September 12, 2010

သတ္တ၀ါတို့၏ ၃၁- ဘုံ

အရှင်ကောဝိဒ (ယော) | 8:18 PM | Be the first to comment!
(သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊ တန်ခူးလ္ဆန်း ၃-ရက်နေ့ည၊ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ကံမြင့်ကျောင်းတိုက် ဓမ္မာရုံအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ညဦးယံ ဓမ္မသဘင်ဝယ် ဟောကြားအပ်သော သတ္တ၀ါတို့၏ ၃၁-ဘုံအကြောင်း တရားဒေသနာတော်။)

`သတ္တ၀ါတို့ရဲ့ ၃၁-ဘုံ၊ သတ္တ၀ါတွေ မျိုးစုံရှိတဲ့ ၃၁-ဘုံအကြောင်း၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ထိုထိုကျမ်းဂန်တွေမှာ ပါရှိတယ်။ အဘိဓမ္မာမှာသာ ပါရှိတာမဟုတ်ဘူး ၃၁-ဘုံက၊ မူလပရိယာယသုတ်မှာလည်း ဘုံတွေအကြောင်း ပါတာပဲ၊ တခြားသုတ္တန်တွေမှာ လည်း ပါတယ်။ အဘိဓမ္မာ ၇-ကျမ်းမှာ အပါအ၀င်ဖြစ်တဲ့ ၀ိဘင်္ဂလို့ခေါ်တဲ့ ၀ိဘင်းကျမ်းမှာလည်း ဒီဘုံနဲ့သက်တမ်းတွေအကြောင်း ရှင်းလင်းတင်ပြထားတာ ရှိတယ်။

သို့သော်လည်း မြန်မာနိုင်ငံမှာတောင်မှ အချို့အချို့ပုဂ္ဂိုလ်တွေက ၃၁-ဘုံဆိုတာကို ငြင်းပယ်ချင်ကြတယ်။ သူတို့ငြင်းပယ်ခြင်းရဲ့ အကြောင်းက ၃၁-ဘုံ မရှိဘူးဆိုပြီးတော့ ငြင်းပယ်ကြတာ ဘာလို့ငြင်းပယ်တာတုန်းဆိုတော့ မမြင်ရလို့တဲ့၊ အကြောင်းပြကတော့၊ မြင်ရတာ လူတွေနဲ့ တိရစ္ဆာန်တွေပဲ မြင်ရတယ်၊ ကျန်တာတွေက မမြင်ရလို့၊ မမြင်ရလို့ ငြင်းပယ်ကြစတမ်းဆို မမြင်ရတာတွေ အများကြီးပဲ၊ ဟုတ်ရဲ့လား၊ မမြင်ရဘဲနဲ့ ရှိနေတဲ့ဟာ အသံဆိုတာ မြင်ရရဲ့လား၊ (မမြင်ရပါဘူးဘုရား) အနံ့ကကော မြင်ရရဲ့လား၊ (မမြင်ရပါဘူးဘုရား) အရသာရော (မမြင်ရဘူးဘုရား) မမြင်ရဘူး၊ မမြင်ရပေမဲ့လို့ အရှိထဲထည့်ရတာတွေ အများကြီးပဲ လောကကြီးမှာ။

အဲဒါကို မြန်မာနိုင်ငံမှာပဲ အရင်တုန်းက ဘုန်းကြီးတို့ငယ်ငယ်တုန်းက တွေ့တယ် `၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ´ဆိုပြီးတော့၊ အမှန်ကတော့ ဘုရားကလက်မခံတာ မဟုတ်ပါဘူး၊ သူလက်မခံတာ၊ တကယ်ကတော့ ရေးသင့်တာ `၃၁-ဘုံဝါဒ ငါလက်မခံ´ဆိုရင်တော့ ကောင်းတာပေါ့နော်၊ (မှန်လှပါဘုရား) ဘုရားနာမည်ကို အလွဲသုံးစား လုပ်တယ်လို့ ဒီလိုပြောရမှာပေါ့။

အေး.. တော်တော်များများ တခြားနိုင်ငံတွေမှာလည်းပဲ Buddhism- ဆိုပြီးတော့၊ ဗုဒ္ဓ၀ါဒဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ ရေးလိုက်တဲ့အခါကျတော့ သူတို့အယူအဆတွေချည်းပဲ ရေးရေးနေကြတယ်။ အဲဒါမျိုးတွေ တော်တော်များများတွေ့နေရတယ်၊ သတိထားစရာ ကောင်းတာပေါ့၊ ရိုးသားဖြောင့်မတ်ဖို့ လိုအပ်တယ်။ ကိုယ်မကြိုက်တာနဲ့ မရှိဘူးလို့ ပြောလို့မရဘူးလေ။ ကိုယ်မမြင်ရလို့ ပြောစတမ်းဆိုလို့ရှိရင်လည်း နှစ်ပေါင်း ၂၅၀၀-ကျော်က ပွင့်ခဲ့တဲ့ဘုရားလည်း ကိုယ်မှမြင်ရတာမှ မဟုတ်ဘဲကို၊ မမြင်ရလို့ လက်မခံဘူးဆိုလို့ရှိရင် လက်မခံရမယ့် အကြောင်းတွေအများကြီးပဲ၊ အမေ့ဗိုက်ထဲ နေတုန်းက ကိုယ်အဖေနဲ့ ကိုယ့်အမေ မြင်ခဲ့ရတာမှ မဟုတ်ဘဲနဲ့၊ အပြင်ဘက်ရောက်မှ ဘေးကလူတွေက အဖေလို့ပြောလို့ အဖေဆိုပြီး လက်ခံနေကြရတာ။

အေး `၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ´ဆိုပြီး အရင်တုန်းက စာအုပ်တစ်အုပ် မြန်မာပြည်မှာ ထွက်ဘူးတယ်။ တကယ်ကတော့ သူလက်မခံတာပါ။ စာပေကျမ်းဂန်မှာ လိုက်ပြီးတော့ ကြည့်မယ်ဆိုရင် ထေရ၀ါဒပိဋကတ်၊ သံဂါယနာ ခြောက်တန်က အသိအမှတ်ပြုပြီးတော့ လက်ခံထားတဲ့ ကျမ်းဂန်တွေထဲမှာ ၃၁-ဘုံ ဆိုတာ အတိအလင်း ပါရှိပြီးသားဖြစ်တယ်။ ထိုထိုဘုံတွေရဲ့အကြောင်းကို ရေးသားထားတာ အကြောင်းအားလျော်စွာပေါ့.. နော်..၊ (မှန်လှပါဘုရား)။

အေး တချို့ကလည်းပဲ ဘုံတွေအကြောင်းများတာ လူတွေကို ဘုံခန်းနဲ့ မြှောက်တယ်-လို့ ဒီလိုထင်ကြသေးတယ်။ ဘုံဆိုတာ သူ့ဟာသူရှိတာ မြှောက်စရာအကြောင်းလည်း မဟုတ်ပါဘူး.. နော်၊ (မှန်လှပါဘုရား)။ ဘုံဆိုတာ သတ္တ၀ါတို့ရဲ့ ဖြစ်ရာဌာနကို ပြောတာလေ၊ `ဘူမိ´ဆိုတဲ့ ဒီပါဠိစကားလုံးကနေလာတော့ လူသတ္တ၀ါတွေရဲ့ ဖြစ်ရာနေရာကို လူ့ဘုံလို့ ဒီလိုခေါ်တာ၊ လူသတ္တ၀ါတွေနဲ့ မတူညီတဲ့ အခြားသတ္တ၀ါတွေ မြောက်များစွာ ရှိတယ်ဆိုတာ ဒါ မမြင်ရပေမဲ့လို့ ရှိနိုင်တယ်ဆိုတာ အများကြီးပဲ လက်ခံစရာ၊ အဲဒီတော့ သတ္တ၀ါရှိတယ်ဆိုတာ စိတ်ကူးယဉ်ပြီး ပြောတာတော့ မဟုတ်ဘူး။ ထိုသတ္တ၀ါတွေဟာ ဘာကံကြောင့် အဲဒီဘုံရောက်တယ်၊ ထိုဘုံရဲ့ ပဋိသန္ဓေစိတ်က ဘာတွေလဲ၊ ထိုဘုံမှာ ဘာတွေဖြစ်သလဲဆိုတာ တိတိလင်းလင်း ဟောထားတာ။ ဆိုပါစို့ စိတ်ကူးပြီး ဘယ်ဘုံရှိတယ်လို့ ပြောတာမှ မဟုတ်ပဲ၊ အဲဒီဘုံမှာ သတ္တ၀ါတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျ အကြောင်းနဲ့ အကျိုးနဲ့ သေသေချာချာ ဟောထားတာဖြစ်သည့်အတွက်ကြောင့် သာမာန် မှန်းရမ်းပြီးတော့ ပြောတာမဟုတ်ဘူး။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောတယ်၊ `ယဒေ၀ သာမံ ဉာတံ၊ သာမံ ၀ိဒိတံ´- ငါကိုယ်တိုင်သိတာတဲ့၊ ငါကိုယ်တိုင်သိပြီးတာကို ဟောတာ၊ သူများဆီက ကြားပြီး ဟောတာမဟုတ်ဘူး ၃၁-ဘုံနဲ့ ပတ်သက်လာလို့ရှိရင်၊ ဘုံတွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ငါကိုယ်တိုင်သိလို့ ငါကိုယ်တိုင်မြင်လို ဟောတာလို့၊ ဒါဖြင့် ဘာဖြစ်လို့သိတာတုံး၊ ဘာနဲ့သိတာတုံးလို့ မေးလို့ရှိရင် မြတ်စွာဘုရားမှာ ဒိဗ္ဗစက္ခုလို့ ဆိုတဲ့ အင်မတန်အစွမ်းထက်တဲ့ မနေ့တုံးကပြောထားတယ်၊ စိတ်ကို အာရုံနဲ့ လေ့ကျင့်လိုက်သည့် အတွက်ကြောင့် ထူးခြားတဲ့ အမြင်တစ်မျိုးကို ရရှိထားတယ်၊ သမာဓိစွမ်းအားတွေ ဖြစ်တယ်၊ အဲဒီ ဒိဗ္ဗစက္ခုဆိုတဲ့ အဘိဉာဉ်စွမ်းအားတွေ ရလိုက်တာနဲ့ တပြိုင်နက် ထိုဒိဗ္ဗစက္ခုဉာဏ်ရဲ့ အပွားဖြစ်တဲ့ ယထာကမ္မူပဂဉာဏ်၊ ဘယ်ကံလုပ်ရင် ဘယ်အလုပ်လုပ်ရင် ဘယ်မှာဖြစ်မယ်ဆိုတာကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သိလို့ မြင်နေတယ်ပေါ့၊ အကြောင်းတရားတွေကို ကြည့်ပြီးတော့ မြင်နေတာ။ (….)

အေး မြန်မာပြည်မှာ တစ်ချိန်တုံးက မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ စောဒကတက်တယ်၊ ဘုရားရဲ့ဉာဏ်နဲ့ပတ်သက်ပြီး သဗ္ဗညုတဉာဏ်ဆိုတာရှိသလား ဆိုပြီး၊ ဒီလိုပုဂ္ဂိုလ်မျိုးတွေကလည်း ထွက်လာသေးတယ်နော်။

တချို့ကလည်းရောယောင်ပြီးတော့ ရှောက်ပြီးတော့ စာတွေထဲမှာရေးကြတာရှိတယ်၊ `ဗုဒ္ဓနဲ့ ဗုဒ္ဓ၀ါဒ´ ဆိုပြီးနာမည်တပ်ပြီးတော့ အဲဒီထဲမှာ ကိုယ့်ဝါဒတွေရေးတာတွေ ရှိသေးတယ်။ အင်မတန်မှ သတိထားစရာကောင်းတယ်နော်၊ အဲဒီထဲမှာ ဘယ်လိုရေးထားသတုန်းဆိုရင် မြတ်စွာဘုရားက သူ့ကိုသူ သဗ္ဗညုတဉာဏ်ရှိတယ်လို့ ၀န်မခံဘူးတဲ့ ဆိုပြီးတော့ သူက refer- လုပ်တယ်၊ ညွန်းတဲ့သုတ်တွေက ဘာသုတ်တွေတုန်းဆိုတော့ အဲဒီညွန်တဲ့သုတ်တွေထဲမှာ ဘယ်လိုအဓိပ္ပါယ်ရှိတုန်း သေချာစာကို ဖတ်ပုံမရဘူး၊ အဲဒီထဲမှာ `သတတံ သမိတံ ဉာဏဒဿနံ ဇာဂရတောပိ သုတ္တတောပိ စရတောပိ တိဋ္ဌတောပိ´အဲဒီစကားလုံးလေးတွေ ပါတယ်။ တခြားဗုဒ္ဓနဲ့ခေတ်ပြိုင် အယူဝါဒရှိတဲ့ မက္ခလိဂေါသာလ-စတဲ့ ပုဂ္ဂိုလ်တွေက သူတို့မှာလည်း သဗ္ဗညုတဉာဏ်ရှိတယ်လို့ ၀န်ခံကြတယ်။ သူတို့ဝန်ခံတဲ့ သဗ္ဗညုတဉာဏ်က ဘယ်လိုအမျိုးအစားတုန်းလို့ ဆိုလို့ရှိရင် အိပ်နေတုန်းဖြစ်စေ ရပ်နေတုန်းဖြစ်စေ သွားနေတုန်းဖြစ်စေ ဘယ်အချိန်မှာမဆို သူ့ဉာဏ်ကြီးက ရှိနေတယ်လို့ ၀န်ခံတယ်။ ဒါအဓိပ္ပါယ်မှ မရှိဘဲ၊ အိပ်ပျော်နေတာ ဘယ်လိုလုပ် ဉာဏ်ကရှိမတုန်း။ အဲဒီစကားလုံးပါတာကို သတိမထားဘူး၊ မြတ်စွာဘုရားက အဲဒီ ဉာဏ်မျိုးရှိသလားလို့ မေးတဲ့အခါကြတော့ မရှိဘူးလို့ ဖြေတာပေါ့၊ ဘယ်ရှိမတုန်း အိပ်နေတုန်းဆိုတာ omnipresent- ဆိုတာ ထာဝရ အမြဲတမ်းရှိနေတယ်ဆိုတာ ဘယ်ဟုတ်မတုန်း၊ ဒါ ယုတ္တိလည်းမရှိဘူး၊ ထာဝရအမြဲရှိနေတာ၊ အဲဒီလိုဉာဏ်မျိုးတော့ မြတ်စွာဘုရားမှာ မရှိဘူး၊ ကျိန်းစက်တော်မူနေတဲ့ အချိန် ဘယ်ဉာဏ်ရှိမလဲ။ ကျိန်းစက်နေရင်တော့ ဘ၀င်စိတ်ပဲဖြစ်မှာပေါ့၊ အိပ်ပျော်နေတာကိုး၊ အဲဒီတော့ အချိန်မရွေး ဉာဏ်ကြီးဟာ မီးကြီးထွန်းထားရင် လင်းနေသလို အချိန်မရွေး လင်းနေတယ်လို့ ဒီလို ၀န်ခံတာဟာတော့ ရီစရာကြီးပေါ့။

မြတ်စွာဘုရားကိုယ်တိုင်ကလည်း ဝေဖန်ထားတယ် ဒီ တချို့ဘုရားတွေဟာ သူတို့မှာ ဒီလို အိပ်နေတုန်းရော နိုးနေတုန်းရော သွားနေတုန်းရော ထိုင်နေတုန်းရော အမြဲတမ်း ဉာဏ်တော်ကြီးက လင်းနေတယ်ပြောတယ်တဲ့ ဒါပေမဲ့လို့ လမ်းမှားလို့ လမ်းမသိလို့ လမ်းမေးရတာရှိတယ်တဲ့ နာမည်မသိလို့မေးရတာ ရှိတယ်တဲ့ မဟုတ်တဲ့လမ်းရောက်သွားလို့ ဒုက္ခရောက်သွားတာတွေရှိတယ်တဲ့၊ ကဲ ဘယ်လိုလုပ်မလဲ၊ အမြဲတမ်း ဉာဏ်ကြီးရှိနေရင် လမ်းမှားပါ့မလား၊ လမ်းမေးစရာကော လိုသေးသလား၊ မလိုဘူး၊

မြတ်စွာဘုရားမှာရှိတဲ့ သဗ္ဗညုတဉာဏ်မျိုးဆိုတာ ဘယ်လိုဟာတုန်းဆိုရင် `သိချင်လို့ ကြည့်လိုက်လို့ရှိရင် အကြွင်းအကျန်မရှိအောင်သိတဲ့ဉာဏ်၊´ သိချင်ပြီ ဉာဏ်ကိုအသုံးချပြီဆိုရင် ဉာဏ်ဆိုတာ ဓားလိုပဲလေ၊ ဓားအိမ်ထဲထည့်ထားရင် ဘယ်ခုတ်လို့ရမလဲ။ ထုတ်ပြီး အသုံးပြုပြီဆိုလို့ရှိရင် ဓားရှိတယ် ခုတ်လို့ရတယ် ဒါပြောတာ၊ ဘုရားရဲ့ သဗ္ဗညုတဉာဏ်စွမ်းအား၊ ဒီအကြောင်းအရာတစ်ခုကို သိချင်လို့ ကြည့်လိုက်ပြီဆိုလို့ရှိရင် ဘာမှမကျန်ရအောင် အပိတ်အပင် အတားအဆီးမရှိအောင်၊ မရှိတာ `အနာဝရဏ´ လို့ခေါ်တယ်၊ အပိတ်အပင် အတားအဆီးမရှိတဲ့ဉာဏ်။

ပစ္စုပ္ပန်မှာပဲဖြစ်စေ အတိတ်မှာပဲဖြစ်စေ အနာဂတ်မှာပဲဖြစ်စေ ဘယ်လောက်ဝေးကွာ ဝေးကွာ ဘယ်လောက်နက်နဲနက်နဲ ဘယ်လောက် ခက်ခဲခက်ခဲ သိချင်လို့ ဦးလှည့်လိုက်ပြီဆို ရင် အကုန်မြင်ရတယ်လို့ပြောတာ အကုန်သိရတယ်လို့ပြောတာ၊ မသိချင်ဘူးဆိုရင်တော့ ဒီဉာဏ်က ဘယ်အလုပ်လုပ်မလဲ၊ ဒါသဘာဝမဟုတ်ဘူး၊ မသိချင်ဘဲနဲ့ သူ့ဟာသူ အလိုလိုလာသိနေရင် ဘယ်လိုလုပ် အိပ်လို့ရမလဲ၊ Omnipresent- ဆိုတာ မဖြစ်နိုင်ဘူးပေါ့၊ အဲတော့ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ခုကနလို အိပ်နေတုန်း အမြဲတမ်းရှိနေတဲ့ သဗ္ဗညုတဉာဏ်မျိုးကိုတော့ ဘုရားက လက်မခံဘူး၊ အဲဒီလက်မခံတာကိုပဲ ရောပြီး ဘုရားမှာ သဗ္ဗညုတဉာဏ်ရှိကြောင်း မြတ်စွာဘုရား လက်မခံဘူး-လို့ ရောယောင်ပြီး ရေးတာမျိုးတွေ ရှိတယ်၊ မြန်မာပြည်မှာ စာအုပ်တွေ၊ ပြီးတော့ အဲဒီလိုစာအုပ်ထဲမှာပဲ နိုင်ငံခြားသားက ရေးတာတွေကို အဟုတ်ထင်ပြီးတော့ အင်္ဂလိပ်လိုရေးလိုက်လို့ရှိရင် တစ်ချို့မြန်မာပြည်က အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်တွေကလည်း အင်္ဂလိပ်လို့ ရေးလိုက်လို့ရှိရင် အဟုတ်ထင်တယ်။ အဲဒါလဲပဲ သတိထားစရာလေးတွေ ရှိတယ်။

`အခုလိုပြောရတာဟာ သူများကို ပြစ်တင်ရှုတ်ချ ကဲ့ရဲ့လို၍ ပြောတာမဟုတ်ဘူး၊ သတိထားဖို့ပြောတာ။´

အဲမြန်မာလိုရေးထားတဲ့ နိုင်ငံခြားက အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေကို ကိုးကားပြီးတော့ နောက်ယောင်လိုက်ထားတဲ့ စာအုပ်တွေထဲမှာ ဘာတွေ ရေးထားတုန်းဆိုတော့ `မြတ်စွာဘုရားက ၃၁-ဘုံကို လက်မခံဘူးတဲ့၊ ဗြဟ္မာပြည်ရှိတယ် ဆိုတာကို လက်မခံဘူးတဲ့၊ သူဆွဲထားတာ၊ ဆွဲထားပြီးတော့ ဘာကို အကိုးအကားပြတုန်းလို့ ဆိုတဲ့အခါကျတော့ တေ၀ိဇ္ဇသုတ်မှာတဲ့ မြတ်စွာဘုရားက ၀ါသေဋ္ဌဆိုတဲ့ ပုဏ္ဏားကို မေးတယ်၊ မင်းတို့ဆရာတွေရော ဗြဟ္မာကို မြင်ဖူးလား-လို့ မေးတော့ မမြင်းဖူးဘူး၊ ဒါဖြင့် မင်းတို့ဆရာ့ဆရာကြီးတွေရော မြင်ဘူးလားဆိုတော့၊ မမြင်ဖူးဘူး။ ဒါဖြင့် မင်းတို့ ဝေဒကျမ်းပြု ရှေးဟောင်းရသေ့ကြီးတွေကရော ဗြဟ္မာကို မြင်ခဲ့ဖူးလားဆိုတော့၊ မမြင်ဖူးဘူး၊ ဒါဖြင့် မင်းတို့ဟာ မမြင်ဖူးပဲနဲ့ ပြောနေကြတာ ရမ်းပြီးတော့ ရှေ့ကလူကလည်း မမြင်၊ နောက်ကလူကလည်း မမြင်ဘူးဆိုတဲ့ မျက်မမြင် သူကန်းတွေရဲ့ အစဉ်အတန်းကြီးလို ဖြစ်နေတာပေါ့-လို့ မြတ်စွာဘုရားက ပြောတယ်။

အဲဒီစကားလေးကို ထောက်ပြီးတော့ သူက ကြည့်တဲ့ မြတ်စွာဘုရားက ဗြဟ္မာမရှိဘူး-လို့ ပြောတယ်တဲ့၊ ဟော၊ အဲဒီ စာပိုဒ်လေးရဲ့ နောက်ကို ဆက်ဖတ်လိုက်လို့ရှိရင် ဘုရားက ဘယ်လိုပြောထားတုန်းဆိုတော့ အဲဒါကျတော့ မြှုပ်ထားလိုက်တယ်၊ မြတ်စွာဘုရားက ဘယ်လိုဆက်ပြောသတုန်းဆို `၀ါသေဋ္ဌ၊ ငါက ဗြဟ္မာကိုလည်း မြင်ဘူးတယ်၊ ဗြဟ္မာပြည်ရောက်ကြောင်းတရားကိုလည်း သိတယ်၊´ အဲဒါကျတော့ ထည့်မရေးတော့ဘူး။

ဒါကြောင့်မို့လို့ `Buddhism- ကို လေ့လာမယ်ဆိုရင် မူရင်းကျမ်းကို ဖတ်ပါ။ မြတ်စွာဘုရား တရားတော်ကို လေ့လာမယ်ဆိုလို့ရှိရင် မူရင်းကျမ်းကို ဖတ်ဖြစ်အောင်ဖတ်၊ ကိုးထားတာလေးနဲ့ မကျေနပ်နဲ့။´

ဗုဒ္ဓရဲ့ အယူဝါဒကို မိမိရဲ့ အယူအဆတွေနဲ့ pollution- လုပ်တယ်ပေါ့။ Polluted-ဆိုတာ ညစ်နွမ်းစေတာ၊ လေကို ညစ်နွမ်းစေတာ air-pollution; ရေကို ညစ်နွမ်းစေလို့ရှိရင် water-pollution; အသံတွေ ဆူညံနေလို့ရှိရင် noise-pollution; အလင်းရောင်တွေ သိပ်များနေလို့ရှိပင် light-pollution; မှားယွင်းတဲ့ အယူအဆတွေ ထည့်ပြီးတော့ ပြောလို့ရှိရင် view-pollution- ပေါ့။

အဲဒါကြောင့်မို့လို့ အင်မတန်သတိထားစရာ ကောင်းတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဟောထားတဲ့မူရင်းကျမ်း၊ ဆိုလိုတာက တစ်ပိုင်းတစ်စတော့ လက်ခံတယ်၊ တစ်ပိုင်းတစ်စတော့ လက်မခံဘူးဆိုတော့ ဘာနဲ့တူတုန်းဆိုရင် `ငါကြိုက်ရင် အမှန်၊ ငါမကြိုက်တာ အမှား´ ဒီပုံစံမျိုးရောက်နေတယ်၊ မကိုးဘူးဆိုရင် တစ်သုတ်လုံး မကိုးနဲ့လေ၊ ကိုးပြီဆိုရင်လည်း ချန်မထားနဲ့ အကုန်ကိုးရမယ်။ ရှေ့စကား နောက်စကား အကုန်လုံး ပြည့်ပြည့်စုံစုံ ထည့်ရမယ်၊ ကိုယ်လိုချင်တဲ့ အပိုဒ်လေးကို ဖြတ်ယူပြီးတော့ ကိုယ်လိုချင်တဲ့ နိဂုံး၊ conclusion- ဆွဲတာကတော့ အင်မတန်မှ ဆိုးဝါးတယ်၊ ဒါမျိုးတွေ ရှိတယ်။

ဘုန်းကြီးတို့ ငယ်ရွယ်စဉ်ကတည်းက အဲဒီစာအုပ်ကို ဖတ်ဖူးတယ်။ စိတ်ဝင်စားလို့ ဖတ်ထားပြီးတော့ အဲဒီစာအုပ်ရဲ့ ရှေ့ပိုင်း စာရွက်အလွတ်မှာ ရေးထားတယ်။

`ဤစာအုပ်သည် `ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ´ဟု နာမည်တပ်ထားသော်လည်း သူ့ဝါဒတွေကိုသာ တင်ပြထားသည်ဖြစ်၍ ဖတ်တဲ့လူတိုင်း သတိထား၍ ဖတ်ကြပါ´လို့။ တကယ်တမ်းတော့ ဘုရားဝါဒ ဟုတ်မှမဟုတ်ဘဲ။ (….)

ဒါကြောင့်မို့ တစ်ခါတစ်ရံများ `၃၁-ဘုံဝါဒဟာ ဘုရားဟောမဟုတ်ဘူး၊ မျက်စိနဲ့ မမြင်ရလို့ မရှိဘူးလို့များ တစ်ချို့တစ်လေ အယူအဆမှားယွင်းမှာစိုးလို့ ပြောပြနေတာ။ ရှိနိုင်တယ်ဆိုတာ ကိုယ်မမြင်ရပေမယ်လို့ ရှိနိုင်တာတွေ ရှိနေတာတွေဟာ လောကမှာ အများကြီးရှိတယ်ပေါ့။

(ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ `အယူအဆမှားယွင်းမှာ စိုးရိမ်တော်မူသည့်အတွက်´ သတိပေး ဟောကြားတော်မူချက်ကို စာဖတ်ပရိသတ်များလည်း သိရှိမှတ်သားနိုင်ရန် အနည်းငယ် ကောက်နှုတ်တင်ပြကာ ပူဇော်လိုက်ပါသည်။)

အရှင်ကောဝိဒ (ယော)
Read more ...

September 11, 2010

ဗုဒ္ဓဘာသာသည် ဘိန်းနှင့်တူသလား

တိပိဋက | 10:07 AM | Be the first to comment!
''ဒီနေ့ ဗုဒ္ဓဘာသာဆိုတဲ့ လူစားတွေမှာ ဘိန်းနှင့် ဘိန်းစားတွေလိုဖြစ်နေပြီကိုး၊ . . . အခုလည်း ဒို့ လူတွေမှာ ဘိန်းစွဲနေတဲ့ ဘိန်းစားတွေ ဘိန်းဖြတ်ခိုင်းသလို ဖြစ်နေပြီ၊ ဟို ကွန်မြူနစ်များက ဘာသာဟာ ဘိန်းပဲလို့ ပြောတာ သေသေချာချာ တွေးတော့ ဒီနေရာမှာ တကယ်မှန်တာကိုး ဒကာကြီးရဲ့''
ဟု ဦးဥက္ကဋ္ဌကိုယ်တိုင်- ပြောဟောခဲ့ရာ တရားတော်ကို ရိုသေလေးစား၍ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်နေခြင်းကို ဦးဥက္ကဋ္ဌက အစွဲဥပါဒါန်ဟူ၍လည်းကောင်း ဗုဒ္ဓဘာသာဝင်တို့အား ဘိန်းစားများနှင့် နှိုင်းကာ ဘိန်းစွဲသလို စွဲနေကြသည်ဟူ၍လည်းကောင်း ဖိနှိပ်၍ ဆိုလိုက်ခြင်းသာ ဖြစ်သည်။

ဗုဒ္ဓဝါဒသည် ရီလီဂျင်းလား

ဗုဒ္ဓဝါဒသည် နတ်များကို ရိုသေခြင်း, နတ်ဘုရားကို ကြောက်ရွံ့ခြင်း, မှားယွင်းသော ကိုးကွယ်မှုနှင့် စပ်သည့် ကြောက်ရွံ့ထိတ်လန့်စိတ် ရှိနေရသည် မဟုတ်။ (အပြင်အပမှ)အကြောင်းပြုဖန်တီးသော (ဗြဟ္မာ, ဗိဿနိုး, တန်ခိုးရှင်, ထာဝရ, ခိုဒါ စသည်တို့၏) သြဇာအာဏာ မရှိပုံကို ဖော်ပြသော ဘာသာရေး သဘောတရား ဖြစ်သည်။ ဗုဒ္ဓဝါဒသည် ရုပ်နှင့်နာမ်ရှိသမျှ အားလုံး၏သဘာဝမှန်ကို နားလည်မှု ရစေတတ်သောဝါဒဖြစ်သည်။ ထာဝရဝါဒီတို့၏ နတ်ဘုရားများကို ယုံကြည်ခြင်း, ကြောက်လန့်ခြင်း, ဆုတောင်းခြင်း, ကိုးကွယ်ဝတ်ပြုခြင်း ဟူသော Rite and Ritual နှင့် လုံးလုံး မဆက်စပ်ဆိုင်ပေ။

ဗုဒ္ဓဘာသာသည် ဘိန်းနှင့်တူသလား

ဗုဒ္ဓ၏ အဆုံးအမဟူသမျှ, စကားတော်ဟူသမျှသည် ဗုဒ္ဓဘာသာ မည်၏၊ ထိုမှတဆင့် ရတနာသုံးပါးကို ယုံကြည်အားထား ပွားများဆည်းကပ်ခြင်းကိုခေါ်၏၊

ဘာသာတရားသည် ဘိန်းနှင့် တူသည်ဆိုသော စကားသည် ကွန်မြူနစ်တို့က ဆိုလာသောအခါ ယုံကြည်မှုသက်သက်ကို အခြေခံ၍ဖြစ်သော ဘာသာတရား (ဥပမာ-ထာဝရဝါဒီ, ဣဿရဝါဒီ, ခိုဒါဝါဒီ) တို့ကို ရည်ညွှန်း၍ သူတို့၏ရှုထောင့်မှ ဆိုသောစကား ဖြစ်သောကြောင့် အလွန် ခိုင်လုံသော မှန်ကန်တိကျသည့် စကား ဖြစ်သည်၊ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာဟူသည်ကား ဗိုလ် ၅-ပါးကို အခြေခံသောကြောင့် ဘိန်းစား ဘိန်းကို စွဲခြင်းနှင့် မည်သည့်နည်းနှင့်မျှ မတူညီပေ၊ ဘိန်းသည် ဘိန်းစား၏ စိတ်နှလုံးကို ယစ်မူး မိန်းမောစေ၍ အမှန်တရားကို လွှမ်းမိုး ဖုံးအုပ်ပစ်နိုင်သော သတ္တိ ရှိသည်၊ ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါတရားမှာကား ဤသို့ တွေဝေမိန်းမောစေခြင်း မရှိ၊ အမှန်တရားကို ဖုံးကွယ်ခြင်း မပြု၊ ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်းနှင့် အမှန်တရားသို့ ဦးတည်ညွှန်ပြသော သတ္တိသာ ရှိပေသည်၊ ရေနောက်ကို ကြည်လင်စေတတ်သော ပတ္တမြားကျောက်နှင့် သဒ္ဓါတရားကို ဥပမာပြု ကြသည်၊ လက်တွေ့အားဖြင့်လည်း ရတနာသုံးပါးကို ယုံကြည်သဒ္ဓါ ကြည်ညိုစွာဖြင့် အောက်မေ့နှလုံးသွင်းသော ပုဂ္ဂိုလ်မှာ ရာဂ-ဒေါသ-မောဟမလွှမ်း ဖြောင့်တန်းစွာ ရတနာသုံးပါးသို့ ထိရောက်၏၊ ဓမ္မနှင့်စပ်သော ပီတိပါမောဇ္ဇ ဖြစ်သည်၊ စိတ်ချမ်းသာခြင်း, ကိုယ်ချမ်းသာခြင်း, စိတ်တည်ကြည်ခြင်းကို ရရှိပေသည်။ တဏှာပေမနှင့် ဆန့်ကျင်ဘက်ဖြစ်သော ကြည်လင်သော သဒ္ဓါတရားကို ရရှိခြင်း, အကျိုးမဲ့တရားများ ကင်းပျောက်၍ အကျိုးစီးပွားများ ရောက်လာခြင်းတည်းဟူသော ဆုလာဘ်များကို မတောင်းဘဲနှင့် အလိုလို ရရှိနိုင်ကြောင်း သိရပေသည်။

အမျှော်နှင့် အကြောက်

ဘုရားရှင်၏ အဆုံးအမတော်တွင်ကား အကျိုးကိုပြ၍ လည်းကောင်း, အပြစ်ကိုပြ၍လည်းကောင်း, ဆုံးမတော်မူသော ဒေသနာတော်များမှာ မရေမတွက်နိုင်အောင် ရှိ၏၊ ဤသို့ အကျိုးကို ပြခြင်းသည် ကြောက်အောင် ခြောက်လှန့်သည်ဟူ၍ လည်းကောင်း၊ အမျှော်ခိုင်းသည် ဟူ၍လည်းကောင်း မဆိုနိုင်။

အကြောင်းအကျိုးကိုသာပြ၍ ဆုံးမတော်မူပုံကို အမြွက်မျှ ပြအံ့။

(က) မကောင်းမှုကို ပြုသောသူသည် ယခုဘဝ၌လည်းကောင်း၊ နောင်ဘဝ၌လည်းကောင်း၊ ပစ္စုပ္ပန် တမလွန် ၂-တန်သော ဘဝ၌လည်းကောင်း ပူပန်ဆင်းရဲရ၏၊ ငါသည် မကောင်းမှုကို ပြုမိပြီ ဟု တွေးတောပူပန်၏၊ ဒုဂ္ဂတိဘုံသို့ ရောက်သော် ပို၍ပင် ပူပန်ဆင်းရဲရ၏။

(ခ) ကောင်းမှုပြုသော သူသည် ယခုဘဝ၌လည်းကောင်း၊ နောင်ဘဝ၌လည်းကောင်း၊ ပစ္စုပ္ပန် တမလွန် ၂-တန်သော ဘဝ၌လည်းကောင်း ဝမ်းမြောက်ကြည်နူးရ၏၊ မိမိ၏လုပ်ငန်း စင်ကြယ်ကောင်းမြတ်မှုကိုကြည့်၍ သူသည် အဖန်တလဲလဲ ဝမ်းမြောက်ကြည်နူးရပေ၏။

(ဂ) သတ္တဝါတစ်ဦးတစ်ယောက်သည် မကောင်းမှုကို ပြုမိလျှင် ထိုမကောင်းမှုကို ထပ်တလဲလဲ မပြုမိစေသင့်၊ မကောင်းမှု၌တောင့်တခြင်း ဆန္ဒကို မပြုရာ၊ မကောင်းမှု များလျှင် ဆင်းရဲသောအကျိုး ရှိ၏။

(ဃ) သတ္တဝါတစ်ဦးတစ်ယောက်သည် ကုသိုလ်ကို ပြုမိလျှင် ထိုကုသိုလ်ကို ထပ်ကာတလဲလဲ ပြုရာ၏၊ ကောင်းမှု၌ တောင့်တခြင်း ဆန္ဒကိုပြုရာ၏၊ ကောင်းမှု များပြားလျှင် ချမ်းသာသော အကျိုး ရှိ၏။

ဤအဆုံးအမများတွင် ''မကောင်းမှု များပြားလျှင် ဆင်းရဲသော အကျိုး ရှိ၏၊ ကောင်းမှု များပြားလျှင် ချမ်းသာသော အကျိုး ရှိ၏''ဟူသော အဆုံးအမသည် အပြစ်နှင့်အကျိုးကို ရိုးရိုးကလေး ပြကာ ဆုံးမတော်မူခြင်း ဖြစ်သည်။

ရာဟုလာကို ဆုံးမတော်မူပုံကား

''ရာဟုလာ . . . ငါ မေးမည့် စကားကို သင် ဘယ်လို သဘောရသနည်း၊ ကြေးမုံမှန်ပြင်သည် အဘယ်အကျိုး ရှိပါသနည်း ရာဟုလာ၊ အပြစ်ကို ဆင်ခြင်ခြင်း အကျိုး ရှိပါသည် ဘုရား၊ ရာဟုလာ . . . ဤနည်းအတိုင်းပင် စဉ်းစားဆင်ခြင်ကာ ကိုယ်ဖြင့် အလုပ်လုပ်ရမည်, နှုတ်ဖြင့် အလုပ်လုပ် ရမည်, စိတ်ဖြင့် အလုပ်လုပ်ရမည်၊ ရာဟုလာ . . . ကိုယ်ဖြင့် အလုပ်လုပ်မည်ရှိသောအခါ ငါ၏ ဤကာယကံမှုသည် မိမိအတွက်လည်း ဆင်းရဲပင်ပန်း, သူတပါးအတွက်လည်း ဆင်းရဲပင်ပန်း, မိမိ သူတပါး နှစ်ဦးသားအတွက်လည်း ဆင်းရဲပင်ပန်းဖို့ ဖြစ်လေမည်လားဟု ဆင်ခြင်ရမည်၊ ငါ၏ ဤကာယကံမှုသည် ဆင်းရဲကို ဖြစ်စေ၍ ဆင်းရဲသောအကျိုး ရှိသော ကံများဖြစ်လေမလားဟု ဆင်ခြင်ရာ၏၊ ရာဟုလာ . . . အကယ်၍ သင် ဆင်ခြင်သောအခါ မိမိလည်း ဆင်းရဲ၊ သူတပါးလည်း ဆင်းရဲဖို့ ဖြစ်သည်၊ ဒုက္ခကိုဖြစ်စေ၍ ဆင်းရဲသော အကျိုးရှိသည်ဟု သင် ထင်မြင်လျှင် ဤသို့သော ကာယကံကို သင် မည်သည့်နည်းနှင့်မျှ မပြုသင့်၊ ရာဟုလာ အကယ်၍ သင် ဆင်ခြင်သောအခါ မိမိလည်း ဆင်းရဲ, သူတပါးလည်း ဆင်းရဲဖို့ မဖြစ်၊ ချမ်းသာခြင်းကို ဖြစ်စေ၍ ချမ်းသာသောအကျိုး ရှိသည်ဟု သင် ထင်မြင်လျှင် ဤသို့သော ကာယကံကို သင် မချွတ်ပြုရမည်။'' (ဝစီကံ, မနောကံ အလားတူ)။ (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်)

အကျိုးကို ပြကာ ဆုံးမတော်မူလျက် တစ်ထပ်တည်းသာ စားခြင်း၏အကျိုးကို ဟောတော်မူပုံကား

''ရဟန်းတို့ . . . ငါသည်(ညစာမစားဘဲ)တစ်ထပ်ဆွမ်းကို ဘုဉ်းပေးတော်မူ၏၊ ရဟန်းတို့ . . . တစ်ထပ်ဆွမ်းကို ဘုဉ်းပေးတော်မူသောအခါ အနာရောဂါကင်းခြင်း, အားအင်နှင့်ပြည့်စုံခြင်း, ချမ်းသာစွာနေနိုင်ခြင်းကို ငါဘုရား သတိပြုမိတော်မူ၏၊ ရဟန်းတို့ . . . လာကြကုန်၊ သင်တို့လည်း (ညစာမစားဘဲ) တစ်ထပ်ဆွမ်းကို စားကြကုန်လော့၊ သင်တို့လည်း တစ်ထပ်ဆွမ်းကို စားလျှင် အနာရောဂါကင်းခြင်း, အားအင်နှင့် ပြည့်စုံခြင်း, ချမ်းသာစွာ နေနိုင်ခြင်းကို (သင်တို့ကိုယ်တိုင်) ကောင်းစွာ သိကြပေလိမ့်မည်''

အဋ္ဌကထာဆရာ၏ မှတ်ချက်

''ဘုရားရှင်တို့သည် ဘေးကို ပြကာ ခြိမ်းခြောက်၍ ပယ်စွန့်စေတော်မမူကြချေ၊ အကျိုးကို ပြ၍သာ ပယ်စွန့်စေတော်မူကြမြဲ ဖြစ်သည်၊ ဤသို့ အကျိုးပြုပယ်စွန့်စေလိုက်သော် သတ္တဝါတို့သည် လွယ်ကူစွာ ပယ်စွန့်ကြလေသည်''

အထက်ပါ သဘာဝယုတ္တိ အာဂမယုတ္တိတို့ကို ထောက်၍ ဗုဒ္ဓဝါဒသည် အမျှော် အကြောက်၊ တစ်နည်း (Reward and Punishment) ဆုလာဘ်နှင့် အပြစ်ဒဏ်ကို ပြကာ ခြောက်ချည်တစ်လှည့် မြှောက်ချည်တစ်ခါ ပြုလုပ်တတ်သော ဖန်ဆင်းရှင် ထာဝရဝါဒီတို့၏ ဘာသာမျိုး မဟုတ်၊ အကျိုးအကြောင်းကို ပြ၍ဆုံးမတတ်သော ဘာသာ သာဖြစ်သည်၊ နတ်ပြည်နှင့် ငရဲပြည်ကို ပြခြင်းမှာလည်း မြှောက်လို ခြောက်လို၍ မဟုတ်ဘဲ အရှိသဘောဖြစ်၍ ရှိကြောင်းကို ပြခြင်းသာဖြစ်သည်၊ ဤလမ်းသွားလျှင် ဤအရပ်သို့ ရောက်၍ ထိုလမ်းလျှောက်လျှင် ထိုအရပ်သို့ ရောက်ကြောင်း ပြတော်မူခြင်းသာ ဖြစ်သည်။

အကယ်ပင် အကျိုးကို လိုလားသော မိဘဆရာသမားတို့က ချုပ်ချယ်၍ အတင်းအကျပ် တရားအကျင့်ကို ကျင့်ကြံခိုင်းစေကာမူ (ဝါ)သာသနာတော်၏ အဆုံးအမကို မကျင့်လိုဘဲ ကျင့်ရစေကာမူ သာသနာတော်၏ ကျင့်စဉ်ကား ကျင့်သူကို လမ်းဆုံးပန်းတိုင်ဖြစ်သော အနုပါဒါပရိနိဗ္ဗာန်တိုင်အောင် အကျိုးပြုသည်သာ ဖြစ်၏။
စတုက္က အနုသောတသုတ်၌ မြတ်စွာဘုရား ဟောမိန့်တော်မူသည်။

သမ္မာဒိဋ္ဌိသုတေသနဝါဒီတို့၏ ''ကိုးကွယ်''ဟူသော စကားနှစ်လုံးကို ပုဒ်ခွဲကာ ကိုး=အားကိုးသည်၊ အားကိုးခြင်းသည် လိုချင်ခြင်း ဖြစ်၍ လောဘ=အမျှော် ဖြစ်သည်၊ ကွယ်=ကာကွယ်သည်၊ ကာကွယ်စောင့်ရှောက်ခြင်းသည် ကြောက်ရွံ့ထိတ်လန့်ခြင်း=ဒေါသ အကြောက် ဖြစ်သည်၊ လောဘ ဒေါသသည် မောဟကြောင့် ဖြစ်သည်ဟု ကြံကြံဖန်ဖန် သမ္ဘာရပရိစ္ဆေဒ ပြုကြခြင်းသည် စိတ်မမှန်သော သူတို့၏ စကားသာ ဖြစ်သည်ဟု အမှတ်(၂) သီးခြားဝိနည်းဓိုရ် ဆရာတော်များက သုံးသပ်တော်မူကြသည်။


Read more ...

July 29, 2010

အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည်

တိပိဋက | 6:48 PM | 1 Comment so far

အတိတ်အနာဂါတ်၊ အကြောင်း နည်းနည်းပြောချင်ပါတယ်…ဗုဒ္ဓသာသနာမှာ အတိတ်အနာဂါတ်ဟာ လွန်စွာ အရေးကြီးလှပါတယ်… ဗုဒ္ဓဘာသာရဲ့ အခြေခံယုံကြည်ချက်ဖြစ်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိအပိုင်းမှာပင် အတိတ်၊ အနာဂါတ်က ပါဝင်နေပါတယ်… အသက်တိုရတဲ့ အကြောင်းရင်း အသက်ရှည်ရတဲ့အကြောင်းရင်းအစရှိသည်တို့မှာ အတိတ်ကံနဲ့ များစွာစပ်ဆက်နေပါတယ်… ပါဏာတိပါတကို မရှောင်ခဲ့တဲ့ အတွက်ကြောင့် အသက်တိုရတယ်.. ပါဏာတိပါတကို ရှောင်ကြဉ်ခဲ့တဲ့အတွက်ကြောင့် အသက်ရှည်ရတယ်. အဲဒီလို အစရှိသည်ဖြင့် အတိတ်ကံနဲ့ စပ်ဆက်နေတဲ့ အကြောင်းအရာများ ရှိပါတယ်. ..

ကမ္မဿကတာ သမ္မာဒိဋ္ဌိနဲ့ ပတ်သက်ပီ ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်ချက်မှာ နှစ်ပိုင်းရှိပါတယ်. အစဉ်အလာမိရိုးဖလာ စကားအားဖြင့် ယုံကြည်ခြင်း.နဲ့ ကိုယ်တိုင်လက်တွေ့ရှုပွား၍ ယုံကြည်ခြင်းဆိုပီ နှစ်ပိုင်းရှိပါတယ်.. ဗုဒ္ဓဘာသာအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခါစ၌ မိရိုးဖလာ ယုံကြည်ချက်ဖြင့် လုံလောက်ပါသော်လည်း. .. ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။) အဆိုအရ ဝိပဿနာ အားထုတ်မယ့် ပုဂ္ဂိုလ်ဟာ ကံ၊ ကံရဲ့ အကျိုးကို တစ်စိတ်တစ်ဒေသ ကိုယ်တိုင်မျက်မှောက်ပြုသိရမှာ ဖြစ်ပါတယ်… အဲဒီအချိန်မှာတော့ အတိတ်၊ အနာဂါတ်နဲ့ ပက်သက်ပီ ယုံမှား သံသယဖြစ်နေတာတွေ အတော်များများ ပျောက်လွှင့်စင်သွားမှာဖြစ်ပါတယ်… တကယ်တော့ မြတ်စွာဘုရားရဲ့ တရားတော်တွေက လာလှည့်ပါ။ ရှုလှည့်ပါလို့ ဖိတ်ခေါ်ခြင်းငှါ ထိုက်တန်တဲ့ တရားတော်တွေ ဖြစ်ပါတယ်..

သံယုတ်ပါဠိတော် ခဇ္ဇနီယသုတ္တန်အဆိုအရ… အချို့သော သမဏ၊ ဗြဟ္မဏပုဂ္ဂိုလ်တွေဟာ အတိတ်က ဥပါဒါနက္ခန္ဓာငါးပါးကို ဝိပဿနာဉာဏ်နဲ့ သိနိုင်တယ်ဆိုတဲ့အကြောင်း ပါဠိတော်နဲ့ အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်.. ဒီတော့ အထက်က ဝိသုဒ္ဓိမဂ်အဆိုအရ ကံ၊ ကံရဲ့ အကျိုးကို တစ်စိတ်တစ်ဒေသသိရမယ်.. ခဇ္ဇနီယသုတ္တန်အဆိုအရလည်း သိနိုင်တယ်ဆိုတော့ အတိတ်၊ အနာဂါတ်လမ်းခရီးဟာ အဆင့်မြင့် ဗုဒ္ဓဘာသာတွေ လျှောက်လှမ်းရမယ့် လမ်းခရီး တစ်ခု ဖြစ်ခဲ့ပါတယ်… ဗုဒ္ဓသာသနာတော်ရဲ့ ဂုဏ်ယူဖွယ်ရာ တရားဒေသနာတော်တွေ ဖြစ်ပါတယ်. အယူဝါဒမှားများကို တိုက်ဖျက်ဖို့ အကောင်းဆုံးလက်နက်ကောင်းတွေ ဖြစ်ခဲ့၇ပါတယ်.. သာသနာတော်ရဲ့ ပေတံကြီးများသဖွယ်လည်း ဖြစ်ပါတယ်.

ဘယ်လို ပေတံတွေ ဖြစ်သလဲဆိုရင်… ဒီနေ့ခေတ်မှာ မိမိကိုယ်ကို တရားထူးရသူ ကြော်ငြာသူတွေ ရှိကြပါတယ်. ဘယ်ဉာဏ်စဉ်ကို ရောက်နေပီဟု ပြောဆိုသူတွေ ရှိကြပါတယ်.. တစ်မဂ်တစ်ဖိုလ်ရပီဟု ပြောသူက ပြောကြပါတယ်. .. အဲဒီသူတွေအတွက် ပေတံတစ်ခု ဖြစ်ခဲ့ရတယ်.. အတိတ်၊ အနာဂတ်နဲ့ ပက်သက်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဉာဏ်ဖြင့် မထွင်းဖောက်နိုင်ဘဲ သံသရာမှာ လွန်မြောက်သွားတဲ့ သူဆိုတာ အိမ်မက်ရဲ့ အတွင်း`၌သော်လည်း တစ်ယောက်မျှ မရှိခဲ့စဖူးပါလို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကြီးမှာ ပြောတဲ့အတိုင်း မိမိတရား ရမရ.. အတိတ်၊ အနာဂတ်ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်တိုင်မျက်မှောက်ပြုပီပီလားဟု မေးမြန်းနိုင်ပါတယ်.. မသိသေးပါဟု အဖြေထွက်ပါက မိမိပြောနေတဲ့ တရားထူးမှာ ဘုရားဆိုလိုတဲ့ တရားထူး မဟုတ်သေးဟု နားလည်ရာ၏။

အနတ္တလက္ခဏာတို့လို ထိုထိုသုတ္တန်တွေမှာ မြတ်စွာဘုရားက တေပရိဝဋ္ဋ ဒေသနာနည်းနဲ့ တရားဒေသနာတွေကို ဟောတော်မူခဲ့ပါတယ်.. အဲဒီသုတ္တန်ဒေသနာတွေကို ကြည့်မယ်ဆိုရင် အတီတာနာဂတပစ္စုပ္ပန္နံ အစရှိသည်ဖြင့် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလသုံးပါးလုံးမှာရှိတဲ့ ဥပါဒါနက္ခန္ဓာတွေကို လက္ခဏာရေးသုံးတန်တင် ဝိပဿနာရှုဖို့ မြတ်စွာဘုရား ညွန်ကြားထားခဲ့ပါတယ်.. ဒီတော့ အတိတ်ကို မြင်မှ အတိတ်ကို ဝိပဿနာ ရှုလို့ရမယ်… အနာဂါတ်ကို မြင်မှ အနာဂတ်ကို ဝိပဿနာ ရှုလို့ရမယ်.. အတိတ်၊ အနာဂတ်က မြင်နိုင်သလားဆို၇င် မြင်နိုင်လို့ မြတ်စွာဘုရား တရားရှုကွက် ဒေသနာဟောပေးတော်မူခဲ့တယ်လို့ ခံမှန်းလို့ရတယ်.. ဒါဆိုရင် အတိတ်ဆိုတာဖြစ်ပီပီ။ ဘယ်လို ရှုမှာလဲ။ အနာဂါတ်ဆိုတာ ဖြစ်မှ မဖြစ်သေးတာ ဘယ်လိုလုပ် ဝိပဿနာရှုမှာလဲဟု မေးစရာရှိလားပါတယ်.. ဟုတ်ပါတယ်. အတိတ်ရုပ်နာမ်နဲ့ အနာဂါတ်ရုပ်နာမ်တွေဟာ.. ဖြစ်ပြီးတာနဲ့ မဖြစ်ရသေးတာဆိုတော့ ရှုလို့ရပါ့မလားဟု သံသယဖြစ်စရာပါ…. ဒါပေမဲ့ ခဏပစ္စုပ္ပန်ရဲ့ သဘောကို နားလည်းရင် ဒီမေးခွန်းရဲ့ အဖြေက ရှင်းသွားပါလိမ့်မယ်…

ခဏပစ္စုပ္ပန်ဆိုတာ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ ဖြစ်တည်ပျက်(ဥပါဒ်၊ဌီ၊ဘင်)သဘောပါ.. အဲဒီဖြစ်တည်ပျက်သဘောကို ရှုနိုင်ရင် ခဏပစ္စုပ္ပန်ဆိုက်ပါတယ်၊ အဲဒီမှာ နာမ်တရားရဲ့ သဘောက တစ်ကြိမ်မှာ နှစ်ခု မဖြစ်နိုင်ပါဘူး.. အဲဒီတော့ ရှေးနာမ်တရားတွေ ဖြစ်ပီပျက်သွားပီမှသာ နောက်နာမ်တရားတို့ဖြင့် ရှေးနာမ်တရားတို့ရဲ့ ဥပါဒ်ဌီဘင်ကို မြင်အောင်ရှုရပါတယ်.. အဲဒီတော့ အဲဒီအချိန်မှာ ရှေးနာမ်တရားတွေဟာ အတိတ်နာမ်တရားတွေဖြစ်နေပါပီ.. ဒါကိုပဲ ကြည့်မယ်ဆိုရင် အတိတ်ရုပ်နာမ်ကို ရှုလို့မရဘူးဆိုရင် ရှုစရာကို မရှိတော့ဘူးဆိုတာ တွေ့နိုင်ပါတယ်.. ရုပ်နာမ်သင်္ခါတရားများကို ရှုတဲ့ခါမှာ ခဏပစ္စုပ္ပန်ဆိုက်အောင် ရှုနိုင်ဖို့သာ လိုရင်းဖြစ်ပါတယ်. .. ဒါဆိုရင် အတိတ်၊ အနာဂတ်ရုပ်နာမ်ကို ရှုသော်လည်း ပစ္စုပ္ပန်ကျကျရှုတယ်ဟု သဘောသက်ရောက်ပါတယ်..

အတိတ်ရုပ်နာမ်ကို ပြန်ရှုရင် မိမိရဲ့ အတိတ်သံသရာခရီးတချို့ကို ပြန်မြင်နိုင်ပါတယ်.. အတိတ်သံသရာခရီးကို ပြန်မြင်ခြင်းအားဖြင့် သံဝေဂဖြစ်စရာတွေ ရှိပါတယ်. သင်္ခန်းစာယူစရာတွေလည်း တွေ့ရပါတယ်. ဘဝနဲ့ရင်းခဲ့ရတဲ့ သင်္ခန်းစာများကို တွေ့ရှိခြင်းအားဖြင့် နောက်ထပ်တဖန် အမှားများကို မလွန်ကျူးနိုင်တော့ပါ.. အယူမှား မိစ္ဆာဒိဋ္ဌိများဖြစ်တဲ့ ဘဝဆိုတာ ပခက်နဲ့ ခေါင်းကြားမှာပဲ ရှိတယ်.. သေပီရင်းပြတ်တယ်။ သတ္တဝါတွေကို ဖန်ဆင်းရှင်ကြီးက ဖန်ဆင်းတယ်။ အကြောင်းတရား၊ အကျိုးတရားမရှိဘူးအစရှိတဲ့ အယူဝါဒဆိုးကြီးများကို ပျောက်ကွယ်နိုင်ပါတယ်..

အတိတ်၊ အနာဂတ်ကို ကိုယ်တိုင်မျက်မှောက်ပြုသိခဲ့မယ်ဆိုရင် ကမ္မဿကတာသမ္မာဒိဋ္ဌိလည်း ပိုမိုခိုင်ခံ့လာမှာပါ.. အတိတ်၊ အနာဂတ်နဲ့ ပတ်သက်တဲ့ ယုံမှားမှု ဝိစိကိစ္ဆာအမျိုးမျိုးလည်း ပျောက်ကွယ်သွားပါမယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ရပေတယ်…

Read more ...

July 26, 2010

ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ

Dr Phyo Wai Kyaw | 11:44 PM | Be the first to comment!
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကရွေးချယ်သည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များသာ ပါဝင်သော နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့များ (၁-၁၆)၏

ဓမ္မ - အဓမ္မ အငြင်းပွားမှုခင်း ဆုံုံးဖြတ်ချက်များ

မစိုးရိမ်စာသင်သား(ကောက်နုတ်တင်ပြ ပူဇော်သည်)

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့(၁-၁၆)၏ သဘာပတိဆရာတော်ကြီး(၁၆)ပါး

၁။ ဘဒ္ဒန္တသုဒဿန (ကိုင်းကုန်းဆရာတော်ဘုရားကြီး)
၂။ဘဒ္ဒန္တဃောသိတာဘိဝံသ (ဃောသိတာရုံဆရာတော်ဘုရားကြီး)
၃။ ဘဒ္ဒန္တသြဘာသ(သရက်တောဆရာတော်ဘုရားကြီး)

၎။ ဘဒ္ဒန္တဝါသေဌာဘိဝံသ(ရွှေကျင်တိုက်သစ်ဆရာတော်ဘုရားကြီး)
၅။ ဘဒ္ဒန္တဝိဇယ (ကွမ်းးခြံကုန်းဆရာတော်ဘုရားကြီး)
၆။ ဘဒ္ဒန္တတိက္ခိန္ဒြိယ (ကျောင်းတော်ရာရွှေကျင်ဆရာတော်ဘုရားကြီး)

၇။ဘဒ္ဒန္တဝေပုလ္လာဘိဝံသ (ပတ္တမြားဆရာတော်ဘုရားကြီး)
၈။ ဘဒ္ဒန္တဝဏ္ဏသာရ (ဘုရားသုံးဆူဆရာတော်ဘုရားကြီး)
၉။ ဘဒ္ဒန္တတိဿ (ကျိုက်သီမွန်ဆရာတော်ဘုရားကြီး)

၁ဝ။ ဘဒ္ဒန္တပညာဇောတ (သာသနာ့မ့မဏ္ဍိုင်ဆရာတော်ဘုရားကြီး)
၁၁။ ဘဒ္ဒန္တမေဓိယ (တူးမောင်းဆရာတော်ဘုရားကြီး)
၁၂။ ဘဒ္ဒန္တဂန္ဓမာဘိဝိဝံသ (ဖက်ပင်အိုင်ဆရာတော်ဘုရားကြီး)
၁၂။ ဘဒ္ဒန္တဂန္ဓမာဘိဝိဝံသ (ဖက်ပင်အိုင်ဆရာတော်ဘုရားကြီး)
၁၄။ ဘဒ္ဒန္တခေမိကာဘိဝံသ ( ခေမာဝင်းဆရာတော်ဘုရားကြီး)

၁၅။ ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ဘုရားကြီး)
၁၅။ ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ဘုရားကြီး)



(၁)ကျောက်သင်္ဘောဝါဒဝိနိစ္ဆယ

(၂) လူသေလူဖြစ်ဝါဒဝိနိစ္ဆယ

(၃) ကြောင်ပန်းတောရဝါဒဝိနိစ္ဆယ

(၄) ကျောက်ပုံတောရဝါဒဝိနိစ္ဆယ
မြတ်စွာဘုရား၏ဝါဒနှင့် ကျောက်ပုံတောရဝါဒနှိုင်းယှဉ်ချက်

(၅) ဦးမာလာဝရ(ရေတာရှည်)ဝါဒဝိနိစ္ဆယ

(၆) ဓမ္မနီတိဝါဒဝိနိစ္ဆယ

(၇)မိုးညို(မြောက်ဥက္ကလာပ)ဝါဒ

(၈)ထွန်းတုံးလက်ကျန်ဦးထင်ဝါဒဝိနိစ္ဆယ

(၉) တွံတေးမြို့နယ် ဦးပုညစာရ၏ သိမ်သမုတ်မှုဆိုင်ရာဝါဒဝိနိစ္ဆယ

(၁ဝ)နယ်သိမ်းသိမ်သမုတ်မှုဆိုင်ရာဝါဒဝိနိစ္ဆယ

(၁၁) စမ်းကလေးဝါဒဝိနိစ္ဆယ

(၁၂) မိုးကုတ်ဝိနိစ္ဆယ

(၁၃) ဘိက္ခုနီဘာဝါဘာဝဝိနိစ္ဆယ

(၁၄) အောင်ဆန်းတောရဝါဒဝိနိစ္ဆယ

(၁၅) မိုးညှင်းမြို့၊ အရှေ့ရိပ်သာခေမိန္ဒဝါဒဝိနိစ္ဆယ

(၁၆) မိုးညှင်းမြို့၊ အရှေ့ရိပ်သာခေမိန္ဒဝါဒ မြစ်ကြီးနားမြို့ဝိစိတ္တသာရဝါဒဝိနိစ္ဆယ




.....
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂)၏ ပေါင်းရုံးသုံးသပ်ချက်

သာသနာ့အတွင်းရန်သူများကြောင့် သာသနာအကျိုးယုတ်ပုံများ

အဂတိလိုက်စားမိသော ဝိနည်းဓိုရ်ဆရာတော်ကြီးနှစ်ပါး

နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့(၉)၏ ဆုံးဖြတ်ချက် (မိုးပြာဂိုဏ်းအမှုဟောင်းကိစ္စ)

အဓမ္မဝါဒဝိနိစ္ဆယဆိုင်ရာညွှန်ကြားလွှာများ

ဝိနိစ္ဆယဆိုင်ရာဥပဒေများ

ဒီနေရာမှာ ဒေါင်းပါ။
Read more ...

July 13, 2010

မောဟ၏ သဘောသဘာဝ

အရှင်ကောဝိဒ (ယော) | 7:41 AM | | Be the first to comment!

ကျွန်တော်သည် အဘိဓမ္မာဆိုင်ရာ စာအုပ်တို့ကို ဖတ်ရှုပြီး ကိုယ်တိုင်မဝေခွဲ မဆုံးဖြတ်နိုင်သော မေးခွန်းတစ်ခုကို တင်ပြလိုပါသည်။
- မောဟ (စေတသိက်)သည် သိသင့်တာကို မသိ၊ မသိသင့်တာကို သိသည်ဟုအချို့ စာများတွင် တွေ့ရသည်။
- မောဟ (စေတသိက်)သည် အာရုံ၏ သဘောကို ဖုံးလွှမ်းတတ်သဖြင့် အမှန်တွေကို မသိမလို အမှားတွေကိုလည်း မသိ၊ ဘာကိုမှ မသိကြောင်း အချို့စာများတွင် တွေ့ရသည်။
ထို့ကြောင့် မောဟ၏ ကိစ္စ (အလုပ်တာဝန်) ကို ပရိယတ္တိပညာရှင်များက ဖြေကြားပေးလိမ့်မည်ဟူသော အားကိုးဖြင့် မြတ်ပန်းရဂုံစင်မြင့်သို့ တင်လိုက်ရပါသည်။
ရတနာပုံ မောင်သစ်
မောဟ၏ သဘော
၃၉၀။ ထိုအခါ၌ တွေဝေမှု `မောဟ´ ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် မသိခြင်းသဘော `အညာဏ´၊ (အမှန်တရားကို) မမြင်ခြင်းသဘော `အဒဿန´ ၊ ထိုးထွင်း၍ မသိတတ်သော သဘော `အနဘိသမယ´။ (အမှန်တရားအား) လျော်စွာ မသိတတ်သောသဘော `အနနုဗောဓ´။ (အနိစ္စစသည်တို့နှင့်ယှဉ်၍) မသိတတ် သော သဘော (မှားယွင်းစွာ သိတတ်သောသဘော) `အသမ္ဗောဓ´ ၊ ထိုးထွင်း၍ မသိခြင်း သဘော `အပ္ပဋိဝေဓ´။ (အနိစ္စစသည်ဖြင့်) မယူတတ်သော သဘော `အသံဂါဟန´၊ (အမှန်တရားကို) သက်ဝင်၍ မယူတတ်သောသဘော `အပရိယောဂါဟန´၊ ညီညီညွတ်ညွတ် မရှုတတ်သော (အနိစ္စစသည်ကို နိစ္စစသည်ဟု မညီမညွတ် ရှုတတ်သော) သဘော `အသမပေက္ခန´ ၊ မဆင်ခြင်တတ်သော သဘော `အပစ္စဝေက္ခန´ ၊ မျက်မှောက် မရှုတတ်သော သဘော (အကောင်းအဆိုးကို မဝေခွဲတတ်သော သဘော) `အပစ္စက္ခကမ္မ´၊ (စိတ်) ဖြူစင် သန့်ရှင်းမှုကို ဖျက်ဆီးကြောင်း သဘော `ဒုမ္မေဇ္ဈ´၊ လူမိုက်ဖြစ်ကြောင်း သဘော `ဗာလျ´ ၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် မသိတတ်သော သဘော `အသမ္ပဇည´၊ တွေဝေခြင်းသဘော `မောဟ´ ၊ ပြင်းစွာတွေဝေခြင်း သဘော `ပမောဟ´။ (တရားအားလုံး၌) ထက်ဝန်းကျင် တွေဝေခြင်း သဘော `သမ္မောဟ´၊ သိအပ်သည်ကို မသိခြင်း (သစ္စာလေးပါးကို မသိခြင်း) သဘော `အ၀ိဇ္ဇာ´။ (၀ဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော မသိမှု သဘော `အ၀ိဇ္ဇောဃ´။ (၀ဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော မသိမှုသဘော `အ၀ိဇ္ဇာယောဂ´ ၊ အစဉ် ကိန်းဝပ်တတ်သော မသိမှုသဘော `အ၀ိဇ္ဇာနုသယ´။ (ကိလေသာတို့၏) ထကြွ သောင်းကျန်းခြင်း မသိမှုသဘော `အ၀ိဇ္ဇာပရိယုဋ္ဌာန´။ (စီးပွားချမ်းသာသို့ မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုတ်) နှင့် တူသော မသိမှုသဘော `အ၀ိဇ္ဇာလင်္ဂီ´ ၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော တွေဝေမှု `မောဟအကုသလမူလ´ သည် (ရှိ၏)။ ထိုအခါ၌ တွေဝေမှု `မောဟ´ ဟူသည် ဤသဘော ဖြစ်၏။
အထက်ပါ ဖွင့်ဆိုချက်များသည် ဓမ္မသင်္ဂဏီပါဠိတော်မြန်မာပြန်မှ မောဟ၏ ပရိယာယ်ပုဒ်များ ဖြစ်၏။
သင်္ဂြိုဟ်ဘာသာဋီကာမှ မောဟနှင့် ပတ်သက်သော ရေးသားချက်များကို ဖော်ပြပါဦးမည်။
မောဟ။ ။ မုယှတီတိ မောဟော နာမ, ဧသော အညာဏလက္ခဏော၊ အာလမ္ဗနသဘာဝစ္ဆာဒ ရသော-န္ဓကာရုပဋ္ဌာနော၊ အယောနိသောမနသိကာရ - ပဒဋ္ဌာနောတိ သညိတော။
ဝစနတ္ထ, လက္ခဏာ။ ။[မုယှတီတိ-အာရုံ၌ တွေဝေတတ်သည်၏ အဖြစ်ကြောင့်၊ မောဟော နာမ- မောဟမည်၏၊ ဧသော - ဤမောဟသည်၊ အညာဏလက္ခဏော၊ ဉာဏ်၏ ဆန့်ကျင်ဘက် လက္ခဏာရှိ၏။] -မုယှတိအရ အာရုံ၌ တွေဝေခြင်းဟူရာ၌ ၀ိစိကိစ္ဆာ သဘောကဲ့သို့ မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေခြင်းမဟုတ်, အာရုံ၏ အမှန်သဘောကို မသိခြင်းပင်တည်း၊ ထို့ကြောင့် မုယှတိကို `နဗုဇ္ဈတိ´ဟု ဋီကာတို့ ဖွင့်ကြသည်၊ ဘ၀င်ကျ၍ အိပ်ပျော်နေသလို မသိရုံသက်သက်မဟုတ်, ဉာဏ်သည် အမှန်ကိုသိသကဲ့သို့ မောဟသည် အမှားကိုသိ၏၊ ထို့ကြောင့် ဉာဏ်၏ဆန့်ကျင်ဘက် ဖြစ်ခြင်း လက္ခဏာရှိသည်။
ရသ,ပစ္စုပဋ္ဌာန်။ ။[အလမ္ဗသဘာဝစ္ဆာဒရသော - အာရုံ၏ သဘောမှန်ကို ဖုံးကွယ်ခြင်း ကိစ္စရှိ၏၊ အန္ဓကာရဥပဋ္ဌာနော - ပညာစက္ခုကို ကန်းအောင်ပြုတတ်သောတရားဟု ယောဂီတို့ ဉာဏ်အားထင်လာ၏။] -အာရုံ၏ ဟုတ်မှန်သောသဘောဟူသည် ဒုစရိုက်တရားတို့၏ မကောင်းဆိုးဝါးသော သဘော,သုစရိုက်တို့၏ ကောင်းသောသဘော, ဒုက္ခသစ္စာစသည်တို့၏ သဘော, အတိတ်ဘ၀နှင့် အနာဂတ်ဘ၀တို့ရှိခြင်းသဘော, ပဋိစ္စသမုပ္ပါဒ်၏ သဘောစသည် တည်း။ ဤသဘောမျိုးကို မသိအောင် ကာကွယ်ဖုံးလွှမ်းထားခြင်းသည် မောဟ၏ ကိစ္စတည်း၊ ဤဖုံးလွှမ်းကာကွယ်မှုကြောင့်ပင် ဒုစရိုက်သဘောကို သိပြီးသော ပညာရှိဖြစ်စေကာမူ မောဟ ၀င်လာသော အခါ ထိုဒုစရိုက်တို့၏ အပြစ်ကို မမြင်နိုင်ဘဲ ပြုမှားမိကြလေသည်။ ထို့ကြောင့် `ဤ မောဟသည် ရှိပြီးသော ပညာစက္ခုကို ကန်းအောင်ပြုတတ်သောတရား´ဟု ယောဂီတို့ ဉာဏ်မှာ ထင်လာသည်။
ပဒဋ္ဌာန်။ ။[အယောနိသောမနသိကာရပဒဋ္ဌာနောတိ - အယောနိသောမနသိ ကာရလျှင် နီးစွာသောအကြောင်းရှိ၏ဟူ၍၊ သညိတော - မှတ်အပ်၏။] -`အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာ စေ၀ အကုသလာ ဓမ္မာ ဥပပဇ္ဇန္တိ´နှင့်အညီ မသင့်မတင့် နှလုံးသွင်းသူ၏ သန္တာန်၌ အကုသိုလ်တရား တိုးပွားမြဲဖြစ်ရကား အယောနိသောမနသိကာရ သည် မောဟ၏ နီးစွာသော အကြောင်းတည်း။
မှတ်ချက်။ ။ ပဒဋ္ဌာန်မပါသော အကုသိုလ်အရာ၌ ဤအယောနိသောမနသိကာရကို ပဒဋ္ဌာန်ဟုမှတ်ပါ၊ မောဟနှင့်စပ်၍ အခြားမှတ်သားဖွယ်ရာများကို ပစ္စည်းပိုင်း အ၀ိဇ္ဇာပုဒ်၌ ရှုပါ။
[ဆောင်] သဘောမှန်ရာ, ဖုံးကွယ်ကာ၍, ပညာစက္ခု, ကန်းအောင်ပြုလျှင်း, မိုက်မဲခြင်း, မယွင်းမောဟသဘောတည်း။ (၁၂၁)
ဆရာတော်ညွှန်းသည့်အတိုင်း ပစ္စည်းပိုင်း အ၀ိဇ္ဇာပုဒ်ကို ဆက်လက်ဖော်ပြပါမည်။ အ၀ိဇ္ဇာ။ ။ န ၀ိဒတိ- မသိတတ်၊ ဣတိ- ထို့ကြောင့်၊ အ၀ိဇ္ဇာ- အ၀ိဇ္ဇာမည်၏။ တရားကိုယ်အားဖြင့် မောဟတည်း။ ဤအ၀ိဇ္ဇာသည် သိထိုက်သော အရာဌာနကို မိမိကိုယ်တိုင်လည်း မသိတတ်၊ မိမိနှင့် ယှဉ်ဘက် အကုသိုလ်စိတ် စေတသိက်များကိုလည်း ကောင်း၊ မိမိကိန်းရာ သတ္တ၀ါကိုလည်းကောင်း မသိစေတတ်။ မျက်စိ၌ တိမ်သလာ ဖုံးလွှမ်းနေသူသည် တိမ်သလာအတွက်ကြောင့် မြင်သင့်မြင်ထိုက်သော အရာဌာနကို မမြင်ရသကဲ့သို့တည်း။ ဤအ၀ိဇ္ဇာ၏ ဖုံးလွှမ်းရာဌာနကို `သစ္စာလေးပါး ပုဗ္ဗန္တ အပရန္တ ပုဗ္ဗန္တာပရန္တ ပဋိစ္စသမုပ္ပါဒ်´-ဟု အဘိဓမ္မာနည်းအားဖြင့် ရှစ်ဌာနပြ၏။ ထိုတွင် ဘုံသုံးပါး၌ ရှိရှိသမျှ နာမ်ရုပ်တွေသည် ဒုက္ခသစ္စာတွေချည်းတည်း။ ထိုဒုက္ခတွေကို ဒုက္ခဟု မသိမမြင်နိုင်ခြင်းသည် ဒုက္ခသစ္စာကို ဖုံးလွှမ်းသော အ၀ိဇ္ဇာပင်တည်း။ ထို့အတူ တဏှာ လောဘကို ဒုက္ခဖြစ်ကြောင်းမှန်း မသိခြင်း၊ နိဗ္ဗာန်ကို ဒုက္ခ၏ ချုပ်ရာမှန်း မသိခြင်းသည် သမုဒယ နိရောဓ မဂ္ဂသစ္စာကို ဖုံးလွှမ်းသော အ၀ိဇ္ဇာပင်တည်း။
အန္တ၏ အနက်။ ။ ပုဗ္ဗန္တ-စသည်၌ အန္တသဒ္ဒါသည် အဖို့အစုဟူသော အနက်ကို ဟော၏။ အချို့ပုထုဇဉ်များသည် ရှေးအတိတ်ဘ၀၌ ဖြစ်ခဲ့သည်ကို မယုံကြည်၊ ယခုဘ၀မှ ထာဝရဘုရား စသူတို့ ဖန်ဆင်း၍ ဖြစ်ရသည်ဟု မှတ်ထင်၏။ သို့သော် နောက်နောက်ဘ၀၌ ဆက်ကာဆက်ကာ ဖြစ်ဦးမည်ကိုကား ယုံကြည်၏။ ထိုသူ၏ အ၀ိဇ္ဇာသည် `ပုဗ္ဗန္တေ အညာဏံ´ အရ အတိတ်ဘ၀၌ ဖြစ်သော ခန္ဓာ အာယတန ဓါတ်အစု၌ ဖုံးလွှမ်းသော အ၀ိဇ္ဇာတည်း။ အချို့ကား ရှေးအတိတ်က ဖြစ်ခဲ့ရပုံကို ယုံကြည်၏၊ သို့သော် နောက်ဘ၀၌ ရဟန္တာမဖြစ်သေး သမျှ ဆက်လက်ဖြစ်ရဦးမည်ကို မယုံကြည်၊ သေလျှင် ပြီးတာပဲ-ဟူသော ဥစ္ဆေဒဒိဋ္ဌိဘက်သို့ သက်ဝင်လျက် ရှိ၏။ ထိုသူ၏ အ၀ိဇ္ဇာသည် `အပရန္တေ အညာဏံ´ အရ နောက်နောက်ဘ၀၌ ဖြစ်သော ခန္ဓာ အာယတန ဓါတ်အစုကို ဖုံးလွှမ်းသော အ၀ိဇ္ဇာတည်း။ အချို့ကား ရှေးဘ၀ နောက်ဘ၀ကိုပင် မယုံကြည်၊ ထိုသူ၏ အ၀ိဇ္ဇာသည် `ပုဗ္ဗန္တာပရန္တေ အညာဏံ´အရ ရှေ့နောက် ဖြစ်သော ခန္ဓာ အာယတန ဓါတ်အစုကို ဖုံးလွှမ်းသော အ၀ိဇ္ဇာတည်း။
ထို့ပြင် အ၀ိဇ္ဇာသည် ပဋိစ္စသမုပ္ပါဒ်တရားကို ဖုံးလွှမ်းတတ်သေး၏။ အ၀ိဇ္ဇာစသည်က အကြောင်း၊ သင်္ခါရစသည်က အကျိုး၊ အ၀ိဇ္ဇာစသော အကြောင်းကြောင့်သာ သင်္ခါရစသော အကျိုးများ ဖြစ်ရသည်ဟု နားမလည်အောင် ဖုံးလွှမ်းကွယ်ကာသည် ဟူလို။ ဤအ၀ိဇ္ဇာသည် အဆင့်ဆင့်ထောက်ဆ၍ အထူးအပါးကွဲပြား၏။ ကုသိုလ်အကုသိုလ်မှန်းကိုမျှ မသိအောင် ဖုံးလွှမ်းထားသော အ၀ိဇ္ဇာသည် အလွန်ထူပိန်းသော အ၀ိဇ္ဇာတည်း။ ကုသိုလ် အကုသိုလ်မှန်း သိတတ်၍ အကုသိုလ်အချက်ပေါ်လာလျှင် `မတော်ပါတကား´ဟု ရှောင်ရှားတတ်၊ ကုသိုလ်ဟူသမျှကို ပြုတတ်လျှင် အ၀ိဇ္ဇာ အတော်ပါးလှပ်လေပြီ။ သို့သော် အ၀ိဇ္ဇာကင်းဖို့ အရေးမှာ များစွာဝေးပါသေး၏။ သောတာပန် သကဒါဂါမ် အနာဂါမ်အဖြစ်ရောက်၍ သစ္စာလေးပါးစသည်ကို ထွင်းဖောက်သိမြင်နိုင်သော်လည်း အ၀ိဇ္ဇာမှာ ပါးသည်ထက် ပါးရုံသာ ရှိသေး၏။ ရဟန္တာအဖြစ်ကျမှ အ၀ိဇ္ဇာအားလုံးကင်းလေသည်။ ဤနေရာဝယ် `သစ္စာလေးပါး စသည်ကို သိသည်´ ဟု ဆိုရာ၌ ယခုကာလ သင်္ဂြိုဟ်သရုပ်ခွဲသမားတို့ အသိမျိုးကဲ့သို့ သရုပ်ရေတွက်တတ်သော အသိမျိုးမဟုတ်၊ သရုပ်ရေတွက်တတ်မှုမှာ သညာသိ (အမှတ်သိ) မျိုးသာတည်း၊ ဉာဏ်သိမဟုတ်သေး။ ဉာဏ်ဖြင့် ဒုက္ခသဘော သမုဒယသဘော စသည်ကို သိမှသာ အသိဟု မှတ်ပါ။
အ၀ိဇ္ဇာကင်းသော်လည်း အကုန်မသိ။ ။ အ၀ိဇ္ဇာကင်း၍ ရဟန္တာဖြစ်သောအခါ လောကီ လောကုတ္တရာအားလုံးကို ကုန်စင်အောင် သိပြီဟု မမှတ်ရ၊ သိသင့်သိထိုက် သလောက် သစ္စာလေးပါးစသည်ကို သိခြင်းသာလျှင် လိုရင်းတည်း။ ရဟန္တာဖြစ်သော်လည်း ပဋိသမ္ဘိဒါပတ္တရဟန္တာ မဟုတ်လျှင် ပိဋကကို တမင်သင်ယူမှ တတ်နိုင်သည်။ ပိဋကတတ်သော် လည်း သူတစ်ပါး၏ အဇ္ဈာသယကို ကျနစွာမသိ၊ အာသယာနုသယဉာဏ် ဣန္ဒြိယပရော ပရိယတ္တိဉာဏ် သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူသော ဘုရားရှင်သာလျှင် သိဖွယ်အားလုံးကို ကုန်စင်အောင် သိမြင်တော်မူနိုင်သည်၊ ထိုကဲ့သို့ လောကီလောကုတ္တရာ အားလုံးကို ကုန်စင်အောင် မသိမြင်ခြင်းမှာ အ၀ိဇ္ဇာ၏ ဖုံးလွှမ်းမှုမဟုတ်၊ မိမိဉာဏ်၏ သတ္တိနည်းမှုသာ ဖြစ်သည်။ ဥပမာ- နေ့ခင်းကြောင်တောင်ဝယ် အဝေးမှာတည်သော ရူပါရုံကို မမြင်ခြင်းသည် အမှောင်၏ ကာကွယ်မှုကြောင့်မဟုတ်၊ မိမိစက္ခု၏ သတ္တိနည်းမှုသာ ဖြစ်သကဲ့သို့တည်း။
ဆက်ဦးအံ့- ဘုရားရှင်ကလွဲလျှင် အရှင်သာရိပုတြာသည် ဉာဏ်တော်အကြီးဆုံးတည်း။ ထိုအရှင်သာရိပုတြာသည်ပင် မိမိတပည့် ရဟန်းကလေးအား ကမ္မဋ္ဌာန်းအပေး မှားခဲ့ဘူး၏။ ရဟန်းကလေးကား ငယ်ရွယ်သူတည်း၊ `ငယ်ရွယ်သူ့ စိတ်ဓါတ်သည် ကာမဘက်၌ ညွတ်တတ်၏´ဟု နှလုံးပြု၍ အသုဘကမ္မဋ္ဌာန်းကို ပေးလေရာ၊ စရိုက်နှင့် မတဲ့သောကြောင့် လေးလပတ်လုံး အားထုတ်သော်လည်း တရားထူးမရ၊ နိမိတ်ကလေးမျှ မထင်၊ ထို့ကြောင့် ဘုရားရှင်အား အရှင်သာရိပုတြာက အကြောင်းကို လျှောက်ထားသောအခါ ငယ်ရွယ်သူပင် ဖြစ်သော်လည်း ဘ၀ငါးရာလောက် ရွှေပန်းထိမ်သည်ချည်း လုပ်ခဲ့ဘူး၍ နီမြန်းသော ရွှေများကို ကြည့်ရှုရဖန်များသောကြောင့် အဇ္ဈာသယနှင့်တန်အောင် ဘုရားရှင်က ပဒုမာကြာနီပန်းကို ဖန်ဆင်းပြလျက် အနိစ္စသဘောကို ဖော်ပြတော်မူလေသော် တနေ့ချင်းဖြင့် တရားပေါက်၍ ရဟန္တာအဖြစ်သို့ ရောက်လေသည်။ ထို့ကြောင့် ရဟန္တာဖြစ်ပါလျက် အားလုံးကို မသိခြင်းမှာ ဉာဏ်သတ္တိကုန်မှုကြောင့်သာ ဖြစ်၏။ အ၀ိဇ္ဇာဖုံးလွှမ်းမှုကြောင့် မဟုတ်။ အ၀ိဇ္ဇာ၏ ဖုံးလွှမ်းရာ ဌာနမှာ သစ္စာလေးပါးနှင့် ပုဗ္ဗန္တစသော တရားစုသာ ဖြစ်သည်ဟု မှတ်ပါ။
ဤမျှဖြင့် မောဟ၏ သဘောသဘာဝ ပေါ်လွင်ထင်ရှားပြီဟု ထင်ပါသည်။ အချုပ်မှာ မောဟသည် အမှန်ကို မသိသဖြင့် အမှားကိုသာ သိ၏-ဟုလည်း ဆိုနိုင်ပါသည်။ ဘာကိုမျှ မသိခြင်း-ဟုတော့ မဆိုနိုင်ပါ။ တနည်းအားဖြင့် မသိခြင်းမှန်သမျှ မောဟမဟုတ်ပါ။ မိမိမမြင်ဘူးသောသူ မရောက်ဘူးသောဒေသတို့၏ အမည်နာမစသည်ကို မသိခြင်းမျိုးသည် မောဟမဟုတ်ပါ။
အရှင်ကောဝိဒ (ယော)
Read more ...

June 24, 2010

ဘုရားကို အထင်သေးသူ

အရှင်ကောဝိဒ (ယော) | 7:13 AM | Be the first to comment!

`နမော တေ ပုရိသာဇညာ၊ နမော တေ ပုရိသုတ္တမ။
သဗ္ဗညူသိ မဟာဝီရ၊ လောကဇေဋ္ဌေ နရာသဘ။´
`ယောက်ျားအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရားအား၊ အရှင်ဘုရားအား ရှိခိုးပါ ၏။ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားအား ရှိခိုးပါ၏၊ လုံ့လကြီး တော်မူသော၊ လောက၏ အကြီးအမှူးဖြစ်တော်မူသော၊ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားသည် တရားအလုံးစုံကို သိတော်မူပါပေ၏။´
စာရေးသူသည် အထက်ပါ အပါဒါန်ပါဠိတော်လာ ဂါထာကလေးကို မှတ်စုထုတ်နေခိုက် လှိုင်သာယာမှ မိတ်ဆွေဦးပဉ္ဇင်းတစ်ပါး ရောက်လာသည်။ စကားစမြည် ပြောဆိုကြရင်း မိုးပြာ ဂိုဏ်း အကြောင်း ရောက်သွားသည်။
`ဦးဇင်း၊ မိုးပြာဂိုဏ်းက စာအုပ်တစ်အုပ်ထဲမှာ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာ သုံးပါးပဲလို့ ဘုရားဟောထားတာ ရှိတယ်။ ကောသလမင်းကြီးကို သဗ္ဗညုတဉာဏ်ရတဲ့ အကြောင်း ၀န်ခံထားတာလဲ ရှိတယ်လို့ ဆိုကြတယ်တဲ့။
`တကယ်လို့ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာသုံးပါးကို ဆိုလာတာပါလို့ ဘုရား ဟောခဲ့တာမှန်ရင် သူ သဗ္ဗညုတဉာဏ် ရပါတယ်၊ အကုန်သိပါတယ်လို့ ၀န်ခံတယ်ဆိုတာ မှားရမယ်တဲ့။ တစ်ခုမှန်ရင် တစ်ခုမှားရမယ်ပေါ့ ကိုယ်တော်ရာ။
`ဘုရားဆိုတာ မကြွားဝါတတ်သူမို့လို့ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာသုံးပါးပါပဲ ဆိုတဲ့စကားသာ ဘုရားဟော အစစ်ဖြစ်သင့်ပါတယ်-တဲ့။
`နောက်ပြီး နိဗ္ဗာန်ဟာ အနတ္တဆိုလို့ရှိရင် နိဗ္ဗာန်ဟာ အနှစ်သာရ ဘာမှမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ရောက်ပါတယ်တဲ့။ နိဗ္ဗာန်ဟာ အတ္တပါတဲ့။ ဦးဇင်း အဲဒီပြဿနာတွေ ဖြေရှင်းဖူးတယ် လို့ကြားပါတယ်။ လုပ်ပါအုံး၊ လင်းစမ်းပါအုံး´
`ကိုယ်တော်လဲ စာကြည့်နိုင်သားပဲ။ ကိုယ့်ဟာကို ပါဠိတော်ရှာဖတ်ပြီး နှိုင်းယှဉ် လေ့လာကြည့်ပေါ့´
`ဟာ ဦးဇင်းကလဲ အဲဒီလို အဖြေရှာရတဲ့အလုပ်ကို မလုပ်ချင်လို့ လာမေးတာပေါ့´
`ကိုယ်တော်တို့က အဲဒါတွေ ခွကျတာပဲ။ ကိုယ်တော့်ကို အဲဒီလိုမျိုး ဒကာ-ဒကာမ တစ်ယောက်ယောက်က မေးပါပြီတဲ့၊ ဘယ်လိုလုပ်မလဲ´
`အဲဒီအခါကျတော့ နောက်မှ စာကြည့်ပြီး ပြောပါမယ်လို့ လုပ်ရမှာပေါ့´
`ကဲကဲ-ထားလိုက်ပါတော့။ ဈေးကိုင်လိုက်တာလို့ ကိုယ်တော်မပြောခင် ရှင်းပြပါ့မယ်။ နေအုံး၊ တပည့်တော် ဆောင်းပါးရေးတုန်းက ပရင့်ထုတ်ထားတဲ့ စာရွက်တွေ ရှိတယ်။ သဘောတူရာ ဖိုင်တွဲပြီးသိမ်းထားတယ် အဲဒါဖတ်ကြည့်ရင် ရှင်းသွားလိမ့်မယ်´
`အဲဒီခေတ်က ဗုဒ္ဓကောလာဟလအရ ဘုရားဖြစ်ချင်သူတွေ အိန္ဒိယတစ်ဝိုက်မှာ ဘယ် လောက်များမယ်၊ ဘုရားရဲ့ သာဝကရင်း ဖြစ်ချင်သူတွေ ဘယ်လောက်များမယ် ဆိုတာ မှန်း ကြည့်လိုက်။ တပည့်တော်တို့ ဘုရားမပွင့်ခင် ဘုရားလိုဝန်ခံတဲ့သူ ခြောက်ယောက်ရှိနေပြီ။ သူတို့ကို ယုံကြည်လို့ ဆည်းကပ်တဲ့သူတွေ ရှိသလို၊ လေ့လာနေတဲ့သူတွေလဲ ရှိတယ်။ မဟာပု ရိသလက္ခဏာကျမ်းအရ ဘုရားတစ်ဆူရဲ့ သဘောသဘာဝတွေကိုလဲ လူတော်တော်များ များက သိနေကြလိမ့်မယ်။
`ဘုရားအမည်ခံ တိတ္တိဆရာကြီး ခြောက်ယောက်ထဲမှာ နိဂဏ္ဌနာဋပုတ္တရဲ့ ၀ါဒဟာ အခုချိန်ထိတောင် သက်တမ်းရှည်ပြီး အိမ်န္ဒိယမှာ ဂျိန်းဘာသာ-ဂျိန်းဝါဒဆိုပြီး တည်ရှိဆဲ ကိုး ကွယ်ဆဲပဲ။ မဟာဝီဒလို့လဲခေါ်တဲ့ အဲဒီ နိဂဏ္ဌနာဋပုတ္တဟာ အသက် ၃၀-မှာ တောထွက်၊ ၁၂-နှစ်တိုင်တိုင် တပအကျင့်တွေကို ကျင့်ပြီး ၄၂-နှစ်မှာ သူ့ကိုသူ ဘုရားဖြစ်ပြီလို့ ကြေညာသ တဲ့။ သူ့ရဲ့ဝါဒက ဘုရားဟောတဲ့ သဗ္ဗပုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒပါပဲ။
`သူက သူ့ကိုသူ ဘုရားလို့ ၀န်ခံထားတဲ့အခါမှာ ကြီးကြီးကျယ်ကျယ် ကြွားပုံကို ဒီသုတ် မှာကြည့်-
`ဥဒါယီ၊ သို့ဖြစ်မူ ငါ တရားဟောရမည့် အကြောင်းကို သင် စ၍ ပြောလော့´ဟု (မိန့်တော်မူ၏)။
အရှင်ဘုရား၊ ယခင်ယခင်နေ့တို့က`အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ ငါသွားနေ သည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏´ ဟု အကြွင်းမဲ့ဉာဏ်အမြင်ကို ၀န်ခံသောသူရှိ၏။
`ထိုပုဂ္ဂိုလ်သည် အကျွန်ုပ်က ရှေးအဖို့ကို အကြောင်းပြု၍ ပြဿနာများကို မေးသည် ရှိသော် အကြောင်းတစ်ပါးဖြင့် အကြာင်းတစ်ပါးကို ဖုံးလွှမ်း၏၊ အပသို့ စကားကို ရောက်စေ၏၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ နှလုံးမသာယာခြင်းကိုလည်း ထင်စွာပြု၏။
`ထိုအကျွန်ုပ်အား မြတ်စွာဘုရားကိုသာလျှင် အကြောင်းပြု၍ `ဩော်…ဘုန်းတော် ကြီးသောမြတ်စွာဘုရား၊ ဪ... ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာ ဘုရား၊ မြတ်စွာဘုရားသည် ဤတရားတို့ကို ကောင်းစွာ ကျွမ်းကျင်တော်မူ၏´ ဟု အောက်မေ့ မိပါ၏။´
`ဥဒါယီ၊ (ပ) ထိုသူသည် မည်သူနည်း´
`အရှင်ဘုရား၊ နာဋ၏သား နိဂဏ္ဌပါတည်း´ဟု (လျှောက်၏)။ (မဇ္ဈိမပဏ္ဏာသ၊ စူဠသ ကုလုဒါယိသုတ်)
`အဂုင်္တ္တိုရ်၊ န၀ကနိပါတ်၊ လောကာယတိကသုတ်အရ သူမှ အဲဒီလိုဝန်ခံတာ မဟုတ် ဘူး။ ပူရဏ ကဿပလဲ အဲဒီလို ၀န်ခံတာပဲဗျ။ နိဂဏ္ဌက လည်တယ်။ ပြဿနာကို တတ်နိုင်သ လောက် ဟာကွက်မရှိအောင် ပြင်ဆင်တတ်တယ်။ သူက အကုန်သိတယ်။ အကုန် သိရုံမကဘူး အမြဲတမ်းလဲ သိနေတယ်လို့ ၀န်ခံတယ်။
ဒါပေမဲ့ တစ်ခါတလေ လူတစ်ယောက်မှ မရှိတဲ့အိမ်ကို ဆွမ်းခံမိတယ်။ အဲဒီအိမ်မှာ လူမ ရှိမှန်း အစကတဲက မသိဘူးလားလို့ မေးတဲ့အခါ လူမရှိမှန်း သိပါတယ်၊ ဒါပေမဲ့ ကံတရားက လူရှိရှိ မရှိရှိ ဒီအိမ်ကို သွားရမယ်လို့ သတ်မှတ်ပြီးသား ဖြစ်နေတယ်လို့ အကြာင်းပြတယ်။ ဒီမှာ ဖတ်ကြည့်ပါ။
`သန္ဒက၊ ဤလောက၌ အချို့သောဆရာသည် အလုံးစုံကို သိ၏၊ အလုံးစုံကိုမြင်၏။ `ငါသွားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏´ ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏။
ထိုဆရာသည် ဆိတ်သုဉ်းသော အိမ်သို့လည်း ၀င်၏၊ ဆွမ်းလည်းမရ ခွေးလည်း ကိုက်၏၊ ကြမ်းသောဆင်နှင့်လည်း တွေ့ဆုံ၏၊ (ပ) လမ်းခရီးကိုလည်းကောင်း မေး၏။
`ထိုဆရာသည် `ဤအမှုသည် အသို့ပါနည်း´ ဟု မေးသည်ရှိသော် ဆိတ်သုဉ်းသော အိမ်ကို ငါ ၀င်သင့်၏၊ ထို့ကြောင့် ၀င်၏။ ဆွမ်းကိုလည်း မရသင့်၊ ထို့ကြောင့် မရခဲ့။
`ခွေးသည် ကိုက်သင့်၏၊ ထို့ကြောင့် ကိုက်၏၊ ကြမ်းသောဆင်နှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏၊ ကြမ်းသော မြင်းနှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏၊ ကြမ်သောနွား နှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏။
`မိန်းမ၏လည်းကောင်း၊ ယောက်ျား၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ အနွယ် ကိုလည်းကောင်း မေးသင့်၏၊ ထို့ကြောင့် မေး၏။ ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း မေးသင့်၏၊ ထို့ကြောင့် မေး၏´ဟု (ဖြေဆို၏)။ (မဇ္ဈိမ ပဏ္ဏာသ၊ သန္ဒကသုတ်)
`နိဂဏ္ဌရဲ့ အဖြေက မပိုင်ဘူးလား။ အဲဒီလိုအရာရာကို ရှေးကံချည်းပဲ လွှဲချတတ်တဲ့ နိဂဏ္ဌတွေကို ဘုရားက ဒီလိုမိန့်ဖူးတယ်။
`ရဟန်းတို့၊ အကယ်၍ သတ္တ၀ါတို့သည် ရှေးကံကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန် သည်ဖြစ်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘ၀၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံ ခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြာင့် မချွတ်ဧကန် ရှေးက မကောင်းမှုကံကို ပြုခဲ့သူ တို့ ဖြစ်ကုန်၏´ (မ၊ ၃၊ ဒေ၀ဒဟသုတ်)
`ဘုရားရှင်က သဗ္ဗညုတဉာဏ်ကို ၀န်ခံတယ်ဆိုတဲ့သုတ်က ဘယ်သုတ်လဲ´
`ဒဟရသုတ်လေ၊ ဒီမှာကြည့်။ မသေနဒီကောသလမင်းသည် `အရှင်ဂေါတမသည် လည်း အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ ဟူ၍ ၀န်ခံသလောဟု မြတ်စွာ ဘုရားအား လျှောက်၏။
`မင်းကြီး၊ `အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ဟူသော စကားကို ကောင်းစွာဆိုလိုသူသည် ငါ့ကိုသာလျှင် (ရည်ညွှန်း၍) ဆိုသည် ဖြစ်ရာ၏။ မင်းကြီး၊ မှန်၏။ ငါသည် အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ဟု (မိန့်တော်မူ၏)။ (ကောသလ သံယုတ်၊ ဒဟရသုတ်)
`ဒါပေမဲ့ ဒီနေရာမှာ သတိထားရမှာက သဗ္ဗညူ-ဆိုတာ သဗ္ဗ-အကုန်။ ညူ-သိတာ။ အကုန်သိတယ်လို့သာ ၀န်ခံတာ။ ဘုရားက အိပ်နေတဲ့အခါမှာဖြစ်စေ၊ နိုးနေတဲ့အခါမှာဖြစ်စေ ငါဘုရားအမြဲမပြတ်သိနေတယ်လို့ ၀န်မခံဘူး။ အဲဒီလို သိနိုင်တာမျိုးလဲ မရှိဘူး။ ဆင်ခြင် လိုက်ရင်တော့ အကုန်သိနိုင်တယ်၊ မသိအောင် ဘယ်အရာကမှ မတားဆီးနိုင်ဘူး။ ဒါ့ကြောင့် သဗ္ဗညုတဉာဏ်ကို အနာဝရဏဉာဏ်လို့လဲ ခေါ်တယ်။ ၀စ္ဆပရိဗိုဇ်မေးတုန်းက ဘုရားက ဒီလို ဖြေတယ်။
`အရှင်ဘုရား၊ ရဟန်းဂေါတမသည် အလုံးစုံကို မြင်၏၊ ငါသွားနေသည်ဖြစ်စေ၊ ရပ်နေ သည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ကြားဖူးပါ၏။
`အရှင်ဘုရား၊ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ (ပ) အမြဲမပြတ် ဉာဏ်အမြင် သည် ရှေးရှုထင်၏- ဟု အကြွင်းမဲ့ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ပြောဆိုသောသူတို့သည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်၏လော´ (ပ) ဟု လျှောက်ထား၏။
`၀စ္ဆ၊ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ (ပ) အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှု ထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ပြောဆိုသူတို့သည် ငါ၏ စကားအရ ပြောဆိုသူတို့ မဟုတ်ကုန်၊(ပ)´ဟု (မိန့်တော်မူ၏)။
`အရှင်ဘုရား၊ ထိုသို့မဟုတ်မူ အဘယ်သို့ပြောဆိုသော အကျွန်ုပ်တို့သည် မြတ်စွာ ဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်သနည်း၊ (ပ)´ဟု(လျှောက်၏)။
`၀စ္ဆ၊ ရဟန်းဂေါတမသည် ၀ိဇ္ဇာသုံးပါးရှိ၏ဟု ပြောဆိုသော သူသည် အမှန်အားဖြင့် ငါ၏ စကားအရ ပြောဆိုခြင်း ဖြစ်ရာ၏၊ ငါ့ကို မမှန်သောစကားဖြင့်လည်း မစွပ်စွဲရာ´ (မ၊ မြန်၊ ၂၊ တေ၀ိဇ္ဇ၀စ္ဆသုတ်)
တေ၀ိဇ္ဇသုတ်မှာ ဘုရားက အဲဒီလို အကုန်သိ-အမြဲသိ ဆိုတာကို ပယ်လိုက်တော့ လူထုထဲမှာ ပြောစရာစကားတစ်မျိုး ပျံ့နှံ့နေမှာပေါ့။ အဲဒီအကြောင်းကို ကောသလမင်းကြီးက ဘုရားကို လျှောက်ထားပုံကြည့်-
ထိုအခါ ကောသလမင်းကြီးသည် မြတ်စွာဘုရားအား`အရှင်ဘုရား၊ `တရားအလုံးစုံကို သိသော၊ တရားအလုံးစုံကို မြင်သော၊ အကြွင်းမဲ့ဉာဏ်ပညာရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိနိုင်၊ ဤသို့ ၀န်ခံနိုင်သော အကြာင်းမျိုးသည် မရှိနိုင်´ ဟု ရဟန်းဂေါတမဆို၏ ဟူ၍ အကျွန်ုပ် ကြားရပါ၏။
`အရှင်ဘုရား တရားအလုံးစုံကိုသိသော၊ တရားအလုံးစုံကိုမြင်သာ အကြွင်းမဲ့ဉာဏ် အမြင်ရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော် လည်းကောင်း မရှိနိုင်၊ ဤသို့ (၀န်ခံနိုင်) သော အကြာင်းမျိုးသည် မရှိနိုင်´ဟု ရဟန်းဂေါတမသည် ဆို၏ဟု ပြောဆိုကြသော သူတို့သည် မြတ်စွာဘုရား၏ စကားအတိုင်း ပြောဆိုကြပါကုန်သလော၊ (ပ)´ ဟု လျှောက်၏။
`မင်းကြီး၊ တရား,အလုံးစုံကို သိသော၊ တရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်အမြင်ရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သောလည်းကောင်း၊ ဗြဟ္မဏသည်သော် လည်းကောင်း မရှိ၊ ဤသို့ ၀န်ခံနိုင်သော အကြာင်းမျိုးသည် မရှိနိုင်ဟု ရဟန်းဂေါတမဆို၏´ ဟု ပြောဆိုကြသော သူတို့သည် ငါ့စကားအတိုင်း ပြောဆိုကြသည်မဟုတ်ကုန်၊ ထိုသူတို့ သည် မဟုတ်မမှန်သော အကြာင်းအရာဖြင့်လည်း ငါ့ကိုစွပ်စွဲကြကုန်၏´ဟု (မိန့်တော်မူ၏)။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ၀ိဋဋူဘစ်စစ်သူကြီးကို ခေါ်၍ `စစ်သူကြီး၊ အဘယ်သူသည် ဤစကားကို နန်းတော်အတွင်း၌ ပြောကြားလာပါသနည်း´ဟု မေးမြန်း၏။
`မင်းကြီး၊ အကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားသည် ပြောကြားပါ၏´ဟု (လျှောက်၏)။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် တစ်ယောက်သော မင်းချင်းကို ခေါ်၍ `အမောင်ယောက်ျား၊ အသင်လာခဲ့လော့။ ငါ၏စကားဖြင့် အကာသအနွယ် ဖြစ်သော သဉ္ဇယ ပုဏ္ဏားကို `အရှင်၊ သင့်ကို ပသေနဒီကောသလမင်းကြီးသည် ခေါ်၏´ ဟု ဆို၍ ခေါ်ချေလော့´ ဟု မိန့်၏။
`အရှင်မင်းမြတ်၊ ကောင်းပါပြီ´ ဟူ၍ သာလျှင် ထိုမင်းချင်းသည် ပသေနဒီကောသလ မင်းကြီးအား ပြန်ကြားလျှောက်ထား၍ အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားရှိရာသို့ ချဉ်းကပ်ကာ `အရှင်၊ သင့်အား ပသေနဒီကောသလမင်းကြီး ခေါ်၏´ ဟု ပြောကြားလေ၏။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် မြတ်စွာဘုရားအား `အရှင်ဘုရား၊ မြတ်စွာ ဘုရားသည် တစ်စုံတစ်ခုကို ရည်ညွှန်း၍ ဟောတော်မူသောစကားသည် ရှိတန်ရာ၏၊ ထိုစကား ကိုပင် လူအများက တစ်မျိုးတစ်မည်အားဖြင့် သိမှတ်နေရာပါ၏။ အရင်ဘုရား၊ ထိုကဲ့သို့သော စကားမျိုးကို မြတ်စွာဘုရား ဆိုဖူး၏ဟု မှတ်မိပါသလော´ ဟု လျှောက်၏။
`မင်းကြီး၊ တစ်ကြိမ်တဲဖြင့်သာလျှင် အလုံးစံကို သိနိုင်သော အလုံးစုံကို မြင်နိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိ။ ဤသို့ (သိနိုင် မြင်နိုင်) သော အကြောင်းမျိုးသည် မရှိနိုင်၊ ဤသို့ စကားပြောဖူးသည်ကို ငါမှတ်မိ၏´ ဟု (မိန့်တော်မူ၏)။
`အရှင်ဘုရား၊ တစ်ကြိမ်တဲဖြင့်သာလျှင် အလုံးစုံကို သိနိုင်သော အလုံးစုံကို မြင်နိုင် သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိ၊ ဤသို့ သိနိုင်-မြင်နိုင်သော အကြာင်းမျိုးသည် အကြာင်းမှန် သဘောကို မိန့်ဆိုတော်မူပေ၏။ အရှင်ဘုရား၊ မြတ်စွာဘုရားသည် အကြောင်းခိုင်လုံသော သဘောကို မိန့်ဆိုတော်မူပေ၏´။ (မ၊ မြန်၊ ၂၊ ကဏ္ဏတတ္ထလသုတ်)
`ကဲ-ဒီသုတ်အရ မြတ်စွာဘုရားက အကုန်သိတယ်ဆိုတာကို မပယ်ဘူး။ တစ်ကြိမ်ထဲ နဲ့အကုန်သိတာ၊ အမြဲသိနေတာကိုသာ ပယ်တယ်ဆိုတာ ထင်ရှားသွားပြီပေါ့။ ကထာဝတ္ထု ကျမ်းက အမေးအဖြေကလေး ဆက်ကြည့်ပါအုံး´
သက၀ါဒီ။ ။ မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့် `သာဝက´ တို့နှင့် ဆက်ဆံ ပါသလော။
ပရ၀ါဒီ။ ။ ဪ... ဆက်ဆံပါ၏။
သက၀ါဒီ။ ။ မြတ်စွာဘုရားသည် မာရ်ငါးပါးတို့ကို အောင်မြင်ပါသလော လူနတ်တို့ကို ဆုံးမတတ်ပါသလော မဖောက်မပြန် ကိုယ်တိုင် (သိဖွယ်တရားတို့ကို) သိပါသလော၊ အလုံးစံကို မြင်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) အရှင်သခင် ဖြစ်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) ကိုကွယ်ရာ ဖြစ်ပါသလော။
ပရ၀ါဒီ။ ။ ဪ... ဟုတ်ပါ၏။
သက၀ါဒီ။ ။ တပည့် `သာဝက´ သည်လည်း မာရ်ငါးပါးတို့ကို အောင်မြင်ပါသလော၊ လူနတ်တို့ကို ဆုံးမတတ်ပါသလော၊ မဖောက်မပြန် ကိုယ်တိုင် (သိဖွယ်တရားတို့ကို) သိပါသ လော၊ အလုံးစုံကို သိပါသလော၊ အလုံးစုံကို မြင်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) အရှင်သခင် ဖြစ်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) ကိုးကွယ်ရာ ဖြစ်ပါသလော။
ပရ၀ါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ ပ။ (ကထာဝတ္ထုပါဠိတော်၊ ဗလကထာ)
`သဗ္ဗညုတဉာဏ်အကြောင်းတော့ ရှင်းသွားပါပြီ။ နိဗ္ဗာန်ရဲ့ အနတ္တဖြစ်ပုံကလေး ဆက်ရှင်းပြပါအုံး။ ကိုယ်တော့်ရဲ့ မြတ်ပန်းရဂုံမှာပါတဲ့ ဆောင်းပါးထဲကအတိုင်း `သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ-သင်္ခါရတရားအားလုံးဟာ အနိစ္စ ဒုက္ခ´လို့ ဟောထားပြီး အနတ္တဖြစ်တဲ့ တရားကျမှ သဗ္ဗေ သင်္ခါရာလို့ မဟောဘဲ `သဗ္ဗေ ဓမ္မာ အနတ္တာ´လို့ ဟောတော် မူတဲ့အတွက် သင်္ခါရတရားအားလုံးသာ အနတ္တဖြစ်တာ မဟုတ်သေးဘူး။ အသင်္ခတဖြစ်တဲ့ နိဗ္ဗာန်လဲ အနတ္တဖြစ်တယ်။ အနတ္တမည်တယ်။
`နောက်ပြီး ပရိဝါပါဠိတော်မှာ လာတဲ့`နိဗ္ဗာနဉ္စေစ ပညတ္တိ၊ အနတ္တာဣတိ နိစ္ဆယာ´ ဆိုတဲ့ ပါဠိအရ နိဗ္ဗာန်ရဲ့ ပညတ်ကို အနတ္တလို့ ဆုံးဖြတ်ရမယ် ဆိုတာတွေ တပည့်တော် ဖတ်ပြီးပါပြီ။ ဒါပေမဲ့ ရှင်မိုးပြာ ပြောသလို နိဗ္ဗာန်ဟာ အနတ္တဆိုတော့ နိဗ္ဗာန်သည် အနှစ်သာရ မရှိဆိုတဲ့ အဓိပ္ပာယ် ရောက်မသွားဘူးလား´
ကိုယ်တော့်လို လူတွေကြောင့် မိစ္ဆာဒိဋ္ဌိသမားတွေ ခေါင်းထောင်နေသာ။ ကိုယ်ကြားဖူး နေကျ အနက်ကလေးနဲ့ အပေါ်ယံ အဓိပ္ပာယ်ကလေး ကြည့်ပြီး ပြောလို့မရဘူးလေ။ ကိုယ်တော်ဟာ တပည့်တော်ကြားဖူးတဲ့ ပုံပြင်လေးထဲက ကျေင်းဒကာမကြီးလို ဖြစ်နေပြီ။
`တောရွာတစ်ရွာမှာ ကျောင်းဒကာမကြီး တစ်ယောက်က ဥပုသ်နေ့ဆိုရင် ကျောင်းလာ ဥပုသ်စောင့်လို့ ပုတီးစိပ်တဲ့အခါ အနိစ္စ- ဒုက္ခ- အနတ္တဆိုတာကို အကျယ်ကြီး ဆိုဆိုပြီး စိပ်တာ တဲ့။ တစ်နေ့တော့ ကျောင်းကဆရာတော်က `ဒကာမကြီး၊ ပုတီးစိပ်တဲ့အခါမှာ အနက်အ ဓိပ္ပာယ်ကိုပါ ထည့်ဆိုပြီး စိပ်ရတယ်´ ဆိုတော့ `အနိစ္စ၊ အမြဲမရှိ။ ဒုက္ခ၊ ဆင်းရဲ၏။ အနတ္တ၊ ကိုယ့်ကိုယ်ကိုမပိုင် ကျောင်းဒကာကြီးသာ ပိုင်သည်´လို့ စိပ်သတဲ့။ ဘယ့်နှယ့်လဲ အဲဒီကျောင်း ဒကာမကြီးရဲ့ အနတ္တ အနက်ပေးပုံ ကြိုက်ရဲ့လား´
`ဒီိလိုဆိုရင် `သဗ္ဗေ ဓမ္မာ အနတ္တာ´ မှာ `အနတ္တာ´ ကို ဘယ်လို အနက်ပေးရမှာလဲ´
`အနတ္တဆိုတာ `န´ နဲ့ `အတ္တ´ ပေါင်းထားတာလေ။ ကိုယ်တော် အကြီးတန်းတုန်းက ကျက်ခဲ့တဲ့ အဘိဓာန်မှာ `အတ္တ´ရဲ့ အနက်ကို ဘယ်နှချက်ပြလဲ´
`မမှတ်မိတော့ဘူး။ ကိုယ်တို့ စိတ်တို့ကို ဟောတယ်ထင်တယ်´
`စိတ္တေ ကာယေ သဘာဝေ စ၊ သော အတ္တာ ပရမတ္တနိ-လေ။ သဒ္ဒါဟာ (၁) စိတ် (၂)ကိုယ် (၃) သဘောတရား၊ (၄) တိတ္ထိတို့သည် ကြံဆအပ်သော ပရမအတ္တ-လို့ အနက်လေး မျိုးကို ဟောနိုင်တယ်။ အဓိပ္ပာယ်လေးမျိုး ထွက်တယ်ပေါ့။
`ဥပမာ-အတ္တသမ္မာပဏိဓိမှာ အတ္တသဒ္ဒါက စိတ်ကိုဟောတယ်။ အတ္တသမ္မာပဏိဓိ- စိတ်ကိုကောင်းစွာ ထားခြင်းလို့ အနက်ပေးရမှာပေါ့။
`တပည့်တော်တို့ ကျက်ခဲ့ရတဲ့ ဘိက္ခုနီပါတိမောက်မှာ - ယာ ပန ဘိက္ခုနီ အတ္တာနံ ၀ဓိတွာ ၀ဓိတွာ ရောဒေယျ၊ ပါစိတ္တိယံ။ ယာ ပန ဘိက္ခုနီ အကြင်ရဟန်းမသည်၊ အတ္တာနံ ကိုယ်တိုင်။ ၀ဓိတွာ ၀ဓိတွာ၊ ထု၍ ထု၍။ ရောဒေယျ၊ ငိုငြားအံ့။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်သင့် ၏-ဆိုတဲ့ သိက္ခာပုဒ်မှာ အတ္တသဒ္ဒါက ကိုယ်ကို ဟောတယ်။
`နောက် `အတ္တဒီပါ ဘိက္ခဝေ ၀ိဟရထ ဘိက္ခဝေ၊ ရဟန်းတို့၊ အတ္တဒီပါ၊ လောကီ လောကုတ္တရာ နှစ်ဖြာသော် ကုသိုလ်တရားတည်းဟူသော မှီခိုရာကျွန်း ရှိကုန်သည်ဖြစ်၍။ ၀ိဟာရထ၊ နေကြကုန်လော့။´ လဲဒီလို ပါဠိတွေမှာ အတ္တသဒ္ဒါက သဘောတရားဆိုတဲ့ အနက်ကို ဟောတယ်။
`ဒါပေမဲ့ နိဿယတို့ ၊ မြန်မာပြန်တို့ ကြ့ည့်ရင်တော့ ပေးရိုးပေးစဉ်အတိုင်း အတ္တ-ဆိုရင် မိမိ၊ မိမိကိုယ် ဒီလိုတွေပဲ တွေ့ရမယ်။ သို့သော်လဲ မိမိအရ တစ်ခါတစ်ရံ စိတ်ကို၊ တစ်ခါတစ်ရံ ကိုယ်ကို ကောက်ရမယ်ဆိုတာ အဋ္ဌကထာ၊ ဋီကာတွေ ကြည့်ကြည့်ပေါ့ ကိုယ်တော်ရာ။
`နောင်ဆုံးအရေးကြီးတဲ့အတ္တ-သဒ္ဒါရဲ့အနက်က တိတ္တိတွေ တွေးခေါ်ကြံဆချက်က ဥပမာ မျက်စိက အဆင်းကို မြင်တဲ့နေရာမှာ မျက်စိကလဲရုပ်၊ အဆင်းကိုလဲ ရုပ်၊ ရုပ်ရုပ်ချင်း မမြင်နိုင်ဘူး။ ကိုယ်ထဲမှာ မြင်နိုင်စွမ်းတဲ့ အရာတစ်ခု ရှိရမယ်။ အဲဒီ မြင်တဲ့အရာကို ကောင်း-မကောင်း ခံစားတာလဲ သူပဲဖြစ်ရမယ်-စသည်ဖြင့် အမျိုးမျိုး ကြံစည်ကြတာပေါ့ ကိုယ်တော်ရာ။
`နောက် ဘယ်လို ကြံစည်ကြသလဲဆိုတော့ လူတိုင်းလူတိုင်းမှာ အတ္တကလေးတွေ ကိုယ်စီရှိကြတယ်။ ကောင်းကင်ဘုံမှာ အဲဒီအတ္တကလေးတွေရဲ့ ပင်မ ဖြူစင်တဲ့ ပရမအတ္တကြီး ရှိရမယ်။ သတ္တ၀ါကိုယ်စီမှာ ရှိကြတဲ့ အတ္တကလေးတွေဟာ မဖြူစင်သေးသမျှ သံသရာမှာ ကြင်လယ်ကြရမယ်။ ဖြူစင်တဲ့ တစ်နေ့မှာ ကောင်းကင်ဘုံက ပရမအတ္တကြီးနဲ့ ပူးပေါင်းခွင့်ရပြီ ထာဝရချမ်းသာကို ခံစားရမယ် စသည်ဖြင့်ပေါ့။
`တပည့်တော်တို့ ထေရ၀ါဒစာပေက ပြောတဲ့နိဗ္ဗာန်ဟာ အနတ္တဆိုတဲ့ နေရာမှာ အဲဒီအတ္တကို အဓိက ပယ်ချင်တာ။ ကျန်တဲ့ ကိုယ်-စိတ်စတဲ့ အတ္တရဲ့အနက်တွေက သံသယ ဖြစ်စရာ သိပ်မရှိဘူး။ ဗုဒ္ဓဘာသာမှတစ်ပါး ကျန်တဲ့ အခြားခြားသော ဘာသာကြီးတွေရဲ့ နိဗ္ဗာန် မှာက မပျက်စီးနိုင်တော့တဲ့ အသက်- လိပ်ပြာ- ၀ိညာဉ်- အတ္တဆိုတဲ့ ထာဝရနာမ်ဓာတ်ရှိတယ်။ ဗုဒ္ဓဘာသာမှာတောင် မဟာယာနတို့ ဇင်တို့ရဲ့ နိဗ္ဗာန်က ထာဝရပျော်စံရာ ဌာနပဲ။ အတ္တနှင့် မကင်းဘူး။
`အသာရကဋ္ဌေန အနတ္တာ-အရ အနှစ်မရှိသောကြောင့် အနတ္တ-ဆိုတဲ့နေရာမှာလဲ အဲဒီ အတ္တဆိုတဲ့ အနှစ်မရှိတာကို ပြောတာ။ နိစ္စသာရ-နိစ္စ အနှစ်၊ သုခသာရ-သုခအနှစ်တွေ ကတော့ ရှိတယ်ပေါ့´
`ရှင်းပါပြီ၊ ရှင်းပါပြီ။ သာဓုပါဘုရား´
အရှင်ကောဝိဒ (ယော)
Read more ...

ဝသလ(သူယုတ်)တို့၏ အကျင့်

သျှင်သာမိ - မုံရွာ | 12:52 AM | | 43 Comments so far


ဣဓ ဘိက္ခဝေ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊
မိစ္ဆာဥာဏီ ဟောတိ။ မိစ္ဆာဝိမုတ္တိ ဟောတိ။
အယံ ၀ုစ္စတိ ဘိက္ခဝေ ပါပေ။
ဒုတိယပါပဓမ္မသုတ်
(အဂုင်္တ္တိုလ်၊ ၁၊ ၅၄၅)

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မှားသောအယူရှိ၏။ မှားသော အသိဥာဏ် ရှိ၏။ မှားသော လွတ်မြောက်မှု ရှိ၏။ ရဟန်းတို့ ဤသူကို သူယုတ်ဟု ဆိုအပ်၏။ (အဂုင်္တ္တိုလ်၊ မြန်မာပြန်၊ ၅၆)

ဣဓ ဘိက္ခဝေ ဧကစ္စော မိစ္ဆာဒိဌိကော ဟောတိ။ ၊ပ၊
ပရဉ္စ မိစ္ဆာဒိဌိယာ သမာဒပေတိ။ အတ္တနာစ မိစ္ဆာဥာဏီ ဟောတိ၊ ပရဉ္စ မိစ္ဆာဥာဏေ သမာဒပေတိ။ -ပ-။
အယံ ၀ုစ္စတိ ဘိက္ခဝေ ပါပေန ပါပတရော။
ဒုတိယပါပဓမ္မသုတ်
(အဂုင်္တ္တိုလ်၊ ၁၊ ၅၄၅)

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မိမိလည်း မှားသောအယူရှိ၏။ သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည်စေ၏။ -ပ-။ မိမိလည်း မှားသော အသိဥာဏ် ရှိ၏။
သူတပါးတို့ကိုလည်း မှားသော အသိဥာဏ်၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူယုတ်ထက် ယုတ်သော သူယုတ်(အယုတ်မာဆုံး) ဟု ဆိုအပ်၏။

ဤဘုရားဟော ဒေသနာလေးကို အကြိမ်ကြိမ် ဖတ်မိရင်း
သူယုတ်တစ်ယောက်ရဲ့အကြောင်းကို ရေးဖို့ရန်အတွက်စိတ်မသက်မသာ ရှိလှပေ၏။ နိဗ္ဗာန် ၀ိပဿနာဆိုတဲ့ ခေါင်းစဉ်ကြီးကို တွင်တွင်သုံးပြီး မိုက်တွင်းနက်နေလိုက်ပုံများ
ဘယ်လိုဆုံးမရင် ဖြစ်မလဲဟု အကြိမ်ကြိမ် စဉ်းစားနေမိသော်လည်း အဖြေထွက်မလာချေ။
မပြောဘဲ ဒီအတိုင်းထားပြန်ရင်လည်း ရွှေမြန်မာဗုဒ္ဓဘာသာဝင်တို့ အန္တရာယ်ဆိုးကြီးကျရောက်ပေတော့မည်။
ထိုကြောင့် ယခုရေးဖြစ်သော အကြောင်းအရာများသည် မိစ္ဆာဒိဌိကြီး ချစ်ငယ်(ဒဿန) နောက်လိုက်လက်ပါးစေများအတွက်
ရေးသားဖော်ပြခြင်းမဟုတ်ချေ။ ဗုဒ္ဓဘာသာဝင်များအတွက် သိထားစေရန် အလို့ငှါ ချစ်ငယ်(ဒဿန)၏ အကျင့်စရိုက်ကို
သိအောင်ဖော်ထုတ်ပြမယ့် အသံဖိုင်လေးတခုကို တင်ပြပေးချင်ပါ၏။
အသံဖိုင်လေး မတင်မှီ http://mmfreethinker.wordpress.com/2010/03/21/we-need-to-know-clearly/ မှ
ကိုသင်ကာရဲ့ ပို့စ်လေးတစ်ပုဒ်ကို အရင်ဖော်ပြပေးပါအုံးမည်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဒီရက်ထဲ ပို့စ်မရေးဖြစ်၊ ဒေါက်တာလွဏ်းဝေ (အလှတရား) က ဘာသာရေးစာအုပ်တွေ ရေးနေသော ဆရာကြီးတစ်ပါး၏ ဘွဲ့ထူးတစ်ခု
လာပြပြီး ဝိုင်းရှာပေးပါ ပြောသည်။ ကျနော့် အတွေးများ ၂၀၀၅ သို့ ပြန်ရောက်သွားသည်။

(၂)

“နိဗ္ဗာန်”ဆိုသော စာအုပ်တစ်အုပ်ကို ဖတ်မိပြီး အတော်ပင် ဘဝင်မကျဖြစ်မိသည်။ ပထမတချက်က ဆွေးနွေးချက်တွေထဲမှာ
ကိုယ်တိုင်တရားပေါက်သလိုလို နောက်သလို ရွတ်သလို ရေးထားတာ ဖြစ်သည်။
နောက်တချက်က ထိုစာအုပ်ကို အင်္ဂလိပ်လိုရော နှစ်ဘာသာ ထည့်ထားတာ ဖြစ်သည်။ ဖတ်ကြည့်တော့ ပိုပြီး စိတ်ပျက်သည်။
သို့နှင့် ထိုစာအုပ်ကို ဝေဖန်သော ဆောင်းပါးတခုရေးပြီး ဂျာနယ်မှာ ထည့်သည်။
ဥပမာ – ရုပ်ကို Body ဆိုပြီး ပစ္စလက္ခတ် ဘာသာပြန်တာမျိုးတွေ ဖြစ်သည်။
ဗုဒ္ဓအဘိဓမ္မာ အဲသလောက်မတိမ်ဟု အတော်လေးဝေဖန်ပစ်လိုက်သည်။

တရားတွေ တွင်တွင်ဟောသော ထိုဆရာကြီး ဒေါသူပုန်ထကာ အင်လျားကန်စောင်းက အိုင်ဘီစီမှာ သူ့ကို ဝေဖန်ရကောင်းလားဟု
ပွဲကြီးတပွဲလုပ်ကာ လက်သီးလက်မောင်းတန်း၍ ပြောလေဆိုလေတော့၏။ ထိုစဉ်က ၂၀၀၅ ခုနှစ်ဟု မှတ်မိသည်။

(၃)

အင်း … အခုလည်း လာတွေ့နေပြန်ပြီဟု ပြုံးမိသည်။ ၂၀၀၆ မှစ၍ သူသည် ဘာသာရေးသိပ္ပံဖြင့် ပါရဂူဘွဲ့ကို လန်ဒန်က ရသည်ဟုဆိုတာ နာမည်ရှေ့က ဒေါက်တာတပ်သည်။
နောက်ကနေလည်း Ph.D လန်ဒန်တွေ ဘာတွေထည့်သည်။ အဲဒါကို စုံစမ်းကြည့်သူတွေက စုံစမ်းရာမှ ကျနော်က မနေ့ကမှ သိရခြင်းဖြစ်သည်။

စကားစပ်မိ၍ ပြောကြရာ ထိုဆရာကြီးပြောသည့် Cloverfield University သည် လန်ဒန်ရော အင်္ဂလန်မှာပါ မရှိ။
နာမည်ဆင်တာဟူ၍ Cranfield University သာ ရှိသည်။
ထိုတက္ကသိုလ်ကလည်း စီးပွားရေးနှင့် ကွန်ပျူတာဘာသာရပ်များ အထူးသင်သော ကျောင်းဖြစ်သည်။

ကိုလွဏ်းဝေနှင့် ကျနော် Cloverfield University ရှာပုံတော်ဖွင့်ရာ အောက်ပါလင့်ခ်များ တွေ့မိကြသည်။

ပနားမားဖိုရမ် – ထိုတက္ကသိုလ်သည် ပနားမားမှာ ရှိသလိုလိုပြောကြ၍ ဆွေးနွေးထားကြသည်။
နောက်ဖိုရမ်တခုဖြစ်သော ဘစ်ဇနက်ပိုဒီယမ် တွင် ထိုတက္ကသိုလ်မှာ တကယ်မရှိ။
အီးဘေမှ လက်မှတ်အတုရောင်းစားနေကြောင်း ဆွေးနွေးထားကြသည်။ မကျေနပ်ပါက ဂူဂယ်လင်း လုပ်ကြပါကုန်။

(၄)

ထိုဆရာကြီးသည်လည်း အသိုင်းအဝိုင်းမသေးဆိုတာ ကိုယ်တွေ့ကြုံဖူးသည်။ တက္ကသိုလ်ဆရာဟောင်းလည်း ဖြစ်၍ တပည့် နောက်လိုက် မနည်း။

သူ့အယူအဆတွေကို ပလန်းနက်မှာ ဝေဖန်ထားကြတာ၊ စိန်ခေါ်ထားကြတာတွေဖတ်ရသည်။

အယူအဆရေးရာ၊ ထိုဆရာကြီး ရဟန်းဝတ်စဉ် ပေါ်သောပြဿနာများ နှင့် စာအုပ်ဝေဖန်ချက်တို့ကို မရေးလိုတော့ပြီ။
သို့သော် အထက်မှာ ပြောခဲ့သည့် ကိစ္စမျိုးကတော့ ရှင်းရှင်းလင်းလင်းသိသင့်ပါသည်။
သူက သမာပတ်ဝင်စားတာ၊ ရဟန္တာကိစ္စတွေ တွင်တွင် ပြော၊ စာအုပ်တွေက ထုတ်နေတော့ မဟုတ်ရင် အလိမ်မိနေ မခက်လား။
မြန်မာပြည်မှာက တနိုင်ငံလုံး အလိမ်ထိနေရတာတွေ များလွန်းနေပြီလေ။ :)

သင်ကာ

မတ်လ၊ ၂၀၁၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


ဦးဇင်းအနေနဲ့တော့ အများကြီး ရေးချင်စိတ်မရှိတော့ပါဘူး
ကဲ အရိယာကြီးဆိုသူ ဦးချစ်ငယ်ရဲ့ ဒေါသတကြီးနဲ့ ဘုန်းကြီးတစ်ပါးကို ကြိမ်းမောင်းထားတဲ့
အသံလေး နားထောင်ကြည့်ကြပါဦးနော်
အောက်မှာ ဒေါင်းလိုက်ပါ
http://www.mediafire.com/?otjmro2y5mj


အရှင်ဝရသာမိ
ဓမ္မဥပဒေ ပြန့်ပွါးရေးအသင်းချုပ်
Read more ...

June 22, 2010

မကျက်တကျက် အန္တရာယ် နှင့် ဦးချစ်ငယ်တပည့်

Dr Phyo Wai Kyaw | 12:43 PM | | 8 Comments so far
မိမိတို့ရဲ့ ဓမ္မဥပဒေပြန့်ပွားရေးအသင်းက ဖော်ပြတဲ့ ဆောင်းပါးတွေဟာ သြ၀ါဒါစရိယ ဆရာတော်များ၊ နာယက ဆရာတော်ကြီးများရဲ့ ဆုံးမညွှန်ကြားချက်များ၊ သံဃမဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်များကို လေ့လာပြီးမှ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ အသင်းရဲ့မူဝါဒနဲ့ ကိုက်ညီတဲ့ ဆောင်းပါးတွေကို ဖတ်ရှုမိတဲ့အခါတွေမှာလည်း ခွင့်ပြုချက်နဲ့အညီ အသင်းစာမျက်နှာမှာ ဖော်ပြတာတွေလည်း ရှိပါတယ်။ အရေးကြီးတဲ့နေရာတွေမှာ ကျမ်းဂန်အကိုးအကားများ မလွတ်စေဘဲ အငြင်းပွားစရာပေါ်ပေါက်လာရင် ရဟန်းပညာရှိ လူပညာရှိကြီးများကို မေးမြန်းစုံစမ်းပြီးမှ သိက္ခာရှိရှိတင်ပြတဲ့ ဆောင်းပါးတွေ ဖြစ်တယ်ဆိုတာကို ပြောလိုတယ်။

မိမိတို့အသင်းဟာလည်း သာသနာနှစ် ၂၅၅၃ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်)နေ့ (၃ အောက်တိုဘာ ၂၀၀၉) မှာတစ်သီးပုဂ္ဂလ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များ၊ အဓမ္မ၀ါဒ ဖော်ထုတ်- တားဆီး-ဖယ်ရှားရေးအဖွဲ့၊ ဓမ္မရံသီ နှင့် ဓမ္မရတနာ ဓမ္မကလောင်ရှင်များ အဖွဲ့၊ မြတ်ပန်းရဂုံ ဓမ္မကလောင်ရှင်များ အဖွဲ့၊ သဒ္ဓါဓိက လူငယ်အဖွဲ့၊ မေတ္တာတံခွန် အသင်းတို့ ပူးပေါင်း၍ ဖွဲ့စည်း တည်ထောင်ခဲ့တဲ့အသင်းဖြစ်ပြီး သီတင်းကျွတ် လပြည့်ကျော် ၁ ရက်(၄ရက် အောက်တိုဘာ ၂၀၀၉)တွင် အသင်းချုပ်၏ နာယကအဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့ တို့ကို ရွေးချယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။

အင်တာနက် ခေတ်ဖြစ်တဲ့အတွက် အသင်းရဲ့ ဆောင်းပါးတွေကို ဓမ္မဥပဒေပြန့်ပွားရေးအသင်း ၀ဘ်စာမျက်နှာပေါ်မှာ ဖော်ပြရပြီး တချို့ကိုတော့ ဘာသာရေးမဂ္ဂဇင်းတွေမှာ ဖော်ပြရတာတွေ ရှိပါတယ်။ အဲဒါတွေကို လေ့လာမှုအားနည်းတဲ့ အွန်လိုင်းသတင်းဋ္ဌာနတစ်ခုဟာ တည်းမဖြတ်တဲ့ စာမျက်နှာကနေ အသင်းရဲ့ ဆောင်ရွက်ချက်များနဲ့ ပါဝင်တဲ့ သံဃာတော်များရဲ့ ဆောင်ရွက်ချက်များအပြင် အခြားသံဃာတော်အချို့ကို သရော်မော်ကား ပြုတဲ့ ဆောင်းပါးကို ဖော်ပြထားတာ ရှိပါတယ်။

အမှန်တရားကို လိုလားလှပါတယ်ဆိုတဲ့ အဆိုပါ သတင်းဋ္ဌာနက ၀ိုင်းတော်သားများဟာ ဓမ္မရံသီစာမျက်နှာနဲ့တကွ မြန်မာပြည်ထောင်စုက ထုတ်တဲ့ အခြားသော ဘာသာရေးမဂ္ဂဇင်းများ၊ အွန်လိုင်းစာမျက်နှာမှာပင် အလွယ်တကူရှာဖွေ လေ့လာနိုင်တဲ့ ၀ိနိစ္ဆယများ၊ သံဃမဟာနာယကအဖွဲ့က ထုတ်တဲ့ ညွှန်ကြားလွှာများ၊ အသင်းက ဦးထိပ်ထားတဲ့ ဆရာတော်များဖြစ်တဲ့ မုံရွာနေဇာတို့၊ ဓမ္မဓူတအရှင်ပညိဿရတို့ အပါအ၀င် အခြားသော ပရိယတ်ပဋိပတ် နှစ်သွယ်ပြည့်ဝတဲ့ သံဃာတော် အရှင်မြတ်များ ရေးသားတဲ့ ဘာသာရေးစာအုပ်များကို လေးငါးဆယ်လနေလို့ တစ်ပုဒ်မျှပင်မဖတ်ဖူးတာ သေချာလှပါတယ်။ အမှန်တရားကို ဘယ်လောက်လိုလားပါတယ်ပဲဆိုဆို နည်းပါးတဲ့ ဗဟုသုတ၊ လျော့လျဲတဲ့ သတင်းဌာန မူဝါဒအောက်မှာ အများပြည်သူဖတ်ရှုတဲ့ စာပေအဆင့်အတန်းတစ်ရပ် မီအောင်မရေးသားထားတဲ့ စာရေးသူ၊ အဆင့်အတန်းမီအောင် မတည်းဖြတ်ထားတဲ့ အယ်ဒီတာလက်အောက်က ဆောင်းပါးတစ်ပုဒ်ဟာ အမှန်တရား အနားကို နည်းနည်းမှတောင် သီနိုင်မယ်လို့ မိမိတို့မထင်ပါ။ မြန်မာနိုင်ငံရေးအခြေအနေနှင့် ယှဉ်တွဲသုံးသပ်နိုင်ရန် သူတို့ကဖော်ပြရခြင်း ဖြစ်ပါတယ်လို့တောင် မဆီမဆိုင် အကြောင်းပြချက်ပေးကာ ဂုဏ်တင်ထားတာကို တွေ့ရပါတယ်။ ဘယ်နေရာမှာ ပတ်သက်နေသလဲတော့ မသိပါ။

အခုရေးတဲ့ ဆောင်းပါးဟာ အဲဒီ သတ်ပုံကစပြီး တည်းဖြတ်စရာ ဗရပွဖြစ်နေတဲ့ ဆောင်းပါးကို ချေပရေးသားတဲ့ ဆောင်းပါးတော့ မဟုတ်ပါ။ ချေပစရာလည်း မလိုပါ။ ဆောင်းပါးရှင် မခံမရပ်နိုင်ဖြစ်နေတဲ့ ဦးချစ်ငယ်(ဒဿန)နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို မိမိတစ်ဦးတည်းရဲ့ အမြင်နဲ့ စာဖတ်သူများ ချိန်ထိုးလေ့လာနိုင်အောင် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အဓမ္မ၀ါဒများကို တားဆီးဘို့ ဆို လုပ်လာကြတော့ ဦးချစ်ငယ်လဲ အဓမ္မ၀ါဒီစာရင်း ထဲပါလာပါတယ်။ သူ့ အကြောင်းကို သိနေတာ ကြာလှပါပြီ။ ဒါပေမဲ့ အခုလို အဖွဲ့နဲ့ တကယ်တမ်း ဆောင်ရွက်လုပ်ကိုင်လာတော့ ဒီစာမျက်နှာမှာ သူ့အမှားတွေကို ထည့်ပြီး မရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။(လက်ျာရဲ့ စာတန်းမှာ အစွန်းအစပါတာလေးနဲ့ ဘဲ ထားလိုက်ပါတော့လို့ ဆုံးဖြတ်ခဲ့မိပါတယ် )

ဒါကလည်း အကြောင်းရှိပါတယ်။ သူ့  ပရိသတ်ကို ကြည့်လိုက်တော့ ကြက်ပွဲသာသာမို့ သာသနာရေးကို ခုနေခါ အနှောင့်အယှက်ပြုနိုင်တဲ့  အစွမ်းအစက မရှိသလောက်ကို ကိုယ်က သွားရေးမှ ကြော်ငြာပေးသလိုဖြစ်ပြီး မြန်မာပြည်မှာ အရေးယူခံထားရတဲ့ သာသနာပြု လူစွမ်းကောင်းကြီးဆိုပြီး "ခွကောင်တွေ အသိုက်အ၀ိုင်း"ထဲ ထင်ပေါ်နေရင် အခက်ဆိုပြီး လက်ရှောင်ပေးထားတာပါ ။

ခုတော့လဲ သင့်သလောက် ဖော်ပြဖို့ ဆုံးဖြတ်ရပြန်ပါပြီ။

စာဖတ်သူများအနေနဲ့ အဲဒီသတင်းဋ္ဌာနက ဆောင်းပါးကို မဖတ်ရှုဖူးဘဲ ကျွန်တော့်ရဲ့ ဆောင်းပါးကို တန်းပြီးဖတ်ရရင် သိပ်ပြီး လိပ်ပတ်လည်မယ်တော့ မထင်ပါ။ ဒါကြောင့် အဲဒီကအနှစ်ချုပ်ကို အခုလို ဆွဲထုတ်ပြလိုက်ပါမယ်။

လိုရင်းရောက်အောင် မရေးသားနိုင်တဲ့ အဲဒီစာကို လိုရင်း ဆွဲထုတ်ပြရတာကတော့ အတော်ခက်ခဲပါတယ်။ ဒါပေမယ့် အတော်ကြိုစားပြီး ဘာသာပြန်ဖတ်ရှုလိုက်တဲ့အခါမှာ အခုလို တွေ့ရပါတယ်။

၁)အသင်းက မိုးကုတ်ဆရာတော်ဘုရားကို စွပ်စွဲနေပါတယ်ဆိုတဲ့  စွပ်စွဲချက်

၂) ခုလုပ်ဆောင်နေတာဟာ မဟာစည်ဆရာတော်ဘုရား (ပိန်ဖေါင်း အုပ်စုဆိုပြီး နာမည်ကို ရိုးတိုးရိပ်တိတ်ဖေါ်ပြထားတယ် ) ရဲ့  အသိုက်အ၀န်းက မိုးကုတ်ဆရာတော်ဘုရားနဲ့  မတည့်လို့ ဆိုတဲ့  စွဲချက်

၃)"ဆရာမြတ် " တနည်း" ဒေါက်တာ "ချစ်ငယ် PhD (Cloverfield university) ဟာ အရိယာကြီးပဲ မပြစ်မှားနဲ့  ဆိုတဲ့ အချက်

၎)ခုခါမှာ သာသနာပြုနေကြတဲ့  ဆရာတော်ဘုရားများ ( သီတဂူဆရာတော်ကို ရိတ်တိတ်တိတ်ချိတ် ထားတာတွေ့ရ)ဟာ ၀ိနည်းမလိုက်နာပါဘူး ။ မဟုတ်တာတွေလုပ်နေပါတယ်ဆိုတဲအချက်

အပါအ၀င် စွဲချက်လေးမျိုးကို အဓိက တွေ့ရပါတယ်။


ဒီနေရာမှာ နံပါတ်(၄)အချက်ကိုတော့ ဖြေရှင်းစရာမလို ။ ဒီလိုအလုပ်လုပ်နေတဲ့  ဆရာတော်များထံ လှူတန်းဘူးသူတိုင်း အသိပါ။ ဘယ်လောက် စနစ်တကျ လုပ်ရတယ်ဆိုတာကို ။

၁)ကိုစပြီးကြည့်ရအောင် ။ အခု ဓမ္မဥပဒေပြန့် ပွားရေးအသင်းသားတွေရေးခဲ့ တဲ့ စာတွေဟာ နက်ထဲမှာ ထင်ရှားစွာ ဖတ်လို့ ရပါတယ်။ ဘယ်စာများ မိုးကုတ် ဆရာတော်ဘုရားကို စွပ်စွဲတာ ပါပါသလဲ ။ ထောက်ပြပါ ။ မစွပ်စွဲခဲ့တဲ့  အပြင် မိုးကုတ် ၀ိနိစ္ဆယနဲ့ ပါတ်သက်ပြီး နားစွန်နားဖျားနဲ့ သံသယရှိနိုင်တဲ့ မိမိကိုယ်တိုင် ပရိသတ်ကို ရှင်းပြခဲ့ဖူးပါတယ် ။ အကျယ်ကိုသိလိုရင် အောက်က အကိုးလေး တချက်လောက်ကြည့်ပါ ။ click here ဒီတော့ မိုးကုတ်ဆရာတော်ဘုရားကိုစွပ်စွဲတယ်ဆိုတဲ့  အချက်ဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာ ဖြစ်နေပါတယ်။

(၂)အချက်ကိုကြည့်ရအောင်

မဟာစည်ဆရာတော်ဘုရား ရဲ့  တပည့်တပန်းများဆိုတဲ့  ကိစ္စမှာလဲ မိုးကုတ်ဆရာတော်ကို သော်လည်းကောင်း၊ အခြားရိပ်သာနည်းများကို သော်လည်းကောင်း စွပ်စွဲဟောပြောချက် ရှိပါက သက်သေပြရန်တာဝန်မှာ ရေးသူရဲ့ တာဝန်သာ ဖြစ်ပါတယ်။ ဓမ္မဥပဒေပြန့်ပွားရေးအသင်းဝင်များဟာ ဘုရားတရားသံဃာ ရတနာသုံးပါးရဲ့ တပည့်သာဝကများသာပြီး လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော် စွန်းလွန်းဆရာတော် စတဲ့ ပဋိပတ္တိအကျော် ဆရာတော်တို့ရဲ့ တရားနည်းလမ်းများကို အားထုတ်ဖူးသူများ ပါဝင်ပါတယ်။ အဲဒီလို အခြေအမြစ်မရှိရေးသားတဲ့ အရေးအသားနဲ့ ဘောင်ဝင်သူတွေ မဟုတ်ပါဘူး။ သူရေးတဲ့ပုံစံက  အကိုးအကားမပါတဲ့အပြင် နည်းလမ်းမကျပါဘူး။ သံဃာများ မညီမညွတ်ဖြစ်အောင် ချောပစ် ဂိုဏ်းခွဲရာကျနေပါတယ်။

(၃)ဒါကတော့ အသားပါဘဲ ။

ကဲ "ဆရာမြတ် " " ဒေါက်တာ " ချစ်ငယ် Ph D (Cloverfield University, UK) ကို လေ့လာကြရအောင် ။ ပထမဆုံး သူ့ ရဲ့  ဒေါက်တာ cloverfild university ကြီးကို အရင်ပြောရပါ့မယ် ။ မှန်ပါတယ် ။ အင်္ဂလန်ရဲ့  မြို့ တော် လန်ဒန့်မြို့ ကြီးမှာ ယူနီဗာစီတီ ဆိုတာတွေ ပေါလှပါတယ် ။ ဒါပေမဲ့ တက္ကသိုလ် တွေအကုန်လုံးကို ယူကေ ပညာရေးဋ္ဌာနက ချုပ်ကိုင်ထားပြီး နှစ်စဉ် စာရင်းထုတ်ပြန်ပေးရပါတယ် ။ ဟောဒီမှာကြည့်ပါ။ ယူကေက C နဲ့ စတဲ့  ယူနီတွေ စာရင်း

ကဲ

မရှိတဲ့  တက္ကသိုလ်တစ်ခုက ဘယ်လိုများ အကြင်ဆရာမြတ်ကို ဘယ်လိုများ PhD ဘွဲ့ထူးကြီးပေးလိုက် နိုင်ပါသလဲ။ အရိယာတယောက် ဟာ ကိုယ်မရတဲ့ ဘွဲ့ ဒီဂရီကို တပ်ပါ့မလားဗျာ ။ ဒီနေရာမှာတော့ အရိယာဖယ်ထားပါလေ။ သာမန် မိမိကိုယ်ကိုလေးစားတဲ့  ပညာရှင်တယောက်တောင် အလုပ်အပြင်မှာ မိမိဘာဘွဲ့ တွေရတယ်ဆိုတာ ထုတ်ပြောလေ့မရှိပါ ။


"အရိယာဆိုတာ ထုတ်မပြောရဲကြတဲ့  အဖွဲ့ တွေထဲမှာ သူရဲကောင်းကြီး ဦးချစ်ငယ်ကဘဲ ထုတ်ပြောတာ ။ "
ဒါနဲ့ ပါတ်သက်ပြီး ပထမဆုံး သိရမှာက အရိယာ သံဃာတော်များဘာလို့  ထုတ်မပြောလဲဆိုတာကိုပါ။
ဒါကို ကျွန်တော် အကျယ်ရေးစရာမလို ။ ဘူတာရောစနသိက္ခာပုဒ် ကို လေ့လာဖူးတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီဝါကျမျိုးကို ရေးသားမှာမဟုတ်ဘူးလို့ပဲ ပြောလိုပါတယ်။

''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူအား လူတို့၏ ကုသိုလ် ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ပြောကြားငြားအံ့၊ ပြောတိုင်း ဟုတ်မှန်သော် ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြ ကုန်လော့ဟု မိန့်တော်မူ ၏။ 57, 8 - 69


စာဖတ်သူများ အဲဒီသိက္ခာပုဒ်ရဲ့ အကျယ်ကို လေ့လာနိုင်ဖို့ လင့်ခ်ဖော်ပြပါမယ်။ ဦးချစ်ငယ်ဟာ လူဖြစ်လို့ ရဟန်းသိက္ခာပုဒ်များနဲ့ မဆိုင်ဘူးလို့ လှည့်ပတ်ငြင်းဆန်ရင် ဆန်နိုင်ပေမယ့် အရိယာတို့ရဲ့ အလိုဆိုးနည်းမှုနဲ့ ပတ်သက်ပြီး တစေ့တစောင်း သိရှိပြီးချင့်ချိန်နိုင်ဖို့ ဖော်ပြတာ ဖြစ်ပါတယ်။ ဖော်ပြရတဲ့ အခြားအကြောင်းတစ်ရပ်အနေနဲ့ ဦးချစ်ငယ်ရဲ့ အထုပ္ပတ္တိကို (သူ့အပြောမဟုတ်ဘဲ)တိတိကျကျ သိသူများပါရင်တော့ အဲဒီသိက္ခာပုဒ်ကို ဖတ်ရရုံနဲ့ ကျွန်တော်ဘာကိုဆိုလိုသလဲ တန်းပြီး သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ Click here


တတိယအချက်

" ငါနိဗ္ဗာန်မြင်တယ်ကွ ၊ ငါပြောတာယုံ" ဆိုတဲ့ ဦးချစ်ငယ်ရဲ့ အပြောအဆိုနဲ့ ပတ်သက်ပြီးတော့ ဝေဖန်လိုတယ်။

နိဗ္ဗာန်မြင်တယ်ဆိုတာ မဂ်ဥာဏ်ရမှပါ .။ မဂ်အခိုက် ၀ီထိကို ယောဂီတောင် သိဘို့ ခက်တယ်ဆိုတာ မှန်ပါတယ် ။ ဒီတော့ ယောဂီမဂ်ရတာ မှန်မမှန်ဆိုတာ စစ်မရတော့ဘူးလား ။ အဲလိုသာ စစ်ဆေးမရဘဲ မျက်စိမှိတ်ယုံကြည်ရတဲ့ ဘာသာတရား တစ်ရပ် ဆိုမှတော့ ကျွန်တော့်အနေနဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်မနေတော့ဘူး။ တွေ့ တဲ့  လူက ငါ ဘာကွလို့ ပြောတိုင်းသာ ယုံရမယ်ဆို "ဆိုင်းဘာဘာ" ကြီးကို ကိုးကွယ်နေတာ ကြာပေါ့ ။

ဆရာချစ်ငယ်ကို ကောင်းကောင်းသာသိရင် အဲဒီဆရာခမျာမှာ အဲလိုစစ်မယ်ဆိုတဲ့  အသံကြားရင် ရာမဆိုတဲ့  အသံကြားတဲ့  ဒဿဂီရိလောက်ကို ကြောက်တယ်ဆိုတာ သဘောပေါက်ပါလိမ့်မယ်။ ခုချိန်ထိကို သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်ကို ဂွတိုက် ကြွေးကြော်နေတာဘဲကြည့်ပါတော့။

(ဆက်ရေးရင် ကျမ်းလေးရုံ ၊ လက်ညောင်းရုံမို့  သိသာရုံသာ တိုစိရေးလိုက်ရပါတယ် ။ ဆက်လက်ဆွေးနွေးလိုပါက ဖိတ်ခေါ်ပရစေ။ မိမိရေးတဲ့ ဆွေးနွေးမှုကိုတော့ မိမိကိုယ်တိုင် တာဝန်ယူနိုင်မှ ရေးဖို့ အကြံပြုလိုပါတယ်။ )

လောကနီတိဆရာက ခုလို ရေးပါတယ်။

"အပ္ပပညော မဟာသကော အပ္ပပူရော ဃဋောခေါဘေ"
"တော်လွန်းရင် အန္တရာယ်မရှိ။
ညံ့လွန်းရင် အန္တရာယ်မရှိ။
မညံ့တညံ့ ၀ါ မကျက်တကျက်က အန္တရာယ်ရှိတယ်။"

သတင်းဌာနများအနေနဲ့ မိမိတို့ အာဘော်မဟုတ်ရင်လည်း မှတ်ချက်နဲ့တကွ စည်းကမ်းတကျ ဖော်ပြပေးစေလိုပါတယ်။ မိမိတို့ အာဘော်ဆိုရင်လည်း ၀န်ခံချက်နဲ့တကွ ဖော်ပြသင့်ပါတယ်။ ဟိုလိုလို ဒီလိုလို ဆောင်းပါးများဟာ စကားဖောင်းပွရုံမျှသာဖြစ်ပါတယ်။ လူခေါ်တဲ့ ဆောင်းပါးကို တင်တယ်လို့ ယူဆစရာ ဖြစ်ပေမယ့် ဘာသာရေးကို ခုတုံးလုပ်ပြီး လူမခေါ်သင့်ကြောင်း ရေးသားရင်း...

ဒေါက်တာတင့်ဦး


Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories