April 16, 2010

အဓမ္မကို ဓမ္မဖြင့်ထင်စွာ ပြခဲ့ကြသည့် အရှင်မြတ်ကြီးများ

အရှင်ကောဝိဒ (ယော) | 12:15 AM | Be the first to comment!
၁၃၄၂-ခုနှစ်၊ နယုန်လ (၁၉၈၀- ပြည့်နှစ်၊ မေလ) တွင် မြန်မာနိုင်ငံ သာသနာ သမိုင်းဝယ် ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်မှုရရှိသဖြင့် ရန်ကုန်မြို့၊ ကမ္ဘာအေး ကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူကြီး၌ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ သံဃသမ္မုတိ-ရ သံဃာ့ကိုယ်စလှယ် (၁၂၀၀) ကျော် တက်ရောက်သည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
ယင်းအစည်းအဝေးကြီးက သမ္မုတိရ သံဃာ့ကိုယ်စလှယ် (၁၂၀၀)ကျော်မှ နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်အပါး (၃၀၀)ကို ရွေးချယ်ခဲ့ပါသည်။
နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်အပါး (၃၀၀)မှ နိုင်ငံတော် သံဃာ့မဟာ နာယက (၃၃)ပါးကို ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့ပါသည်။
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို (၁၉၈၀) ပြည့်နှစ်တွင် (၃၃)ပါးဖြင့် စတင် ဖွဲ့စည်းခဲ့တော်လည်း နောက်ပိုင်းတွင် ပြင်ဆင်၍ (၄၅)ပါး၊ (၄၇)ပါးတိုးချဲ့ ဖွဲ့စည်းခဲ့ရာ ယခုအခါ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့မှာ (၄၇)ပါးအဖွဲ့ ဖြစ်နေပါပြီ။
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို ၁၃၄၂-ခုနှစ်၊ နယုန်လ (၁၉၈၀- ပြည့်နှစ်၊ မေလ)က စတင်ဖွဲ့စည်းခဲ့သဖြင့် ယခု ၁၃၆၇-ခုနှစ်၊ နယုန်လ (၂၀၀၅-ခုနှစ်၊ ဇွန်လ)တွင် (၂၅)နှစ်ပြည့်မြောက် ငွေရတုခေတ်သို့ ရောက်ခဲ့ပေပြီ။
ထို့ကြောင့် ယခု နယုန်လဆန်း (၁၃)ရက် (ဇွန်လ ၁၉-ရက်)တွင် `နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့- ငွေရတုသဘင်´ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော် မည်ဖြစ်ပေ၏။
ဤကဲ့သို့ နိုင်ငံတော်အတွင်း၌ ဂိုဏ်းပေါင်းစုံ သံဃာတော်များ၏ အမြင့်ဆုံး သံဃာ့အဖွဲ့ အစည်းဖြစ်သော `နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့´ကြီး ပေါ်ပေါက်လာခဲ့သဖြင့် သာသနာတော်၌ အလွန်အဖိုးတန်သည့် ရလဒ်ကောင်းများ ဖြစ်ထွန်းခဲ့ရပါသည်။
ယင်းတို့အနက်မှ တစ်ခုကို ဖေါ်ပြရလျှင် သာသနာတော်အတွင်း၌ ရှေးနှစ်ပေါင်း များစွာ ကတည်းက အမြစ်တွယ်လျက် ဓမ္မ အဓမ္မအငြင်းပွားနေရသော ၀ိဝါဒါဓိကရုဏ်းမှုကြီးများကို ပြတ်စဲအောင် ဖြေရှင်းနိုင်ခဲ့ခြင်းပင် ဖြစ်၏။ တနည်းအားဖြင့် `အဓမ္မကို ဓမ္မဖြင့် ထင်ထင်ရှားရှား ခွဲခြားပြနိုင်ခဲ့ခြင်း´ ပေတည်း။
လောက၌ ရှိကြသော အရာဝတ္ထုတို့တွင် အကောင်းဟူသမျှသည် မကြာခဏ ပြုပြင် ပေးသူ ရှိမှသာ အကောင်းဘ၀၌ အတော်ကြာကြာနေနိုင်၏။
ပြုပြင်ပေးမည့်သူ မရှိလျှင် သို့မဟုတ် ပြုပြင်လိုကြသူများ အားနည်းနေလျှင် မကောင်း သော အတုအပတွေ ပေါ်ပေါက်လာကြမြဲပင် ဖြစ်လေရာ ကောင်းသော အရာဝတ္ထုသည် တိမ် မြုပ် ကွယ်ပျောက်သွားတတ်၏။
ယခုလည်း အလွန်စင်ကြယ် သန့်ရှင်းလှသောဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကို
အရှင်မဟာကဿပစသော သာသနာ့ထိပ်ခေါင်တင် ထေရ်အရှင်မြတ်ကြီးတို့သည် ညစ်ကြေးမတင် သန့်ရှင်းစင်ကြယ်စေရန် ပြုပြင်, ပြုပြင်ပေးခဲ့ကြပါ၏။
သို့သော်လည်း နှစ်တွေ အတော်ကြာလာသောအခါ အညစ်အပေတွေ တွေ့ရပြန် လေသည်။

ယင်းအညစ်အကြေးတို့ကား အဓမ္မကို ဓမ္မဟု ဟောပြောနေကြသော
လူသေလူဖြစ်ဝါဒ၊ ကျောက်သင်္ဘောဝါဒ စသည်တို့တည်း၊
ထိုဝါဒရှင်တို့သည် `နိုင်ငံတော် သံဃာ့မဟာနာယက´ စသော သံဃာ့အဖွဲ့အစည်းများ မပေါ်ပေါက်သေး၍ ပြုပြင်လိုကြသူများ အားနည်းနေမှုကို အခွင့်ကောင်းယူကာ အဓမ္မ၀ါဒ ထွန်းကားရေးကို တွန်းအားပေးလျက် ဓမ္မအစစ်အမှန်ကို တိမ်မြုပ် ပျောက်ကွယ်စေရန် ဖန်တီးနေကြလေသည်။
ထိုအချက်ကို ကွက်ကွက်ကွင်းကွင်း သိမြင်တော်မူကြသော `နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့´ ဆရာတော်ကြီးများသည် အောက်ပါ သံဂါယနာ ဦးစီးမဟာထေရ်မြတ်ကြီးတို့ စဉ်းစားဆင်ခြင်ပုံကို မိမိတို့ မြင်လာကြပေကုန်၏။

`အဓမ္မ၀ါဒီ အလဇ္ဇီတို့၏ (ဘုရားဟော မဟုတ်သော တရားတွေကို ထည့်သွင်း၍ ဘုရားဟောအစစ် တရားတွေကို တချို့တလေ နှုတ်ပယ်ပြီးလျှင် သူတို့ထင်သလို ပြုလုပ်ခြင်း ဟူသော) လေမုန်တိုင်း တိုက်လွှင့်သောကြောင့် မကြာခင် တရားတော်များ ဟောတော်မူရင်း အတိုင်း မဟုတ်တော့ဘဲ တမျိုးတမည် ပြောင်းလဲကာ အစစ်အမှန် တရားတော်များ ကွယ်စရာ ရှိသည်။ (အနာဂတ် သာသနာရေး)

ငါသို့စင် ဘုရားရှင်သား ရဟန်းတစ်ပါး ထင်ရှားရှိနေစဉ် ဤ(သုဘဒ်တောထွက်ရဟန်း) သူယုတ်မာသည် သာသနာ၌ ကြီးပွားခြင်းကို မရစေလင့်။
အဓမ္မ- မတရား မထွန်းကားသေးမီ, တရား- ဓမ္မကို မတားမြစ်အပ်သေးမီ၊
အ၀ိနယ- ဘုရားရှင် အဆုံးအမ မဟုတ်သောတရားများ မထွန်းကားသေးမီ,
ဝိနယ- ဘုရားရှင် အဆုံးအမ တရားတော်များ မတားမြစ်အပ်သေးမီ၊
အဓမ္မ၀ါဒီ- မတရား ပြောကြားသူတို့ အားမရှိသေးမီ,
ဓမ္မ၀ါဒီ- တရားသည်ကို ပြောကြားသူတို့ အားမနွဲ့ကြသေးမီ၊
အ၀ိနယ၀ါဒီ- ဘုရားရှင် အဆုံးအမ မဟုတ်သော အရာများ ပြောကြားသူတို့ အားမရှိသေးမီ,
ဝိနယ၀ါဒီ- ဘုရားရှင် အဆုံးအမတရားတော်ကို ပြောဆို ဟောကြားလေ့ရှိသူတို့ အားမနွဲ့ကြသေးမီ
ငါသည် သုတ်, အဘိဓမ္မာ, ၀ိနည်းတရားတော်များကို သံဂါယနာ တင်ပေအံ´(မဟာဗုဒ္ဓ၀င်)ဟု ပထမ သံဂါယနာ ဦးစီး အရှင်မဟာကဿပ မထေရ်မြတ်ကြီးသည် သံဂါယနာတင်ရန် စိတ်အကြံဖြစ်ခဲ့၏။ (ဒီ၊ ၂၊ ၁၃၃၊ ၀ိ၊ ၄၊ ၄၈၁။)

`ဗုဒ္ဓသာသနာတော် ပျက်စီးနေကြောင်းကို ကြားရပါလျက် ကြောင့်ကြမစိုက်ဘဲ နေလို့ မလျော်ချေ၊ ယခုပင်ငါသွား၍ အဓမ္မ၀ါဒီများကို နှိမ်နင်းကာ ဓမ္မအစစ် အမှန်ကို ပြမည်။´
(အနာဂတ် သာသနာရေး) ဟု ဒုတိယသံဂါယနာဦးစီး အရှင်မဟာယသ မထေရ် မြတ်ကြီးသည်လည်း ၀ဇ္ဇီတိုင်းသား အဓမ္မ၀ါဒီများ ပေါ်ပေါက်လာစဉ်က ဆုံးဖြတ်ချက်ချ ကြံစည် တော်မူခဲ့၏။ (၀ိ၊ ဋ္ဌ၊ ၁၊ ၁၆)

`ငါသည် မူလကတည်းက သာသနာတော်ကို ချီးမြှောက်မည်ဟု ရဟန်းပြုခဲ့၏၊ ယခု ဤအခွင့်ကာလ ရောက်လတ်ပြီ´ ဟု တတိယသံဂါယနာဦးစီး အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကြီးသည်လည်း သံဂါယနာတင်ရန် အရေးအခင်း ပေါ်ပေါက်စဉ်က ဤသို့လျှင် ကြံစဉ်တော်မူခဲ့၏။

အထက်ပါ သံဂါယနာ ဦးစီး ရဟန္တာ မထေရ်မြတ်ကြီးတို့ သာသနပစ္စတ္တိက, အဓမ္မ ၀ါဒီများ ပေါ်ပေါက်လာသည့်အခါ စဉ်းစားဆင်ခြင်မိပုံကို မိမိတို့ စိတ်သန္တာန်၌ ထင်လာကြ ကုန်ရကား `အဓမ္မကို ဓမ္မဖြင့် ထင်ထင်ရှားရှား ခွဲးခြားပြလိုက်မည်´ဟု အညီအညွှတ် စည်းဝေးတိုင်ပင်ကြလျက် ၁၃၄၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်(၂၀- ၁၁- ၈၀) နိုင်ငံတော် သံဃာ့မဟာနာယက (၃၃)ပါး စုံညီအစည်းအဝေးတွင် ထိုအဓမ္မ၀ါဒီ (၇)မျိုးတို့ကို ဓမ္မ အဓမ္မ၀ါဒီအဖြစ် စိစစ်ရန် ပိဋကတ် ကျမ်းတတ် ထိပ်သီးပညာရှင် ဆရာတော်များချည်း ပါဝင်သော `နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့´ (၇)ဖွဲ့ကို ဖွဲ့စည်းလိုက်ပါသည်။

ထို့နောက် ရှေးဦးစွာ အဖွဲ့ အမှတ်(၁)ဖြစ်သော ခရမ်းမြို့,ကိုင်းကုန်းဆရာတော် (ဘဒ္ဒန္တသုဒဿနထေရ်)ဦးဆောင်သည့် (၇)ပါး ပါအဖွဲ့က `ကျောက်သင်္ဘောဝါဒ´ကို စိစစ်ပြီး အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချမှတ်ခဲ့ပါသည်။

ထို့နောက် အဖွဲ့အမှတ် (၂)ဖြစ်သော ထားဝယ်မြို့, ဃောသိတာရုံဆရာတော် (ဘဒ္ဒန္တဃောသိတာဘိဝံသထေရ်) ဦးဆောင်သည့် (၇)ပါး ပါအဖွဲ့က
(၁၃၂၅)ခုနှစ်လောက်က တည်းက မြန်မာနိုင်ငံအတွင်း၌ ဓမ္မဟုတ်သည် မဟုတ်သည် အငြင်းပွားကာ လူသိများ ထင်ရှားလှသော `လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသူတေသန၀ါဒ၊ ရွှေအဘိဓမ္မာဝါဒ´ တို့ကို-
ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒနှင့် ၎င်းကို ပံ့ပိုးထားသော အချက်အလက်ဟူသမျှသည်
နိကာယ်ငါးရပ်, ပိဋကတ်သုံးပုံ ထေရ၀ါဒ ဗုဒ္ဓ၀ါဒနှင့် လုံးဝဆန့်ကျင်သော အဓမ္မ၀ါဒ စစ်စစ်သာဖြစ်သည်ဟု လူသေ လူဖြစ်ဝါဒကို ၀ိနိစ္ဆယချမှတ်တော်မူကြသည်´ စောဒနာ သောဓနာ(၂၁)ချက်ကို ပြည့်စုံစွာ သုံးသပ်စိစစ်၍ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချမှတ်ခဲ့ပါသည်။

ထို့နောက် အဖွဲ့အမှတ် (၃)ဖြစ်သော ပုဇွန်တောင်, ရွှေကျင်ကျောင်းတိုက် ဆရာတော် (ဘဒ္ဒန္တ၀ါသေဋ္ဌာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့က `ကျောက်ပုံတောရ၀ါဒ´ ကို စိစစ်ပြီး အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယ ချမှတ်ခဲ့ပါသည်။

ထို့နောက် အဖွဲ့အမှတ် (၄)ဖြစ်သော ကျောက်မဲဆရာတော် (ဘဒ္ဒန္တဩဘာသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့က ရှေးယခင်နှစ်ပေါင်း (၈၀) လောက်ကတည်းက သာသနိက ဆူးငြောင့်ကြီးအဖြစ် အမြစ်တွယ်ထင်ရှား လာခဲ့သော `ကြောင်ပန်းတောရ၀ါဒ´ ကို-
`ကြောင်ပန်းတောရ၀ါဒသည် သက္ကာယ ဒိဋ္ဌိရှိလျှင် ဗုဒ္ဓဘာသာမဖြစ်၊ သရဏဂုံမသည် ဟု ယူဆ ဟောပြော ရေးသားသော အဓမ္မ၀ါဒသာ ဖြစ်ကြောင်း´ စသည်ဖြင့် စိစစ်၍ အဓမ္မ၀ါဒ သာဖြစ်ကြောင်း ၀ိနိစ္ဆယချမှတ်ခဲ့ပါသည်။

ထိုနည်းအတူပင် အဖွဲ့အမှတ် (၅)ညောင်ရွှေ ဆရာတော် (ဘဒ္ဒန္တ၀ိမလာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့က `ဓမ္မနီတိဝါဒ´ ကိုလည်းကောင်း၊ အဖွဲ့အမှတ် (၆) မန္တလေး ဆရာတော် (ဘဒ္ဒန္တဝေပုလ္လာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါးအဖွဲ့က `မိုးညိုဆရာတော် (မြောက်ဥက္ကလာပ) ၀ါဒ´ ကိုလည်းကောင်း၊ အဖွဲ့အမှတ် (၇) ပါးအဖွဲ့က `ဦးမာလာဝရ (ရေတာရှည်)၀ါဒ´ ကိုလည်းကောင်း၊ စိစစ်၍ အဓမ္မ၀ါဒများအဖြစ် ၀ိနိစ္ဆယချမှတ်တော် မူခဲ့ပါတယ်။

ထိုနောက်ပိုင်းတွင်လည်း
`ဉာဏစာဂီ ဆရာဝါဒ´၊
ဆူးလေ ဦးမြင့်သိန်းဝါဒ၊
ဦးမြတ်သိန်းထွန်း ၀ါဒ၊
ထွန်တုံး လက်ကျန် ဦးထင်ဝါဒ၊
တွံတေး ဦးပုညာစာရ၀ါဒ၊
မော်လမြိုင် ဦကေသရ ၀ါဒ´ စသည်တို့ကို နိုင်ငံတော်သီးခြား ၀ိနည်းဓိုရ်´အဖွဲ့များ ဖွဲ့လျက် စိစစ်ပြီး အဓမ္မ၀ါဒ များအဖြစ် ၀ိနိစ္ဆယချမှတ်ခဲ့ကြပါသည်။

ဤအဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချမှတ်ခံရပြီးသော အဓမ္မ၀ါဒီများသည် အလှည့်ကျ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်၌-
(၁) ထိုအဓမ္မ၀ါဒများကို စွန့်လွှတ်ပါကြောင်း၊
(၂) ယခုချိန်မှစ၍ ရှေ့သို့ဆက်လက်ပြီး ထိုအဓမ္မ၀ါဒများကို ဟောပြောခြင်း၊ ရေးသား ခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း စသည့် အမှုတို့ကို မိမိတို့ကိုတိုင် လည်း ပြုလုပ်ကြမည် မဟုတ်သည့်အပြင် တပည့် ဒါယကာ၊ ဒါယိကာမတို့အားလည်း မပြုလုပ်ကြစေရန် တားမြစ် ဆုံးမဩ၀ါဒပေးမည် ဖြစ်ပါကြောင်း။
(၃) ထိုဝါဒဆိုင်ရာ စာအုပ်စာတမ်းများ၊ တိတ်ခွေများ၊ အထိမ်းအမှတ်စသည်တို့ကို ဖျက်ဆီးခြင်း၊ သက်ဆိုင်ရာ မြို့နယ်သံဃနာယက အဖွဲ့သို့ အပ်နှံခြင်းများကို ပြုလုပ်မည်ဖြစ်ပါ ကြောင်း စသည်ဖြင့် ကိုယ်တိုင် ပဋိညာဉ်ပြု လက်မှတ်ရေးထိုးကြရပါသည်။

ဤသို့ နှစ်ပေါင်းများစွာ ကတည်းက ဓမ္မဟုတ်သည် မဟုတ်သည်ကို အငြင်းပွားကာ ၀ိဝါဒါဓိ ကရုဏ်းကြီးများ အဖြစ် တည်ရှိနေခဲ့သော အဓမ္မ၀ါဒီများကို ရှေးယခင်က ဓမ္မအစစ်မှန်ကို တိကျမှန်ကန်စွာ သိမြင်တော်မူကြသော ပညာရှိသူတော်စင် ဆရာတော် အရှင်မြတ်ကြီးများ အများအပြား ရှိခဲ့တော်လည်း ယခု `နိုင်ငံတော် သံဃမဟာနာယက´ ကဲ့သို့သော အဖွဲ့ အစည်းကြီး မရှိသေးသဖြင့် သိလျက်ပင် မမြင်ချင်ဟန် နေခဲ့ရပါသည်။
ယခုအခါ၌ကား နိုင်ငံတော်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များ အားလုံး၏ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် `နိုင်ငံတော် သံဃမဟာနာယက´ အဖွဲ့ကြီး ပေါ်ပေါက် လာခဲ့သဖြင့် ထိုအဓမ္မ၀ါဒများကို ဓမ္မဖြင့် ထင်ထင်ရှားရှား ခွဲခြား ပြသနိုင်ခွင့် ရခဲ့ပါပေသည်။

ထို့ကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ သာသနာတော်သည်လည်း အဓမ္မ၀ါဒ တည်းဟူသောဆီးနှင်း, မြူ, တိမ်, သူရိန်, မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့် တက်သစ်စ နေ၀န်း, ထွန်းသစ်စလ၀န်းကဲ့သို့ သန့်ရှင်းစင်ကြယ် ခဲ့ရပါပေသည်။
ဤသို့ သာသနာတော် သန့်ရှင်းလာခဲ့ရခြင်းမှာ `နိုင်ငံတော် သံဃမဟာနာယက´ အဖွဲ့ကြီး ပေါ်ပေါက် လာခဲ့ရသောကြောင့် ပါပေတည်း။
ထို့ကြောင့် သာသနာတော်အတွက် အလွန် ကျေးဇူးတင်ထိုက် ပူဇော်ထိုက်သော `နိုင်ငံတော် သံဃမဟာနာယက´ အဖွဲ့ ဆရာတော်ကြီးများနှင့် `၀ိနည်းဓိုရ်´ ဆရာတော်ကြီး များအား `သံဃမဟာနာယက ငွေရတုသဘင်´ အခါ၌ ထိုကျေးဇူးတော်တို့ကို အောက်မေ့ ကော်ရော် ပူဇော်အပ်ပါသတည်း။
(သို့သော် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးအချို့နှင့် ၀ိနည်းဓိုရ် ဆရာတော်ကြီးအချို့တို့ကား ဘ၀နတ်နန်း စံမြန်းတော်မူခဲ့ကြပြီး လေပြီတကား။)

ဘိုကလေးအရှင်ပဏ္ဍိတ
(ဓမ္မာစရိယ, M. A, Dip in Eng သီရိလင်္ကာ)
(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ငွေရတု အထိမ်းအမှတ်စာစောင်မှ)
Read more ...

March 31, 2010

လွဲချက်ကယ်မနာရအောင်..(ဒေါက်တာတင့်ဦး)

Dr Phyo Wai Kyaw | 8:02 AM | | 2 Comments so far
တချို့က စာကို အပြစ်ကင်းစင်အောင် အဓိပ္ပါယ်မကောက်တတ်ဘူး။ အနှစ် (sprit of law) ပါအောင်လည်း မကိုးကားတတ်ဘူး။ ဒါကြောင့် ကျမ်းသိလျက် ကျမ်းညှိခက် လို့ ပြောကြတယ်။

အခု ဦးကောဝိဒ (မြိတ်) ရဲ့ ဟောဒီနေရာက နောက်ဆုံးပေါ်တရားအားထုတ်နည်း အမေးပုစ္ဆာ ဆောင်းပါးမှာ တရား အားထုတ်နည်း အယောင်ဆောင်ထားတဲ့ တရုတ်ကွန်မြူနစ်ရဲ့ brain washဆန်ဆန်၊ auto-suggestion ဆန်ဆန် ကျင့်စဉ်အဆန်းကို ဝေဖန်ပြထားတယ်။ "ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး"လို့ ကိုယ့်ကိုယ်ကိုယ် အတင်းအမိန့်ပေးနေတာဟာ အရှိကို အရှိအတိုင်းသိရမယ်ဆိုတဲ့ ဘူတံဘူတတောပဿတိနဲ့ မညီတာ၊ မဟာသတိပဋ္ဌာနသုတ်တော်နဲ့ မကိုက်ညီတာ စတာတွေကို သူငှာသတ္တ၀ါ မမှားရအောင်၊ သံသယကင်းအောင် ဖြေကြားထားတဲ့ ဆောင်းပါးဖြစ်တယ်။ အဲဒါကို ကာကွယ်တဲ့အနေနဲ့ အဝေဖန်ခံရတဲ့ ဆရာတော်ရဲ့ တပည့်ဆိုသူက ဆရာကာကွယ်ရေး ဆောင်းပါးတစ်ပုဒ် ကို ပို့လိုက်တယ်။ ဆရာလုပ်သူကတော့ မှားတဲ့ကိစ္စကို မှားမှန်း သိကောင်းပါတယ်။ သိလို့လည်းပဲ ပြုပြင်ပါမယ်လို့ သံဃနာယကဆရာတော်များ အချို့ဒါယကာများ သံဃာတော်များထံမှာ ၀န်ခံထားရတာတွေ ရှိတယ်။

အခုကတော့ တပည့်ဆိုသူတွေက ဆရာက မှားတယ် ၀န်ခံထားတဲ့ အသံသွင်းစကားတွေ၊ စာတွေ၊ လက်မှတ်တွေကိုတောင် မသိကျိုးကျွံပြုပြီး မှန်တဲ့အနေနဲ့ တလွဲ ဆံပင်ကောင်းလုပ်နေလေတော့ ဆရာထက် တပည့်လက်စောင်းထက်တယ်လို့ ပြောရမလိုတောင် ဖြစ်နေတယ်။ ဆရာတပည့် စကားတွေဟာလည်း မကိုက်ညီတော့ဘူး။

သူ့စာကတော့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဘွဲ့နဲ့ တရားတော်များကို ထုတ်နုတ်ပြီး သူ့ဟာနဲ့မကိုက်ကိုက်အောင် ကိုးကားထားတာပါ။ သူ့စာကို ကြည့်ကြရအောင်...

Vipassana Meditation said...
ဆရာတော်ဦးကောဝိ(မြိတ်)သို့..

တစ်ခုခု အဖြစ် ရှိတာ ရှုနေလို့ရှိရင် ခိုင်တာမြဲတာ ရှုနေသာကြောင့် သဿတဒိဋ္ဌိ ဖြစ်တယ်၊(မှန်ပါ) မရှိတာ ရှုမှ သာလျှင် သဿတဒိဋ္ဌိက လွတ်တယ် (မှန်ပါဘုရား)

ဒါဖြင့် စိတ်ရှုရှု၊ ဝေဒနာရှုရှု၊ ရုပ်ရှုရှု၊ အပျက်ကို မြင်စေရမယ်လို့ ပြောတာ (မှန်ပါဘုရား) ဒါဟာဘုရားဟော အထောက်အထား ရှိလို့ပြောတာ (မှန်ပါ)

"သမုဒယ ဓမ္မာနုပဿီဝါ ၀ယဓမ္မာ နုပဿီဝါ စိတ္တသ္မိံ ၀ိဟရတိ" -တဲ့၊ မဟာသတိပဋ္ဌာန် ပါဠိတော်ကြီးမှာ ပါတယ်၊ မြတ်စွာဘုရား ဟောထားတာ (မှန်ပါ)

မဟာသတိပဋ္ဌာန် ပါဠိတော်ကြီးထဲမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး က အတိအလင်း ဟောထားတာပဲ (မှန်ပါ) "သမုဒယ-၀ယ" မွေးလာပြီး သေသွားတာကို မြင်အောင် ကြည့်ရမယ် ဆိုတာလေ (မှန်ပါ) အဲဒီထိအောင် သွားရမှာ၊ အဲဒီကျတော့မှ ၀ိပဿနာဖြစ်တာ (မှန်ပါ)

ခုတော့ မဟုတ်ဘူး၊ ခင်ဗျားတို့က စာကို ရှေ့ပိုင်းတွင်ပဲဖတ်ပြီး ရှေ့ပိုင်းတွင်ပဲ ပြောနေကြတာ၊ ဒီနောက်ပိုင်း (သမုဒယဓမ္မာ နုပဿီဝါ - ၀ယဓမ္မာ နုပဿီဝါ) ထိအောင် လာရမှာ (မှန်ပါဘုရား )
..............................
မိုးကုတ် ဆရာတော် ဘုရားကြီး ကိုယ်တော်တိုင် ဟောပြောသော တရားတို့မှ ယူ၍ အကျဉ်းချူပ် ကောက်နုတ် ဖော်ပြပါမည်။ [မိုး(၂)နှာ-၄၅၆မှ။]
....................................
အသေးစိတ် သိရှိနိုင်ရန် အောက်ပါလင့်ရှိဆောင်းပါးများအား ဆက်လက်ဖတ်ရှုပါရန်

http://trueanswer.multiply.com/journal




ဘာပဲဖြစ်ဖြစ် ကျေးဇူးတော့ တင်ရမှာပေါ့လေ။

အဲဒီ စာကို ပြန်ဘို့ အတွက်က

၁)ပါဠိတော်ဆိုတာဘာလဲ
၂) ၀ိပဿနာဥာဏ်စဉ်ဆိုတာဘာလဲ
၃)မိုးကုတ်ဆရာတော်ဘုရားက ဘယ်ပရိသတ်ကိုဟောတာလဲ
၎)လေ့လာမှုဆိုတာဘာလဲ
၅)spirit of law and letter of law ဆိုတာဘာလဲ
၆)ကုသိုလ်နဲ့ အကုသိုလ်ရောထွေးခြင်းဆိုတာဘာလဲ

ဆိုတဲ့ အသိတွေကို အရင်ပြောရမယ်။

၁)ပါဠိတော်ဆိုတာ ဘာလဲ
ထေရ၀ါဒအစဉ်မှာပါဠိတော်ဆိုတဲ့ မြတ်ဘုရားရဲ့ နှုတ်ခပါတ်တော်သည် အခိုင်လုံဆုံး၊ အဋ္ဌကထာသည် ဒုတိယ၊ ဋ္ဋီကာသည် တတိယ၊ အာစရိယ၀ါဒသည် စတုတ္ထ ဒီလိုရှိတယ်။ ခုကိစ္စမှာ ဦးကောဝိဒ(မြိတ်)က ပါဠိတော်ဖြစ်သော မဟာသတိပဋ္ဌာနသုတ်ကို ကိုးကားလာတဲ့ အခါမှာ တဘက်လူအနေနဲ့ (မဟာသတိပဋ္ဌာန သုတ် နောက်ပိုင်းကို ကိုးကားတာ မှန်သော်လည်း ) မိုးကုတ်ဆရာတော်ဘုရားရဲ့  အာစရိယ၀ါဒကို ကိုးကားလာတာဟာ ကိုးကားမှုအလွဲဖြစ်နေပါတယ် ။

၂)၀ိပဿနာဥာဏ်စဉ်ဆိုတာဘာလဲ

ဒီနေရာမှာ တင်ပြထားတဲ့  ဘာမှမဟုတ်ဘူးဆိုတဲ့ စူနာမီဆရာတော်ရဲ့ နည်းကို မိုးကုတ်ဆရာတော်ဘုရားရဲ့  အပျက်ထိအောင် သွားရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့ တန်းညှိလို့ မရပါ ။ ဆရာတော်ဘုရား ညွှန်ကြားနေတဲ့ ယောဂီတွေသည် ဥဒယဗ္ဗယဥာဏ် ရောက်နေသူတွေ ဖြစ်ပျက်မြင်နေသူတွေပါ ။ သူတို့ကို နောက်တဆင့် ဘင်္ဂဥာဏ်တက်ဘို့  ညွှန်ကြားနေတာကို စူနာမီဆရာတော်ရဲ့  ရုပ်နာမ်တောင် ဘာမှန်းမသိသေးသူတွေကို သွားပြောနေတဲ့  ပရမတ်ကြောင်စကားတွေနဲ့  တန်းညှိတာဟာ လွန်လှပါတယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။ ဘာမှမဟုတ်ဘူး ဟောတာကို ရိုးရိုးသားသား သဘောကျနေသူတွေက ဒါကို သတိမထားမိကြဘူး။

အမှန်ကတော့ ၀ိပဿနာဥာဏ် တို့ ရဲ့  သဘောသည် ခုန်ကျော်မရပါ။

(၁)နာမရူပပရိစ္ဆေဒက ပထမ
(၂)ပြီးမှ ပစ္စယပရိဂ္ဂဟ
(၃)သမ္မာသန
(၄)ဥဒယဗယ
(၅)ဘင်္ဂ
...

စသည်စသည်ဖြင့် အဲလို အဆင့်ဆင့်တက်ရပါတယ်။ ဒီနေရာမှာ မိုးကုတ်ဆရာတော်ဘုရားနဲ့  ပတ်သက်တာ နဲနဲလေး ရှင်းပရစေ

၃)မိုးကုတ်ဆရာတော်ဘုရားက ဘယ်ပရိသတ်ကိုဟောတာလဲ ။

ဒီလို ၀ိပဿနာဥာဏ်စဉ်အဆင့်ဆင့်ကို မိုးကုတ်ဆရာတော် မပစ်ခဲ့ပယ်ပါ။

ဖြစ်ပျက်မြင် (သမ္မာသန ၊ ဥဒ္ဒယဗ္ဗယ )
ဖြစ်ပျက်မုန်း ( ဘင်္ဂ၊ ဘယ၊ အာဒိန၀ )
ဖြစ်ပျက်ဆုံး ( မျဉ္စိတုကမျတာ ၊ပဋ္ဋိသင်္ခါ ၊ သင်္ခါရုပက္ခာ၊ အနုလောမ ၊ဂေါတြဘူ၊ မဂ် ) ဆိုပြီး အတိုချုံးပေးတာသာ ဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာ ရှိပါတယ်။ ခုစူနာမီကရော မိုးကုတ်ဆရာတော်ထက် တိုအောင်ချုံးတာ မဖြစ်နိုင်ဘူးလားလို့။ မိုးကုတ် ဆရာတော် ဘုရားသည် အဘိဓမ္မာပါရဂူ။ နှစ်ပေါင်းများစွာ စာသင်စာချလာခဲ့သူ။ ကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ အားထုတ်လာခဲ့သူ။ ပရိသတ်ကိုလဲ မေတ္တာကြီးလှသူပါ။ ဒီထက်ချုံးရ ချုံးပေးတာ ကြာပေါ့ဗျာ။ ဒီထက်လျှော့ရ မြွေပုဝိုင်းကြီး ဖြစ်တော့မယ် ဆိုတာလိုဖြစ်နေလို့သာပါ။

နောက်ပြဿနာ တခုက မိုးကုတ်တရားတော်များပေါ် လူတွေ အထင်လွဲတတ်ကြတာပါ။ ဆရာတော်ဘုရားရဲ့  တရားတော်တွေက အပုဒ်ပေါင်း ၁၃၀၂ ပုဒ် တင်ခဲ့ ပါတယ် ။ ခုနေခါ အင်တာနက်မှာ ပြန့် နေတာ အပုဒ် ၈၀၀လောက် ရှိပါတယ် ။ ဒီနေရာမှာ အဲဒီတရားတော်တွေကို အနုအရင့်ခွဲထားတာ မရှိတော့ တပုဒ်တွေ့ တပုဒ်နာတဲ့  သူရှိသလို ခုဆရာလေးလို လိုချင်တဲ့  အပိုဒ်ဆွဲထုတ်လာပြီး ထင်ချင်ရာထင်တဲ့ သူလည်း မနဲပါ ။

အမှန်တော့ ဆရာတော်ဘုရား တရားတော်တွေဟာ အရေးကြီးတဲ့ မူမှာ မှန်ပါတယ် ။ ဒါပေမဲ့  ဟောချိန်မှာ အများပရိဿတ်ဟောတာ။ စခါစယောဂီဟောတာ။ ရင့်ပြီးယောဂီဟောတာ။ စာတတ်ပြီး အလုပ်မလုပ်သေးတဲ့  ပရိဿတ် ဟောတာဆိုပြီး ပရိဿတ် ပေါ်တည်ပြီး အနုအရင့်ကွဲပါတယ်။ ကိုယ်ကလည်း ခွဲထားပါလား၊ ကိုယ်နဲ့တူရဲ့လား ဒါကို သတိထားမယ်။ အဲဒါကို သတိမထားဘဲ တွေ့ ရာကောက်နာပြီး အဖျားစွတ် ထင်ရာပြောသူတွေဟာ ဆရာတော်ဘုရားကို စွပ်စွဲတာပါဘဲ။

၎)လေ့လာမှုဆိုတာ
မည်သည့် ပညာရပ်မဆို (တရားတော်မှမဟုတ်ပါ ) လေ့လာပြီဆို မိမိဖြစ်စေချင်တာကို ဘေးဖယ်ထားရပါတယ် ။ မိမိဖြစ်စေချင် တာကို အသေဆုတ်ထားပြီး အထောက်အထားကို မိမိအယူနဲ့ ကိုက်အောင်ညှိပါက ဖိနပ်နဲ့ တော်အောင် ဖနောင့်လှီးတဲ့ လေ့လာမှုသာဖြစ်ပါလိမ့်မယ် ။

၅)အနှစ်နဲ့အကာ( spirit of law and letter of law)

ရိုးသားတဲ့ သူ ဘယ်သူမဆို တရားတပုဒ်ကို ကိုးကားတော့မယ်ဆိုရင် အစကအဆုံးထိ ဖတ်ပြီး spirit of law ကို မပျက်အောင် တင်ပြရပါတယ်။ ခုလို လိုရာအပိုဒ်ကွက်ယူကာ letter of law ကိုယူတာဟာ မရိုးသားတာသာ ဖြစ်ပါတယ်။
ခုတင်ပြချက်မှာ ဦးကောဝိဒကို စောဒက တင်ချင်ဇောနဲ့  မိုးကုတ်ဆရာတော်ဘုရားရဲ့  တရားတော်ကို ပရိသတ်၊ ဟောရခြင်း အကြောင်း၊ ဟောစဉ်၊ ဆိုလိုရင်း တို့ ကို ဖျက်ပြီး အကြောင်းမဲ့ လာငြင်းတာမို့  မိုးကုတ် ဆရာတော်ဘုရားကိုရော တရားတော် မူလပိုင်ရှင် မြတ်ဘုရားကိုပါ စွပ်စွဲထားခြင်း ဖြစ်ပါတယ် ။

၆)ကုသိုလ်နဲ့ အကုသိုလ်ရောထွေးခြင်း

ဒီစာရိုက်နေတဲ့ အချိန်မှာ စာရေးသူအနေနဲ့  ရတနာ ၃ပါးအထူးသဖြင့် ကျေးဇူးတော်ရှင်များဖြစ်တဲ့ မူရင်းဆောင်းပါးရှင် ဦးကောဝိဒ(မြိတ်) နဲ့  မိုးကုတ်ဆရာတော်ဘုရားတို့ ရဲ့  ကျေးဇူးတော်နဲ့  တရားတော်တို့ ရဲ့ ဂုဏ်ကိုသတိရပြီးရေးတာဖြစ်လို့ ကုသိုလ်မှုဖြစ်သော်လဲ လာငြင်းသူဆရာလေးနဲ့  အပေါင်းပါတွေကို ဒါလောက်တုံးရလား (တုံးချက်ကယ် နာလှချည်းလား) ဆိုတဲ့ စိတ်လေးပါနေတာမို့  အကုသိုလ် စေတနာလေးလည်း ရောလျက်ပါ ။ ကုသိုလ်အဘို့  ဘာဂကိုရသလိုဘဲ အကုသိုလ်ကိုလဲ သံသရာတကွေ့ မှာ ပေးဆပ်ရမှာပါဘဲ။

အလားတူပါဘဲ ဆရာလွဲ အယူလွဲတစု ခမျာမှာလဲ အယူလွဲတာက တပြစ်၊ ဘုရားရှင်ရဲ့ တရားတော်နဲ့ အညီ ဆုံးမအပ်သော သံဃာကို အကြောင်းအကျိုးမမြင်သိဘဲ ကပ်ဖဲ့တိုက် ငြင်းတာက တပြစ်၊ မိုးကုတ် ဆရာတော် ဘုရားကိုရော တရားတော် မူလပိုင်ရှင် မြတ်ဘုရားကိုပါ စွပ်စွဲထားတာက တပြစ်ဖြစ်သော်လဲ ဒီစာလေးကို ဖတ်မိလို့ ဝိပဿနာစခန်းမှာ ဖြစ်စေ ။ မိုးကုတ်တရားတော် များမှာ ဖြစ်စေ မျက်စိလည်နေတဲ့ ယောဂီတယောက် အကျိုးရသွားရင် အဲကုသိုလ်ကို သူတို့လည်း ရမှာပါ ။

အကုသိုလ်မှုဖြစ်သော်လဲ ကုသိုလ်မှုဖြစ်ပါတယ် ။ ဒါကြောင့် အကုသိုလ် ၃ချက်အတွက် မဟာအ၀ီစိက သူတို့လွတ်တဲ့ အခါ သံသရာတကွေ့ မှာတော့ ဒီကုသိုလ်မှုလေးက အကျိုးပေးတန်ကောင်းပါရဲ့။


ဒေါက်တာတင့်ဦး

Read more ...

March 30, 2010

ဘာမှမဟုတ်ဘူးလို့မရှုနှင့်

Dr Phyo Wai Kyaw | 9:04 AM | | Be the first to comment!
ဗာဟိရာနိစ္စသုတ်

ရဟန်းတို့ အဆင်းတို့သည် မမြဲကုန်၊ မမြဲသော အဆင်းသည် ဆင်းရဲ၏၊ ဆင်းရဲသော အဆင်းသည်ကိုယ် 'အတ္တ' မဟုတ်၊ ကိုယ် 'အတ္တ' မဟုတ်သော အဆင်းကို ''ဤအဆင်းသည် ငါ့ဥစ္စာမဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်'' ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် မမြဲကုန်။ မမြဲသော သဘောတရားသည် ဆင်းရဲ၏၊ ဆင်းရဲသော သဘောတရားသည် ကိုယ် 'အတ္တ' မဟုတ်၊ ကိုယ် 'အတ္တ' မဟုတ်သော သဘောတရားကို ''ဤသဘော တရားသည် ငါ့ဥစ္စာ မဟုတ်၊ ဤသဘောတရားသည် ငါ မဟုတ်၊ ဤသဘောတရားသည် ငါ၏ ကိုယ်'အတ္တ' မဟုတ်'' ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အဆင်းတို့၌လည်း ငြီးငွေ့၏၊ အသံတို့၌လည်း ငြီးငွေ့၏၊ အနံ့တို့၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏၊ အတွေ့အထိတို့၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှုကင်းသော် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်သော် ကိလေသာမှ ''လွတ်မြောက်ပြီ'' ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ'' ဟု သိ၏ဟု မိန့်တော်မူ၏။4

၎ - ဗာဟိရာနိစ္စသုတ်၊ အနိစ္စဝဂ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။

ဒုက္ခ အနတ္တလည်း အနိစ္စနည်းမှီ၍ သိပါလေ...

အဆင်း အသံ အနံ့ အရသာ အတွေ့အထိတို့သည်ကား မမြဲ၊ မမြဲခြင်းသည် ဆင်းရဲ၏၊
ဆင်းရဲသော ဤတရားတို့သည် ငါ၏ကိုယ် အတ္တမဟုတ်၊
ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ဤသို့ သင်တို့ မှန်စွာရှုရမည်၊
ဘာမှမဟုတ်ဖူး... ဘာမှမဟုတ်ဖူး... ဟု ရှုရမည် မဟုတ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

credit to- http://www.lknt.org/
Read more ...

March 18, 2010

ဗုဒ္ဓသာသနာ

ကိုဦး(ထားဝယ်) | 7:03 AM | Be the first to comment!
သာသနာဆိုသည်မှာ အဆုံးအမကိုခေါ်သည် ။ မြတ်စွာဘုရား၏ အဆုံးအမအတိုင်း လိုက်နာနေထိုင်

သူတို့ရှိရာ အိမ် ၊ ရပ်ရွာ ၊ မြို့ ၊ နိုင်ငံတို့သည် ဗုဒ္ဓသာသနာထွန်းကားသည်ဟု ဆိုရပေမည် ။ ကျောင်းကန်

ဘုရားများ ခံ့ညား ထည်ဝါစွာ တည်ဆောက်ထားသော်လည်း လူတွေက မြတ်စွာဘုရား၏ အဆုံးအမကို

မလိုက်နာ မကျင့်ကြံပဲ တောင်တောင်အီအီ တွေကို ဗုဒ္ဓတရားအမည်ခံပြီး လုပ်နေကြလျှင် ၊ ရဟန်းသံဃာ

များကလည်း ပရိယတ္တိ ၊ ပဋိပတ္တိကို အား ထုတ်ခြင်း မပြုဘဲ လာဘ်လာဘပေါများရေးနှင့် ပေါ်ပင်လုပ်ငန်း

တွေကိုသာ လုပ်နေကြလျှင် ၊ သာသနာ၏ အနာဂတ်မျိုးဆက်ဖြစ်သော လူငယ်နှင့်ကလေးသူငယ်များ

အား ဗုဒ္ဓအဆုံးအမကို ခြေခြေမြစ်မြစ် သင်ကြားလေ့ကျင့်ပေးခြင်း မရှိလျှင် ၊ ထိုဒေသတွင် ဗုဒ္ဓသာသနာ

ကွယ်လေ တော့သည် ။ ကွယ်ခဲ့တာတွေလည်းများပြီ ။

၁၉၅၁ ခုနှစ်က ထုတ်သော စာအုပ်တစ်အုပ်ထဲတွင် ထိုစဉ် ဗုဒ္ဓဘာသာဝင်တွေသည် ကမ္ဘာ့လူဦးရေ

၏ သုံးပုံတစ်ပုံရှိသည် ဟု တွေ့ရ၏ ။ ယခု ဘယ်လောက် ကျန်တော့သနည်း ။ ယနေ့ကမ္ဘာတွင် ---

ခရစ်ယာန် - သန်း ၂၀၀၀

မွတ်ဆလင် - သန်း ၁၂၀၀

ဟိန္ဒူ - သန်း ၁၀၀၀

ဗုဒ္ဓဘာသာ - သန်း ၃၅၀ ရှိသည်ဟု သိရသည် ။ ဘာသာကြီးလေးရပ်အနက် ဗုဒ္ဓဘာသာသည်

အနည်းဆုံး ဖြစ်သွားလေပြီ ။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အထက်ဖော်ပြပါအကြောင်းများကြောင့်ပင် ဖြစ်သည် ။

အမှန်တရားသည် တစ်ခါတစ်ရံ ခါးသီးတတ်လေသည် ။ သို့သော် မိမိ၏ ကျန်းမာရေးအတွက်

ဆေးခါးကြီးကို သောက်ရသလိုပင် အမှန်တရားကိုလည်း ရင်ဆိုင်ရဲရပေမည် ။ ဗုဒ္ဓတရားကို နှစ်နှစ်ကာကာ

ယုံကြည်သူတိုင်း ၊ ဗုဒ္ဓသာသနာတော်၏ အဆုံးအမကို လိုက်နာသူတိုင်း ၊ ဗုဒ္ဓယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုး

ထားသူတိုင်း လေးလေးနက်နက် စဉ်းစားကြရန် လိုနေလေပြီ ။

ဗုဒ္ဓမြတ်စွာဘုရားသည် မိမိဟောကြားသော တရားအတိုင်း လိုက်နာနေထိုင် ကျင့်ကြံ ခြင်းကိုသာ

လိုလားတော်မူသည် ။ ၀က္ကလိ ရဟန်းကြီးအား ဟောကြားချက် ၊ ပရိနိဗ္ဗာန်စံဝင် တော်မမူမီ အာနန္ဒာအား

မှာကြားချက်တို့က ဤအချက်ကို ထင်ရှားစေသည် ။ မြတ်စွာဘုရားအား ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်းနှင့်

(ဘုရားဆုံးမသည့်အတိုင်း လိုက်နာသော ) အကျင့်ဖြင့် ပူဇော်ခြင်း ဟူ၍ ပူဇော်ခြင်း နှစ်မျိုး ရှိသည့်အနက်

မြတ်စွာဘုရားက အကျင့်ဖြင့် ပူဇော်ခြင်းကို ပို၍ လိုလားတော်မူလေသည် ။

အင်ဒိုနီးရှားနိုင်ငံရှိ ဗောရောဗုဓောဘုရားကြီးသည် လည်းကောင်း ၊ အာဖဂန်နစ္စတန် နိုင်ငံ

ဘာမီယန်အရပ်ရှိ ကျောက်တောင်ကို ထွင်းထားသော ဆင်းတုတော်များသည် လည်းကောင်း ၊

အိန္ဒိယနိုင်ငံနှင့်နီပေါနိုင်ငံရှိ မြတ်စွာဘုရား၏ အထိမ်းအမှတ်ဌာနများသည် လည်းကောင်း ကမ္ဘာ့အံ့ဖွယ်များ

ဖြစ်ကြသလို ၊ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာများ ဖြစ်ကြ၏ ။ သို့သော်လည်း ထိုနိုင်ငံရှိ

လူများကား ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြပြီ ။



ကျမ်းညွှန်း -

ဦးသန်းထွန်း (ရွှေဘို)

နှစ်ဆယ့်တစ်ရာစုနှင့်ဗုဒ္ဓတရားတော်

/
Read more ...

March 14, 2010

မိုးပြာအထူးသတင်း

hinthatathar | 8:46 AM | 1 Comment so far

ပစ္စုပ္ပန်ကမ္မ၀ါဒမိုးပြာဂိုဏ်းချုပ် ဦးဥာဏနှင့် အပေါင်းအပါ (5)ဦးအား ဖေဖော်ဝါရီလ 12 ရက်(ပြည်ထောင်စုနေ့)က မန္တလေးတိုင်း ရန်ကင်း တောင်ခြေရှိ ပစ္စုပ္ပန်ကမ္မ၀ါဒ(မိုးပြာခြံ) အဆောက်အအုံတွင် သက်ဆိုင်ရာမှ ဖမ်းဆီးခဲ့ပြီး နောက် ပုသိမ်ကြီးမြို့နယ်တရားရုံးတွင်ရုံးတင်စစ်ဆေးခဲ့ရာ ယခုလ(မတ်လ) 11 ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်တ ရားရုံးမှပင် သာသနာညှိုးနွမ်းစေမှု ဥပဒေပုဒ်မ ၂၉၅(က)အရ ထောင်ဒဏ်လေးနှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်းသတင်းရရှိပါသည်။ အခြားအရေးပါသည့် မိုးပြာဂိုဏ်းဝင်များအားလည်း ဆက်လက် စစ်ဆေးမှုများ ပြုလုပ် နေကြောင်းသိရှိရပါသည်။

လင်းအောင်ပြည့်
Read more ...

ဓမ္မဥပဒေ ပြန့်ပွါးရေးအသင်းချုပ်၏ ရည်ရွက်ချက်နှင့် ဝေဖန်သူများသို့ဖြေရှင်းချက်

သျှင်သာမိ - မုံရွာ | 12:03 AM | 5 Comments so far
လောကဥပေဒ၊ ဓမ္မဥပဒေ ဟူ၍ ဥပဒေ နှစ်မျိုးရှိသည်။ 

လောကဥပဒေ-ဆိုသည်မှာ လောကသားတို့ လိုက်နာရန်အတွက် သက်ဆိုင်ရာက ချမှတ်ထားသော စည်းကမ်း၊ ဘောင်၊ ကလနား- များ ဖြစ်၍၊ ဓမ္မဥပဒေ ဆိုသည်မှာ ဘုရားသားတော်တို့ လိုက်နာရမည့် ဗုဒ္ဓကိုယ်တော်တိုင် မိန့်မြွက်တော်မူခဲ့သည့် စည်းကမ်းနည်းလမ်းများ ဖြစ်သည်။ 

ထို ဥပဒေ နှစ်မျိုးသည် များသောအားဖြင့် အနုရောဓ- လိုက်လျောညီထွေမှု့ရှိတတ်သော်လည်း တစ်ခါတစ်ရံ၌မူ ဝိရောဓိ ဆန့်ကျင်ဘက် သဘောမျိုး သက်ရောက်နေသည်လည်း ရှိတတ်ပါသည်။ ဥပမာ- သာသနာတော်၌ အဓမ္မဝါဒီ တဦးပေါ်ပေါက်လာခဲ့လျှင် ဓမ္မဥပဒေ က မျက်နှာမပြဝံ့အောင်၊ ခေါင်းမဖော်ဝံ့အောင် နာမည်တပ်၍ နှိပ်ကွပ်ခွင့် ရှိပါသည်။ သို့သော်- လောကဥပဒေ အရ အဓမ္မဝါဒီကို နာမည်တပ်၍ တိုက်ရိုက်သုံးစွဲခွင့် တိုက်ရိုက်နှိပ်ကွပ်ခွင့် မရှိပါ။ ထိုအခါမျိုး၌ ဘုရားသားတော်တို့ မျက်စိမိတ်၍ ရွေးချယ်ရတတ်ပါသည်။ ဓမ္မဥပဒေသဘောတရား တရားအရ ဥပမာဖြင့် ထင်စွာ ပြရလျှင် အဒိန္နာဒါန သိက္ခာပုဒ် အရ ပိုင်ရှင်မပေးသော သူတပါး၏ ဥစ္စာကို ခိုးယူသော သူသည် ခိုးယူဆဲခဏပင် ခိုးမူ့မြောက်၍ သိက္ခာပုဒ်ပျက်ဆီးက သူခိုးအဖြစ်သို့ ရောက်၏။ ထိုနည်းတူ ရဟန်းတော်တို့ စောင့်ထိန်းအပ်သော ဝိနည်းသိက္ခာပုဒ်တွင် ဒုတိယပါရာဇိက သိက္ခာပုဒ်အရ ရဟန်းတစ်ပါးသည် တစ်မတ်ထက် အဖိုးထိုက်တန်သော ပိုင်ရှင်မပေးသော သူတပါး၏ ဥစ္စာကို ခိုးယူမည်ဟူသော စိတ်အကြံအစည်ဖြင့် ခိုးမည့် အရာဝတ္ထု ပစ္စည်းကိုကိုင်လိုက်သော အခါ ထိုပစ္စည်း နေရာမှ လက်တစ်ဆစ်ခန့် ရွေ့သွားလျှင်ပင် ခိုးမူ့မြောက်၍ ဒုတိယပါရာဇိက သိက္ခာပုဒ် အရ ပါရာဇိက ကျကာ ရဟန်းဘဝပျက်ဆီး ဆုံးရှုံးရပါ၏။ အထက်ပါ အချက်လက်တို့ကို ကြည့်လျင် တခြားသူ တစုံတစ်ယောက် ဆုံးဖြတ်ချက်ချပေးမှာသာလျင် ထိုအပြစ်သည် သက်ရောက်သည် မဟုတ် ကာယရှင် ကိုယ်တိုင်က ခိုးမူ့ကျူးလွန်ဆဲ အခိုက်တန့်မှာပင် အပြစ်သက်ရောက်သည်မှာ ဓမ္မနည်းလမ်းကြောင်းအရ ကြည့်လျင် ထင်ရှားပါသည် ထိုနည်းတူစွာပင် ဓမ္မစေတီ ဥိးကောသလ္လ နှင့် အခြားသော အဓမ္မဝါဒီများအားနာမည်တပ်၍ အဓမ္မဝါဒီ ဟု ဆိုခြင်းသည် သက်ဆိုင်ရာမှ ဆုံးဖြတ်ချက်မချရသေးသော်လည်း သူတို့ ဟောသော တရားများကို သုံးသတ်၍ အဓမ္မဝါဒီ ဖြစ်သည်ဟု ဆုံးဖြတ်ချက် ချရပေမည်။ အခိုင်မာ ဖြစ်စေရန် အင်္ဂုတ္ထိုလ်လာ ဘုရားဟော တရားတော်များဖြင့် ထုတ်ပြရလျှင်
 “ယေတေ ဘိက္ခေ၀ ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခေ၀ ဘိက္ခူ ဗဟုဇန အဟိတာယ ပဋိပန္နာ ဗဟုဇန အသုခါယ ဗဟုနော ဇနဿ အနတ္တာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္ဖ တေ ဘိက္ခေ၀ ဘိက္ခူ အပုညံ အသဝန္တိ၊ တေစိမံ သဒ္ဓမံ အန္တရ ဒါပေန္တီ တိ။ (အင်္ဂုတ္ထိုလ်၊ ၁၊ ၁၈-၁၉) 

ရဟန်းတို့ အကြင်ရဟန်းတို့သည် တရားစစ်တရားမှန် မဟုတ်သော အဓမ္မကို တရားစစ်တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း၊ တရားစစ်တရားမှန် ဖြစ်သော ဓမ္မကို တရားစစ်တရားမှန်မဟုတ်သော အဓမ္မဟုလည်းကောင်း၊ ဝိနည်းစစ် ဝိနည်းမှန် မဟုတ်သော အဝိနယ ကို ဝိနည်းစစ် ဝိနည်းမှန်ဖြစ်သော ဝိနယ ဟုလည်းကောင်း၊ ဝိနည်းစစ် ဝိနည်းမှန် ဖြစ်သော ဝိနယ ကို ဝိနည်းစစ် ဝိနည်းမှနမဟုတ်သော အဝိနယ ဟုလည်းကောင်း၊ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု လည်းကောင်း၊ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်ဟု လည်းကောင်း၊ မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏ ဟုလည်းကောင်း၊ မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် မပြုအပ် ဟုလည်းကောင်း၊ မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ ဟုလည်းကောင်း၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ် ဟုလည်းကောင်း ပြုကြကုန်၏ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများစီးပွါးချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့ အစီးပွါးမဲ့ခြင်း၊ ဆင်ရဲခြင်းငှါကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကို ဖြစ်ပွါးစေသည် မည်ကုန်၏ ဟု ဟောတော်မူအပ်ပါသည်။ တရားစစ်တရားမှန် မဟုတ်သော အဓမ္မကို တရားစစ်တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း၊ တရားစစ်တရားမှန် ဖြစ်သော ဓမ္မကို တရားစစ်တရားမှန်မဟုတ်သော အဓမ္မဟုလည်းကောင်း၊ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု လည်းကောင်း၊ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်ဟူသော အချက်များ အရ ယခု ဓမ္မစေတီ ဦးကောသလ္လ နှင့် အခြားသော အဓမ္မဝါဒီ အဖွဲ့များ ဟောပြောနေသော တရားများသည် အဓမ္မ ကို ဓမ္မ ဟုပြခြင်းစသည်ဖြင့် လူအများစီးပွါးချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့ အစီးပွါးမဲ့ခြင်း၊ ဆင်းရဲခြင်းငှါ ဟောပြောနေ၍ များစွာသော အကုသိုလ်တို့ကို ဖြစ်ပွါးစေကာသာသာနာတော်ကြီး ကွယ်ပျောက်အောင် ပြုလုပ်နေသည်မှာ ဆိုအပ်ခဲ့ပြီးသော အထောက်ထားများဖြင့်ထင်ရှားနေပါသည်။ 

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့က အဓမ္မဝါဒ အဖြစ်ဆုံးဖြတ်ပြီးသော ဆူးလေဦးမြင့်သိန်း ၏ အဓမ္မတရား ဘုရားဟောမဟုတ်သော မဟုတ်မမှန်တရားများကို ဓမ္မစေတီ ဦးကောသလ္လ က ပြန်လည်ဟောပြောနေခြင်းမှာ ညွန်ကြားလွာ အမှတ် ၅၀ နှင့် ၉၄ အထောက်များအရ ခိုင်မာသော သက်သေဖြစ်တယ်ဆိုတာလည်း ထင်ရှားပါသည်။ ထို့ပြင် အဓမ္မဝါဒ အဖြစ်ဆုံးဖြတ်ပြီးသော စာအုပ်စာတန်းများကို မိတ္ထူကူး၍ ဖြန့်ချီနေသည်မှာလည်း ကြားသိတွေ့မြင်နေရ၏။ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အတိုင်း ထုတ်ဖော်ပြရအုံးမည် ဆိုလျှင် စာမျက်နှာ (၂၀) အခန်း (၁)၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ (က) ၌ “သာသာနာ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးမတော်ကို ဆိုသည်” ဟု လည်းကောင်း၊ အပိုဒ်ခွဲ (င) ၌ “ထေရဝါဒ ဆိုသည်မှာ ပထမသင်္ဂါယနာမှ ဆဌသင်္ဂါယနာ အထိ သင်္ဂါယနာခြောက်တန် တင်ထားသော ပါဠိတော်၊ အဌကထာ၊ ဋီကာ အစရှိသော ပိဋကတ်ကို ဆိုလိုသည်” ဟု လည်းကောင်း အခြေခံစည်းမျဉ်း အခန်း (၂)၊ အပိုဒ် (၁၂)၊ အပိုဒ်ခွဲ (ဂ) ၌ ပရိယတ္တိသာသနာတော်ကို တိုးတက်စည်ပင် ပြန့်ပွါးစေရန်နှင့် ပိဋကတ်တော်နှင့် မညီသော ရေးသေားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန် ဖြစ်သည်ဟုလည်းကောင်း ပြဆိုထားပါသည်။ ဤ ပြဆိုချက်များအရ မြတ်စွာဘုရား၏ အဆုံးမသာသနာတော်ဖြစ်သော ပထမသင်္ဂါယနာ မှ ဆဌသင်္ဂါယနာ အထိ သင်္ဂါယနာခြောက်တန် တင်ထားသော ထေရဝါဒ ပါဠိတော်၊ အဌကထာ၊ ဋီကာ အစရှိသော ပိဋကတ်တော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူ တားဆီးကာကွယ်နိုင်သည် ဟု ပါရှိပါသည်။ ထို့ကြောင့် မသိနားမလည်ကုန်သော ဗုဒ္ဓဘာသာဝင်များအား မဟုတ်မမှန်တရားများကို လိင်လည်လုပ်ကြံ၍ဟောပြောနေသော ဓမ္မစေတီ ဦးကောသလ္လ ဆူနာမီ ဦးဥတ္တမသာရ၊ ကျော်ဟိန်း၊ ချစ်ငယ်၊ ဦးအေးမောင်၊ ပါရဂူ စသော ပုဂ္ဂိုလ်များကို အဓမ္မဝါဒ အဖြင့် သက်ဆိုင်ရာမှ ဆုံးဖြတ်ချက် မချသေးသော်လည်း အဓမ္မဝါ ဖြစ်သည် ဟု ဓမ္မဥပဒေ ပြန့်ပွါးရေး အသင်းချုပ်မှ အခိုင်အမာ ဆိုခဲ့ပေသည်။ ဆက်၍ ဆိုဦးအံ့......... သာသနာတော်၌ အဓမ္မဝါဒ အဝိနယဝါဒီများ ပေါ်ပေါက်လာခဲ့ပြီ ဆိုလျှင် အနုနည်းနှင့် ဖြေရှင်းရသည်လည်းရှိသည်၊ အကြမ်းနည်းဖြင့် ဖြေရှင်းရသည်လည်း ရှိသည်၊ တစ်ပါးတည်း ဖြေရှင်းရသည်လည်း ရှိသည်၊ အုပ်စုဖွဲ့၍ အင်းအားသုံးပြီး ဖြေရှင်းရသည်လည်း ရှိသည်။ ဤ ဓမ္မဥပဒေ ပြန့်ပွါးရေး အသင်းချုပ် သည် သာသနာတော်၌ ပေါ်ပေါက်လာသော အဓမ္မဝါဒ အဝိနယဝါဒီများကို ဖြေရှင်းနိုင်ရန်အတွက် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပေ၏။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သံဃာ့ပရိသတ်နှင့် တကွ ဥပုသ်ပြုရန် ဥပုသ်အိမ်ထဲ၌ သီတင်းသုံးတော်မူလျက်ရှိပါသည်။ ထိုအခါ သံဃာ့ပရိသတ်ထဲတွင် ဒုဿီလ-သီလမဲ့ ရဟန်းတပါးပါဝင်နေ၍ မြတ်စွာဘုရားက ဥပုသ်ပြုတော်မမူဘဲ ထိုင်လျက်သာ သီတင်းသုံးတော်မူပါသည်။ ဤသို့ ညဉ့်သုံးယာမ်ပတ်လုံး ကုန်ဆုံးသွားသည့် အခါ အရှင်မောဂ္ဂလာန်က အဘိညာဉ် တန်ခိုးဖြင့် ကြည့်တော်မူသော အခါ ဒုဿီလရဟန်းတပါးကို တွေ့မြင်၍ သုံးကြိမ်တိုင် အပြင်ထွက်ဖို့ တောင်းပန်ရှာပါသည်။ သုံးကြိမ်တောင်းပန်လျက် မရသော အခါ အရှင်မောဂ္ဂလာန်သည် ဒုဿီလပုဂ္ဂိုလ်ကို လက်မောင်ကိုကိုင်၍ အပြင်သို့ ဆွဲထုတ်ခဲ့ပေသည်။ (ဥပေါသထသုတ်၊ အံ၊ ၃၊ ၄၄/၅) ဤဝတ္ထုကို ထောက်လျှင် သာသနာတော်၏ ခလုတ်ဆူးညောင့်များ အင်အားမကောင်းပါက တစ်ပါးတည်းဖြင့် သုတ်သင် ရှင်းလင်းသည့် အစဉ်လာရှိခဲ့သည်ကို တွေ့မြင်ရပေမည်။  သို့တည်းမဟုတ် သာသနာ့ရန်ဆူးရန်ငြောင့်ကို အုပ်စုဖွဲ့၍ မိုက်တွင်းနက်နေပါလျှင် အင်အားသုံး၍ ချေမှုန်းရန် ဘဘုရားရှင်ကိုယ်တော်တိုင် ခွင့်ပြုခဲ့သည်ကို တွေ့ရှိရပေသည်။ အခါတစ်ပါး၌ ကီဋာဂီရိဂိုဏ်းသာ ရဟန်းများသည် ကုလဒူသကအနေသန မျိုးစုံဖြင့် သာသနာကို ဖျက်စီးလျက်ရှိရာ မြတ်စွာဘုရားက အရှင်သာရိပုတြာနှင့် အရှင်မောဂ္ဂလာန် တို့ကိုခေါ်၍ “ချစ်သားတို့၊ ကီဋာဂီရိဇနပုဒ်ကို သွားကြ၊ သာသနာ့ရန်ဆူးရန်ငြောင့်တို့ကိုမောင်းထုတ်ကြ” ဟု စေခိုင်းတော် မူပါသည်။ ထိုအခါ အရှင်သာရိပုတြာက “စဏ္ဍာ တေ ဘိက္ခူ ဖရုသာ- မြတ်စွာဘုရား၊ အဲဒီရဟန်းတွေဟာ ခက်ထန်ကြမ်းကြုတ်လှပါတယ်ဘုရား၊ ဘယ်လိုပုံမျိုးဖြင့် နှင်ထုတ်ရပါမလဲ ဘုရား” ဟု လျှောက်တော်မူပါသည်။ ထိုအခါ မြတ်စွာဘုရားက “တေန ဟိ တုမှေ သာရိပုတြာ ဗဟုကေဟိ ဘိက္ခူဟိ သဒ္ဓိ ံ ဂစ္ဆထ- ဒါဆိုရင် ရဟန်းများစွာ ခေါ်သွား အင်အားသုံးပြီး နှင်ထုတ်ကြ” ဟု နည်းပေးခွင့်ပြုတော်မူခဲ့ပါသည်။ အဂ္ဂသာဝက နှစ်ပါးလည်း ရဟန်းများစွာ ခေါ်သွားကာ သာသနာ့ရန်ဆူးရန်ငြောင့်တို့ကို အပြီးတိုင် ခုတ်ထွင်ရှင်းလင်း သုတ်သင်တော်မူခဲ့ပေသည်။ ဤဝတ္ထုကို သာဓက ပြုလျှင် အဓမ္မဝါဒီတို့ အားကောင်းပါက အင်အားသုံး၍ ချေမှုန်းသည့် အစဉ်လာသည် မြတ်စွာဘုရားလက်ထက်ကတည်းက ရှိခဲ့သည်ဆိုတာကို သဘောပေါက်ရပေမည်။ ဆက်၍ ဆိုဦအံ့ မြတ်စွာဘုရား၏ သာသနာတော်မည်သည်ကား ခိုင်ခံ့သော ဥပဒေဖြင့် တည်ဆောက်ထားသည့် ဓမ္မဝိနယ နိုင်ငံတော်ဖြစ်သည်။ သို့ဖြစ်၍ ခရီးသွားဟန်လွဲသဘောမျိုးဖြင့် သွားရင်းလာရင်း သင့်ရောက်လေ့ရှိသော အပြစ်များဆိုလျှင် တစ်ပါးနှင့်တပါး အပြန်အလှန် တောင်းပန်ခြင်းဖြင့် ကုစားရသည်။ ထို့ထက်ကြီးမားသော ပြစ်မှု့ကို ကျူးလွန်မိလျှင် သံဃာတော်များ ခွင့်လွတ်နိုင် သည်အထိ ပရိဝါသ်ဆောက်တည်ပြီး ကုစားရသည်။ အကြီးမားဆုံး ဥပဒေကို မျက်ကွယ်ပြုလာလျှင်မူကား လူဝတ်လဲတန် လဲ၍လည်းကောင်း၊ လူချွတ်တန် ချွတ်၍လည်းကောင်း အပြစ်ပေး နှိပ်ကွပ်ရပေသည်။ ဤကား ဝိနည်းဥပဒေကို ချိုးဖောက်လာပါက နှိပ်ကွပ်ပုံ နှိပ်ကွပ်နည်းကို ပြဆိုခြင်း ဖြစ်ပါ၏။ ဓမ္မဥပဒေကို ချိုးဖောက်လာပါက ရောက်ရာအရပ်၊ ကြားရာအရပ်မှ မရပ်မနားပဲ အပြေးသွား၍ ဆုံးမရသည်။ ဆုံးမမရက နှိပ်ကွပ်ရသည်။ အရှက်ရအောင် မျက်နှာမဖော်နိုင်အောင် ခေါင်းမထောင်နိုင်အောင် ဝိုင်းဝန်းနှိမ်နှင်းရသည်။ နောင်အခါ ဤကဲ့သို့ အဓမ္မဝါဒီများ မပေါ်ပေါက်ရအောင် ချက်ခြင်းလက်ငင်း ဦးချိုးနှိပ်ကွပ်ရသည်။ မြတ်စွာဘုရားသည် ဥပဒေဖြင့် တည်ဆောက်ထားသော ဓမ္မနိုင်ငံတော်၌ ဓမ္မဥပဒေ ကို ချိုးဖောက်သူကို တွေ့ရှိလာလျှင် ကိုယ်တော်တိုင်နှိပ်ကွပ်ရုံသာမက သူ၏ သာဝကများ ကိုလည်း နှိပ်ကွပ်စေခဲ့သည်။ ယုတ်စွအဆုံး အနာထပိဏ်သူဌေးကြီးက တိတ္ထိဂိုဏ်းဆရာ ကြီးများနှင့် တရားဆွေးနွေးရင်း တိတ္ထိဂိုဏ်းဆရာကြီးများ မဖြေနိုင်အောင် ပြဿနာများ မေး၍ နှိပ်ကွပ်သည်ကိုပင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တော်မူခဲ့ပေသည်။ ထို့ကြောင့် အသင်းနှင့် ပတ်သက်၍ ဝေဖန်သူများသို့ ပြောကြားလိုပါသည်။ လောကဥပဒေကိုသာ နားလည်ပြီး ဓမ္မဥပဒေကို နားမလည်ဘဲ ဆရာကြီးလေသံမျိုးဖြင့် အရှက်မရှိ စီဘောက်မှာ လာရောက်ပြောဆိုမနေပါနဲ့ ဝေဖန်နိုင်စွမ်းရှိလျှင် ပို့စ်ရဲ့ အောက်မှာ နာမည်တပ်၍ တရားဝင်ဆွေးနွေးနိုင်သည်။ တခုတော့ သိထားရပေမည် လောက ဘက်မှ ရပ်တည်၍ ဓမ္မကို မျက်ကွယ်ပြုသူများ မဖြစ်ဖို့ အရေးကြိးပေသည်။ လောက ဘက်မှ ရပ်တည်၍ ဓမ္မကို မျက်ကွယ်ပြုသူများဆိုသည်မှာ အရှက်မရှိသူ၊ သိက္ခာမဲ့သူ၊ အတ္တဆန်သူ၊ ဓမ္မကို တန်ဖိုးမထားသူ၊ တစ်ဘ၀ တစ်နပ်စာကိုသာ မက်မောသူ၊ မျိုးမစစ်သူ၊ အများမျက်နှာသာကြည့်၍ ဘုရားမျက်နှာ မကြည့်သူများကို ဆိုလိုပါသည်။ ကျမ်းကိုး ကျမ်းကားနှင့် အထောက်ထားပြကာ လက်ခံနိုင်အောင် ဆွေးနွေးမယ်ဆိုရင် အချိန်မရွေး ဖိတ်ခေါ်သည်။ ဤ ဓမ္မဥပဒေ ပြန်ပွါးရေး အသင်းချုပ် သည် မြတ်ဗုဒ္ဓ သာဓုခေါ်မည့် အလုပ်မျိုးကို လုပ်နေမည့် ဘုရားရှင်၏ တပည့်သား သံဃာများ နှင့် ဥပသကာ များဖြစ်၏။ မြတ်စွာဘုရားသက်တော်ထင်ရှား ရှိစဉ်က ဓမ္မစေတီ ဦးကောသလ္လ ဆူနာမီ စသည်တို့ကဲ့ အဓမ္မဝါဒီမျိုးများ ပေါပေါက်ခဲ့ဘူးပေသည်။ ထိုကဲ့သို့ အဓမ္မဝါဒီမျိုးပေါ်ပေါက်လာလျှင် မြတ်စွာဘုရားကိုယ်တော်တိုင် ခေါင်းမဖော်နိုင်အောင် မျက်နှာမပြဝံ့လောက်အောင်၊ အရှက်ရအောင် နှိပ်ကွပ်တော်မူခဲ့ပေသည်။ ကေဝဋ္ဋ၏သား သာတိရဟန်းကို ဤနည်းဖြင့် နှိပ်ကွပ်ပြလိုက်ခြင်းမှာ “ချစ်သားတို့၊ အနာဂတ် သာသနာ၌ ဒီလို မိစ္ဆာကောင်တွေ ပေါ်ပေါက်လာလျှင် ဒီလို ပြောင်ပြောင်တင်းတင်း နှိမ်နှင်းကြ” ဟု လမ်းဖွင့်ပေးခဲ့ခြင်းပင် ဖြစ်၏။ မိစ္ဆာဝါဒီ နောက်လိုက် လက်ပါးစေတပည့်များသို့ အတိအလင်း ကျေညာလိုက်မည် ပြောင်ပြောင်တင်းတင်း နာမည်တပ်၍ အရေးမခံချင်လျှင် မြတ်စွာဘုရား သာသနာကို ပြောင်ပြောင်တင်းတင်း မစော်ကားကြနဲ့....................... 

အရှင်ဝရသာမိ 
ဓမ္မဥပဒေ ပြန့်ပွါးရေး အသင်းချုပ်
Read more ...
Twitter Delicious Facebook Digg Stumbleupon Favorites More

Search

သြဝါဒါစရိယဆရာတော်များ

-ေဒါက္တာအရွင္ပညိႆရ(ဓမၼဒူတ)

-အရှင်ဇနိန္ဒသာရ(မုံရွာနေဇာ)

Blogroll

-အရှင်အဂ္ဂဥာဏ(မြောင်းမြ)
-အရှင်တိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်နာဒရ (ဟိုပင်)၊
-အရှင်ဣန္ဒာစက္ကာဘိဝံသ(မစိုးရိမ်ကျောင်းတိုက်)၊
-အရှင်နန္ဒာဘိဝံသ (မစိုးရိမ်တိုက်သစ်)၊
-အရှင်ပညာသိရီ (ဗဟန်း)၊
-အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)
-အရှင်ကောဝိဒ (ယော)
အရှင်တိက္ခဉာဏာလင်္ကာရ၏ သီရိလင်္ကာနှင့် ဘာသာရေးအမွေ အခန်းဆက်ဆောင်းပါးကို pdf အနေဖြင့် ဒေါင်းလုပ်ချနိုင်ပြီ ဖြစ်သည်။ click here သီရိလင်္ကာနိုင်ငံတွင် မျိုးဆက်သစ်များကို ဘာသာသွေးများ မွေးမြူ ပျိုးထောင်ပေးနေပုံများကို လေ့လာထားသော ရည်ရွယ်ချက်ကောင်းမွန် အမြော်အမြင်ကြီးသည့် ဆောင်းပါးရှည် ဖြစ်သည်။

Popular Posts

Categories

မစိုးရိမ်စာသင်သား အဓမ္မ၀ါဒမိုးပြာ အဓမ္မ၀ါဒဓမ္မစေတီ အခြားကလောင်ရှင်များ ဆူနာမီ အဓမ်မဝါဒ မိုးပွာ သုတ အရှင်ကောဝိဒ(ယော) ညွန်ကြားလွာ သီရိလင်္ကာနှင့်ဘာသာရေးအမွေ အရှင်တိက္ခဥာဏာလင်္ကာရ မျှဝေခံစား အသင်းအကြောင်း ခ်စ္ငယ္ဒႆန မိစၦာဒိဌိမ်ား လူသေလူဖြစ် ဝိနိစ္ဆယကောက်နှုတ်ချက်များ ဆောင်းပါး ဝေဖန်ရေး ၀ိနိစ္ဆယ Dhammasadi ဓမ္မမိတ်ဆွေ လူသေလူဖြစ် အဓမ္မ၀ါဒကွင်းဆက် အမှားနှင့်အမှန် အရှင်ကောဝိဒ (ယော) ဥပသကာ ဦးကောဝိဒ(မြိတ်) တောင်သာအောင် ဒေါက်တာတင့်ဦး E-books ချမ်းမြေ့ဆရာတော် ဈင်ဘာသာ ဆုံးဖြတ်ချက် ချပြီးသား အဓမ္မ၀ါဒများ ညွန်ကြားလွှာ ညွှန်ကြားလွှာများ ထက်စုနှင်းဆီ ဒုဿီသို့သာ ဓမ္မကဗျာ ဓမ္မဓူတအရှင်ပညာဇောတ ဗာဟိရာနိစ္စသုတ် ဗုဒ္ဓသာသနာ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဘာမှမဟုတ်ဘူးလို့မရှုနှင့် ဘာသာပြန်အလွဲများ မကျက်တကျက်အန္တရာယ် မင်းတုန်းမင်း မစိုးရိမ် စာသင်သား မဟ်ာစည်ဆရာတော် လွဲချက်ကယ်မနာရအောင် သတင်းစာ သတ္တ၀ါတို့၏ ၃၁- ဘုံ သန့်ရှင်းသာသနာဆောင်ရွက်စရာ သမ္မုတိရသံဃာ့အဖွဲ့ သီတဂူဆရာတော် အချက်သုံးချက် အချိန်မနှောင်းခင် ပြင်စေချင် အတိတ်အနာဂါတ်ကိုသိမြင်ခြင်းရဲ့ စွမ်းရည် အနာဂတ်ဘေး အရှင်ဃောသိတ အရှင်လောကနာထ အရှင်ဝရသာမိ အလဇ္ဇဓမ္မအမိန့်တော်ပြန်တမ်း အလှတရား အာဏာစက်ဓမ္မစက် အမေး+အဖြေ ဥာဏ်ဝင်း(ပင်လယ်ဘူး) ဦးအေးမောင် ဥုံအမှန်တရား ကျောက်သဘောင်္ဝါဒ ဂျေဂျူဝိုင် နောက်ဆုံးပေါ်တရား မေတ္တာရှင်(ရွှေပြည်သာ) ၀ရဇိန် ၀ိပဿနာအတုလုပ်ရောင်းချသူများ ၀ိဘဇ္ဇ၀ါဒီ
Powered by Blogger.

Categories