ငံတော်က ကမကထပြုလုပ် ကျင်းပပေးတာ ဟာလဲ ဘာသာရေး ကောင်းမွေပေးရာမှာ ကလေးများရဲ့ တန်ဖိုးကို လေးလေးနက်နက် အသိအမှတ် ပြုပေးခြင်း တစ်မျိုးလို့ ဆိုနိုင်ပါမယ်။

ဆန်းဒေးစကူးလ် ကျောင်းသား ကျောင်းသူများဟာ တနင်္ဂနွေနေ့ ရောက်ပြီဆိုရင် မနက် ၇ နာရီမှာ ကျောင်းကိုရောက်အောင် လာကြရတယ်၊ ကျောင်းတက်တဲ့အခါမှာလဲ အထက်အောက် နှစ်ခုစလုံး အဖြူရောင်ဝတ်စုံများကို ရိုးရာဓလေ့အတိုင်း ၀တ်ဆင်ကြ ရတယ်၊ ယောင်္ကျားလေးများအတွက် လည်ကတုံး လက်ရှည် အင်္ကျီကိုဝတ်ဆင်ရပြီး။ မိန်းခလေးများအတွက် ဆာရီရိုးရာ အဖြူဝတ်စုံကို ၀တ်ဆင်ကြရပါတယ်။ ခေတ်ပေါ် အ၀တ်အစားများ လက်ဝတ်ရတနာများ အကြောင်အကြား အရောင်များကို လုံးဝ ၀တ်ခွင့်မပြုပါဘူး။


ဒီလို စည်းကမ်းသတ်ပေးခြင်းဖြင့် ကလေးငယ်များ ဂုဏ်တု ဂုဏ်ပြိုင်ဝတ်စားဆင်ယင်မှု ကင်းဝေးပြီး ညီညွတ်မှုပိုဖြစ်စေတယ်လို့ ယုံကြည် ထားကြတာပါ။ ဆင်းရဲလဲ ဒီလိုအဖြူရောင်၊ ချမ်းသာလဲ ဒီလို အဖြူရောင်လေးကိုပဲ ၀တ်ဆင်ကြရတယ်။

ကလေးများရဲ့စိတ်မှာ ဗုဒ္ဓစာပေ ယဉ်ကျေးမှုကို သင်ယူခြင်းကသာ ဆန်းဒေးစကူးလ်ကျောင်းရဲ့ အဓိကအချက်ဆိုတာကိုလဲ အလိုလို နားလည်နေပါတယ်။

ဘုန်းကြီးကျောင်းများကို ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများဟာ ကျောင်းဝင်းအတွင်းမှာ စိုက်ပျိုးထားတဲ့ ပန်းပင်များမှ ပန်းများကိုခူးယူ ရေဆေးပြီး ဗောဓိပင်များမှာ ထားရှိတဲ့ ပန်းတင်ခုံပေါ်မှာ စီတန်းထားခြင်းဖြင့် ပူဇော်ကြတယ်။ တချို့ ကလေးများကတော့ မိမိတို့အိမ်မှာ အမွှေးတိုင် ဖယောင်းတိုင်များကို ယူဆောင်လာပြီး ဗောဓိပင်ခြေရှိ ပန်းတင်ခုံ ဆီးမီးတင်ခုံပေါ်မှာ ထွန်းညှိပူဇော်ကြတယ်။ (သီရိလင်္ကာ လူမျိုးတွေရဲ့ ဗောဓိပင်ပေါ်ထားရှိတဲ့ ရိုသေလေးမြတ်မှုကို သီးသန့် ရေးပါအုံးမယ်)။

စာသင်ခန်းမ၀င်မှီ မနက် ၈ နာရီ သုံးဆယ်မှာ ဩ၀ါဒ ခံယူပွဲ ကျင်းပတယ်။ ဩ၀ါဒခံယူပွဲ မစမှီ နိုင်ငံတော်သီချင်း၊ ဆန်းဒေးစကူးလ် သီချင်းတွေကို စီတန်းသီဆိုရတယ်၊ နိုင်ငံချစ်စိတ် ဘာသာချစ်စိတ် ၀င်လာအောင် လုပ်ဆောင်ပေးခြင်းပါပဲ။

တန်းစီနေသည့်ကျောင်းသား ကျောင်းသူများထဲမှ ဆယ်ယောက် ဆယ်ငါးယောက်ခန့်က အမွှေးတိုင် ပန်းခြင်းများကို စုပေါင်း သယ်ဆောင်လာပြီး ကျောင်းသား ကျောင်းသူတိုင်းကို လက်နဲ့ တို့ထိစေပါတယ်၊ ပြီးရင် ဗောဓိပင်မှာ ကပ်လှူပူဇော်ပြီး ဣတိပိသော ဘဂ၀ါ စတဲ့ ဘုရားဂုဏ်တော် ။ သွက္ခာတ စတဲ့တရားဂုဏ်တော်နဲ့ သုပ္ပဋိပ္ပန္နစတဲ့ သံဃာဂုဏ်တော်ကို သံပြိုင် ရွတ်ဆို ပူဇော်ကြတယ်၊ ပြီးရင် ငါးပါးသီလ ခံယူ ဆောက်တည်ကြပါတယ်၊(ကလေးများရဲ့ ဘုရားစာရွတ်ဖတ်သံဟာ မနက်ခင်းရဲ့ ကျက်သရေကို ပိုပြီးအလှဆင်နိုင်သလို ကြားရသူတို့ ဟဒယနှလုံးမှာလဲ ပီတိဖုံးစရာ ကောင်းလှပါတယ်၊)

ဒီအစီအစဉ်တွေ အားလုံးပြီးမှ ရဟန်းတစ်ပါးရဲ့ အထံကနေ ဩ၀ါဒ ခံယူကြတယ်.မတ်တပ်ရပ်ပြီး နားထောင်ရတဲ့ ဒီဩ၀ါဒပေးပွဲဟာ လေးဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပါတယ်၊ ပြီးမှ စာသင်ခန်းအသီးသီးကို ၀င်ရောက်ပြီး သင်ခန်းစာများ လေ့လာသင်ယူရပါတယ်၊

နေ့လည် ၁၁ နာရီအချိန်မှာ အားလပ်ချိန် ဆယ်မိနစ်ခန့် ပေးပါတယ်။ အားလပ်ချိန်အတွင်းမှာ ကလေးများအားလုံးကို ပေါင်မုန့် လက်ဘက်ရည် စတဲ့ သရေစာကျွေးမွေးတယ်။ အလှူရှင်ရှိလျှင် အလှူရှင်များက လှူဒါန်းပြီး အလှူရှင် သီးသန့်မရှိပါက ကျောင်းထိုင်ဘုန်းကြီးက ကျွေးမွေးရတယ်။

ဆယ်မိနစ်ခန့်နားပြီး စာသင်ခန်းအတွင်းပြန်ဝင်ကာ စာသင်ယူကြရပြီး နေ့လည် ၁၂ နာရီခွဲမှာတော့ စာသင်မှုပြီးဆုံးသွားပါတယ်။ သင်တန်းပြီးဆုံးချိန်မှာတော့ ကျောင်းသားကျောင်းသူ အားလုံးဟာ ဗောဓိပင်ရှိရာ မျက်နှာမူပြီး မေတ္တာပို့ အဲဒီနောက်မှ ဗောဓိပင်ကို ပူဇော်ရပါတယ်။ ဒီလိုပူဇော်ပြီးမှသာ စာသင်ခန်းအတွင်းက ထွက်ခွါခွင့်ရကြတယ်။ စာသင်ခန်းကထွက်ခွါသွားတဲ့ သူတို့လေးတွေရဲ့ ခြေလှမ်းတိုင်းမှာ ဘာသာရေးအရိပ်အငွေ့လေးတွေ တွယ်ငြိသွားတာ တကယ့်ကို ကျေနပ်စရာပါ၊ ။

ဆက်လက်ဖော်ပြပါမည်........


အရှင်တိက္ခဥာဏာလင်္ကာရ
Read more ...

February 22, 2010

သီရိလင်္ကာနှင့်ဘာသာရေးအမွေ -၂(အရှင်တိက္ခဥာဏာလင်္ကာရ)

Dr Phyo Wai Kyaw | 10:03 PM | | Be the first to comment!
သီရိလင်္ကာတစ်နိုင်ငံလုံး မြို့နယ်တိုင်း ရပ်ကွက်တိုင်း ကျေးရွာတိုင်းမှာ ဆန်းဒေးစကူးလ်ကျောင်းတွေ ဖွင့်ထားတာ တွေ့ရတယ်။ ဖွင့်ရုံသာ မဟုတ်ဘဲ စနေ တနင်္ဂနွေနေ့ ရောက်လို့ အဲဒီကျောင်းတွေကို သွားကြည့်ရင် ကလေးငယ် တစ်ရာကနေ ထောင်ကျော်အထိ ဘာသာရေးစာပေတွေ လေ့လာသင်ယူနေတာကို တွေ့နိုင်တယ်။ အံ့ဩစရာ ကောင်းလှပါဘိတော့။

လုပ်ငန်းကြီးတစ်ခု ယန္တရားကြီးတစ်ခုပုံမှန်လည်ပတ်နိုင်ဖို့ ဆောင်ရွက်ရတာ လွယ်ကူတာတော့ မဟုတ်ဘူး၊အခုတော့ သီရိလင်္ကာရဲ့ ဘာသာရေးကောင်းမွေပေးနေတဲ့ ဆန်းဒေးစကူးကျောင်းတွေ ပုံမှန်လည်ပတ်မှုကတော့ အရှိန်အဟုန်နဲ့ကို ဖြစ်နေပါပြီ။

ဒီလိုဆန်းဒေးစကူးလ်ကျောင်းတွေ နိုင်ငံအ၀ှန်း ဖြစ်ထွန်းဖို့ စတင်ခဲ့သူကတော့ အမေရိကန်နိုင်ငံသား ဟင်နရီအောလ်ကော့ ဆိုသူဖြစ်ပါတယ်။ ၁၈၈၁ ခု ဖေဖ၀ါရီ ၁၃ ရက်နေ့က ကိုယ့်အားကိုယ့် တည်ထောင်ခဲ့တာပါ။ ဟင်နရီအောလ်ကော့ ဆိုတာ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းမှာ အသုံးပြုနေတဲ့ သာသနာအလံကို စတင်တည်ထွင်သူလဲ ဖြစ်တယ်။ ရောင်ခြည်တော်ခြောက်ပါးကို ဖော်ညွှန်းတဲ့ သာသနာ့အလံဟာ ဟင်နရီအောလ်ကော့ရဲ့ လက်ရာပါ။

နောက်ပိုင်းကျမှ နိုင်ငံတော်အစိုးရက တာဝန်ယူဆောင်ရွက်ပေးခဲ့တယ်။ အခုဆိုရင် သီရိလင်္ကာရဲ့ ဆန်းဒေးစကူးလ် သက်တမ်းဟာ နှစ်ပေါင်းတစ်ရာ ကျော်ခဲ့ပါပြီ၊ ဒီနေ့တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သမ္မတ ၀န်ကြီးချုပ်။ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများဟာ ဆန်းဒေးစကူးလ်ကျောင်းဆင်းများပဲ ဖြစ်ပါတယ်။

သမ္မတ ၀န်ကြီးချုပ်အရွေးခံမယ့်သူဟာလဲ ဗုဒ္ဓဘာသာဝင်သာဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းကလဲ ရှိနေပါသေးတယ်။ သမ္မတအဖြစ် ရွေးကောက်ခံပြီး ကျမ်းသစ္စာကျိန်ရတယ်။ ကျမ်းသစ္စာကျိန်ပြီးတဲ့ သမ္မတအသစ်ဟာ အနုရာဓပူရမြို့ရှိ မဟာဗောဓိပင်နှင့် ကန္ဒီမြို့ ရှိ စွယ်တော်တို့ကို ဦးတိုက်ပူဇော်ရပါတယ်။ပြီးရင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ဂိုဏ်းချုပ်ဆရာတော်ကြီးများကို ဦးတိုက်ရပြန်ပါတယ်။ ဒါကတော့ မဖြစ်မနေလုပ်ရမယ့် သီရိလင်္ကာသမ္မသစ်ရဲ့ စည်းကမ်းတစ်ခုပါ။

ဆန်းဒေးစကူးလ်ဆိုတာ စနေ တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓ၀င် ရာဇ၀င် ယဉ်ကျေးမှုစတာတွေကို အထူးသင်ပေးတဲ့ ကျောင်းပဲ ဖြစ်တယ်။ ပုဂ္ဂလိက ကျောင်းမဟုတ်ဘူး၊ နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို သတ်မှတ်ပေးပြီး စည်းမျဉ်းဥပဒေနှင့်အညီ ဖွင့်လှစ်ထားတဲ့ ကျောင်းမျိုးပါ။

ဆန်းဒေးစကူးလ်ကျောင်းများဖွင့်လှစ်ဖို့အတွက် သီးသန့်မြေနေရာ ရှာစရာမလိုဘဲ ဘုန်းတော်ကြီးကျောင်းဝင်းများအတွင်းမှာသာ ထားရှိခြင်းဖြစ်ပါတယ်။ ဘုန်းကြိးကျောင်းရှိရင် ဆန်းဒေးစကူးလ်ကျောင်းရှိပြီလို့ သတ်မှတ်နိုင်တယ်..အသေး အကြီးသာကွာခြားတယ်။ အတုယူထိုက်ပေစွ.

အမိမြန်မာပြည်မှာ ဘုန်းကြိးကျောင်းတွေ များစွာ သံဃာများစွာ ရှိနေပါပြီ။ စည်းကမ်းနဲ့ စနစ်တကျ ရေးဆွဲထားတဲ့ ပညာရေးစနစ်တစ်ခုလုပ်ပေးလိုက်ရင် အကောင်အထည်ပေါ်ဖို့ လွယ်ကူမယ်လို့ မျှော်လင့်မိတယ်။(နွေရာသီယဉ်ကျေးမှု သင်တန်းတွေတော့ ရှိတယ်၊ ရက်တိုဖြစ်ခြင်း တနိုင်ငံလုံး ဖွင့်လှစ်မပေးနိုင်ခြင်းနဲ့ အားပေး ပံ့ပိုးသူ နည်းခြင်းတို့ဟာ အမိမြန်မာရဲ့ ဟာကွက်ဖြစ်နေပါသေးတယ်)

ဘုန်းကြိးကျောင်းဝင်းထဲမှာ ဖွင့်ထားတာမို့ စွမ်းဆောင်နိုင်တဲ့ ဘုန်းကြိးများက ဆန်းဒေးစကူးလ်ရဲ့ ကျောင်းအုပ်တာဝန်ကိုယူရပါတယ်.. အချို့ အချို့ကျောင်းများမှာတော့ ကျောင်းထိုင်ဆရာတော်များက ပံ့ပိုးမှုအပိုင်းကိုသာ တာဝန်ယူကြတာကို တွေ့ရတယ်။ ဒါကိုထောက်ဆရင် ဘုန်းတော်ကြီးများလဲ လောကုတ် လောကီစာပေ အထွေထွေမှာ တတ်သိဖို့လိုတယ်ဆိုတာ ထင်ရှားပါတယ်။

အဲဒီဆန်းဒေးစကူးလ်ကျောင်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ ပြည်သူလုထုက ပံ့ပိုးပေးရသလို အစိုးရက ပုံမှန်မပျက် ပံ့ပိုးပေးပါတယ်။ ဒီလို ဆန်းဒေးစကူးလ်ကျောင်းမှာ စေတနာ့ဝန်ထမ်းဆရာဖြစ်ချင်တယ်ဆိုရင် ဆရာဖြစ်သင်တန်းကို တက်ရောက်ပြီးမှ ဖြစ်ခွင့်ရပါတယ်။ ဆရာဖြစ်သင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်မှ ဆန်းဒေးစကူးလ်ကျောင်းမှာ စေတနာ့ဝန်ထမ်း ဆရာလုပ်ရတာပါ။

ဆရာဖြစ်သင်တန်းမှာ ဒီလိုပို့ချချက်တွေကို ပို့ချပေးပါတယ်….
၁။ ကုသိုလ်ကံ အကုသိုလ်ကံ၊
ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးတရား။
၂။ ခန္ဓာ အာယတန ဓာတ် သစ္စာ
၃။ ပဋိစ္စသမုပ္ပါဒ်။ သမထ၊ ၀ိပဿနာ တို့ကို သင်ပေးပါတယ်။

သာသနာတော်ရဲ့အလေ့အထ ဘာသာရေးကျင့်စဉ်တွေကို လက်တွေ့လုပ်ဆောင်ခိုင်းပြီးမှ ဆရာအဖြစ်ခန့်အပ်တာကလဲ မှတ်သားစရာပါ။ သာသနာတော်ကို ကြည်ညိုတဲ့ သဒ္ဓါတရား ခိုင်မြဲသင့်သလောက် ခိုင်မြဲပြီးမှ မျိုးဆက်သစ်ကလေးငယ်တွေကို စာသင်ပေးခွင့်ရတာပါ။

သီရိလင်္ကာရဲ့ ပညာရေးစနစ်အရ ကလေးများဟာ အသက်ငါးနှစ်ပြည့်မှ အစိုးရသူငယ်တန်းမှာ ပညာသင်ယူရပါတယ်။ ဆန်းဒေးစကူးလ်မှာလဲ အစိုးရစာသင်ကျောင်းများမှာလိုပဲ အတန်းတွေကို သူ့အဆင့်နဲ့သူ ခွဲထားတယ်။
 

 


 
အစိုးရကျောင်းမှာ သူငယ်တန်းဆိုရင် ဆန်းဒေးစကူးမှာလဲ သူငယ်တန်းပါပဲ။
ဆန်းဒေးစကူးလ်ကို
၁။ သူငယ်တန်း (Primary)
၂။၁-တန်းမှ ၁၀ တန်း
(Great 1 to Great 10)
၃။နောက်ဆုံးအဆင့် ၁၊ ၂ ( Final 1. Final 2) ဆိုပြီး အတန်းပေါင်း ၁၃ တန်းခွဲခြားထားတယ်။

ဆက်ပါအုံးမည်........


အရှင်တိက္ခဥာဏာလင်္ကာရ
Read more ...

February 21, 2010

သီရိလင်္ကာနှင့်ဘာသာရေးအမွေ -၁ (အရှင်တိက္ခဥာဏာလင်္ကာရ)

Dr Phyo Wai Kyaw | 10:29 PM | | | Be the first to comment!
အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခပ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထွေထွေသွေးသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီ ခပ်နှိပ်စေသတည်း။ ။
( အမရပူရ မဟာဂန္ဓာရုံဆရာတော်)

"ဘာသာသွေး"၊ "ရတနာ့ဂုဏ်ရည်"၊ "ကိုယ်ကျင့်အဘိဓမ္မာ" စာအုပ်တွေကို တွေ့ဖူးဖတ်ဖူးလိမ့်မယ်။ တိုင်းချစ်ပြည်ချစ် ကလေးချစ်တဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ စာပေလက်ရာတွေပါ၊ အထက်မှာ ဖော်ပြထားတဲ့ ကဗျာကိုဖတ်ကြည့်ရင် ကလေးတွေအတွက် ဘာသာရေးအမွေပေးဖို့ တိုက်တွန်းထားတဲ့ ဆရာတော်ကြီးရဲ့ ရင်တွင်းက စေတနာတွေကို အထင်သားတွေ့နိုင်ပါတယ်။

အမွေဆိုတာမှာလဲ ကောင်းမွေ ဆိုးမွေဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါမယ်၊ ဆိုးမွေတွေအတွက် သီးသန့်လုပ်ဆောင်စ၇ာ မလိုပေမယ့် ကောင်းမွေအတွက်တော့ သီးသန့်လုပ်ဆောင်ကြရတာပါ။ အမွေနဲ့ပတ်သက်ပြီး ဆရာဦးအောင်သင်းရဲ့ အမွေစာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဒေါ်ရိုသီကော့ပလင်းရဲ့ အမှာစာလေးကို ဒီနေရာမှာ ဖော်ပြချင်တယ်။

ဒေါ်ရိုသီကော့ပလင်းက….
@"ကျွန်မ၏ ရင်သွေးငယ်များ လူလားမြောက်ချိန်တိုင်အောင် ကျွန်မအသက်ရှင်ခွင့် မရနိုင်တော့ကြောင်း ကျွန်မကို ပြောလိုက်သောအခါ ကျွန်မကိုယ်စား ရင်သွေးငယ်များကို စောင့်ရှောက်နိုင်မည့် စာအုပ်တစ်အုပ်ကို ပြုစုရန် ဆုံးဖြတ်ချက်ချလိုက်သည်။

လုပ်ငန်းသဘောက ဘုရားကျောင်းနှင့် စာသင်ကျောင်းက ဖြည့်စွမ်းမပေးနိုင်သော ကွက်လပ်ကို ဖြည့်ပေးရန် ပင် ဖြစ်၍ ဘ၀၏ ပျော်ရွှင်မှုနှင့် ရောင့်ရဲမှုကို ယူတတ်သော အရည်အသွေးဖြည့်တင်းပေး ရန်ဖြစ်သည်။

ကျွန်မ၏ခံယူချက်အရ ဤသို့သောသုခကိုရရန် ရုပ်ဝတ္ထုတို့၏ ဟိုမှာဖက်အပေါ်ဆင့်တွင် ရှိသော ပရမတ္ထဆန်သည့် တရားများကို တန်ဖိုးထားတတ်ရန်ဖြစ်သည်။

ဩကာသလောကကို နက်နဲစွာချစ်မြတ်နိုးတတ်ခြင်းသည်လည်း ဤသို့သောသုခမျိုးကို ပေးနိုင်သည်. သဘာဝလောကကြီးကို တသားတည်းဖြစ်အောင် နေတတ်ခြင်းအားဖြင့် ဘာမှမဟုတ် အရေးမပါသည့် လောကီအောင်မြင်မှု ဆုံးရှုံးမှု စသည်တို့ကို သာမာန်အသေးအဖွဲ ကိစ္စလေးများအဖြစ် သဘောထားနိုင်လောက်အောင် ဤစကြာဝဠာကြီးက သွန်သင်ပေးနိုင်ပေလိမ့်မည်။

ချုပ်တည်းသည်းခံခြင်းနှင့် သတ္တိတို့သည်လည်း တင့်တယ်သော ဘ၀ရှင်သန်မှုအတွက် မရှိမဖြစ်သော အရည်အသွေးများဖြစ်သည်။ နောက်ဆုံးအားဖြင့် စိတ်ထား မနသီ၌သာလျှင် တွေ့နိုင်သော သန္တိသုခကို သဘောပေါက်လာကြစေရန်ဖြစ်သည်။ ဤသို့သောဘ၀လမ်းညွှန်မှု သွန်သင်မှုများကို ကျွန်မဘ၀တွင် အထောက်အကူပြုခဲ့လှသော စာအုပ်စာပေများမှ ထုတ်ယူလမ်းညွှန်တော့မည်ဟု ဆုံးဖြတ်လိုက်ပါသည်၊"@ တဲ။

ဒေါ်ရိုသီကော့ပလင်းက ပရမတ္ထဆန်သည့် တရားများကို တန်ဖိုးထားတတ်ရန်နှင့် တင့်တယ်သော ဘ၀ရှင်သန်မှုအတွက် သတ္တိရှိရန် အမွေပေးလိုကြောင်း နိဒါန်းသွယ်ခဲ့တယ်။ ဗုဒ္ဓကတော့ ပစ္စည်းအမွေ ဓမ္မအမွေဆိုပြီး နှစ်မျိုးရှိရာမှာ ဓမ္မအမွေကို ခံယူနိုင်အောင် ကြိုးစားဖို့ မိန့်မှာတော်မူပါတယ်။

မြန်မာ့ယဉ်ကျေးမှု သမိုင်းမှာလဲ ပုဂံရဲ့ ယဉ်ကျေးမှု ပုဂံရဲ့စာပေတွေကိုသာ ဆက်မထိန်းနိုင်ခဲ့ရင် မြန်မာစာ မြန်မာယဉ်ကျေးမှုဆိုတာ ဖြစ်နိုင်ချေ အားနည်းသွားမှာ သေချာပါတယ်။ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်စု မိသားတစ်စု ပုဂ္ဂိုလ်တစ်ဦးရဲ့ ဆိုးမွေကိုသင်ခန်းစာယူခြင်းနှင့် ကောင်းမွေကို ပြန့်ပွားအောင် ထိန်းသိမ်း လက်ဆင့်ကမ်းခြင်းဟာ အားလုံးအတွက် အရေးကြီးတယ်လို့ သတ်မှတ်နိုင်တယ်။

သီရိလင်္ကာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ သီရိလင်္ကာပြည်သူတွေရဲ့ နေထိုင်မှုဟာ ဘာသာတရားအပေါ်အခြေခံပြီး ပေါ်ပေါက်ခဲ့တယ်၊ အထူးသဖြင့် သီရိလင်္ကာလူမျိုးတွေဟာ သူတို့ရဲ့မျိုးဆက်သစ် ကလေးတွေကို ဘာသာရေး ကောင်းမွေတွေပေးနိုင်ဖို့ စနစ်တကျပြင်ဆင်ခဲ့တာကို တွေ့ရတယ်။

ဒီလို ဘာသာရေးကောင်းမွေတွေ ပေးဖို့ အကောင်းဆုံးလုပ်ဆောင်ချက်ကတော့ တစ်နိုင်ငံလုံး Sunday School ကျောင်းများဖွင့်လှစ် သင်ကြားပေးနိုင်ခြင်းပါပဲ။ ။
ဆက်ပါအုံးမည်….
အရှင်တိက္ခဥာဏာလင်္ကာရ
Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories